အခန်း ၄၉၅
Vol. 37 Ch. 495
အပိုင်း (၄၉၅) - ထျဲ့ထို ပျောက်ဆုံးသွားခြင်း
ယခုနှစ် အစပိုင်းတွင်၊ ကူချူတုန်း၏ သစ်သီးခြံကို စတင် တည်ဆောက်နေပြီ ဖြစ်သော်လည်း၊ မြို့တော် သို့ လာခဲ့ရသဖြင့် မလွဲမသွေ ရပ်နားထားခဲ့ရလေသည်။
ကူချူတုန်း၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်ရင်း၊ ကူမော့က ပြုံးလျက် ပြောလေသည်။
"ဒီတစ်ခေါက် ပြန်ရင်၊ အကြာကြီး နေမှာပါ... နှစ်ကုန်ပိုင်း လောက်ကျမှ ချူနိုင်ငံ ကို တစ်ခေါက် သွားရမယ်... အရင်က ဆရာတော် လျန်ရှန်း နဲ့ ချိန်းထားတာ ရှိလို့..."
ကူချူတုန်းက အလျင်အမြန် ပြောလေသည်။
"ဒါဆို အချိန် လောက်ပါတယ်... ကျွန်မ လီလီ ဆီ သွားမေးလိုက်ဦးမယ်၊ သူမ ယွင်ကျိုး ကို လိုက်လည်ချင်လား လို့..."
စကားပြောရင်း၊ ကူချူတုန်းသည် နဂါးအကြေးခွံကို သေချာ ထုပ်ပိုးလိုက်ပြီး ပြေးထွက်သွားလေသည်။
မကြာမီ၊ မင်းသမီး စံအိမ်တော် မှ အစောင့် တစ်ဦးက ယဲ့ကျင့်လန် ရောက်လာကြောင်း လာရောက် သတင်းပို့လေသည်။
ကူမော့၏ ခွင့်ပြုချက် ရရှိပြီးနောက်၊ မကြာမီပင် ယဲ့ကျင့်လန် ဝင်ရောက်လာလေသည်။
ယဲ့ကျင့်လန်သည် တံခါးဝသို့ ရောက်သည်နှင့်၊ ပြုံးလျက် ပြောလိုက်လေသည်။
"အစ်ကိုကူ၊ မင်းသာ ပြန်မလာသေးဘူး ဆိုရင်၊ ငါ့ကို တွေ့ဖို့ ကျန်းနိုင်ငံ ကို သွားရတော့မယ်..."
ကူမော့က ပြုံးလျက် ပြောလေသည်။
"အခု အချိန်မီ ပြန်ရောက်လာပြီလေ..."
"မင်း မြို့တော် ထဲ ဝင်လာကတည်းက၊ နန်းတွင်း အစောင့်တပ်ဖွဲ့ ဘက်က သတင်း ရထားပြီးပြီ..."
သူတို့ နှစ်ဦးသည် စကားပြောရင်း ဧည့်ခန်းမ ကြီး အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
ဧည့်ခန်းမ အတွင်းသို့ ဝင်ရောက်သွားသည်နှင့်၊ ယဲ့ကျင့်လန်သည် ရုတ်တရက် တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်သွားပြီး၊ အကြည့်များသည် ဧည့်ခန်းမ ထဲရှိ ထုပ်ပိုးထားသော နဂါးအကြေးခွံ ပေါ်သို့ ကျရောက်သွားကာ၊ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာပြီး မေးလိုက်လေသည်။
"အစ်ကိုကူ၊ အဲဒါ ဘာလဲ... မလိုလားတဲ့ ခံစားချက် တစ်ခု ကို ငါ ခံစားနေရတယ်..."
"နဂါးအကြေးခွံ..."
ကူမော့က ပြောလေသည်။
"မင်းရဲ့ ခန္ဓာကိုယ် ထဲမှာ ချီလင် သွေး တွေ စီးဆင်းနေပြီး၊ ချီလင် အရိုး တွေ ရှိနေတယ်... နဂါး နဲ့ အတူတူ နတ်သားရဲ အမျိုးအစား ထဲမှာ ပါဝင်တယ်လေ... ဘုရင် အချင်းချင်း တွေ့ဆုံလို့ မရဘူး ဆိုတဲ့ စကားလိုပေါ့၊ ခံစားချက် ရှိတာ သဘာဝ ပါပဲ..."
ယဲ့ကျင့်လန်က အံ့ဩစွာဖြင့် မေးလိုက်လေသည်။
"ဘယ်က နဂါးအကြေးခွံ လဲ..."
