အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) - အရင်းအမြစ် မမှန်ကန်ဘူးလို့ ဘာအထောက်အထားနဲ့ ပြောတာလဲ
ဟိုလီခွေ၏ အမူအရာကို အကဲခတ်မိသွားသည့် လူကြီးမင်းက တစ်စုံတစ်ခုကို ရိပ်စားမိသွားဟန်ဖြင့် လှမ်းတားလိုက်သည်။
“နေဦး… သူ့ကို စကားပြောခွင့်ပေးလိုက်”
ထိုအခါ ဟိုလီခွေလည်း ဖမ်းဆုပ်ထားသော လက်ကို လွှတ်ပေးလိုက်ရလေသည်။ လူကြီးမင်းက ယန်ချုံးကို လက်ယက်ခေါ်ကာ မေးငေါ့လိုက်သည်။
“လူငယ်လေး... မင်းက ဘယ်သူလဲ။ ဘာတွေများ ပြောချင်လို့လဲ”
ယန်ချုံးက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြတ်သား ကျယ်လောင်သော အသံဖြင့် ဆိုလိုက်သည်။
“ခေါင်းဆောင်ကြီးတို့... ကျွန်တော့်နာမည် ယန်ချုံးပါ။ သံမဏိစက်ရုံအတွက် ဒီရိက္ခာတွေနဲ့ ဝက်သားတွေကို တာဝန်ယူ ဝယ်ပေးရတဲ့ ဝယ်ယူရေး ဝန်ထမ်းပါ”
သူ၏ စကားကြောင့် အခန်းတွင်းရှိ လူအများ အံ့အားသင့်သွားကြသည်။ လီဟွိုင်တယ်ကမူ မထီမဲ့မြင် အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်ရင်း စိတ်ထဲမှ ကြိမ်းဝါးလိုက်လေသည်။
“မခေါ်ဘဲ ရောက်လာတာကိုး။ ကောင်းပြီလေ... အကုန်လုံးကို တစ်ကျင်းတည်း စုမြှုပ်ပစ်လိုက်တာပေါ့”
လူကြီးမင်းမှာလည်း မျက်ခုံးတစ်ချက် ပင့်သွားကာ အံ့သြသွားဟန်ဖြင့် စစ်မေးလိုက်သည်။
“ဒီရိက္ခာတွေ၊ ဝက်သားတွေကို မင်း ဝယ်လာတာလို့ ပြောချင်တာလား။ ဒါဆို ငါတို့ အခု ဘာအကြောင်း ပြောနေကြလဲ ဆိုတာရော မင်း သိရဲ့လား”
“ဟုတ်ကဲ့ လူကြီးမင်း။ ကျွန်တော် အပြင်ကနေ ကြားလိုက်ရပါတယ်။ ဒီရိက္ခာတွေနဲ့ ဝက်သားတွေက ပုံမှန်လမ်းကြောင်းကနေ ဝယ်လာတာ မဟုတ်ဘဲ နိုင်ငံတော် မူဝါဒနဲ့ ဆန့်ကျင်နေလို့ တာဝန်ရှိသူတွေကို အရေးယူမယ် ဆိုတဲ့အကြောင်း ကြားခဲ့ရပါတယ်”
ယန်ချုံးက ပြန်ဖြေသည်။
“ဒါဆို မင်း အကုန်ကြားပြီးပြီပေါ့။ ကြားရက်နဲ့ ဘာလို့ ဝင်လာရတာလဲ။ ဒါတွေကို မင်း ဝယ်လာတာပါလို့ ဘာလို့ ဝန်ခံရတာလဲ။ မင်းကို အရေးယူမှာ မကြောက်ဘူးလား”
လူကြီးမင်းက ဆက်တိုက် မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းများမှာ အခန်းထဲရှိ လူတိုင်း၏ ရင်ထဲတွင်လည်း သိချင်နေသော မေးခွန်းများပင် ဖြစ်လေသည်။
