အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) - ထိပ်တိုက် ရင်ဆိုင်ခြင်း
လူကြီးမင်းဖြစ်သူသည် ဘေးတွင် ရပ်နေသော စက်ရုံမှူးယန်အား စူးရှစွာ ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
“စက်ရုံမှူးယန်... ခင်ဗျားမှာ ပြောစရာ တစ်ခုခုများ ကျန်နေသေးလား”
စက်ရုံမှူးယန်ကမူ နှုတ်ဆိတ်လျက်သာ နေလေ၏။ ယခုလို အခြေအနေမျိုးတွင် မည်သည့် စကားဆိုဆို အချည်းနှီးသာ ဖြစ်ကြောင်း သူ ကောင်းကောင်း သဘောပေါက်ထားသည်။ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များမှာလည်း နေရောင်အောက်မှ နှင်းစက်များပမာ ပျောက်ကွယ်ဖို့သာ ရှိတော့သည်။ ထို့အပြင် ကျိုးချီ၏ စွပ်စွဲချက်များမှာ အသေးအဖွဲ မဟုတ်ရကား တကယ်တမ်း အရေးယူခံရပါက ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရမည်မှာ မလွဲဧကန်ပင်။ ဤစက်ရုံမှူးဟူသော ရာထူးမှ ဖယ်ရှားခံရနိုင်ချေကလည်း ကြီးမားနေလေသည်။
လူကြီးမင်းဖြစ်သူမှာ စက်ရုံမှူးယန်၏ မျက်နှာ အမူအရာကို အကဲခတ်လိုက်ရုံဖြင့် အလုံးစုံကို ရိပ်စားမိသွားသည်။ ထို့ကြောင့် ဆက်လက် မေးခွန်းထုတ်ခြင်း မပြုတော့ဘဲ ခပ်ပြတ်ပြတ်သာ ဆိုလိုက်လေသည်။
“လာ... ဟိုဂိုဒေါင်လေးဆီ သွားကြမယ်”
ဂိုဒေါင်ငယ်ရှေ့သို့ ဆိုက်ရောက်သောအခါ တံခါးဝတွင် ကြီးမားသော သံသော့ခလောက်ကြီး တစ်ခု ခတ်ထားသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။
“သော့ ဘယ်မှာလဲ”
ဝန်ကြီးဌာနမှ ခေါင်းဆောင်တစ်ဦးက စားသောက်ခန်းမ တာဝန်ခံ ဝမ်ဟိုင်ပေါ်အား လှမ်းမေးလိုက်သည်။
ဝမ်ဟိုင်ပေါ်မှာမူ စိတ်ထဲမှနေ၍ ကျိုးချီအား မေတ္တာ အထပ်ထပ်ပို့သ ကျိန်ဆဲရင်း ထစ်အအဖြင့် ဖြေရှာသည်။
“ဒီဂိုဒေါင်ကို မဖွင့်ဖြစ်တာ ကြာလှပြီဆိုတော့... သော့က ပျောက်သွားပြီ ထင်ပါတယ်”
လူကြီးမင်းက သူ့အား မျက်မှောင်ကျုံ့၍ တစ်ချက် ကြည့်ပြီးနောက် အမိန့်ပေးလိုက်လေသည်။
“ရိုက်ချိုးလိုက်စမ်း…”
ထိုအခါ ကျိုးချီသည် မီးဖိုချောင်အတွင်းသို့ ချက်ချင်း ပြေးဝင်သွားပြီး အရိုးခုတ်ရာတွင် သုံးသော ပုဆိန်တစ်လက်ကို ယူဆောင်လာခဲ့သည်။ ထို့နောက် ပုဆိန်ကို ပြောင်းပြန်လှည့်ကာ သံသော့ခလောက်အား အားကုန်လွှဲ၍ ရိုက်ချလိုက်လေသည်။ “ဂျလွမ်း” ဟူသော သံယောဇဉ် ပြတ်သံနှင့်အတူ သံသော့ခလောက်ကြီးမှာ မြေပြင်ပေါ်သို့ ဘိုင်းခနဲ ပြုတ်ကျသွားတော့သည်။
