← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) - ကျွန်တော် တိုင်ကြားချင်ပါတယ်

လျိုဖုန်းသည် ခွဲတမ်းစာရင်းကို အလျင်အမြန် လှမ်းယူလိုက်လေသည်။ ထိုအခါ ဘေးတွင် ရပ်နေကြသော အခြား စက်ရုံမှူးများသည်လည်း အလုအယက် ဝိုင်းအုံလာကြပြီး ခေါင်းချင်းဆိုင်ကာ စာရင်းဇယားများကို စူးစမ်းဖတ်ရှု လိုက်ကြတော့သည်။

ဖတ်ရှု ပြီးစီးသွားသောအခါ သူတို့အားလုံး၏ မျက်နှာထက်တွင် အံ့သြ မှင်တက်ခြင်းများ အထင်းသား ပေါ်လွင်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က တိုးလျသော အသံဖြင့် ရေရွတ်လိုက်လေသည်။

“ဒါ... ဒါ မဖြစ်နိုင်တာ...”

“ဟုတ်ပါ့။ ဒါပေမဲ့လည်း ဒီခွဲတမ်းစာရင်းက ဒီမှာ အထင်အရှားကြီး ရှိနေတာ ဆိုတော့ အတုလုပ်ထားတာတော့ မဖြစ်နိုင်ဘူး”

ထိုအခိုက် ခေါင်းဆောင်ကြီးက လျိုဖုန်းအား စိုက်ကြည့်ရင်း စကားဆိုလိုက်သည်။

“လျိုဖုန်း... မင်းမှာ ဘာပြောစရာ ကျန်သေးလဲ”

လျိုဖုန်းမှာ တခဏမျှ ဆွံ့အ သွားခဲ့ရသည်။ သူသည် လက်ထဲမှ စာရင်းဇယားကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေဟန် ရှိသည်။ အတော်အတန် ကြာသောအခါ သူသည် ရုတ်ခြည်းပင် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးထွက်သွားလိုက်သည်။ ထို့နောက် ဘေးနားတွင် ပစ္စည်းများ သိမ်းဆည်းနေသော အလုပ်သမားတစ်ဦး အနီးသို့ ချဉ်းကပ်သွားကာ ပြုံးရွှင်သော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်လေသည်။

“ဆရာကြီး… ခင်ဗျားတို့ စက်ရုံက စားသောက်ဆောင်မှာ နေ့တိုင်း ဘာတွေများ ကျွေးလဲ။ ဝဝလင်လင်ရော စားရရဲ့လား”

မမျှော်လင့်ဘဲ အမေးခံလိုက်ရသော အလုပ်သမားကြီးမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားရှာသည်။ ထို့နောက် အနီးတွင် ရပ်နေသည့် အလုပ်ရုံမှူးနှင့် စက်ရုံမှူးယန်တို့ထံသို့ အလိုအလျောက် လှမ်းကြည့်လိုက်ပြီးနောက် ဤသို့ ပြန်လည် ဖြေကြားလေသည်။

“ဘာစားရမှာလဲ... ပြောင်းဖူး ပေါင်မုန့် ဝေါ့ဝေါ့ထိုနဲ့ မုန်လာဥပေါ့။ တစ်ခါတလေဆို မုန်လာဥတောင် မပါဘူး။ ဝေါ့ဝေါ့ထိုချည်းပဲ စားရတာ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ အဲဒါမျိုးကို ဝအောင် စားနိုင်ပါ့မလားလို့”