“ခေါင်းဆောင်တို့အနေနဲ့ တာဝန်ရှိသူကို ဖော်ထုတ် အရေးယူချင်တယ် ဆိုရင် အဲဒီတာဝန်က ကျွန်တော့်ဆီမှာပဲ ရှိပါတယ်။ ဒီပစ္စည်းတွေကို ဝယ်တုန်းက အရင်းအမြစ်ကို ယန်စက်ရုံမှူးနဲ့ ဟိုဌာနမှူးတို့ကို ကျွန်တော် လျှို့ဝှက်ထားခဲ့တာပါ။ သူတို့ ဘာမှ မသိကြပါဘူး”
ယန်ချုံးက ရှင်းပြသည်။
ထိုအခါ ကျိုးချီက မနေနိုင်တော့ဘဲ ဖြတ်ပြောလိုက်သည်။
“ယန်ချုံး... မင်းပြောတာကို ဘယ်သူက ယုံမှာလဲကွ။ မင်း ဝယ်လာတဲ့ အရင်းအမြစ် မမှန်တဲ့ ပစ္စည်းတွေက ဒီလောက်တောင် အများကြီးဟာကို။ သူတို့လို တာဝန်ရှိသူတွေက မသိဘဲ နေပါ့မလား”
မှန်ပေသည်။ ဝယ်ယူရေး ဝန်ထမ်းလေး တစ်ယောက်က ဤမျှ များပြားသော ပစ္စည်းများကို ဝယ်ယူလာနိုင်ခြင်းသည် စက်ရုံတစ်ရုံလုံး၏ စားဝတ်နေရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် စက်ရုံမှူးနှင့် တာဝန်ရှိသူများ မသိဘဲနေမည် ဆိုသည်မှာ ယုတ္တိမတန်လှချေ။
သို့သော် ယန်ချုံးကမူ အေးအေးလူလူပင် ပြုံးကာ ခွန်းတုံ့ပြန်လိုက်သည်။
“ကျိုးဌာနမှူးလက်ထောက်... ခင်ဗျား တစ်ခုခုတော့ မှားနေပြီ ထင်တယ်”
ကျိုးချီမှာ ကြောင်အ သွားပြီး အသံမြှင့် ပြောလိုက်သည်။
“ငါက ဘာမှားနေလို့လဲ။ ဒီပစ္စည်းတွေကို မင်းဝယ်လာတာလို့ အခုလေးတင် မင်းကိုယ်တိုင် ဝန်ခံလိုက်တာလေ။ ပြီးတော့ စက်ရုံက လူတွေ အကုန် သိကြတယ်။ စက်ရုံမှူးယန်က မင်းကို လစာနှစ်ဆင့် တိုးပေးခဲ့တယ်။ ဝယ်ယူရေး ဌာနရဲ့ ဌာနမှူးလက်ထောက်အဖြစ် ခန့်ဖို့ပါ ပြင်နေတာ။ ဒါတွေ အားလုံး အမှန်တွေချည်းပဲ မဟုတ်ဘူးလား”
ယန်ချုံးက ပြုံးလျက်ပင် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော်က အဲဒါတွေကို ပြောနေတာ မဟုတ်ဘူး။ ဒီရိက္ခာနဲ့ ဝက်သားတွေရဲ့ အရင်းအမြစ်ကို ပြောနေတာ။ ခင်ဗျားကသာ ဒီပစ္စည်းတွေဟာ အရင်းအမြစ် မမှန်ဘူး။ စည်းမျဉ်းနဲ့ နိုင်ငံတော် မူဝါဒကို ဆန့်ကျင်တယ်လို့ ပါးစပ်က အော်နေတာလေ။ ခင်ဗျားမှာ ခိုင်လုံတဲ့ အထောက်အထား ရှိလို့လား။ ကျွန်တော့်ရိက္ခာတွေ၊ ဝက်သားတွေက ဘာလို့ အရင်းအမြစ် မမှန်ဘူးလို့ စွပ်စွဲရတာလဲ”
ကျိုးချီမှာ ဆွံ့အ သွားပြီး မျက်နှာတစ်ပြင်လုံး နီရဲလာကာ အထစ်ထစ် အငေါ့ငေါ့ ရေရွတ်နိုင်တော့သည်။
“ဒါက... ဟို... ဒါကတော့...”