ဂိုဒေါင်တံခါးကြီးကို ဆွဲဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ထက်တွင် တာပေါ်လင်စများဖြင့် သေသပ်စွာ ဖုံးအုပ်ထားသော အပုံကြီးများကို တွေ့လိုက်ရသည်။ လျိုဖုန်းမှာ စိတ်မရှည်နိုင်တော့ဘဲ အရှေ့သို့ ကမန်းကတန်း ပြေးသွားကာ ဖုံးအုပ်ထားသော အဝတ်စ တစ်ခုအား အားကုန်ဆွဲလှန် လိုက်လေသည်။
ထိုခဏတွင်ပင် ထိုနေရာ၌ ရှိနေသူအပေါင်းမှာ အံ့သြတကြီး အာမေဍိတ်သံများ အသီးသီးထွက်ပေါ်သွားကာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။ အကြောင်းမူကား အဝတ်စအောက်မှ ပေါ်ထွက်လာသည်က တောင်ကုန်းငယ်လေးတစ်မျှ ကြီးမားစွာ စုပုံနေသော ဂျုံမှုန့်အိတ်များ ဖြစ်နေသောကြောင့်ပင်တည်း။ ခန့်မှန်းခြေအားဖြင့် အနည်းဆုံး ၃ တန်၊ ၄ တန်ခန့်မျှ ရှိပေလိမ့်မည်။
“ဟာ... ဂျုံမှုန့်တွေ အများကြီးပါလား။ အလုပ်သမားတွေ တစ်ယောက်ချင်းစီ မျက်နှာမှာ သွေးရောင်တွေ လွှမ်းနေပြီး ဗိုက်မဝတဲ့ ပုံစံ နည်းနည်းမှ မပေါက်နေတာ မဆန်းတော့ပါဘူးလေ”
“ဒါပေါ့... အခုလေးတင်ပဲ နေ့တိုင်း ပြောင်းဖူး ပေါင်မုန့်ကြမ်းပဲ စားနေရတယ် ဆိုပြီး တကယ်တော့ ငါတို့ကို မျက်လှည့်ပြ လိမ်နေတာပဲကိုး”
စက်ရုံမှူးအချို့မှာ အချင်းချင်း တီးတိုး ဝေဖန်ပြောဆို နေကြလေသည်။
ကျိုးချီ၏ မျက်နှာထက်တွင်မူ အောင်ပွဲခံသူ တစ်ဦး၏ အပြုံးများက အထင်းသား ဝေဆာနေလျက် အခြားသော အဝတ်စ တစ်ခုကို ထပ်မံ၍ ဆွဲလှန်လိုက်ပြန်သည်။ ယခုတစ်ခါ မျက်စိရှေ့မှောက်တွင် ပေါ်လာသည်ကတော့ တောင်ကုန်းပမာ စုပုံနေသော ဆန်အိတ်များပင်တည်း။ တစ်အိတ်ပြီးတစ်အိတ် အစီအရီ ထပ်ထားလိုက်သည်မှာ အိတ်ပေါင်း နှစ်ရာ၊ သုံးရာခန့် ရှိပေလိမ့်မည်။
သို့ရာတွင် ဤမျှနှင့် မပြီးသေးချေ။ တတိယမြောက် အဝတ်စအား သူ ထပ်မံဆွဲလှန် လိုက်သောအခါတွင်မူ ထိုနေရာရှိ စက်ရုံမှူးများ အားလုံး အသက်ရှူ မှားမတတ် မှင်သက်အံ့သြ သွားကြရတော့သည်။ အဘယ်ကြောင့်ဆိုသော် မြေပြင်ပေါ်ရှိ သစ်သားစင်ထက်တွင် သတ်ဖြတ်သန့်စင်ပြီးသား ဝက်ကောင်ကြီး ၇ ကောင်၊ ၈ ကောင်ခန့်ကို အထပ်လိုက်ကြီး တင်ထားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ဝက်တစ်ကောင်စီမှာ အနည်းဆုံး ကျင်း ၁၀၀၊ ကီလို ၅၀ ခန့်ကျော် ရှိမည် ဖြစ်ရာ စုစုပေါင်း ဝက်သားချိန် ၇၀၀ မှ ၈၀၀ ကျင်းခန့် ရှိနေလေသည်။
စက်ရုံမှူးများ အားလုံးမှာ ဆွံ့အလျက် မှင်သက်နေကြဆဲ။ အခြားသူများမှာ အစုံအဆန် ရောထားသည့် ပြောင်းဖူး ပေါင်မုန့်ကြမ်းကိုပင် ဝဝလင်လင် မစားရရှာသော ဤကဲ့သို့သော ခက်ခဲကျပ်တည်းလှသည့် အရေးပေါ်ကာလကြီးတွင် သံမဏိစက်ရုံ၏ စားသောက်ခန်းမ ဂိုဒေါင်ထဲ၌ ဤမျှ များပြားလှသော ဂျုံမှုန့်များနှင့် ဆန်များ စုပုံနေသည် ဆိုခြင်းမှာ ယုံနိုင်ဖွယ်ရာပင် မရှိချေ။ ပို၍ ဆိုးသည်မှာ အဖိုးတန်လှသော ဝက်သားများပင် ဤမျှလောက် အများအပြား ရှိနေခြင်းပင်တည်း။