ထိုစကားကို ကြားသောအခါ အခြား စက်ရုံမှူးများ၏ မျက်နှာထက်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။ လျိုဖုန်း ကိုယ်တိုင်လည်း အနည်းငယ် စိတ်အိုက်သွားခဲ့သော်ငြား အလွယ်တကူ လက်လျှော့မည့်ပုံ မပေါ်ပေ။ သူသည် နောက်ထပ် အလုပ်သမား အချို့ထံသို့ သွားရောက်ကာ ဆက်တိုက် မေးမြန်းစုံစမ်း ပြန်သည်။ သို့ရာတွင် ထိုအလုပ်သမား အားလုံးသည် အလုပ်ရုံမှူးထံမှ ကြိုတင် မှာကြားချက်များ ရရှိထားပြီးပြီ ဖြစ်လေရာ သူတို့၏ အဖြေများမှာ တစ်သေဝတည်း ထပ်တူထပ်မျှသာ ဖြစ်နေတော့သည်။

လူအတော်များများကို ဆက်တိုက် မေးမြန်းနေသည်ကို မြင်သောအခါ ခေါင်းဆောင်ကြီးသည် ဆက်လက်၍ နှုတ်ဆိတ် မနေနိုင်တော့ဘဲ လှမ်းအော်ပြောလိုက်တော့သည်။

“တော်စမ်းပါတော့ လျိုဖုန်းရာ။ ငါတို့အားလုံးလည်း ကြားနေရတာပဲဟာ။ သူတို့စားနေရတာက မင်းတို့စက်ရုံက အလုပ်သမားတွေ စားတာနဲ့ အတူတူပဲ။ ဝေါထိုနဲ့ မုန်လာဥပဲဟာကို။ မင်း ဒီမှာ အချိန်တွေ အလဟဿ လာဖြုန်းမနေစမ်းပါနဲ့တော့”

သို့တိုင် လျိုဖုန်းမှာမူ လက်လျှော့ အရှုံးပေးရန် ဝန်လေးနေဆဲပင်။

“ခေါင်းဆောင်ကြီး... ကျွန်တော်ကတော့ အခုထက်ထိ ဒါဟာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေတုန်းပဲ။ ပြီးတော့ ဒီအလုပ်သမားတွေက အဖြေမပေးခင် လောင်ယန်ကို လှမ်းလှမ်း ကြည့်နေကြသေးတယ်။ ဒါကြောင့် သူတို့အဖြေတွေက ကြိုတင် ဇာတ်တိုက်ထားတဲ့ အဖြေတွေလို့ပဲ ကျွန်တော် ခံစားရတယ်”

လျိုဖုန်း၏ စကားကြောင့် ခေါင်းဆောင်ကြီးမှာ ဒေါသထွက်ရမည်လား… ရယ်မောရမည်လားပင် မဝေခွဲတတ်အောင် ဖြစ်သွားရလေသည်။

“မင်းကတော့လေ လျိုဖုန်းရာ... တကယ့်ကို ခေါင်းမာတဲ့ နွားသိုးကြီးပါပဲ။ နံရံနဲ့ ခေါင်းနဲ့ ဆောင့်မိရင်တောင် နောက်ပြန်လှည့်ရ ကောင်းမှန်း သိမဲ့ကောင် မဟုတ်ဘူး။ ကဲ... ဒါဆို သူတို့ပြောတာတွေ အမှန်ပဲလို့ မင်းယုံကြည်သွားအောင် ဘာလုပ်ပေးရမလဲ ဆိုတာသာ ပြောစမ်း”

လျိုဖုန်းသည် တခဏမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် စကားပြန်ဆိုလိုက်သည်။

“ဒီလိုလုပ်ပါလား။ ကျွန်တော်တို့အားလုံး ဒီစက်ရုံရဲ့ စားသောက်ဆောင်ကို သွားကြည့်လိုက်ကြမယ်လေ။ အဲဒီရောက်ရင် အားလုံး ရှင်းလင်းသွားမှာပဲ မဟုတ်လား”

ဤအကြံကို အခြား စက်ရုံမှူးများကပါ ထောက်ခံလာကြသောကြောင့် ခေါင်းဆောင်ကြီးမှာလည်း များစွာ စဉ်းစားမနေတော့ဘဲ သဘောတူလိုက်လေသည်။

