← Chapters

အခန်း ၄၈၈

Vol. 37 Ch. 488

အခန်း ၄၈၈

Vol. 37 Ch. 488

အပိုင်း (၄၈၈) သတ်ဖြတ်ခြင်း ၂

အတွင်းစိတ်မိစ္ဆာ ပျောက်ကွယ်သွားသည်နှင့်အမျှ၊ ကောင်းကင်ယံကို ဖုံးလွှမ်းနေသော ဗုဒ္ဓလက်ဝါးကြီးသည်၊ တစ်ခါမှ မကျဆင်းခဲ့ဖူးသည့်အလား ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော်လည်း၊ မြောက်ပိုင်းကျိုးကို လွှမ်းခြုံထားသော အညစ်အကြေးများနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ အားလုံးကိုပါ ယူဆောင်သွားခဲ့လေသည်။

"ဟူး..."

မကျေမနပ်ဖြစ်နေသော ဝိညာဉ်ပေါင်းများစွာ နှင့် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များသည် ဗုဒ္ဓအလင်းရောင်၏ ဆေးကြောမှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း အရည်ပျော် ပျောက်ကွယ်သွားသည်။

ထိုမိစ္ဆာစွမ်းအင်များသည် မီးခိုးငွေ့တန်းလေးများအဖြစ် ပြောင်းလဲကာ ရွှေရောင်အလင်းထဲ၌ သဲလွန်စမျှပင် မကျန်အောင် ပျောက်ကွယ်သွားလေသည်။

ပျက်စီးနေသော ဝူထုံးမြို့တော်သည် နွေးထွေးသန့်စင်သော ရွှေရောင်အလင်းမိုးရေထဲတွင် စိမ်ထားသကဲ့သို့ ရှိနေသည်။

ကောင်းကင်ကြီးသည်လည်း အနီပုပ်ရောင်မှ ကြည်လင်သော အပြာရောင်သို့ ပြန်လည်ပြောင်းလဲသွားပြီး၊ သင်းပျံ့သော နေရောင်ခြည်က ပြိုကျနေသော နံရံများပေါ်သို့ ကျရောက်ကာ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနေသည်။

မီးလောင်ပြင် အပျက်အစီးများကြားတွင် သစ်ပင်ပန်းမန် စိမ်းစိမ်းလေးများ ပြန်လည်စိမ်းလန်း ပွင့်လန်းလာပြီး၊ သဘာဝတရား၏ ဒဏ်ရာများကို ကြင်နာစွာ ဖေးမပေးလိုက်သကဲ့သို့ သက်ဝင်လှုပ်ရှားလာသည်။ နန်းတော်အထက်တွင် ရှိနေကြသော ဗုဒ္ဓများသည် တရားတော်များကို ဆက်လက်ရွတ်ဆိုရင်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားကြသည်။

အပျက်အစီးများ၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေသော ဟွေ့နန်ဆရာတော်ကြီး၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဗုဒ္ဓနှင့် မိစ္ဆာစွမ်းအင်နှစ်မျိုးလုံး ငြိမ်သက်သွားပြီး၊ အနက်နှင့် အဖြူ ရောယှက်နေသည်။

သူ မျိုချထားသော အနက်ရောင် ကျောက်တုံးဆန်းသည်လည်း ရွှေရောင်နှင့် အနက်ရောင် မန္တန်အက္ခရာများဖြင့် ဖန်တီးထားသည့် အလင်းလှောင်ချိုင့်လေးထဲတွင် အခိုင်အမာ ပိတ်လှောင်ခံလိုက်ရပြီးဖြစ်သည်။

ဆရာတော်ကြီး၏ မျက်နှာသည် တည်ငြိမ်အေးချမ်းနေပြီး မျက်ခုံးကြားတွင် မှေးမှိန်သော ဗုဒ္ဓအမှတ်အသားလေး ထင်ဟပ်နေသည်။ သူသည် ကောင်းကင်ယံရှိ ဗုဒ္ဓ ပုံရိပ်ယောင်များနှင့် ဗုဒ္ဓအစစ်အမှန်အဖြစ် ပြောင်းလဲသွားသော ကူမော့ကို ကြည့်ကာ သနားကြင်နာသည့် အပြုံးဖြင့် တိုးတိုးလေး ရွတ်ဆိုလိုက်တော့သည်။

"အမိတာဘ၊ လူ့လောကမှာ ဗုဒ္ဓ အစစ်အမှန် ရှိနေတာပဲ..."