ထိုအခိုက်တွင် လီဟွိုင်တယ်က ကြားဖြတ်၍ ဝင်ပြောလိုက်သည်။
“လူငယ်လေး ယန်... မင်း မှားနေပြီ။ ဒီပစ္စည်းတွေ အရင်းအမြစ် မှန်၊ မမှန်ဆိုတာ သူက အထောက်အထား ပြရမှာ မဟုတ်ဘူးကွ။ မင်းဘက်ကနေသာ တရားဝင် အရင်းအမြစ် ဖြစ်ကြောင်း သက်သေပြရမှာ”
ကျိုးချီကလည်း အလျင်အမြန်ပင် ဝင်ထောက်လိုက်သည်။
“ဟုတ်တယ်… ဟုတ်တယ်။ မင်းဆီကနေပဲ တရားဝင် လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းတွေ ပြရမှာပေါ့။ မင်းမှာရော ရှိလို့လား”
ယန်ချုံးက တည်တည်ငြိမ်ငြိမ် ပြုံးရင်း တုံ့ပြန်လိုက်သည်။
“စောစောကတည်းက အဲဒီလို ပြောပါလား။ ကျွန်တော့်ဆီမှာ ရှိပါတယ်”
ထိုစကားကြောင့် လူတိုင်း မှင်သက်သွားကြလေသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြားလိုက်ရသော စကားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
လူကြီးမင်းပင်လျှင် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“လူငယ်လေး... မင်း ဘာပြောလိုက်တယ်။ မင်းမှာ အထောက်အထား စာရွက်စာတမ်းတွေ ရှိတယ်ဆိုပါလား”
ကျိုးချီက ချက်ချင်းပင် ထအော်လေသည်။
“သူ လျှောက်ပြောနေတာပါ လူကြီးမင်း။ ဝန်ကြီးဌာနကတောင် စက်ရုံတွေကို ခွဲဝေပေးစရာ ပစ္စည်းမရှိတာ။ သူ ဝယ်လာတဲ့ဟာမှာ ဘယ်လိုလုပ် အထောက်အထား ရှိနိုင်မှာလဲ”
လူကြီးမင်းက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် ယန်ချုံးဘက်သို့ လှည့်ကာ စေခိုင်းလိုက်သည်။
“လူငယ်လေး... မင်းမှာ တကယ်ပဲ အထောက်အထား ရှိတာလား။ ရှိရင်လည်း ဘာလို့ အခုထိ မထုတ်ပြသေးတာလဲ။ မြန်မြန် ထုတ်ပြစမ်းပါ”
မှန်ပေသည်။ တကယ်ရှိနေလျှင်လည်း အမြန်သာ ထုတ်ပြလိုက်ရန် လိုအပ်နေပြီ ဖြစ်သည်။
ယန်ချုံးသည် သူ၏ အင်္ကျီအိတ်ကပ်ထဲမှ စာရွက်တချို့ကို ဆွဲထုတ်လိုက်ပြီး အေးအေးလူလူပင် လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ချက်ချင်း လှမ်းယူကာ ခေါင်းဆောင်ကြီးထံသို့ ဆက်သလိုက်ကြသည်။
စာရွက်များကို စစ်ဆေးကြည့်ပြီးနောက် လူကြီးမင်း၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ထင်းလင်းသွားကာ ရေရွတ်လိုက်လေသည်။
“ကောင်းတယ်... သိပ်ကောင်းတယ်ကွာ”
အကြောင်းမူကား ယန်ချုံး ပေးအပ်လိုက်သော စာရွက်စာတမ်းများမှာ နိုင်ငံတော် ရိက္ခာသိုလှောင်ရုံက အထူးထုတ်ပေးထားသည့် ရိက္ခာထုတ်ယူခွင့်ပြုမိန့် အစစ်အမှန် ဖြစ်နေသောကြောင့်ပင်။ ရိုက်နှိပ်ထားသော အနီရောင် တံဆိပ်တုံးမှာလည်း အယုံမှား သံသယဖြစ်စရာ မလိုလောက်အောင်ပင် တရားဝင်နေလေသည်။