“ကောင်းပြီလေ။ ဒီနေ့တော့ မင်းကို လုံးဝ လက်လျှော့ အရှုံးပေးသွားအောင်ကို လုပ်ရမယ်။ သွားစို့... စားသောက်ဆောင်ကို သွားကြမယ်”

ထိုသို့ဖြင့် လူအုပ်ကြီးသည် အလုပ်ရုံအတွင်းမှ ထွက်ခွာလာခဲ့ကြပြီး အခြား အလုပ်ရုံများသို့ ဆက်လက် လေ့လာခြင်း မပြုတော့ဘဲ စားသောက်ဆောင် ရှိရာသို့သာ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြတော့သည်။ လမ်းခရီး တစ်လျှောက်တွင် စက်ရုံမှူးယန်က ဟိုလီခွေအား အကဲခတ်သည့် သဘောဖြင့် တိုးတိုးတိတ်တိတ် လှမ်းကြည့်လိုက်ရာ ဟိုလီခွေကလည်း သိမ်းကျုံး နားလည်စွာဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။ ထိုအမူအရာ၏ အဓိပ္ပာယ်မှာ စားသောက်ဆောင် ဘက်တွင်လည်း အရာရာကို ကြိုတင် စီစဉ်ထားပြီးပြီဟူသော သဘောပင် ဖြစ်ပေသည်။

မကြာမီမှာပင် လူအုပ်ကြီးသည် စားသောက်ဆောင်သို့ ရောက်ရှိလာကြပြီး စက်ရုံမှူးယန်က သူတို့အား ထမင်းစား ခန်းမကြီးအတွင်းသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားလေသည်။ ထိုအချိန်မှာ ထမင်းစားချိန် မရောက်သေးသဖြင့် ခန်းမကြီးထဲတွင် လူသူကင်းမဲ့လျက် တိတ်ဆိတ်နေသည်။ သန့်ရှင်းရေး လုပ်နေသော လျိုလန် တစ်ဦးတည်းသာလျှင် ထမင်းစားပွဲများကို လိုက်လံသုတ်သင် နေသည်ကို တွေ့ရသည်။ ကျယ်ဝန်းသော ဟင်းချက် ပြတင်းပေါက်မှ တစ်ဆင့် လှမ်းကြည့်လိုက်လျှင် စားဖိုမှူးများနှင့် မီးဖိုချောင် ဝန်ထမ်းများမှာ နေ့လယ်စာအတွက် ပြင်ဆင်ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကြသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

ဟင်းချက် ပြတင်းပေါက်ဘေးရှိ ကျောက်သင်ပုန်း အမည်းပေါ်တွင်ကား မြေဖြူခဲဖြင့် စာအချို့ကို ရှင်းလင်းစွာ ရေးသားထားလေသည်။

ယနေ့ နေ့လယ်စာ တစ်ဦးလျှင် ဝေါ့ဝေါ့ထို (၂) လုံး၊ မုန်လာဥနှင့် မုန်ညင်းထုပ် တစ်ပွဲ။

လျိုဖုန်းသည် ဟင်းချက် ပြတင်းပေါက်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားကာ မီးဖိုချောင် အတွင်းသို့ ခေါင်းပြူ၍ စပ်စုကြည့်လိုက်သည်။ အတွင်း၌ အလုပ်သင်အချို့က မုန်လာဥနှင့် မုန်ညင်းထုပ်များကို အလုပ်ရှုပ်စွာ လှီးဖြတ်နေကြပြီး စားဖိုမှူးကြီးမှာမူ ပြောင်းဖူးမှုန့် ဝေါထိုများကို ပေါင်းအိုးတည်ရန် အပြင်းအထန် အလုပ်များနေသည်အား မြင်တွေ့လိုက်ရသည်။ အရာရာတိုင်းသည် မည်သည့် ထူးခြားမှုမျှ မရှိဘဲ ပုံမှန်နေ့စဉ် လုပ်ရိုးလုပ်စဉ် အတိုင်းသာ လည်ပတ်နေလေသည်။

