အခန်း ၄၈၂
Vol. 37 Ch. 482
အပိုင်း (၄၈၂) သူတော်စင်ခန္ဓာကိုယ်ပေါ််လာခြင်း
ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။
"တကယ်တော့ ရွေးချယ်ခံရတာ မဟုတ်ပါဘူး၊ မလွဲမသွေ ဖြစ်လာတာပါ... လောကမှာ မွေးရာပါ သူတော်စင်အဖြစ် သတ်မှတ်ခံရတဲ့ လူခုနစ်မျိုး ရှိပါတယ်... တစ်က မျက်လုံးနှစ်ထပ်၊ နှစ်က နံရိုးကွဲ၊ သုံးက နဂါးမျက်နှာနဲ့ နေမင်းဦးချို၊ လေးက ခေါင်းပြားနဲ့ မြစ်မျက်လုံး၊ ငါးက မွေးရာပါ ထူးခြားတဲ့ အဖြစ်အပျက်တွေနဲ့ မွေးဖွားလာသူ၊ ခြောက်က နားရွက်သုံးပေါက်၊ ခုနစ်ကတော့ မွေးကတည်းက သိမြင်နားလည်နိုင်စွမ်း ရှိသူပါ..."
"ကျွန်ုပ်က အဲဒီ သတ္တမမြောက် မွေးကတည်းက သိမြင်နားလည်နိုင်စွမ်းရှိသူပါ... မဟာနေမင်း မိစ္ဆာသိုင်းပညာက ရွေးချယ်တဲ့ ရေစက်ပါသူတွေက အဲဒီ လူခုနစ်မျိုးကို ရှာဖွေတာပါ... ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်ုပ် မသိပါဘူး၊ မဟာနေမင်း မိစ္ဆာသိုင်းပညာနဲ့ တွေ့ပြီးတဲ့နောက်မှာ၊ စာအုပ်ဝိညာဉ်က ကျွန်ုပ်ကို ဒါလေးပဲ ပြောပြခဲ့တာပါ..."
ကူမော့က ပြုံးလျက် မေးလိုက်သည်။
"ဆရာတော်ကြီးက မဟာနေမင်း မိစ္ဆာသိုင်းပညာနဲ့ ဘယ်လို တွေ့ဆုံခဲ့တာလဲ..."
ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။
"လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်က၊ ကျွန်ုပ်ဟာ တောင်တွေ တောတွေထဲမှာ 'မိစ္ဆာ' ကို လိုက်ရှာနေခဲ့တာပါ... တစ်နေ့မှာတော့ တောလမ်းလေးတစ်ခုမှာ ခဏအနားယူနေတုန်း၊ အိပ်မက်ထဲမှာ ဘုန်းကြီးတစ်ပါးက ကျွန်ုပ်နဲ့ လာပြီး တရားပြိုင်ဆိုင်ခဲ့တယ်..."
"သူက ကျွန်ုပ် တစ်သက်တာမှာ တွေ့ဖူးသမျှ အထူးချွန်ဆုံး ဗုဒ္ဓသဘာဝ ရှိသူပါ... တရားပြိုင်ဆိုင်မှုမှာ ကျွန်ုပ် အရှုံးပေးလိုက်ရတယ်... နောက်ဆုံးမှာ အဲဒီဘုန်းကြီးက ကျွန်ုပ် ဘာလိုချင်လဲ၊ ဘာရည်မှန်းချက် ရှိလဲလို့ မေးခဲ့တယ်..."
"အဲဒီအချိန်တုန်းက ကျွန်ုပ်ဟာ အိပ်မက်ထဲမှာ ရှိနေမှန်း သိနေပါပြီ၊ ဒါကြောင့် ရှေ့က ဘုန်းကြီးဟာ နတ်ဘုရား မဟုတ်ရင် မိစ္ဆာပဲ ဆိုတာကို သိလိုက်တယ်... သူ့ရဲ့ ရည်ရွယ်ချက်ကို မသိရသေးလို့ ဘာမှ မဖြေဘဲ နေလိုက်တယ်...”
“ ပြီးတော့ ကျွန်ုပ် နိုးလာခဲ့တယ်... အဲဒီနောက်ပိုင်း၊ အဲဒီဘုန်းကြီးက အိပ်မက်ထဲမှာ မကြာခဏ လာပြီး တွေ့ဆုံခဲ့တယ်... အဲဒါအပြင်၊ ကျွန်ုပ်က သူ့ကို တွေ့ချင်ရင်၊ ပထမဆုံး တွေ့ဆုံခဲ့တဲ့ အမူအရာအတိုင်း ပြန်လုပ်လိုက်ရုံပါပဲ..."