ယခုမှပင် သံမဏိစက်ရုံမှ အလုပ်သမားများ အလုပ်လုပ်ရာတွင် အဘယ်ကြောင့် ဤမျှ တက်ကြွနေကြပြီး ကုန်ထုတ်လုပ်မှု ပမာဏ လျော့ကျ မသွားဘဲ တစ်ဟုန်ထိုး တက်လာရသနည်း ဆိုသည့် အကြောင်းရင်းကို အားလုံးက နားလည်သွားကြတော့သည်။ သူတို့စက်ရုံမှ အလုပ်သမားများသာ ဂျုံပေါင်မုန့်ဖြူ၊ ထမင်းနှင့် ဝက်သားတို့ကို စားရမည် ဆိုပါက သူတို့လည်း ကုန်ထုတ်လုပ်မှုကို အပြည့်အဝ တိုးတက်အောင် စွမ်းဆောင်နိုင်မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
ဝန်ကြီးဌာနမှ ခေါင်းဆောင်များလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ အားလုံး၏ စိတ်ထဲတွင် “ဘုရားရေ... ဒါက ဘယ်လို အခြေအနေကြီးလဲ” ဟုသာ တွေးတောနေမိကြ၏။ နေ့စဉ်ရက်ဆက် ဝန်ကြီးဌာနသို့ လာရောက်ကာ ရိက္ခာတောင်းလိုက်… ဝက်သားတောင်းလိုက်နှင့် အတင်းအကျပ် ပူဆာနေခဲ့သည်မှာ ရူးချင်စရာ ကောင်းလှသည်။ သို့သော် အမှန်တကယ် လက်တွေ့ရလဒ်မှာ သူတို့၏ ကိုယ်ပိုင်ဂိုဒေါင်ထဲ၌ ရတနာသိုက်ကြီးသဖွယ် ရိက္ခာများကို အများအပြား သိုလှောင်ထားခြင်းပင်။ ဤလုပ်ရပ်သည် ဝန်ကြီးဌာန ခေါင်းဆောင်များအား ကလေးကလားသဖွယ် အရူးလုပ် ကစားနေခြင်းပေလော။
လူကြီးမင်းဖြစ်သူသည် စက်ရုံမှူးယန်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ထိုအကြည့်များက “မင်းကတော့ ဇာတ်လမ်းကောင်းကြီး တစ်ပုဒ်ကို အပီအပြင် ကပြသွားတာပဲ” ဟု ဆိုလိုနေသည့်အလားပင်။ စက်ရုံမှူးယန်ကမူ သစ္စာဖောက် ကျိုးချီအား လူသတ်ချင်စိတ် ပေါက်လာသည်အထိ အမုန်းကြီး မုန်းလျက် စိုက်ကြည့်နေမိသည်။
ကျိုးချီ၏ မျက်နှာထက်တွင်မူ အောင်ပွဲခံ ကျေနပ် ဂုဏ်ယူမှုများက အပြည့်အဝ ဖုံးလွှမ်းနေလေသည်။ ဒေါသအထွတ်အထိပ် ရောက်နေသော ဝန်ကြီးဌာန ခေါင်းဆောင်များက စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့အား ရာထူးမှ ဖြုတ်ချကာ အများသိစေရန် ကြေညာချက် ထုတ်၍ ပြစ်တင် ရှုတ်ချတော့မည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေသည့်နှယ် ရှိလေသည်။ ထိုသို့ လစ်လပ်သွားမည့် နေရာကို သူနှင့် သူ၏ ယောက်ဖဖြစ်သူ လီဟွိုင်တယ်တို့က ဝင်ရောက် နေရာယူကာ တစ်ဟုန်ထိုး ရာထူးတက်သွားမည့် ရွှေရောင်အိပ်မက်များကိုလည်း သာယာစွာ မက်နေတော့သည်။