သို့တိုင်အောင် လျိုဖုန်းက အလွယ်တကူ အလျှော့မပေးသေးချေ။ သူသည် မီးဖိုချောင်၏ လုပ်ငန်းခွင် အတွင်းပိုင်းအထိ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် စစ်ဆေးကြည့်ရှုသော်လည်း မသင်္ကာစရာ ဟူ၍ တစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ပေ။ စတိုခန်းအတွင်း စုပုံထားသည်မှာလည်း မုန်လာဥ၊ မုန်ညင်းထုပ်နှင့် ပြောင်းဖူးမှုန့်များသာ ဖြစ်ပေသည်။ ဂျုံမှုန့်အချို့ ရှိသော်ငြား အိတ်အနည်းငယ်မျှသာ ဖြစ်၍ သူတို့စက်ရုံရှိ အခြေအနေနှင့် ဘာမျှ ကွာခြားမှု မရှိပေ။

အရာအားလုံးက သာမန်အတိုင်းသာ ဖြစ်နေသည်ကို မြင်သောအခါ ခေါင်းဆောင်ကြီးနှင့် ဝန်ကြီးဌာနမှ အခြားတာဝန်ရှိသူများသည် လျိုဖုန်းအား ပြုံးစိစိဖြင့် ကြည့်ကာ မေးလိုက်ကြသည်။

“ကဲ လျိုဖုန်း... အခု မင်းမှာ ဘာပြောစရာ ရှိသေးလဲ။ တခြားနေရာတွေကိုရော ထပ်ပြီး သွားကြည့်ချင်သေးလား”

ထိုအခါ လျိုဖုန်းမှာ မတတ်သာတော့ဘဲ ခေါင်းကိုသာ ရမ်းလိုက်တော့သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ရယ်မောရင်း ပြန်ဖြေလိုက်လေသည်။

“ထားလိုက်ပါတော့ ခေါင်းဆောင်ကြီးရာ... ကျွန်တော်ပဲ အတွေးလွန်သွားတာ ဖြစ်ပါလိမ့်မယ်။ ကြည့်ရတာ လောင်ယန်က ကျွန်တော်တို့ထက် ပိုပြီး အရည်အချင်းရှိပုံပဲ။ ဒီလို ဝေါ့ဝေါ့ထိုနဲ့ မုန်လာဥလောက်ကိုပဲ ကျွေးပြီး အလုပ်သမားတွေကို ဒီလောက် အင်တိုက်အားတိုက် အလုပ်လုပ်လာအောင် စည်းရုံးနိုင်တာကိုး။ ခဏနေရင် ကျွန်တော် လောင်ယန်ဆီကနေ သေချာကို နည်းနာခံ သင်ယူရဦးမယ်”

ထိုအချိန်ရောက်မှသာလျှင် စက်ရုံမှူးယန်၏ ရင်ထဲမှ အလုံးကြီးမှာ ဗြုန်းခနဲ ကျသွားတော့သည်။ ခေါင်းဆောင်ကြီးကလည်း သဘောကျစွာဖြင့် ဟားတိုက် ရယ်မောလိုက်လေသည်။

“ကောင်းပြီလေ။ ဒီကိစ္စက ယန်လေးအပေါ် ထားရှိတဲ့ သံသယတွေကို ရှင်းလင်းပေးနိုင်ရုံတင်မကဘူး။ ငါတို့ ဝန်ကြီးဌာနရဲ့ ဖြူစင်မှုကိုလည်း သက်သေပြလိုက်နိုင်တာပဲ။ မဟုတ်လို့ကတော့ နောက်ဆိုရင် မင်းက ငါတို့ကို မတရား မျက်နှာလိုက်တယ် ဆိုပြီး အပြစ်တွေ ပုံချနေဦးမှာ”