"အတွင်းစိတ်မိစ္ဆာ ကို သတ်ပြီး ရလာတာ..."
ထို့နောက်၊ ကူမော့သည် မြောက်ပိုင်းကျိုး တွင် ဖြစ်ပျက်ခဲ့သည် များကို ရိုးရှင်းစွာ ပြောပြလိုက်လေသည်။
နားထောင်ပြီးနောက်၊ ယဲ့ကျင့်လန်သည် သက်ပြင်းချကာ ပြောလိုက်လေသည်။
"မူလ ကတည်းက မြောက်ပိုင်းကျိုး ဟာ ကမောက်ကမ ဖြစ်နေတာ၊ အခု ပိုပြီး ဆိုးရွားသွားပြီ... ဘယ်လို ပုံစံ ပေါက်နေမလဲ တောင် မသိတော့ဘူး..."
ကူမော့သည် ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။
ယဲ့ကျင့်လန်သည် နဂါးအကြေးခွံကို လက်ညှိုးထိုးပြကာ ထပ်မေးလိုက်လေသည်။
"ဒါဆို၊ မင်းက အခု ဒီ နဂါးအကြေးခွံ ကို သုံးပြီး ဓားတစ်လက် ဖန်တီးဖို့ ရည်ရွယ်ထားတာလား..."
"အဲဒီလို ရည်ရွယ်ထားတာ..."
ကူမော့က ပြောလေသည်။
ယဲ့ကျင့်လန်က ပြောလေသည်။
"ဒီလိုလုပ်၊ ငါ ခဏနေ အိမ်ပြန်ရောက်ရင်၊ ရေခဲ ကျောက်စိမ်း ပုလင်း တစ်လုံး ရှာပြီး၊ ငါ့ရဲ့ အသက်သွေး တစ်စက် ထည့်ပေးလိုက်မယ်... မင်း အဲဒီ အသက်သွေး ကို ထျဲ့ထို ဆီ ပေးလိုက်ပါ...”
“ အဲဒီ ကောင်လေး က သိုင်းလက်နက် သူတော်စင် ထျဲ့ကျူ ရဲ့ တပည့် ဆိုတော့၊ ငါ့ရဲ့ ချီလင် သွေး ကို မြေအောက် မီး ထဲမှာ ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာကို သူ သေချာပေါက် သိမှာပါ..."
"မင်းရဲ့ ဒါက နဂါးအကြေးခွံ ဆိုတော့၊ ထျဲ့ထို ရဲ့ နည်းလမ်း တွေနဲ့ ဆိုရင်၊ အရည်ကျို ဖို့ ကတော့ သေချာပေါက် လုပ် နိုင်မှာပါ... ဒါပေမဲ့ သာမန် မြေအောက် မီး နဲ့ အရည်ကျို မယ် ဆိုရင်၊ သေချာပေါက် သူ့ရဲ့ အစွမ်းသတ္တိ တချို့ ဆုံးရှုံးသွားမှာပဲ... “
“ဒါပေမဲ့၊ ချီလင် မီး နဲ့ ဆိုရင်တော့ မတူတော့ဘူး... ပြီးတော့၊ အမြန်နှုန်းလည်းတိုးလာမယ်၊ တစ်ခါတလေ၊ နဂါးအကြေးခွံ ရဲ့ နဂါး အရှိန်အဝါ တွေ ပိုထွက်လာအောင် တောင် လှုံ့ဆော်ပေးနိုင်သေးတယ်..."
ကူမော့သည် ယဲ့ကျင့်လန်၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး၊ ယဲ့ကျင့်လန်၏ ခန္ဓာကိုယ် အခြေအနေကို ခံစားကြည့်ကာ၊ ပြုံးလျက် ပြောလိုက်လေသည်။
"အင်း၊ ရပါတယ်... မင်း အခု ချီလင် ခန္ဓာကိုယ် အဖြစ် လုံးဝ နီးပါး ပြောင်းလဲ နေပြီ ဆိုတော့၊ အသက်သွေး နည်းနည်းလေး က ဘာမှ မထိခိုက်နိုင်ပါဘူး..."