လူကြီးမင်းဖြစ်သူက စက်ရုံမှူးယန်အား စိုက်ကြည့်ရင်း လေးနက်တည်ကြည်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
“ယန်ကျစ်ဟွာ... ကဲ ပြောစမ်းပါဦး။ ဒီဝက်သားတွေနဲ့ ဂျုံမှုန့်တွေက ဘယ်လို အခြေအနေလဲ။ ဘယ်ကနေ ရလာတာလဲ”
ဤအခြေအနေသို့ ဆိုက်ရောက်လာချိန်တွင်မူ စက်ရုံမှူးယန်၌ မည်သည့် အကြံအစည်မှ မရှိတော့ဘဲ လက်လျှော့ အရှုံးပေးလိုက်ကာ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟဝန်ခံ လိုက်တော့သည်။
“လူကြီးမင်း... ခင်ဗျားတို့ အားလုံးလည်း မြင်ပြီးသွားပြီဆိုတော့ ကျုပ်လည်း ဘာမှ ဆက်ပြောစရာ မရှိတော့ပါဘူး။ လျိုဖုန်း... စောစောကတော့ ကျုပ် ခင်ဗျားတို့ကို လိမ်ပြောခဲ့တာ အမှန်ပါပဲ။ ကျုပ်တို့ရဲ့ အလုပ်သမားတွေက ဗိုက်ဝနေကြလို့သာ အလုပ်လုပ်ဖို့ ခွန်အားတွေ အပြည့်ရှိနေပြီး ကုန်ထုတ်လုပ်မှု ပမာဏ မကျဘဲ တက်လာတာပါ။ ဒါပေမဲ့ ဒီရိက္ခာတွေက ဝန်ကြီးဌာနက ပေးတာ မဟုတ်ဘဲ ကျုပ်တို့ဘာသာ နည်းလမ်းရှာပြီး အပြင်ကနေ ဝယ်ထားခဲ့တာပါ”
“ခေါင်းဆောင်ကြီးတွေနဲ့ စက်ရုံမှူးတွေရေ... ကျုပ်တို့ ဒီလိုလုပ်တာ စည်းမျဉ်းနဲ့ မညီဘူးဆိုတာ ကျုပ် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ တခြား ရွေးချယ်စရာမှ မရှိခဲ့တာ။ ဝန်ကြီးဌာနဆီက ရိက္ခာတောင်းလို့လည်း မရဘူး။ အလုပ်သမားတွေက နေ့တိုင်း ဗိုက်မဝကြရင် ဘယ်လိုလုပ်ပြီး ကုန်ထုတ်လုပ်နိုင်မှာလဲ။ ဒါကြောင့် ကိုယ့်ဘာသာ နည်းလမ်းရှာပြီး ရိက္ခာရှာ… ဝက်သား ရှာရတာပါပဲ။ ဒါ ကျုပ်တို့ မှားလို့လား”
“တကယ်လို့ ခင်ဗျားတို့က တရားမဝင် လမ်းကြောင်းက လာတာ ဆိုပြီး တာဝန်ယူခိုင်းမယ် ဆိုရင်လည်း ဒီတာဝန်ကို ကျုပ်တစ်ယောက်တည်း ခေါင်းခံပါ့မယ်။ ကျန်တဲ့သူတွေ အားလုံးက ကျုပ် ခိုင်းတဲ့အတိုင်း လုပ်ပေးခဲ့ကြတာပါ။ သူတို့ အားလုံးက စက်ရုံရဲ့ ကုန်ထုတ်လုပ်မှုအတွက်နဲ့ အလုပ်သမားတွေ ဗိုက်ဝဖို့အတွက် စေတနာနဲ့ လုပ်ခဲ့ကြတာမို့လို့ သူတို့မှာ အပြစ် နည်းနည်းမှ မရှိပါဘူး”
စက်ရုံမှူးယန်၏ ရိုးသားပွင့်လင်းလှသော စကားများကြောင့် ထိုနေရာတွင် ရှိနေသူအပေါင်းမှာ ဆွံ့အ သွားကြပြီး လူကြီးမင်းဖြစ်သူကိုသာ မျှော်လင့်တကြီး ဝိုင်းဝန်းကြည့်ရှု နေကြလေသည်။ သူသည်သာ ဤနေရာ၌ ရာထူးအကြီးဆုံး ခေါင်းဆောင်ဖြစ်ရာ ဤရှုပ်ထွေးလှသော ကိစ္စရပ်အား မည်သို့ အဆုံးအဖြတ်ပေး၍ မည်သို့ ဖြေရှင်းမည် ဆိုသည်မှာ သူ၏ နှုတ်ထွက်စကား တစ်ခွန်းအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေတော့သည်။