"အဲဒါနဲ့ ကျွန်ုပ်လည်း သူနဲ့ မကြာခဏ တရားပြိုင်ဆိုင်ခဲ့တယ်... နောက်ပိုင်းမှာ ကျွန်ုပ် မေးမြန်းတဲ့အခါ၊ အဲဒီဘုန်းကြီးက ဘာမှ မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တယ်...”
“ သူက ဒဏ္ဍာရီလာ တားမြစ်ချက် ဆယ့်သုံးခုထဲက တစ်ခုဖြစ်တဲ့ မဟာနေမင်း မိစ္ဆာသိုင်းပညာရဲ့ စာအုပ်ဝိညာဉ်ပါလို့ ဝန်ခံခဲ့တယ်... သူ့ရဲ့ တာဝန်က လူ့လောကမှာရှိတဲ့ မွေးရာပါ သူတော်စင်တွေကို ရှာဖွေပြီး၊ မဟာနေမင်း မိစ္ဆာသိုင်းပညာကို လက်ဆင့်ကမ်းပေးဖို့ပါ..."
"အဲဒီနောက် ဆယ်စုနှစ်ချီကြာတဲ့အထိ၊ ကျွန်ုပ်ဟာ မဟာနေမင်း မိစ္ဆာသိုင်းပညာကို မကျင့်ကြံခဲ့ပါဘူး... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က၊ ဖေးလိုင်တောင်မှာ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို တွေ့ရှိခဲ့တဲ့ အချိန်အထိပါပဲ..."
"ဒါပေမဲ့ ကျွန်ုပ် ဘာမှ မလုပ်နိုင်တဲ့အခါ၊ မဟာနေမင်း မိစ္ဆာသိုင်းပညာရဲ့ စာအုပ်ဝိညာဉ်ကို ရှာပြီး၊ အတွင်းစိတ်မိစ္ဆာကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့ပါတယ်..."
"မဟာနေမင်း မိစ္ဆာသိုင်းပညာက အတွင်းစိတ်မိစ္ဆာကို သတ်လို့ မရဘူး၊ ချိတ်ပိတ်လို့ပဲ ရတယ်လို့ ပြောခဲ့တယ်... အဲဒါနဲ့ ကျွန်ုပ်လည်း အတွင်းစိတ်မိစ္ဆာကို ချိတ်ပိတ်မယ်လို့ ဆန္ဒပြုခဲ့တယ်... အဲဒီနောက်မှာ၊ မဟာနေမင်း မိစ္ဆာသိုင်းပညာကို ရရှိခဲ့တာပါ..."
"ဒီ မဟာနေမင်း မိစ္ဆာသိုင်းပညာဟာ အရမ်းထူးဆန်းတယ်၊ သူ့ရဲ့ ကျင့်စဉ်စကားလုံးတွေက လုံးဝ နားလည်လို့ မရဘူး... ဒါပေမဲ့ ကျွန်ုပ်ကတော့ ဗုဒ္ဓ သိုင်းပညာစွမ်းအင် တစ်မျိုးကို ကျင့်ကြံနိုင်ခဲ့တယ်... အဲဒီစွမ်းအင်က သန့်စင်တယ်လို့ ပြောလို့ မရတော့ဘူး၊ သန့်ရှင်းစင်ကြယ်တယ် လို့ပဲ ပြောရမယ်... ဒဏ္ဍာရီထဲက ဗုဒ္ဓတရားတော်တွေလိုပါပဲ..."