အခြားသူများမှာလည်း လူကြီးမင်း၏ အမူအရာကို မြင်ပြီးနောက် အနားသို့ ဝိုင်းအုံလာကြသည်။ ထုတ်ယူခွင့်ပြုမိန့်ကို သေချာဖတ်ရှုပြီးသည့် နောက်တွင်ကား အားလုံး၏ မျက်နှာများမှာ မှင်သက်သွားကြလေသည်။ ဟိုလီခွေနှင့် စက်ရုံမှူးယန်တို့၏ မျက်နှာများအထက်တွင်မူ ဝမ်းသာလုံးဆို့နေသည့် အရိပ်အယောင်များ အတိုင်းသား ပေါ်လွင်နေတော့သည်။
ယန်ချုံးက ဆက်လက်၍ မေးလိုက်သည်။
“ခေါင်းဆောင်ကြီးတို့... ဒါက နိုင်ငံတော် ရိက္ခာသိုလှောင်ရုံက တရားဝင် ထုတ်ပေးထားတဲ့ ထုတ်ယူခွင့်ပြုမိန့်ပါ။ ဒီလုပ်ထုံးလုပ်နည်းမှာ ဘာပြဿနာမှ မရှိတော့ဘူး မဟုတ်လား”
လူကြီးမင်းက ခေါင်းညိတ်လိုက်ရင်း ဆိုသည်။
“မရှိဘူး… ဘာပြဿနာမှ မရှိဘူး။ ဒီရိက္ခာတွေက အရင်းအမြစ် မမှန်ဘူးလို့ နောက်တစ်ခါ ထပ်ပြောတဲ့ ကောင်ကို ငါကိုယ်တိုင် ပါးချပစ်မယ်”
ထိုသို့ ကြိမ်းမောင်းလိုက်ကာ ကျိုးချီကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ကျိုးချီမှာ တုန်လှုပ်သွားပြီး ဗလုံးဗထွေး ရေရွတ်နေတော့သည်။
“ဒါ... ဒါ မဖြစ်နိုင်ဘူး။ သူက ဝယ်ယူရေး ဝန်ထမ်းလေး သက်သက်ပဲဟာကို။ နိုင်ငံတော် ရိက္ခာသိုလှောင်ရုံကနေ ဒီလောက်များတဲ့ ရိက္ခာတွေကို တိုက်ရိုက် ဝယ်လာနိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
သို့သော် မည်သူကမျှ သူ့စကားကို အရေးမစိုက်ကြတော့ချေ။ ဤခေတ်ကာလမျိုးတွင် ရိက္ခာရအောင် ရှာဖွေနိုင်ခြင်းသည်ပင် ကြီးမားသော အရည်အချင်း တစ်ရပ် ဖြစ်နေပေပြီ။ လူတိုင်းက မိမိတို့ဌာန၊ မိမိတို့စက်ရုံတွင်လည်း ယန်ချုံးလို လူမျိုး ရှိစေချင်နေကြသည်။ ဘာတွေ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို မည်သူကမျှ ဂရုမစိုက်ချင်ကြတော့ပေ။
ယန်ချုံးက စကားဆက်ကာ ရှင်းပြလိုက်သည်။
“ဝက်သားတွေနဲ့ ပတ်သက်လို့ကတော့ စက်ရုံက လူတွေ အားလုံး သိကြပါတယ်။ ကျွန်တော် စက်ရုံကို သွင်းပေးတဲ့ ဝက်သားတွေက နိုင်ငံပိုင် အသားဆိုင်က ဝယ်လာတာ မဟုတ်သလို အသား ထုတ်လုပ်ရေး စက်ရုံက ဝယ်လာတာလည်း မဟုတ်ပါဘူး။ တောင်ပေါ်မှာ ကျွန်တော်ကိုယ်တိုင် သွားပစ်လာတဲ့ တောဝက်တွေပါ”
“ဟေ့... တောဝက်တွေ ဟုတ်လား”
ခေါင်းဆောင်များမှာ ထပ်မံ အံ့အားသင့်သွားကြ ပြန်သည်။ လျိုဖုန်းသည် ချက်ချင်းပင် အနားသို့ လျှောက်သွားကာ အသေအချာ စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။
“ခေါင်းဆောင်ကြီး... သူပြောတာ အမှန်ပါပဲ။ ဒီဝက်သားတွေက အိမ်မွေးဝက်သားတွေ မဟုတ်ဘဲ တောဝက်သား အစစ်တွေဆိုတာ သေချာပါတယ်။ တောဝက်သားက အိမ်မွေးဝက်သားထက် ပိုတင်းရင်းပြီး အရောင်လည်း ပိုရင့်တယ်။ ကျွန်တော် အရင်က မြင်ဖူးလို့ သိပါတယ်။ ဒါနဲ့ အတူတူပါပဲ”