အမှန်စင်စစ် စက်ရုံမှူးယန်သည် စက်ရုံ၏ အကျိုးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် ယခုကဲ့သို့ စွန့်စားလုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်ငြားလည်း ဥပဒေရှုထောင့်မှ ကြည့်မည်ဆိုပါက တည်ဆဲ စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်နေဆဲပင် ဖြစ်သည်။ အကယ်၍သာ အပြစ်ရှာ၍ အရေးယူမည် ဆိုပါက နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုနှင့် အကျိုးဆက်များမှာ အတော်လေး ကြီးမားပြင်းထန်မည် ဖြစ်ပေသည်။ ထို့ကြောင့် လူကြီးမင်းမှာ အချိန်အတော်အတန် ကြာသည်အထိ တစ်ခွန်းတစ်ပါဒမျှ ဝင်ရောက်ပြောဆိုခြင်း မပြုဘဲ တိတ်ဆိတ်လျက်သာ နေလေ၏။
ထိုအချိန်တွင် ကျိုးချီက လီဟွိုင်တယ်အား အစွမ်းကုန် မျက်ရိပ်ပြနေလေသည်။ သူ၏ သဘောမှာ “ယောက်ဖရေ... ခင်ဗျား ထွက်လာဖို့ အချိန်တန်ပြီ။ နည်းနည်းလောက် မီးထိုးပေးလိုက်ဦး” ဟု အချက်ပြနေခြင်းဖြစ်သည်။ သို့သော် ကောက်ကျစ်စဉ်းလဲလှသော လီဟွိုင်တယ်ကမူ အလျင်စလို ဝင်ရောက်ပြောဆိုခြင်း မပြုဘဲ အကြောင်းစုံကို ဘာမှမသိ နားမလည်သော ပြင်ပ လူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ရပ်ကြည့်နေလေသည်။
ကျိုးချီမှာ စိတ်မရှည်နိုင်တော့ချေ။ သူသည် ယနေ့တွင် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့ နှစ်ယောက်စလုံးကို သေချာပေါက် ဒုက္ခရောက်အောင် လုပ်ရပေမည်။ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် စက်ရုံမှူးယန်၏ အငြိုးတကြီး ဖိနှိပ်ခြင်းကို မလွဲမသွေ ခံရမည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် စိတ်ဒုံးဒုံး ချလိုက်ကာ ရှေ့သို့ တစ်လှမ်းတိုး၍ ခပ်ပြတ်ပြတ် ပြောချလိုက်သည်။
“လူကြီးမင်းကြီး... သူတို့က နိုင်ငံတော်ရဲ့ မူဝါဒကို ပေါ်တင် ဆန့်ကျင်ပြီး နိုင်ငံတော်ရဲ့ စည်းကမ်းတွေကို နှောင့်ယှက်နေတာနော်။ ခင်ဗျားက အရေးမယူဘူးလား။ ခင်ဗျားသာ အရေးမယူဘူးဆိုရင် ကျုပ်ကတော့ ဝန်ကြီးဌာနအထိ တက်တိုင်မယ်”
ဤအခြေအနေသို့ ရောက်သောအခါ လူကြီးမင်းမှာ သူ၏ သဘောထားကို ထုတ်ဖော်ရန် မဖြစ်မနေ လိုအပ်လာခဲ့ပြီ ဖြစ်သည်။ သူသည် ဤနေရာတွင် အကြီးဆုံးခေါင်းဆောင် ဖြစ်သော်ငြားလည်း တစ်စုံတစ်ယောက်က နောက်ကွယ်မှနေ၍ အထက်သို့ တိုင်တန်းကာ အပြစ်ရှာမည် ဆိုပါက ယန်ကျစ်ဟွာကို ကာကွယ်ပေးနိုင်မည် မဟုတ်သည့်အပြင် သူကိုယ်တိုင်ပင် ထိုအရှုပ်အရှင်း လှိုင်းတံပိုးထဲသို့ မျောပါသွားနိုင်ပေသည်။
“ကောင်းပြီလေ... ဒါဆိုလည်း ငါ ဆုံးဖြတ်ချက်ချရတာပေါ့”