ထိုစကားကြောင့် လျိုဖုန်းတို့ လူစုမှာ မျက်နှာပူသွားကြပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာသည်။ ထို့နောက် လူတိုင်း အပြင်သို့ထွက်ခွာရန် ပြင်ဆင်လိုက်ကြသော ထိုဆဲဆဲ အခိုက်အတန့်လေးတွင်ပင်... မမျှော်လင့်ဘဲ လူတစ်ယောက်က လူအုပ်ကြားမှ ရုတ်တရက် ရှေ့သို့ ထွက်လာခဲ့လေသည်။

“ခေါင်းဆောင်တို့... ကျွန်တော် တိုင်ကြားချင်ပါတယ်”

ထိုအသံကြောင့် အားလုံးမှာ အံ့အားသင့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ အထူးသဖြင့် စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့ လူစု၏ မျက်နှာများမှာမူ သွေးဆုတ်သွားသကဲ့သို့ ချက်ချင်းပင် ဖြူဖျော့သွားကြလေတော့သည်။ ဟိုလီခွေသည် အလျင်အမြန် ရှေ့သို့ တိုးထွက်သွားကာ အော်ဟစ် တားဆီးလိုက်ရင်း စကားပြောလိုက်သူ ကျိုးချီအား အတင်းဆွဲထုတ်ရန် ပြင်လိုက်သည်။

“ကျိုးချီ… မင်း ရောက်တတ်ရာရာတွေ လျှောက်မလုပ်နဲ့နော်”

အမှန်တကယ်တော့ ကျိုးချီသည် ခေါင်းဆောင်များအား လိုက်လံပြသနေသည့် ဤလူအုပ်စုထဲတွင် အစကတည်းက ပါဝင်ခဲ့ခြင်း မရှိပေ။ သူသည် မည်သည့်အချိန်က ဤနေရာသို့ ရောက်ရှိနေမှန်း မသိရဘဲ ရုတ်တရက်ကြီး ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။ ကျိုးချီမှာမူ နောက်ဆုတ်ထွက်ခွာ သွားရန် စိတ်ကူးရှိပုံ မရဘဲ ပို၍ပင် ကျယ်လောင်သော အသံဖြင့် ထပ်မံအော်ဟစ် လိုက်လေသည်။

“ခေါင်းဆောင်တို့... ကျွန်တော် တိုင်ကြားချင်တာကတော့ ဟိုလီခွေတို့ဟာ အထက်ကို မမှန်မကန် လုပ်ကြံဖန်တီးထားပြီး အရင်းအမြစ် မရေရာတဲ့ စီမံကိန်းပြင်ပ ပစ္စည်းတွေကို ဝယ်ယူနေကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတော်ရဲ့ ထိန်းညှိမှုကို ထိခိုက်စေပြီး နိုင်ငံတော်ရဲ့ စနစ်ကို ဖျက်ဆီးနေပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ စက်ရုံမှူးယန်၏ ဦးနှောက်ထဲတွင် မိုးကြိုး ပစ်ချလိုက်သကဲ့သို့ ဝုန်းခနဲ ဖြစ်သွားကာ “သွားပါပြီလေ” ဟု ရင်ထဲ၌ မချိတင်ကဲ တွေးလိုက်မိတော့သည်။ သူက ဘေးနားတွင် ရပ်နေသော ဒုစက်ရုံမှူး လီဟွိုင်တယ်အား အကဲခတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ စိတ်အစဉ်၌ ပထမဆုံး ဖြတ်ပြေးသွားသော အတွေးမှာ ဤအဖြစ်အပျက် အားလုံးသည် လီဟွိုင်တယ်မှ နောက်ကွယ်ကနေ ကြိုးကိုင် ခြယ်လှယ်နေခြင်းသာ ဖြစ်ရမည် ဟူ၍ပင်။ အဘယ်ကြောင့်ဆိုသော် ကျိုးချီသည် လီဟွိုင်တယ်၏ ခဲအိုဖြစ်ကြောင်းကို စက်ရုံထဲရှိ လူတိုင်းက သိထားကြပေသည်။ ထို့ပြင် ကျိုးချီသည် လွန်ခဲ့သော ကာလများက ဝယ်ယူရေး ဌာန၏ ဌာနမှူး ရာထူးအတွက် အလွန်ပင် ရေပန်းစားခဲ့သော အလားအလာ အရှိဆုံး သူတစ်ဦးလည်း ဖြစ်ခဲ့ပေသည်။