ယဲ့ကျင့်လန်က ပြောလေသည်။
"အစ်ကိုကူ ပေးခဲ့တဲ့ ချီလင် အရိုး ကို ကျေးဇူးတင်ရမှာပါ... အဲဒီထဲမှာ ပါတဲ့ စွမ်းအင် တွေက အရမ်း အစွမ်းထက်တယ်... ဒီ နှစ်လ အတွင်းမှာ ငါ အဲဒါကို သန့်စင် ပြီးတဲ့နောက်၊ ငါ့ရဲ့ ချီလင် ခန္ဓာကိုယ် ဟာ အကြီးအကျယ် အောင်မြင် လုနီးပါး ဖြစ်သွားပြီ... "
“မင်း ပြောတဲ့ ရုပ်ခန္ဓာကိုယ် တက်လှမ်းခြင်းနယ်ပယ် ကို ရောက်လုနီးပါး ဖြစ်နေပြီ၊ တက်လှမ်းခြင်းနယ်ပယ် တံခါးဝ ရောက်နေပြီ လို့ ပြောလို့ ရပါတယ်..."
ကူမော့သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလေသည်။
"မကြာတော့ပါဘူး၊ မင်းရဲ့ ချီလင် ခန္ဓာကိုယ် အကြီးအကျယ် အောင်မြင်သွားတဲ့ အချိန်ကျရင်၊ ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာကိုယ် တက်လှမ်းခြင်းနယ်ပယ် ကို ရောက်ရှိသွားမှာပါ... “
“ဒါပေမဲ့ နှမြောစရာ ကောင်းတာက၊ မင်းရဲ့ အခု လမ်းကြောင်း ဟာ ချီလင် သွေး အပေါ် အရမ်း မှီခိုလွန်းနေတယ်၊ မူလဝိညာဉ် တက်လှမ်းဖို့ ကတော့ မဖြစ်နိုင်တော့ဘူး..."
ယဲ့ကျင့်လန်သည် ဟားဟားဟား ရယ်မောလိုက်ပြီး ပြောလေသည်။
"အစ်ကိုကူ၊ လူတိုင်း က မင်း မဟုတ်ဘူးလေ... အကယ်၍ ချီလင် သွေး သာ မရှိခဲ့ဘူး ဆိုရင်၊ ငါ့ရဲ့ ပါရမီ နဲ့ ဆိုရင်၊ ဒီ တစ်သက် တက်လှမ်းခြင်းနယ်ပယ် ကို ရောက်နိုင်မလား ဆိုတာ ပြောဖို့ ခက်ခဲပါတယ်...”
“ ပြီးတော့၊ မင်း ပြောတဲ့ အတိုင်း ဆိုရင်၊ မူလဝိညာဉ် တက်လှမ်းခြင်း က ပြဿနာ ရှိနိုင်တယ် ဆိုတော့၊ ငါက အကြီးအကျယ် အမြတ်ထွက် နေပြီလေ..."
ကူမော့သည် ပြုံးလိုက်ပြီး မေးလိုက်လေသည်။
"ဘယ်တော့ သွားမှာလဲ..."
"သန်ဘက်ခါ..."
ယဲ့ကျင့်လန်က ပြောလေသည်။
ကူမော့က ပြောလေသည်။
"မင်း အဲဒီအချိန်ကျရင် စစ်တပ်ကြီး ကို ဦးဆောင်ရမယ်၊ ပြီးတော့ ဧကရာဇ် ရဲ့ လုံခြုံရေး ကိုလည်း ကာကွယ်ရဦးမယ်... ငါ လာပြီး အနှောင့်အယှက် မပေးတော့ဘူး၊ ကြိုတင်ပြီး ခရီးချောမွေ့ဖို့ ဆုတောင်းပေးပါတယ်၊ သန်ဘက်ခါ ငါ လာမပို့တော့ဘူး..."
ယဲ့ကျင့်လန်က ပြုံးလျက် ပြောလေသည်။
"မင်းသာ ငါ့ကို လာပို့မယ် ဆိုရင်၊ ငါ တကယ်ပဲ မင်းကို ဂရုစိုက်ဖို့ အချိန် မရှိဘူး..."
"ဟားဟား..."