လူကြီးမင်းက စကားစတင်မည်အပြုတွင် ကျောဘက်ဆီမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ခေါင်းဆောင်ကြီးများ... ကျွန်တော့်ကို စကားနည်းနည်းလောက် ပြောခွင့်ပြုနိုင်မလား”
ထိုအသံကြောင့် အားလုံးမှာ အံ့အားသင့်သွားကြပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် တက်ကြွဖျတ်လတ်သော လူရွယ်တစ်ယောက် မားမားမတ်မတ် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အားလုံး၏ မျက်နှာထက်တွင် ဇဝေဇဝါ အမူအရာများ ဖြစ်ပေါ်နေကြပြီး စိတ်ထဲတွင် အသီးသီး တွေးတောနေမိကြသည်။
“ဒီလူရွယ်က ဘယ်သူလဲ... ဒီနေရာမှာ အားလုံးက ခေါင်းဆောင်တွေချည်းပဲလေ... မင်းက ဘာကိစ္စ လာဝင်ပြောတာလဲ”
စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့မှာမူ မျက်နှာပျက်သွားကြပြီး ဟိုလီခွေက ကမန်းကတန်း လျှောက်သွားကာ တိုးတိုးသက်သာ သတိပေးလိုက်သည်။
“မင်းက ဘာလာလုပ်တာလဲ။ ဒါ ဝန်ကြီးဌာန ခေါင်းဆောင်တွေ အလုပ်လာ စစ်နေတာကွ။ မင်းနဲ့ မဆိုင်ဘူး... မြန်မြန်သွားတော့”
ရုတ်တရက် ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ ယန်ချုံးပင် ဖြစ်လေသည်။
ယနေ့ သူ ဂျုံမှုန့်များ သယ်ဆောင်ပြီးစီး၍ အိမ်ပြန်ရန် ပြင်ဆင်နေစဉ် အသံလွှင့်ခန်းမှ ယွီဟိုင်ထန်က သူ့ထံသို့ ရုတ်တရက် ရောက်လာကာ သူ့အကြောင်းကို အသံလွှင့်ရန်အတွက် စာမူရေးချင်သည်ဟု အကူအညီတောင်းလာခဲ့သည်။ စက်ရုံ၏ တာဝန်တစ်ရပ် ဖြစ်နေသောကြောင့် ယန်ချုံး အနေဖြင့်လည်း မဖြစ်မနေ ပူးပေါင်းပါဝင်ရမည် ဖြစ်ရာ ယွီဟိုင်ထန်နှင့် စကားအနည်းငယ် ပြောဖြစ်ခဲ့ကြသည်။ စက်ရုံ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် အလုပ်သမားများ ဗိုက်ဝဝစားပြီး အလုပ်လုပ်နိုင်ရန်အတွက် သူ မည်သို့မည်ပုံ ကြိုးစား အားထုတ်ကာ နည်းလမ်း ရှာဖွေခဲ့ရပုံများကို ပြောပြခဲ့ရုံသာမက ယန်ကျဲချန်နှင့် ယွီလိတို့အကြောင်းကိုပါ အသေးစိတ် ဆွေးနွေးဖြစ်ခဲ့ကြသည်။
စကားပြောဆို ပြီးစီး၍ အပြင်သို့ထွက်ရန် ပြင်နေဆဲမှာပင် စက်ရုံ၌ ပြဿနာ တက်နိုင်ချေရှိပြီး ဝန်ကြီးဌာနမှ ခေါင်းဆောင်တစ်စု အလုပ်လာရောက် စစ်ဆေးနေကြောင်း တစ်ယောက်ယောက်က သူ့အား လာရောက် သတင်းပေးခဲ့လေသည်။ ထိုသတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ယန်ချုံးသည် သူ၏ ရိက္ခာများနှင့် ဝက်သားများကို ချက်ချင်း သတိရသွားကာ စားသောက်ခန်းမဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော ဤအချိန်လေးကို အတိအကျပင် မှီလိုက်လေတော့သတည်း။