စကားပြောရင်း၊
ဟွေ့နန်ဆရာတော်ကြီးသည် သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ၊ ဗုဒ္ဓ သိုင်းပညာစွမ်အင် တစ်မျှင် ထွက်ပေါ်လာပြီး၊ ရွှေရောင် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ ဖြစ်သွားလေသည်။ ထုတ်လွှတ်လိုက်သော အငွေ့အသက်သည် ကူမော့ တစ်သက်တာတွင် တွေ့ဖူးသမျှ အသန့်ရှင်းဆုံး အငွေ့အသက် ပင်ဖြစ်လေသည်။
ယခုအခါ ဗုဒ္ဓဂိုဏ်း၏ အကြီးအကဲအဖြစ် လူသိများသော ဆရာတော် လျန်ရှန်း၏ သိုင်းပညာစွမ်းအင်ပင်လျှင် ဟွေ့နန်ဆရာတော်ကြီး၏ ဤသိုင်းပညာစွမ်းအင်၏ သန့်ရှင်းစင်ကြယ်မှု မယှဉ်နိုင်ချေ။
ကူမော့သည် ထင်ရှားစွာ ခံစားသိရှိနိုင်လေသည်။
ဤဗုဒ္ဓအလင်းရောင် တစ်မျှင်သည် သာမန် သိုင်းပညာစွမ်းအင်ထက် သာလွန်နေသော်လည်း၊ တက်လှမ်းခြင်းနယ်ပယ်၏ စွမ်းအား မဟုတ်သလို၊ မူလစွမ်းအင် လည်း မဟုတ်ပေ။ အလွန်ထူးခြားသော စွမ်းအင်တစ်မျိုး ဖြစ်လေသည်။
သို့သော် မဟာနေမင်း မိစ္ဆာသိုင်းပညာမှ အတူတူ ထွက်ပေါ်လာသော်လည်း၊ ဟွေ့နန်ဆရာတော်ကြီး၏ ဤစွမ်းအင်သည် ယဲ့ချန်၏ 'ကံကြမ္မာစွမ်းအင်' နှင့် လုံးဝ ကွာခြားလေသည်။
ယဲ့ချန်၏ ကံကြမ္မာစွမ်းအင်သည် ပုံရိပ်ယောင်ဖြစ်ပြီး၊ တက်လှမ်းခြင်းနယ်ပယ်၏ စွမ်းအားပင်လျှင် ထိတွေ့ရန် ခက်ခဲလေသည်။ ကူမော့က ၎င်းကို သိမ်းယူနိုင်ခြင်းမှာ တက်လှမ်းခြင်းအဆင့်အထက်ရှိ နိယာမစွမ်းအင်ကို အသုံးပြုထားသောကြောင့် ပင်ဖြစ်လေသည်။
သို့သော် ဟွေ့နန်ဆရာတော်ကြီး၏ ဤသန့်ရှင်းသော ဗုဒ္ဓအလင်းရောင်သည် တကယ့်ကို အစစ်အမှန်ဖြစ်ပြီး၊ သာမန် သိုင်းပညာစွမ်းအင်များကဲ့သို့ပင် ဖြစ်သော်လည်း၊ ၎င်း၏ သန့်စင်မှုအဆင့်မှာ သာမန် သိုင်းပညာစွမ်းအင်များထက် များစွာ သာလွန်နေလေသည်။
ဟွေ့နန်ဆရာတော်ကြီးက ဆက်လက်၍ ပြောလေသည်။
"ကျွန်ုပ်က ဒီဗုဒ္ဓအလင်းရောင်နဲ့ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို နှစ်တွေ အကြာကြီး ချိတ်ပိတ်ထားနိုင်ခဲ့တာပါ... ဒီဗုဒ္ဓအလင်းရောင်ဟာ အရမ်းသန့်ရှင်းစင်ကြယ်ပြီး အရမ်းလည်း အံ့ဩစရာကောင်းတယ်... “
“ကျွန်ုပ်က ဒီဗုဒ္ဓအလင်းရောင်ကို သုံးပြီး ဝင်္ကပါတစ်ခု တည်ဆောက်ထားတယ်... ဗုဒ္ဓ သိုင်းပညာစွမ်းအင်တွေဟာ ဒီဗုဒ္ဓအလင်းရောင်နဲ့ ထိတွေ့လိုက်တာနဲ့၊ အားလုံးက ဗုဒ္ဓအလင်းရောင် အဖြစ် ပြောင်းလဲသွားနိုင်တယ်... ဒါပေမဲ့ ဗုဒ္ဓအလင်းရောင် နည်းနည်းလေး ရဖို့အတွက် သိုင်းပညာစွမ်းအင် အများကြီး လိုအပ်တယ်..."
"ဒီနှစ်တွေအတွင်းမှာ၊ ကျွန်ုပ် ဒီမှာ ဖေးလိုင်ကျောင်းတော်ကို တည်ထောင်ပြီး တပည့်တွေ လက်ခံတာလည်း၊ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို ချိတ်ပိတ်ဖို့ပါပဲ...”
“ ဒါကြောင့်၊ အတွင်းစိတ်မိစ္ဆာကို ချိတ်ပိတ်နေတာ ကျွန်ုပ် တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဖေးလိုင်ကျောင်းတော် တစ်ခုလုံး အနှစ်သုံးဆယ်အတွင်းမှာ တပည့်ပေါင်း တစ်သောင်းသုံးထောင့်ငါးရာ ပါဝင်ခဲ့ပါတယ်..."