သို့ရာတွင် ဟိုလီခွေက ယန်ချုံး ဟူသော အရည်အချင်းရှိသူ တစ်ဦးကို ရှာဖွေ တွေ့ရှိခဲ့ပြီး သံမဏိစက်ရုံ၏ ကြီးမားလှသော စားဝတ်နေရေး အခက်အခဲကြီးကို ဖြေရှင်း ပေးနိုင်ခဲ့လေသည်။ ထိုအကြောင်းရင်းကြောင့်သာ စက်ရုံမှူးယန်က ဝယ်ယူရေး ဌာနမှူး ရာထူးကို ဟိုလီခွေအား ထိုက်ထိုက်တန်တန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခု အခြေအနေအရ ကြည့်လျှင်ကား လီဟွိုင်တယ်နှင့် ကျိုးချီတို့ နှစ်ယောက်စလုံးသည် ထိုကိစ္စကို ရင်ထဲတွင် အငြိုးတေးအဖြစ် မှတ်ထားခဲ့ကြပုံ ရသည်။ ယခုကဲ့သို့ အခွင့်ကောင်း ကြုံလာချိန်တွင် ဤအခွင့်အရေးကို အရဖမ်းကာ ကိစ္စကြီး တစ်ခုလုံး ပျက်စီးသွားစေရန် ရည်ရွယ်ချက်ရှိရှိ ခုန်ထွက်လာကြခြင်းပင် ဖြစ်ပေမည်။ ဤသို့ ဖြစ်လာမည်ကိုသာ ကြိုတင် သိရှိခဲ့ပါလျှင် လီဟွိုင်တယ်နှင့် ကျိုးချီတို့ နှစ်ယောက်စလုံးကို စက်ရုံထဲတွင် မရှိစေဘဲ တစ်နေရာရာသို့ အဝေးပို့ထားလိုက်သင့်ပေသည်။ သို့သော်လည်း ယခုတော့ နောင်တရနေ၍လည်း အချိန်နှောင်းသွားခဲ့ချေပြီ။

ဝန်ကြီးဌာနမှ ခေါင်းဆောင်အချို့မှာလည်း ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး ရုတ်တရက် ထွက်လာသည့် ကျိုးချီကို ကြည့်ကာ အခြေအနေကို နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။ ခေါင်းဆောင်ကြီးက မျက်မှောင်ကျုံ့ရင်း မေးခွန်းထုတ်လိုက်သည်။

“မင်းက ဘယ်သူလဲ။ ဘာကို တိုင်ကြားချင်တာလဲ”

ထိုစဉ် အခြား ဝန်ကြီးဌာနမှ ခေါင်းဆောင် တစ်ဦးကလည်း ဟိုလီခွေအား လှမ်း၍ တားမြစ်လိုက်လေသည်။

“မင်း သူ့ကို သွားမတားနဲ့။ ခေါင်းဆောင်ကြီး ကြားပါစေ... သူ ဘာပြောမလဲဆိုတာ ငါတို့ နားထောင်ကြည့်ကြရအောင်”

ထိုအခါ ဟိုလီခွေမှာ မတတ်သာတော့ဘဲ ကျိုးချီအား လွှတ်ပေးလိုက်ရတော့သည်။ သို့သော် သူသည် ကျိုးချီကို ဒေါသတကြီး စိုက်ကြည့်ရင်း သတိပေးစကား ဆိုလိုက်သည်။