ဤအချိန်တွင်၊ ကူမော့သည် လေထဲတွင် မျောလွင့်နေလေသည်။

သူ၏ ခေါင်းထဲတွင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာလေသည်။

【ကြယ်ရှစ်ပွင့် ရာဇဝတ်ကောင် ကို သတ်ဖြတ်နိုင်ခဲ့ပါသည်】

【ကြယ်ရှစ်ပွင့် ဆုကြေး — အမြင့်ဆုံးအဆင့် မိစ္ဆာဓား ကို ရရှိပါသည်】

【လက်ခံယူမည်လား】

'မိစ္ဆာဓား' ဟု ခေါ်သော ထိုဓားသိုင်းသည် ကိုယ့်ကိုယ်ကို အစွန်းရောက် သဘောတရားပေါ်တွင် တည်ရှိသည်။ နတ်ဘုရား၊ ဗုဒ္ဓနှင့် ဘာသာတရား ထုံးတမ်းစဉ်လာများကို ငြင်းပယ်ကာ၊ ကိုယ်ကျင့်တရားနှင့် သံယောဇဉ်များကို စွန့်လွှတ်၍ အကြွင်းမဲ့ စွမ်းအားကိုသာ အဓိကထားသော ဓားသိုင်းဖြစ်သည်။

'လောကတွင် အပြည့်စုံဆုံး ဓားသိုင်း' ဟု တင်စားခံရပြီး၊ သိုင်းပညာ၏ လူသားဆန်မှု ကန့်သတ်ချက်များကို လွတ်မြောက်စေသည်။ ၎င်းတွင် မိစ္ဆာစွမ်းအင်နှင့် သတ်ဖြတ်လိုစိတ်ကို ပေါင်းစပ်ထားသည့် ဓားကွက် ကိုးကွက် ပါဝင်ပြီး၊ ဓားကွက်တိုင်း၌ မိစ္ဆာလမ်းစဉ်၏ အနှစ်သာရများ ကိန်းဝပ်နေသည်။

ကူမော့သည် ထိုအမြင့်ဆုံးအဆင့် မိစ္ဆာဓားကို လက်ခံရရှိလိုက်သည့်အခါ စိတ်ထဲတွင် ခံစားမိသည်။

ယခုလေးတင် ရူလိုင်နတ်ဘုရားလက်ဝါး၊ မဟာစိန်နတ်ဘုရားစွမ်းအားတို့ကို ပေါင်းစပ်ကာ လောကတွင် အသန့်ရှင်းဆုံး ဗုဒ္ဓသိုင်းပညာကို ဖန်တီးခဲ့သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်အမင်း မိစ္ဆာဆန်သော သိုင်းပညာကိုပါ ထပ်မံရရှိလိုက်ခြင်းဖြစ်သည်။ ဤသည်မှာလည်း ထူးခြားသည့် ဗုဒ္ဓနှင့် မိစ္ဆာ ပေါင်းစပ်မှုတစ်မျိုး ပင်ဖြစ်သည်။

ကူမော့က အကယ်၍ သူသာ အမြင့်ဆုံးအဆင့်ထိ မိစ္ဆာဓားကို သုံး၍ အတွင်းစိတ်မိစ္ဆာနှင့် တိုက်ခိုက်ခဲ့ပါက မည်သူ၏ မိစ္ဆာသဘာဝက ပိုမိုအစွမ်းထက်မည်နည်းဟု တွေးတောလိုက်မိသည်။

ထိုသို့ တွေးတောနေစဉ်မှာပင် သူ၏အနောက်ရှိ ဗုဒ္ဓနိုင်ငံတော် ပုံရိပ်ယောင်နှင့် ဧရာမ ရူလိုင် ရွှေရောင်ခန္ဓာကိုယ်ကြီးသည် ပျောက်ကွယ်သွားပြီး၊ ရွှေရောင်အလင်းများလည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူသည် ဟွေ့နန်ဆရာတော်ကြီး၏ ဘေးသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

"အမိတာဘ"

ဟွေ့နန်ဆရာတော်ကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလေသည်။

"ဒါယကာကူက ဗုဒ္ဓ ဖြစ်နေတာကိုး..."