ကူမော့က စဉ်းစားပြီးနောက် မေးလိုက်သည်။
"ဆရာတော်ကြီး... ကျွန်တော် နည်းနည်း သိချင်နေတာက၊ ဆရာတော်ကြီးက ဘာလို့ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကိုပဲ အာရုံစိုက်ပြီး ချိတ်ပိတ်နေရတာလဲ... အတွင်းစိတ်မိစ္ဆာရဲ့ အသိစိတ်ကိုရော ဘာလို့ မချိတ်ပိတ်တာလဲ... “
“ဆရာတော်ကြီး ပြောပုံအရဆိုရင်၊ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်က ဒီမှာ ငြိမ်သက်နေတဲ့ ကျောက်တုံးတစ်တုံး သက်သက်ပဲလေ... အပြင်မှာ လှုပ်ရှားနေတာက အတွင်းစိတ်မိစ္ဆာရဲ့ အသိစိတ်ပဲ မဟုတ်ဘူးလား..."
"အမိတာဘ..."
ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။
"ကျွန်ုပ်နဲ့ ဒါကာကူရဲ့ 'မိစ္ဆာ' အပေါ် နားလည်ပုံချင်း မတူလို့ပါ... ဒါကာရဲ့ အမြင်မှာတော့၊ အတွင်းစိတ်မိစ္ဆာဟာ လူ့လောကက ကျင့်ကြံသူတွေရဲ့ နတ်ဘုရားဖြစ်မယ့် လမ်းကြောင်းကို ဖြတ်တောက်ထားတာမို့လို့၊ သူဟာ 'မိစ္ဆာ' ပဲ... ဒါပေမဲ့ ကျွန်ုပ်ရဲ့ အမြင်မှာတော့၊ အဲဒါက သဘာဝရဲ့ နိယာမတစ်ခု သက်သက်ပါ၊ လူတွေက နွားနဲ့ သိုးတွေကို စားတာနဲ့ အတူတူပါပဲ..."
"ဒါပေမဲ့ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကတော့ မတူပါဘူး၊ သူက မိစ္ဆာစွမ်းအင် အစစ်အမှန်ပါ... သူ့ရဲ့ မိစ္ဆာစွမ်းအင်နဲ့ အထိခံလိုက်ရတာနဲ့၊ လူတွေရဲ့ ဆန္ဒတွေဟာ အဆုံးမရှိ ကြီးမားလာပြီး၊ နောက်ဆုံးမှာ မိစ္ဆာဆန္ဒရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရမှာပါ... ဒါမှသာ လူ့လောကကို တကယ်ပဲ အန္တရာယ် ပေးနေတာပါ..."
"အတွင်းစိတ်မိစ္ဆာရဲ့ အသိစိတ်ကတော့ ဒဏ္ဍာရီထဲက ကောင်းကင်တံခါးဝမှာ စောင့်နေပြီး၊ နှစ် ရာနဲ့ချီကြာမှ ပေါ်လာမယ့် လူ့လောကရဲ့ နံပါတ်တစ် ပါရမီရှင် တစ်ယောက်ကိုပဲ စားသုံးတာပါ... သူ့ရဲ့ အန္တရာယ်က အဲဒီ တစ်ယောက်တည်းကိုပဲ သက်ရောက်တာပါ...”
“ ဒါပေမဲ့ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ် ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာတော့၊ အဆုံးမရှိတဲ့ သတ်ဖြတ်မှုတွေ၊ ကစဉ့်ကလျား ဖြစ်မှုတွေ၊ စည်းမျဉ်း၊ ကိုယ်ကျင့်တရားနဲ့ လူ့ကျင့်ဝတ်တွေ ပျက်စီးသွားနိုင်ပါတယ်”
"ဒါကာကူ... ဒါကြောင့်မို့လို့ ကျွန်ုပ်ရဲ့ အမြင်မှာတော့၊ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ဟာ လူ့လောကကို တကယ် အန္တရာယ်ပေးနေတဲ့ 'မိစ္ဆာ' ပါပဲ... အတွင်းစိတ်မိစ္ဆာရဲ့ အသိစိတ်ကတော့၊ ကျွန်ုပ်ရဲ့ အမြင်မှာတော့၊ အခု ဒါယကာကူတို့၊ အရင်တုန်းက ဆုချန်ချိုးတို့နဲ့ ဘာမှမကွာပါဘူး၊ အရမ်းကို အစွမ်းထက်တဲ့ တည်ရှိမှု တစ်ခု သက်သက်ပါပဲ..."
