အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄) - နောက်ခံအင်အားကြီးမားခြင်း
ပတ်ဝန်းကျင် တစ်ခွင်၌ ရှိနေကြသူ အပေါင်းတို့သည် ကျေနပ်အားရစွာဖြင့် တဟားဟား ရယ်မောလိုက်ကြလေသည်။
အမှန်စင်စစ် ဆိုရသော် စက်ရုံတစ်ရုံလုံးရှိ အလုပ်သမားထု တစ်ရပ်လုံးအတွက် ဂျုံ၊ ဆန် အစရှိသည့် ရိက္ခာများ ဖြည့်ဆည်း ပေးနိုင်ရုံမျှမက ဝက်သားကိုပါ စားသုံးနိုင်ရန် ဖန်တီးပေးစွမ်းနိုင်သော ဤသို့သော လူစွမ်းလူစမျိုးအတွက် နေရာနှစ်နေရာ ဆိုသည်ထက် လေးနေရာ၊ ငါးနေရာ၊ ဆယ်နေရာပင် ဖြစ်စေကာမူ မည်သူကမျှ တွန့်ဆုတ်နေမည် မဟုတ်ဘဲ အလဲအလှယ်ပြုကြမည်မှာ အသေအချာပင် ဖြစ်တော့သည်။
စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့ နှစ်ဦးတည်းသာလျှင် ဤဆုံးဖြတ်ချက်ကို စတင် ချမှတ်စဉ်က ကြီးမားလှသော စွန့်စားမှု တစ်ရပ်ဖြင့် လောင်းကြေး ထပ်ခဲ့ရခြင်း ဖြစ်ကြောင်း ကိုယ်တိုင် သိရှိထားကြသည်။ သို့ရာတွင် ယခုအခါ၌မူ ထိုလောင်းကြေးသည် သိသာ ထင်ရှားစွာပင် အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်လေသည်။
လေထုတစ်ခွင်လုံးရှိ အငွေ့အသက်များသည် နွေဦးယံပမာ ရုတ်ခြည်း နွေးထွေးသွားခဲ့ပြီး လူအများ၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာလျက် ယန်ချုံးအား ငေးမောကြည့်ရှု နေကြတော့သည်။ ထိုသူတို့၏ မျက်ဝန်းအိမ်များထဲတွင်မူ လေးစား အားကျမှုတို့ဖြင့် ပြည့်လျှံနေခဲ့သည်။
‘ငါတို့တွေများ ဒီလို လူစွမ်းလူစမျိုးကို ဘာလို့များ စောစောစီးစီး မတွေ့ခဲ့ကြတာပါလိမ့်’
လူတိုင်းက ရင်တွင်း၌ တိတ်တဆိတ် ရေရွတ်နေမိကြသည်။
စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားမှုတို့က အထင်းသား ပေါ်လွင်နေလေသည်။ အကြောင်းမူကား သူတို့နှစ်ဦးသည် အများသူငါ အားကျရလောက်အောင် မြင်းကောင်းကို ရွေးချယ်တတ်သူများ ဖြစ်လာခဲ့သောကြောင့်တည်း။
ခေါင်းဆောင်ကြီးက သဘောတူညီစွာ ခေါင်းညိတ် ပြလိုက်သည်။
“မင်းလုပ်တာ မှန်တယ်။ ဒီလို လူတော်လူစွမ်း တစ်ယောက်ကို တွေ့ပြီဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ။ ကိုယ့်ဆီမှာ မြဲနေအောင် ဆွဲထားဖို့ နည်းလမ်းရှာရမယ်။ ဘာလို့လဲဆိုတော့ မင်း ပေးဆပ်လိုက်ရတာတွေက သူ ပြန်ရှာပေးမဲ့ အကျိုးအမြတ်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်လို့ပဲလေ”
ထို့နောက် သူက ပတ်ဝန်းကျင် တစ်ခွင်သို့ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ကာ ဤသို့ ဆိုလေသည်။