ကူမော့က ပြောလေသည်။

"ဆရာတော်ကြီး၊ လောကလူသား အားလုံး ဗုဒ္ဓ ဖြစ်နိုင်ပါတယ်..."

"ကျွန်ုပ် အစွဲအလမ်း ကြီးသွားတာပါ၊"

ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။

"ရင်ထဲမှာ မေတ္တာတရား ရှိရင်၊ လုပ်ရပ်တွေမှာ မေတ္တာတရား ရှိရင်၊ အဲဒါ ဗုဒ္ဓ ပါပဲ..."

ကူမော့သည် ဟွေ့နန်ဆရာတော်ကြီးကို သေချာ ကြည့်လိုက်ရာ၊ ယခုအခါ ဟွေ့နန်ဆရာတော်ကြီးသည် အသက်ဝိညာဉ် လုံးဝ ကင်းမဲ့နေပြီ ဖြစ်ပြီး၊ မူလဝိညာဉ် စွမ်းအားများလည်း အားလုံးနီးပါး ကုန်ခမ်းသွားကာ၊ နောက်ဆုံး ကျန်ရှိနေသော အသိစိတ်လေး တစ်ခုဖြင့်သာ တောင့်ခံထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

"ဆရာတော်ကြီး၊ ဆရာတော်ကြီးရဲ့ အခြေအနေက သိပ်မကောင်းဘူးနော်..."

ဟု ကူမော့က ပြောလိုက်သည်။

ဟွေ့နန်ဆရာတော်ကြီးက ပြုံးလျက် ဖြေလေသည်။

"သေဆုံးခြင်းဟာ အဆုံးသတ် မဟုတ်ပါဘူး၊ သုခဘုံကို ပြန်သွားတာ သက်သက်ပါ... ကျွန်ုပ် တစ်သက်တာလုံး ကျင့်ကြံခဲ့တာ၊ နောက်ဆုံး အချိန်မှာ တက်လှမ်းခြင်း အဆင့်ကို ရောက်ရှိပြီး၊ ဗုဒ္ဓကို ဖူးတွေ့ရကာ၊ ဆန္ဒရှိတဲ့အတိုင်း အတွင်းစိတ်မိစ္ဆာရဲ့ ပင်မခန္ဓာကိုယ်ကို ချိတ်ပိတ်နိုင်ခဲ့လို့၊ ဒီဘဝမှာ ရည်မှန်းချက် အောင်မြင်သွားပါပြီ..."

ကူမော့က လက်အုပ်ချီပြီး ပြောလေသည်။

"ဆရာတော်ကြီးက သတ္တဝါတွေကို ကယ်တင်ဖို့ တာဝန်ယူပြီး၊ ကိုယ်ကျိုးစွန့်ကာ မိစ္ဆာကို နှိမ်နင်းခဲ့တာ၊ ကျွန်တော် လေးစားပါတယ်... ဒီလုပ်ရပ်ဟာ ဗုဒ္ဓက လင်းယုန်ကို အသားကျွေးပြီး ကျားကို ကိုယ်ခန္ဓာ ကျွေးခဲ့တာထက် မလျော့ပါဘူး..."

ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။

"ကျွန်ုပ် ဒါယကာကူကို ပြောစရာ ကိစ္စ နှစ်ခု ရှိပါသေးတယ်..."

"ပြောပါ..."

ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။

"ကျွန်ုပ် မကြာခင် ပျံလွန်တော်မူတော့မှာပါ၊ တစ်သက်တာ ကျင့်ကြံခဲ့တဲ့ မဟာနေမင်း မိစ္ဆာသိုင်းပညာရဲ့ ဗုဒ္ဓနဲ့ မိစ္ဆာ စွမ်းအင် နှစ်မျိုးစလုံးကို သုံးပြီး မိစ္ဆာကျောက်တုံးကို ယာယီ ချိတ်ပိတ်ထားပါတယ်...”

“ ဒါပေမဲ့၊ ဗုဒ္ဓနဲ့ မိစ္ဆာ စွမ်းအင် နှစ်မျိုးစလုံးဟာ ပုံသဏ္ဌာန် မရှိတဲ့အတွက်၊ မိစ္ဆာကျောက်တုံးကို ရေရှည် ချိတ်ပိတ်ထားနိုင်ဖို့ ကြားခံပစ္စည်း တစ်ခု လိုအပ်ပါတယ်..."

"မူလက ကျွန်ုပ်ဟာ ပျံလွန်တော်မူတဲ့ အချိန်မှာ၊ ခန္ဓာကိုယ်ကို ဓာတ်တော် အဖြစ် ပြောင်းလဲချင်ခဲ့တာပါ... “

“ဒါပေမဲ့ အခုတော့ ဗုဒ္ဓနဲ့ မိစ္ဆာ စွမ်းအင် နှစ်မျိုးစလုံးက ကျွန်ုပ်ရဲ့ ခန္ဓာကိုယ် အနှစ်သာရတွေကို အငွေ့ပျံ ခန်းခြောက်သွားအောင် လုပ်ပစ်လိုက်လို့၊ ဓာတ်တော် အဖြစ် ပြောင်းလဲဖို့ မဖြစ်နိုင်တော့ပါဘူး...”

“ အခု လောကမှာ၊ တာ့ကွမ်မင် ကျောင်းတော် တစ်ခုတည်းမှာပဲ အပြည့်အစုံ ရှိတဲ့ ဗုဒ္ဓ ဓာတ်တော်တွေ ရှိတာမို့လို့၊ ဒါယကာကူက မိစ္ဆာကျောက်တုံးကို တာ့ကွမ်မင် ကျောင်းတော်ဆီ ပို့ပေးပါ..."

ကူမော့သည် စဉ်းစားပြီးနောက်၊ ခါးတွင် ချိတ်ထားသော အိတ်လေးကို ဖြည်းညင်းစွာ ဖြုတ်လိုက်ပြီး၊ ၎င်းထဲမှ ယခင်က ဆရာတော် လျန်ရှန်း ပေးခဲ့သော ဓာတ်တော်ကို ထုတ်ယူကာ၊ မေးလိုက်လေသည်။

"ဒါ ရမလား..."

ဟွေ့နန်ဆရာတော်ကြီးသည် ၎င်းကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး၊ ထို့နောက် အနည်းငယ် ပြုံးကာ ပြောလိုက်လေသည်။

"ကြည့်ရတာ၊ လောကက အရာအားလုံးဟာ မမြင်ရတဲ့ နေရာမှာ ကြိုတင် သတ်မှတ်ထားပြီးသားပါပဲ... ရေစက်၊ အကြောင်းအကျိုး တွေဟာ တကယ်ပဲ အံ့ဩစရာ ကောင်းလှပါတယ်..."

ဟွေ့နန်ဆရာတော်ကြီးသည် လက်နှစ်ဖက်ကို ပင့်တင်လိုက်ရာ၊ လက်ကြားရှိ ထို အနက်ရောင် မိစ္ဆာကျောက်တုံးသည် မမြင်ရသော ဆွဲငင်မှု တစ်ခုကို ခံရသည့်အလား၊ လေထဲတွင် မျောလွင့်နေသော ဓာတ်တော်ဆီသို့ ဖြည်းညင်းစွာ လွင့်ပျံသွားလေသည်။

မိစ္ဆာကျောက်တုံးနှင့် ဓာတ်တော်တို့ ထိတွေ့သွားသည့် အခိုက်အတန့်တွင် ထူးခြားသော အပြောင်းအလဲ တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေသည်။