"ဒါပေမဲ့၊ ဒါက ကျွန်ုပ် တစ်ယောက်တည်းရဲ့ အမြင်သက်သက်ပါ... ဘာလို့လဲဆိုတော့၊ ကျွန်ုပ်ရဲ့ အဆင့်အတန်းဟာ ဒါယးကာကူကို ဘယ်လိုမှ မမီနိုင်ပါဘူး... ကျွန်ုပ် ရပ်တည်နေတဲ့ အမြင့်က ကျွန်ုပ်ရဲ့ အမြင်ကို ကန့်သတ်ထားပါတယ်... ကျွန်ုပ်ရဲ့ အဆင့်မမြင့်မားလို့ အတွင်းစိတ်မိစ္ဆာ အသိစိတ်ရဲ့ အန္တရာယ်ကို မမြင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်..."
ကူမော့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလေသည်။
"ဆရာတော်ကြီး ပြောတာ မှန်ပါတယ်... အတွင်းစိတ်မိစ္ဆာ အသိစိတ်ရဲ့ အန္တရာယ်က တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူတွေအတွက် သက်သက်ပါပဲ... "
“သူက ကျင့်ကြံမှု မြင့်မားတဲ့ သိုင်းပညာရှင်တွေ အပေါ်မှာ ကြိုတင်ပြီး ကြံစီထားတတ်ပေမဲ့၊ အများစုကတော့ သေတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ တက်လှမ်းခြင်းနယ်ပယ်ကို မရောက်မချင်း၊ အတွင်းစိတ်မိစ္ဆာ အသိစိတ်က စိတ်မဝင်လို့ပါ..."
ဟွေ့နန်ဆရာတော်ကြီးက ခါးညွှတ်အရိုအသေပေးကာ ပြောလေသည်။
"ဒါကာကူရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်... ဒီနှစ်တွေအတွင်းမှာ ကျွန်ုပ်ရဲ့ လမ်းကြောင်း မမှားဘူးဆိုတာကို သိလိုက်ရလို့ပါ..."
ကူမော့က လက်အုပ်ချီပြီး ပြောလေသည်။
"ဆရာတော်ကြီး... ကျွန်တော့်ကို အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ဆီ ခေါ်သွားပေးလို့ ရမလား..."
ဟွေ့နန်ဆရာတော်ကြီးသည် ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ပြောလေသည်။
"ခုနက ဒါကာကူက ဖေးလိုင်ကျောင်းတော်ကို ဘာလို့ ဖျက်သိမ်းလိုက်တာလဲလို့ မေးတုန်းက၊ ကျွန်ုပ် ရှင်းပြလို့ မပြီးသေးပါဘူး... မနေ့ညက အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ် အခိုးခံလိုက်ရပါတယ်..."
ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဘယ်လိုဖြစ်တာလဲ..."
"ဟူး..."
ဟွေ့နန်ဆရာတော်ကြီးက သက်ပြင်းချလိုက်ပြီး ပြောလေသည်။
"ဒီနှစ်တွေအတွင်းမှာ၊ ကျွန်ုပ်က အရမ်းကို အကောင်းမြင်လွန်းခဲ့တာပါ... အတွင်းစိတ်မိစ္ဆာ အသိစိတ်က သူ့ရဲ့ ပင်မခန္ဓာကိုယ်ကို ချိတ်ပိတ်ထားတဲ့ ကိစ္စကို သိပ်အလေးမထားခဲ့ဘူးလေ... ဒါကြောင့်၊ ကိစ္စတွေ အားလုံး အဆင်ပြေနေတယ်လို့ ကျွန်ုပ် အထင်လွဲခဲ့တာပါ..."
"တကယ်တော့၊ ကျွန်ုပ်က အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို ချိတ်ပိတ်ပြီး သူ့ရဲ့ မိစ္ဆာစွမ်းအင်တွေကို ဖယ်ရှားရာမှာ အဆင်ပြေခဲ့ရတဲ့ အကြောင်းရင်းက၊ အတွင်းစိတ်မိစ္ဆာ အသိစိတ်က ဒီပင်မခန္ဓာကိုယ်ကို ရှိရှိမရှိရှိ ဂရုမစိုက်တဲ့ သဘောထားကြောင့်ပါပဲ..."
"ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက၊ ဒါကာကူက ရုပ်ခန္ဓာကိုယ်နဲ့ တက်လှမ်းခဲ့လို့၊ အတွင်းစိတ်မိစ္ဆာ အသိစိတ်က ဒီပင်မခန္ဓာကိုယ်ကို လိုအပ်လာတဲ့ အချိန်ကစပြီး၊ သူက ဖေးလိုင်ကျောင်းတော်ကို မကြာခဏ စတင် တိုက်ခိုက်လာခဲ့တယ်... “
“အဲဒီအချိန်ကျမှ၊ အတွင်းစိတ်မိစ္ဆာရဲ့ အစွမ်းထက်မှုကို ကျွန်ုပ် သဘောပေါက်ခဲ့တာပါ... ဒါပေမဲ့ ကျွန်ုပ်က ဆယ်စုနှစ်ချီ ကျင့်ကြံခဲ့တဲ့ မဟာနေမင်း မိစ္ဆာသိုင်းပညာနဲ့ အတွင်းစိတ်မိစ္ဆာ အသိစိတ်ကို ရင်ဆိုင်နိုင်မယ်လို့ ထင်ခဲ့တာပါ..."
"ဒါပေမဲ့ တကယ်တမ်းကျတော့၊ ကျွန်ုပ် မှားသွားတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ... အတွင်းစိတ်မိစ္ဆာ အသိစိတ်က၊ သူဟာ ရုပ်ခန္ဓာကိုယ်နဲ့ တက်လှမ်းမယ့် သူတစ်ယောက်ကို သတ်ဖို့အတွက် ပင်မခန္ဓာကိုယ်ကို လိုအပ်တယ်ဆိုတာကို ကျွန်ုပ်ကို ဘာမှမဖုံးကွယ်ဘဲ ပြောပြခဲ့တယ်...”
“ ဒါက သူ ကျွန်ုပ်ကို လုံးဝ ဂရုမစိုက်လို့ပါပဲ... ဒီတစ်နှစ်ကျော်အတွင်းမှာ၊ သူက ကျိုးနိုင်ငံကို စစ်မီးတွေထဲ ရောက်အောင် အဆက်မပြတ် လမ်းညွှန်ပေးခဲ့ပြီး၊ နေရာအနှံ့မှာ စစ်ဘုရင်တွေ အချင်းချင်း တိုက်ခိုက်စေကာ၊ လူ့လောကရဲ့ မိစ္ဆာစွမ်းအင်တွေကို ပြုစုပျိုးထောင်နေခဲ့တာပါ..."
"ကျွန်ုပ်က သူဟာ ပြင်ပအင်အားကို သုံးပြီး ကျွန်ုပ်ကို ရင်ဆိုင်ချင်တယ်လို့ ထင်ခဲ့တာပါ... ကျွန်ုပ်ကတောင် ကိုယ်တိုင်ဝင်ပါပြီး နန်းတွင်းကို ဝူထုံးမြို့တော်ထဲ အဆင်ပြေပြေ ပုန်းအောင်းနိုင်အောင် ကူညီပေးခဲ့သေးတယ်...”
“ နန်းတွင်းကို ဒီနေရာဆီ ခေါ်လာပြီး၊ စစ်တပ်ကြီးရဲ့ အစောင့်အရှောက်နဲ့ဆိုရင်၊ အတွင်းစိတ်မိစ္ဆာ အသိစိတ်က ပြင်ပအင်အားကို သုံးပြီး ကျွန်ုပ်ကို ရင်ဆိုင်မယ့် အကြံကို ဖြတ်တောက်နိုင်မယ်လို့ တွေးခဲ့တာပါ..."
"ဒါပေမဲ့ မနေ့ကမှ၊ အရာအားလုံးဟာ ကျွန်ုပ်ရဲ့ ထင်ယောင်ထင်မှား ဖြစ်နေတာကို သဘောပေါက်ခဲ့ရပါတယ်... အတွင်းစိတ်မိစ္ဆာ အသိစိတ်က အစကတည်းက ကျွန်ုပ်ကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး... “
“သူ ကျိုးနိုင်ငံကို ကစဉ့်ကလျားဖြစ်အောင် လုပ်ခဲ့တာက၊ မိစ္ဆာစွမ်းအင်တွေကို ဖန်တီးဖို့ သက်သက်ပါပဲ... ကျွန်ုပ်ရဲ့ တပည့်တွေဟာ အစောကြီးကတည်းက အတွင်းစိတ်မိစ္ဆာရဲ့ ကျူးကျော်မှုကို ခံခဲ့ရပြီး၊ အားလုံးက မိစ္ဆာကျေးကျွန်တွေ ဖြစ်နေကြပြီလေ..."
"မနေ့ညက၊ ကျွန်ုပ် အနားယူနေတုန်း၊ မိစ္ဆာဂူကို စောင့်ကြပ်ရတဲ့ တပည့်တွေက မိစ္ဆာဂူထဲကို ဝင်ပြီး အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို ခိုးယူသွားခဲ့တယ်... ကင်းလှည့်နေတဲ့ တပည့်တွေကလည်း သူတို့ကို ကူညီပေးခဲ့ကြတယ်... ဖေးလိုင်ကျောင်းတော် တစ်ခုလုံး၊ ကျွန်ုပ်ကလွဲရင် ကျန်တဲ့သူတွေ အားလုံးကို အတွင်းစိတ်မိစ္ဆာက အစောကြီးကတည်းက ထိန်းချုပ်ထားပြီးသားပါ..."