ထိုနေ့တွင်၊ ကူမော့သည် ကျောက်ချင်းဖုန်းနှင့် စုဇီယိုတို့ကို သွားရောက် တွေ့ဆုံခဲ့ပြီး၊ နောက်ဆုံးတွင် နန်းတော်သို့ သွား၍ ကန် ဧကရာဇ်ကို တွေ့ဆုံခဲ့လေသည်။
နောက်တစ်နေ့ မနက်စောစောတွင်၊ ကူမော့သည် ကူချူတုန်းနှင့် အနီရောင်တို့ကို ခေါ်ကာ မြို့တော်မှ ထွက်ခွာလာခဲ့လေသည်။
သို့သော်၊ ကူချူတုန်းသည် အနည်းငယ် စိတ်ပျက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမက လီလီကို ယွင်ကျိုးသို့ လိုက်လည်ရန် ဖိတ်ခေါ်ခဲ့သော်လည်း၊ လီလီက ငြင်းဆန်ခဲ့သောကြောင့် ပင်ဖြစ်လေသည်။
လီလီ လိုက်မလည်ချင်၍ မဟုတ်ချေ။ လီလီသည် မူလကတည်းက ကစားရသည်ကို နှစ်သက်သူ ဖြစ်ပြီး၊ ကူချူတုန်းနှင့် နေ့တိုင်း အတူတူ နေချင်သူ ဖြစ်ရာ၊ သာမန် အခြေအနေမျိုး တွင် ကူချူတုန်း၏ ဖိတ်ခေါ်မှုကို ငြင်းဆန်မည် မဟုတ်ချေ။
သို့သော်၊ ယခုလောလောဆယ်တွင် ကန် ဧကရာဇ် ကိုယ်တိုင် စစ်ချီရန် နီးကပ်နေပြီ ဖြစ်လေသည်။
ဧကရာဇ် ကိုယ်တိုင် စစ်ချီခြင်းသည် စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သော်လည်း တိုင်းပြည် ပျက်သုဉ်းမည့် အခြေအနေမျိုးမှလွဲ၍ လုပ်လေ့မရှိသဖြင့် စစ်ရှုံးတော့မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာနိုင်သည်။
ချူဧကရာဇ် ရှောင်ကျောက်လင်ပင် စစ်ချီရသည်ကို နှစ်သက်သော်လည်း ဤခြေလှမ်းကို မလှမ်းရသေးချေ။
ထို့ကြောင့် လီလီသည် ကောလာဟလများ ထွက်ပေါ်မည်ကို စိုးရိမ်၍ ကူချူတုန်း၏ ယွင်ကျိုးခရီးကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကူမော့က မိစ္ဆာဓားသိုင်း စတင်သင်ကြားပေးခဲ့သဖြင့် ကူချူတုန်းမှာ စိတ်ပျက်မနေခဲ့ပေ။
ကူမော့ သင်ကြားပေးသော မိစ္ဆာဓားမှာ ပြုပြင်ထားခြင်းဖြစ်သည်။ မူလ မိစ္ဆာဓားမှာ ဓားကွက်များကို ကျွမ်းကျင်ပြီးမှ အဆိပ်နှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် " မိစ္ဆာရေကန်" သို့ ဝင်ရောက်ရသဖြင့် သတ်ဖြတ်ခြင်းသာသိသည့် လူတစ်ယောက်ဖြသ်သွားလိမ့်မည်။
ကူမော့သည် ထို မိစ္ဆာဓားသိုင်းကို ရရှိပြီးနောက် ဓားကွက်ကို မပြောင်းဘဲ သိုင်းပညာ အသိစိတ်ကိုသာ ပြောင်းလဲလိုက်သည်။ ထို့ပြင် မိစ္ဆာရေကန်ထက် ပိုမိုသန့်စင်သော မိစ္ဆာကျောက်တုံး မူလစွမ်းအင်ရှိသဖြင့် မိစ္ဆာစွမ်းအင်က လူကို ထိန်းချုပ်သည့် အားနည်းချက်ကို ဖယ်ရှားနိုင်ခဲ့သည်။
မူလကတည်းက သိုင်းပညာ ဆရာသခင်ဖြစ်သော ကူချူတုန်းသည် တစ်လအတွင်း မိစ္ဆာဓားသိုင်း အသစ်ကို အောင်မြင်သွားပြီး မိစ္ဆာဓားနယ်မြေကိုပါ ရရှိခဲ့သည်။
နောက်တစ်ဆင့်ဖြစ်သော တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရန်မူ သက်ဆိုင်သော ကျင့်ကြံမှု လမ်းစဉ်ကို နားလည်ပြီး မူလဝိညာဉ် သို့မဟုတ် မိစ္ဆာခန္ဓာကိုယ်ကို ဖန်တီးရန် လိုအပ်သည်။
ငါးလပိုင်း အစတွင် ကူမော့တို့ ယွင်မြို့သို့ ပြန်ရောက်လာပြီး တံခါးခြောက်ချပ်အဖွဲ့သို့ တန်းသွားခဲ့သည်။ ကူမော့ မည်သူဖြစ်ကြောင်း ထုတ်ဖော်လိုက်ရာ ယွင်ကျိုး တံခါးခြောက်ချပ်အဖွဲ့ အကြီးအကဲနှင့် တပ်ဖွဲ့မှူးချုပ် တူရှားတို့ ကိုယ်တိုင် လာရောက်ကြိုဆိုကြသည်။
တူရှားသည် ကျောက်ချင်းဖုန်း၏ ဆရာဖြစ်ပြီး ကူမော့နှင့်လည်း အိမ်ရှေ့မင်းသား လီကျုံးချင်းကို ကယ်စဉ်ကတည်းက သိကျွမ်းခဲ့သဖြင့် ရင်းနှီးကြသည်။ ထို့ကြောင့် ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် ကူမော့က တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
"တပ်ဖွဲ့မှူးတူ၊ ငါ ဒီနေ့ လာတာ ထျဲ့ထို ကို လာရှာတာ... သူ့ကို လက်နက် တစ်ခု ဖန်တီးပေးဖို့ အကူအညီ တောင်းချင်လို့..."