မိစ္ဆာကျောက်တုံး၏ မာကျောသော ပုံသဏ္ဌာန်သည် ရုတ်တရက် အရည်ပျော်သွားပြီး၊ အနက်ရောင် အရည် တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

ဤအရည်သည် အသက်ရှိနေသည့်အလား၊ မှောင်မိုက်နေပြီး၊ ပုံသဏ္ဌာန် မရှိသော်လည်း၊ လူ့လောကကို ကျော်လွန်သော ကြီးမားသည့် စွမ်းအင်များ ပါဝင်နေလေသည်။ ၎င်းမှာ မူလစွမ်းအင် ပင်ဖြစ်လေသည်။

ဤ မိစ္ဆာကျောက်တုံး မူလစွမ်းအင်သည် ဓာတ်တော်နှင့် ထိတွေ့လိုက်သည်နှင့်၊ ရေမြှုပ်ထဲသို့ စိမ့်ဝင်သွားသကဲ့သို့၊ မည်သည့် အဆီးအတားမျှ မရှိဘဲ၊ ဓာတ်တော်ထဲသို့ စိမ့်ဝင်သွားသည်။ သန့်ရှင်းစင်ကြယ်သော အလင်းရောင်ဖြင့် မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံခံလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင်၊ ဟွေ့နန်ဆရာတော်ကြီး၏ ခန္ဓာကိုယ် ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေပြီး၊ ဗုဒ္ဓအလင်းရောင်နှင့် မိစ္ဆာစွမ်းအင်တို့သည်လည်း၊ ထို ဓာတ်တော်၏ ဆွဲငင်ခြင်းကို ခံလိုက်ရပုံ ပေါ်လေသည်။

လုံးဝ ဆန့်ကျင်ဘက် ဖြစ်သော်လည်း အရင်းအမြစ် တူညီသော စွမ်းအင် စီးကြောင်း နှစ်ခုသည်၊ လိမ်ယှက်နေသော အလင်းတန်း နှစ်ခုအလား၊ သူ၏ ခန္ဓာကိုယ်ထဲမှ အလျင်အမြန် ဆွဲထုတ်ခံလိုက်ရပြီး၊ မူလစွမ်းအင်ကို စုပ်ယူနေသော ဓာတ်တော်ပေါ်သို့ ရစ်ပတ်သွားလေသည်။

ဗုဒ္ဓနှင့် မိစ္ဆာ စွမ်းအင် နှစ်ခုသည် ဓာတ်တော်၏ မျက်နှာပြင်ပေါ်တွင် အလျင်အမြန် ပေါင်းစပ် သွားလေသည်။

ဓာတ်တော်သည် ကူမော့၏ လက်ဖဝါးထဲတွင် မျောလွင့်နေပြီး၊ ယခင်အတိုင်း လုံးဝန်းကာ၊ နွေးထွေးနေဆဲ ပင်ဖြစ်လေသည်။ ပေါင်းစပ်မှုနှင့် သန့်စင်မှုများသည်၊ မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်ခဲ့သည့်အလား ပင်ဖြစ်လေသည်။

"အမိတာဘ..."

ဟွေ့နန်ဆရာတော်ကြီးသည် လက်အုပ်ချီလိုက်ပြီး ပြောလေသည်။

"အနှစ် တစ်ရာ အတွင်းမှာ၊ ဒီ မိစ္ဆာကျောက်တုံး ဟာ၊ လူ့လောကကို အန္တရာယ် ပေးနိုင်တဲ့ စွမ်းအား မရှိတော့ပါဘူး..."