"ဒါပေမဲ့ သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး... သာမန်အချိန်တွေမှာလည်း ဘာမှ ထူးခြားမှု မပြပါဘူး... ဒါပေမဲ့ လိုအပ်လာတဲ့ အချိန်ကျရင်၊ အတွင်းစိတ်မိစ္ဆာက နည်းနည်းလေး လမ်းညွှန်ပေးလိုက်တာနဲ့ မိစ္ဆာကျေးကျွန်အဖြစ် ပြောင်းလဲသွားပြီး၊ အတွင်းစိတ်မိစ္ဆာရဲ့ အသုံးချမှုကို ခံရမှာပါ...”
“ ဒီတစ်နှစ်ကျော်အတွင်းမှာ၊ အတွင်းစိတ်မိစ္ဆာက ပင်မခန္ဓာကိုယ်ကို မယူသွားသေးတာက၊ အချိန်မကျသေးလို့ သက်သက်ပါပဲ... ဒါပေမဲ့ ကျွန်ုပ်ကတော့ အတွင်းစိတ်မိစ္ဆာကို ကျွန်ုပ်ကပဲ တွန်းလှန်နိုင်ခဲ့တယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာပါ..."
ကူမော့က သဘောပေါက်သွားပြီး ပြောလေသည်။
"ဒါကြောင့်၊ ဒါက ဆရာတော်ကြီး ဖေးလိုင်ကျောင်းတော်က တပည့်တွေကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းရင်းပေါ့..."
ဟွေ့နန်ဆရာတော်ကြီးက ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
"ဟုတ်ပါတယ်... ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်ုပ်ဟာ အတွင်းစိတ်မိစ္ဆာနဲ့ အသေအလဲ တိုက်ခိုက်ဖို့ ပြင်ဆင်ထားလို့ပါ... အဲဒီတပည့်တွေဟာ အတွင်းစိတ်မိစ္ဆာရဲ့ ထိန်းချုပ်မှုကို ခံထားရပေမဲ့၊ သူတို့ဟာ ကျွန်ုပ်ရဲ့ တပည့်တွေ ဖြစ်နေဆဲပါပဲ... အချင်းချင်း အသေအလဲ တိုက်ခိုက်ရမယ့် အဖြစ်မျိုးကနေ ရှောင်လွှဲလို့ရရင် အတတ်နိုင်ဆုံး ရှောင်လွှဲချင်လို့ပါ..."
ကူမော့က မေးလိုက်လေသည်။
"ဆရာတော်ကြီး... အတွင်းစိတ်မိစ္ဆာ ဘယ်မှာရှိလဲဆိုတာ သိလား..."
"သိပါတယ်..."
ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။
"အတွင်းစိတ်မိစ္ဆာ အသိစိတ်က ဒီတစ်နှစ်ကျော်အတွင်းမှာ စစ်ပွဲတွေ ဖြစ်အောင် လမ်းညွှန်ခဲ့တာဟာ၊ ပြင်ပအင်အားကို သုံးပြီး ကျွန်ုပ်ကို ရင်ဆိုင်ဖို့ မဟုတ်ဘူးဆိုရင်၊ မိစ္ဆာစွမ်းအင်တွေကို ပြုစုပျိုးထောင်ဖို့ပဲ ဖြစ်ရမယ်... အချိန်ကျလာရင်၊ အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူလာစေဖို့ပါပဲ..."
"မိစ္ဆာစွမ်းအင်တွေကို အများဆုံး စုစည်းနိုင်တဲ့ နေရာကတော့၊ နိုင်ငံတော်ရဲ့ ကံကြမ္မာ တည်ရှိရာ နေရာပဲပေါ့... နိုင်ငံတော်ရဲ့ ကံကြမ္မာကို အသုံးချပြီးတော့၊ နိုင်ငံတစ်နိုင်ငံလုံးရဲ့ မိစ္ဆာစွမ်းအင်တွေကို တစ်နေရာတည်းမှာ စုစည်းနိုင်ပါတယ်..."
"အဲဒါက သေချာပေါက် နန်းတော်ပဲပေါ့..."