ထိုစကားကို ကြားသောအခါ၊ တူရှားနှင့် အကြီးအကဲ တို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားလေသည်။
တူရှားက အရိုသေပြု ကာ ပြောလိုက်လေသည်။
"သခင်ကြီးကူ၊ ထျဲ့ထို ပျောက်ဆုံးသွားပါတယ်... ကျွန်တော်တို့ ယွင်ကျိုး တံခါးခြောက်ချပ်အဖွဲ့ က ရှာဖွေနေတာ လဝက် လောက် ရှိနေပြီ၊ ဘာသဲလွန်စ မှ မရသေးပါဘူး..."
ကူချူတုန်းက အံ့ဩစွာဖြင့် ပြောလေသည်။
"ထျဲ့ထို က ဘယ်လိုလုပ် အန္တရာယ် ကြုံရတာလဲ... သူက အမြဲတမ်း ရိုးရိုးအအ နဲ့ နေတတ်တာ၊ ဘယ်သူ့ကိုမှလည်း မစော်ကားတတ်ဘူး..."
တူရှားက ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
"လူတွေကို စော်ကားမိရင်တောင် ပြဿနာ မရှိပါဘူး... ထျဲ့ထို ဟာ ကျွန်တော်တို့ ယွင်ကျိုး ရဲ့ နံပါတ်တစ် လက်နက် ဖန်တီး ဆရာ ပါ... ဒီနှစ်နှစ် အတွင်းမှာ သူက ဂုဏ်ပြုခံရလောက်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့ပြီး၊ အဆင့်အတန်း က ထောင်စုမှူး အဆင့်ကို ရောက်နေပါပြီ... “
“အရေးအကြီးဆုံး ကတော့၊ သူက ယခုနှစ် အစပိုင်းမှာ လူသတ် လေးမြား ကို ပြုပြင် မွမ်းမံခဲ့ပြီး၊ ဧကရာဇ် ကပါ သိရှိသွားလို့၊ ဧကရာဇ် ကိုယ်တိုင် ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်... အကယ်၍ သူသာ ဆန္ဒမရှိခဲ့ဘူး ဆိုရင်၊ ဧကရာဇ် က သူ့ကို လက်နက်တိုက် ဌာန ကိုတောင် ပြောင်းရွှေ့ပေးဖို့ ပြင်ဆင်ထားတာပါ..."
"သူ့ရဲ့ လက်နက် ဖန်တီးရေး အလုပ်ရုံ မှာ တစ်ဖက်ကမ်းခတ် သိုင်းပညာရှင် ဆယ်ယောက်၊ တံခါးခြောက်ချပ်အဖွဲ့ ရဲ့ အရာရှိ အယောက် လေးဆယ် ကျော် က အပြည့်အဝ ကာကွယ်ပေးထားပါတယ်...”
“ ပြီးတော့ သိုင်းပညာ ကောင်းမွန်တဲ့ တပည့် အယောက် တစ်ရာ ကျော် လည်း ရှိသေးတယ်... နောက်ပြောင်ပြီး ပြောတာ မဟုတ်ပါဘူး၊ သူ့ကို အခု အလေးထားတဲ့ အတိုင်းအတာ က၊ ကျွန်တော်တို့ ယွင်ကျိုး မြို့စား ထက် မနိမ့်ပါဘူး၊ ပိုတောင် သာပါသေးတယ်... “
“သူက အရမ်း အရေးကြီးပါတယ်... သူ လက်နက် တစ်မျိုး ကို ပြုပြင် မွမ်းမံ လိုက်တိုင်း၊ ကျွန်တော်တို့ ကန်နိုင်ငံ က စစ်မြေပြင် မှာ အနိုင်ရနိုင်ချေ တစ်မှတ် ပိုများလာတယ် ဆိုတာကို အဓိပ္ပာယ် ဆောင်နေပါတယ်..."
ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဒါဆို သူ ဘယ်လို ပျောက်သွားတာလဲ..."
"မသိပါဘူး..."