“ကျိုးချီ... ဒီနေ့က ခေါင်းဆောင်တွေ စစ်ဆေးရေး လာဆင်းတဲ့နေ့ကွ။ မင်း မရှိတာတွေကို လျှောက်ပြောပြီး အခြေအမြစ်မရှိ စွပ်စွဲမနေနဲ့”

ကျိုးချီကမူ မည်သည့် အရာကိုမျှ ဂရုမစိုက်ဘဲ ကျယ်လောင်စွာ တုံ့ပြန်လိုက်လေသည်။

“ကျွန်တော် အခြေအမြစ်မရှိ လျှောက်ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်က ခေါင်းဆောင်တွေကို အခြေအနေမှန်ကို တင်ပြနေတာ။ သူတို့တွေ မူဝါဒနဲ့ စည်းကမ်းတွေကို ချိုးဖောက်နေတဲ့ အကြောင်းကို တိုင်ကြားနေတာ”

စကားအဆုံးတွင် ကျိုးချီက လီဟွိုင်တယ်အား တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လီဟွိုင်တယ်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ ကျိုးချီသည် ပို၍ပင် ကျယ်လောင်သော အသံဖြင့် အော်ပြောလိုက်တော့သည်။

“ခေါင်းဆောင်တို့... ဟိုလီခွေနဲ့ စက်ရုံမှူးယန်တို့ဟာ မမှန်မကန် လုပ်ကြံပြီး အထက်ကို လိမ်လည်လှည့်ဖြား နေကြတာပါ။ ပြီးတော့ စည်းကမ်းနဲ့ နိုင်ငံတော် မူဝါဒတွေကို ချိုးဖောက်ပြီး အရင်းအမြစ် မသိရတဲ့ နေရာတွေကနေ စီမံကိန်းပြင်ပ ဝက်သားနဲ့ ရိက္ခာတွေကို ဝယ်ယူခဲ့ကြတယ်။ အဲဒီ လုပ်ရပ်တွေက နိုင်ငံတော်ရဲ့ စနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

ဤစကားကြောင့် တစ်လောကလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေတော့သည်။ လျိုဖုန်း၏ မျက်လုံးများမှာမူ ရုတ်ခြည်းပင် ဝင်းခနဲ တောက်ပသွားခဲ့ပြီး သူသည် အလျင်အမြန် အရှေ့သို့ တိုးကာ မေးမြန်းလိုက်တော့သည်။

“မင်း အခုပြောတဲ့စကားတွေက အမှန်ပဲလား။ မင်းမှာ သက်သေရှိလို့လား”

ခေါင်းဆောင်အချို့သည် ကျိုးချီကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေကြလေသည်။ ထိုအချိန်တွင် ဟိုလီခွေ၏ မျက်နှာမှာမူ သွေးဆုတ် ဖြူလျော်နေပြီ ဖြစ်သည်။ သူက စက်ရုံမှူးယန်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ စက်ရုံမှူးယန်၏ မျက်နှာမှာလည်း အလွန်အမင်း ပျက်ယွင်းနေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့မြင်လိုက်ရလေသည်။

ကျိုးချီသည် ဝင့်ကြွားသော အမူအရာဖြင့် ပတ်ဝန်းကျင်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အားလုံး ကြားနိုင်စေရန် ကျယ်လောင် ပြတ်သားစွာ ပြောဆိုလိုက်လေသည်။

“ကျွန်တော့်မှာ သက်သေရှိတာပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့ တရားမဝင် လမ်းကြောင်းကနေ ဝယ်လာတဲ့ ရိက္ခာတွေနဲ့ ဝက်သားတွေကို ဟောဒီက ဂိုဒေါင် အသေးလေးထဲမှာ ဖွက်ထားကြလို့ပဲ”

All Chapters