ကူမော့က မေးလိုက်လေသည်။
"ဆရာတော်ကြီး... မိစ္ဆာကို နှိမ်နင်းဖို့ ဘယ်လို ပြင်ဆင်ထားလဲ..."
ဟွေ့နန်ဆရာတော်ကြီးက ဖြည်းညင်းစွာ ပြောလေသည်။
"မူလကတော့ အသေအလဲ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပါ... ကျွန်ုပ်က မဟာနေမင်း မိစ္ဆာသိုင်းပညာကို အားကိုးပြီး၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတည်းက လူ့လောကရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်... ဒါပေမဲ့ အရည်အချင်း ကန့်သတ်ချက်ကြောင့်၊ အနှစ်နှစ်ဆယ်ကျော် ကြာတဲ့အထိ တက်လှမ်းခြင်းနယ်ပယ်ရဲ့ တံခါးဝကို မထိတွေ့နိုင်ခဲ့ပါဘူး..."
"ဒါပေမဲ့၊ ကျွန်ုပ်ဟာ ဗုဒ္ဓဂိုဏ်းရဲ့ လျှို့ဝှက်ပညာ တစ်ခုကို ရှာတွေ့ခဲ့ပါတယ်... အဲဒါက အတင်းအကျပ် အဆင့်ချိုးဖောက်ပြီး မူလဝိညာဉ်ကို ဖွဲ့စည်းနိုင်ပါတယ်... "
“ဒါပေမဲ့ အများဆုံး ဆယ့်နှစ်နာရီလောက်ပဲ ခံမှာပါ... ပြီးရင်တော့ ဝိညာဉ် ပျက်စီးသွားမှာပါ... မူလက ကျွန်ုပ်ဟာ အသေအလဲ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပါ... ဒါကလည်း ကျွန်ုပ် ဖေးလိုင်ကျောင်းတော်ကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ..."
စကားပြောရင်း၊ ဟွေ့နန်ဆရာတော်ကြီးသည် ဖေးလိုင်ကျောင်းတော်ဆီသို့ စုဝေးလာနေသော ကောင်းကင်ယံကို ဖုံးလွှမ်းနေသည့် မိစ္ဆာစွမ်းအင်များကို လက်ညှိုးထိုးပြကာ ပြောလေသည်။
"ဒါကလည်း ကျွန်ုပ် တမင်တကာ လမ်းညွှန်ထားတာပါ... အတွင်းစိတ်မိစ္ဆာကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ... ဒါပေမဲ့ အခုတော့၊ ဒါကာကူ ရောက်လာပြီဆိုတော့၊ ကျွန်ုပ်မှာ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိလာနိုင်ပါတယ်..."
"အတွင်းစိတ်မိစ္ဆာ အသိစိတ်က ဒါကာကူကို ဘာမှလုပ်လို့မရလို့၊ ပင်မခန္ဓာကိုယ်ကို ခိုးယူသွားဖို့ လိုအပ်လာတာပါ... ဒါကြောင့်၊ ဒါကာကူဟာ အတွင်းစိတ်မိစ္ဆာ အသိစိတ်ကို နှိမ်နင်းနိုင်တယ်လို့ နားလည်လို့ ရပါတယ်...”
“ ပြီးတော့ ကျွန်ုပ်ရဲ့ မဟာနေမင်း မိစ္ဆာသိုင်းပညာကလည်း အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို နှိမ်နင်းနိုင်ပါတယ်... ကျွန်ုပ်တို့ နှစ်ယောက် ပူးပေါင်းလိုက်ရင်၊ အတွင်းစိတ်မိစ္ဆာကို အနိုင်ယူနိုင်ပါတယ်..."
"ကောင်းတဲ့ နည်းလမ်းပဲ..."
ကူမော့က လက်မထောင်ပြလိုက်ပြီး
"ဒါဆိုရင်၊ အချိန်ဆွဲမနေနဲ့တော့... ဆရာတော်ကြီး... ကျွန်တော်တို့ အခုချက်ချင်း နန်းတော်ကို သွားပြီး အတွင်းစိတ်မိစ္ဆာနဲ့ တွေ့ကြတာပေါ့..."
"ကောင်းပါပြီ..."
ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။
"ဒါပေမဲ့၊ ကျွန်ုပ်က အသက်ကြီးပြီ၊ ခန္ဓာကိုယ်လည်း အားနည်းနေပြီ... ဒီတိုက်ပွဲအတွက် လူ့လောကရဲ့ စွမ်းအားနည်းနည်း ငှားရမ်းဖို့ လိုပါတယ်... ဒါကာကူက ကျွန်ုပ်ကို လမ်းမှာ ကာကွယ်ပေးပါဦး..."