ခေါင်းဆောင်ကြီးက ကျေနပ်စွာ ခေါင်းညိတ် ပြုံးရွှင်သွားပြီး ချီးကျူးလိုက်သည်။
“တောင်ပေါ်ကနေ ကိုယ်တိုင် သွားပစ်လာတဲ့ တောဝက်တွေ ဆိုရင်တော့ ဘာလုပ်ထုံးလုပ်နည်းမှ မလိုတော့ဘူးပေါ့ကွာ။ လူငယ်လေး... မင်း တော်တော် ဟုတ်ပါလား။ တောဝက်တွေကိုတောင် စက်ရုံအတွက် အမဲလိုက်ပေးနိုင်တယ်ပေါ့လေ။ မင်းတို့ စက်ရုံက အလုပ်သမားတွေ မျက်နှာဝင်းပပြီး စိတ်ဓာတ်တွေ တက်ကြွနေတာ ဘာကြောင့်လဲဆိုတာ ငါ အခုမှ သဘောပေါက်တော့တယ်”
ထို့နောက် လျိုဖုန်းနှင့် အခြား စက်ရုံမှူးများဘက် လှည့်ကာ ငေါ့လိုက်လေသည်။
“မင်းတို့ကတော့လေ... မင်းတို့ စက်ရုံတွေမှာသာ ဒီလို လူငယ်လေးမျိုး ရှာတွေ့ထားရင် ငါ့ဆီလာပြီး တစ်နေကုန် ငိုယို ပစ္စည်းတောင်းနေစရာ လိုပါဦးမလား”
ထိုအခါ ဟိုလီခွေက အခွင့်ကောင်းယူ၍ ဝင်ပြောလိုက်လေသည်။
“ခေါင်းဆောင်ကြီး... ယန်ချုံးက အစကတည်းက ကျွန်တော်တို့ စက်ရုံက အလုပ်သမား မဟုတ်ပါဘူး။ ကျွန်တော် ကားပေါ်မှာ သူနဲ့ အမှတ်မထင် ဆုံမိတော့ သူက တောဝက် ပစ်နိုင်တဲ့ အမဲလိုက် ကျွမ်းကျင်သူဆိုတာ သိလိုက်ရလို့ ယန်စက်ရုံမှူးဆီကို ချက်ချင်း အစီရင်ခံခဲ့တာပါ။ စက်ရုံမှူးကလည်း လူတော်လူကောင်းမှန်း သိတာနဲ့ စက်ရုံထဲ အလုပ်ခေါ်သွင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမှန်အတိုင်း ပြောရရင် အဲဒီတုန်းက သူက စက်ရုံထဲဝင်ဖို့ သိပ်တောင် စိတ်ဝင်စားတာ မဟုတ်ဘူး။ စက်ရုံထဲမှာ အလုပ်လုပ်ရတာ လွတ်လပ်မှု မရှိဘူး။ တောင်ပေါ်မှာ အမဲလိုက်ရတာကမှ ပိုလွတ်လပ်တယ်လို့ တွေးနေခဲ့တာကိုး”
“ဟေး... ဒါဆို မင်းတို့က သူ့ကို ဘယ်လိုများ စည်းရုံးလိုက်ရတာလဲ”
ခေါင်းဆောင်ကြီးက စိတ်ဝင်တစား မေးခွန်းထုတ်လေသည်။
ယန်စက်ရုံမှူးက ဖြေကြားလိုက်သည်။
“ခေါင်းဆောင်ကြီး... သူ့ကို ရဖို့အရေး နောက်ဆုံးမှာတော့ မျက်စိမှိတ် အနစ်နာခံပြီး စက်ရုံဝင်ခွင့်နေရာ နှစ်နေရာစာတောင် ပေးလိုက်ရပါတယ်။ သူရော သူ့ဇနီးကိုပါ စက်ရုံထဲ တစ်ခါတည်း ခေါ်သွင်းပေးမှ သူက သဘောတူခဲ့တာပါ”
ခေါင်းဆောင်ကြီးက တစ်စုံတစ်ရာ မှတ်ချက် မပေးရသေးမှီမှာပင် လျိုဖုန်းက ဖြတ်ပြောလိုက်တော့သည်။
“နေရာ နှစ်ခု ဟုတ်လား။ ဒါကိုများ အနစ်နာခံတယ်လို့ ပြောနေသေးတယ်။ တခြားဟာတွေ အသာထား… ဒီလောက် တောဝက် အကောင်ကြီးတွေကို စက်ရုံအတွက် ရှာပေးနိုင်တဲ့ အရည်အချင်းကို ကြည့်ရင် နေရာလေးခု ပေးရရင်တောင် ငါကတော့ နှမြောနေမှာ မဟုတ်ဘူးကွ။ ဘယ်လိုလဲ... မင်းက ဒီအတွက် နှမြောနေသေးတယ် ဆိုရင် ငါ့ဆီမှာရှိတဲ့ နေရာငါးခုနဲ့ ဒီရတနာလေးကို လဲဖို့ စိတ်ဝင်စားလား”