ကူမော့သည် လက်ထဲရှိ ဓာတ်တော်ကို ခံစားကြည့်လိုက်ရာ၊ အပေါ်ယံတွင် မည်သည့် အပြောင်းအလဲမျှ မရှိပုံ ပေါ်သော်လည်း၊ သူသည် ခံစား သိရှိနိုင်လေသည်။

ဟွေ့နန်ဆရာတော်ကြီး၏ ဗုဒ္ဓနှင့် မိစ္ဆာ စွမ်းအင် နှစ်ခုသည် ဓာတ်တော်ကို ကြားခံပစ္စည်း အဖြစ် အသုံးပြုကာ၊ မူလစွမ်းအင်ကို ပိတ်လှောင်ထားနိုင်သော အရာဝတ္ထု တစ်ခု အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို သူ သိရှိလိုက်လေသည်။

ယခင်က ချီမြောင်ရွှမ် က မီးချီလင်၏ ဘိုးဘေး မီးတောက် မူလစွမ်းအင်ကို ဖမ်းယူရန် အသုံးပြုခဲ့သော သံလှောင်ချိုင့်လေးနှင့် အဆင့်အတန်း တူညီသော အရာဝတ္ထု တစ်ခု ပင်ဖြစ်လေသည်။

ကူမော့၏ ရင်ထဲတွင် တွေးလိုက်မိလေသည်။

’မဟာနေမင်း မိစ္ဆာသိုင်းပညာမှာ ဒီလို စွမ်းရည်မျိုး ရှိတယ်ဆိုရင်၊ ယဲ့ချန်ရဲ့ ကံဆိုးမှု၊ ကံကောင်းမှု စွမ်းအင် နှစ်ခုကိုလည်း ဒီလို အရာဝတ္ထု မျိုး အဖြစ် ပြောင်းလဲလို့ ရနိုင်တယ်ပေါ့...'

အဝေးတွင်၊ ရေသောက်နေသော ယဲ့ချန်၏ ကျောပြင်သည် ရုတ်တရက် အေးစိမ့်သွားလေသည်။

ကူမော့သည် ဟွေ့နန်ဆရာတော်ကြီးကို ကြည့်ကာ၊ မေးလိုက်လေသည်။

"ဆရာတော်ကြီး၊ ဒုတိယ ပြောစရာ ရှိတဲ့ ကိစ္စက ဘာလဲ..."

ဟွေ့နန်ဆရာတော်ကြီးက ပြောလေသည်။

"ဒါယကာကူ... ကျွန်ုပ်ဟာ မွေးကတည်းက သိမြင်နားလည်နိုင်စွမ်း ရှိသူပါ... မွေးကတည်းက သိမြင်နားလည်နိုင်စွမ်း ရှိသူ ဆိုတာ၊ မွေးလာကတည်းက အရာအားလုံးကို သိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ အဆင့် တစ်ခုကို ရောက်တဲ့အခါ၊ ရုတ်တရက် အတိတ်ဘဝ ကိစ္စတွေကို သတိရလာပြီး၊ အတိတ်က အကြောင်းတရားနဲ့ အခုဘဝက အကျိုးတရားကို နားလည်သွားတာကို ဆိုလိုတာပါ..."

"လွန်ခဲ့တဲ့ အနှစ် ခုနစ်ဆယ် က၊ ကျွန်ုပ်ဟာ တစ်ညတည်းနဲ့ အတိတ်ဘဝ ကိစ္စတွေကို သတိရလာပြီး၊ လောကီရေးရာ တွေကို စွန့်လွှတ်ကာ ဘုန်းကြီး ဝတ်ခဲ့တာပါ... ဒါက ကံကြမ္မာ တစ်ခုပါပဲ... "

“အရင်က ဒါကာဟာ ဆုချန်ချိုး ကို အနိုင်ယူပြီး လောကရဲ့ နံပါတ်တစ် ဖြစ်လာတယ်လို့ ကြားတုန်းက၊ ဒါကာရဲ့ သတင်းတွေကို စုံစမ်းကြည့်ခဲ့ပါတယ်... ကျွန်ုပ် ခန့်မှန်းတာ မမှားဘူး ဆိုရင်၊ ဒါကာလည်း မွေးကတည်းက သိမြင်နားလည်နိုင်စွမ်း ရှိသူ တစ်ယောက်ပဲ မဟုတ်လား..."

အတိတ်ဘဝ ကိစ္စများကို သတိရလာခြင်း သည်၊ တကယ်တော့ ကူမော့၏ လျှို့ဝှက်ချက် တစ်ခု ပင်ဖြစ်လေသည်။

All Chapters