“ရဲဘော်တို့ရေ... အခုဆိုရင် နိုင်ငံတော်ကြီးက တော်တော်လေးကို ခက်ခဲကျပ်တည်းတဲ့ အထူးကာလကို ရောက်နေပြီ။ ခက်ခဲတဲ့ ရုပ်ဝတ္ထု အခြေအနေတွေကြောင့် ကျွန်တော်တို့ရဲ့ ပုံမှန်ထုတ်လုပ်မှုတွေ ထိခိုက်နိုင်တယ်။ ဒီလိုအချိန်မျိုးမှာ ထုတ်လုပ်မှုတွေ မကျဆင်းသွားအောင် ကျွန်တော်တို့ဘက်က နည်းလမ်းပေါင်းစုံ ရှာဖွေဖို့ လိုအပ်တယ်။ တချို့အချိန်တွေမှာ စည်းမျဉ်းစည်းကမ်းတွေကို အရမ်းကြီး တင်းကျပ် မနေသင့်ဘူးလေ။ တစ်ခွန်းတည်း ပြောရရင် အရာအားလုံးက ထုတ်လုပ်မှုအတွက်… တော်လှန်ရေးအတွက်ချည်းပါပဲ။ ကျွန်တော်တို့ စက်ရုံအတွက် အကျိုးအမြတ်တွေ ရလာမယ်ဆိုရင် စည်းမျဉ်း နည်းနည်းပါးပါး ချိုးဖောက်မိရင်လည်း ဘာဖြစ်သေးလဲ”
ထိုစကားအဆုံးတွင်မူ မိုးကြိုးပစ်ချလိုက်သည့်အလား လက်ခုပ်သံများက ဆူညံပွက်လော ရိုက်သွားတော့သည်။ စက်ရုံမှူးများ၏ တခဲနက် လက်ခုပ်တီးသံများသည် အရာအားလုံးကို သက်သေပြနေသည့်နှယ်။ စက်ရုံမှူးယန်နှင့် ဟိုလီခွေတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းအိမ်များထဲတွင် ဂုဏ်ယူ ဝမ်းမြောက်မှုများက အပြည့်အလျှံ နေရာယူထားလေသည်။
ခေါင်းဆောင်ကြီးသည် စကားဆိုပြီးနောက် ကြက်သေ သေနေသော ကျိုးချီဘက်သို့ လှည့်ကြည့်လိုက်လေသည်။
“ဒီက ရဲဘော်… တင်ပြစရာ အခြေအနေ တစ်ခုခုများ ကျန်သေးလား”
ဤအချိန်တွင် ကျိုးချီမှာ မည်သည့် အရာကိုမျှ ထပ်မံ တင်ပြဝံ့ခြင်း မရှိတော့ပေ။ ယောက်ဖဖြစ်သူ လီဟွိုင်တယ်ထံမှ ညွှန်ကြားချက် တစ်ခုခုများ ရနိုင်မလား ဟူသော မျှော်လင့်ချက်ဖြင့် သူ့နေရာကို အလိုအလျောက် လှမ်းကြည့်မိလိုက်သည်။ သို့ရာတွင် သူ လှမ်းကြည့်လိုက်ချိန်၌ ထိုနေရာတွင် လီဟွိုင်တယ်၏ အရိပ်အယောင်မျှပင် မရှိတော့သည်ကို တွေ့လိုက်ရလေသည်။
‘ယောက်ဖတော့ ငါ့ကို ဒုက္ခပေးပြီ...’
ကျိုးချီမှာ သွေးဆုတ် ဖြူလျော်နေသော မျက်နှာဖြင့် ရင်တွင်း၌ ငြီးတွားလိုက်မိတော့သည်။
လီဟွိုင်တယ်မှာမူ စောစောပိုင်းက ယန်ချုံးမှ ဆန်ထုတ်ယူခွင့် လက်မှတ်အချို့ကို ထုတ်ပြလိုက်ပြီး နောက်ပိုင်းကတည်းက အခြေအနေများသည် မိမိ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်းကို ကောင်းစွာ ရိပ်စားမိသွားခဲ့သည်။ ထို့ကြောင့်ပင် အခြားသူများ သတိမထားမိခင် အချိန်လေးတွင် တိတ်တဆိတ် ရှောင်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ ရုံးခန်းဆီသို့ ပြန်လည် ရောက်ရှိလာချိန်တွင်မူ လီဟွိုင်တယ်သည် ဒေါသမပြေနိုင်စွာဖြင့် ရေခွက်တစ်ခွက်ကို ရိုက်ခွဲပစ်လိုက်လေသည်။ နောက်ဆုံးတွင်တော့ ယန်ကျစ်ဟွာကိုပင် အနိုင်ရသွားစေပြန်ပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်လိုက်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် နောက်ဆုတ်ရန် လမ်းကြောင်းတစ်ခု ချန်လှပ်ထားခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ ထွက်၍ တိုင်ကြားခဲ့ခြင်း မရှိဘဲ ကျိုးချီကိုသာ အသုံးချခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ယခုအချိန်တွင် သူကိုယ်တိုင် ထွက်သွားချင်လျှင်ပင် ထွက်ခွင့်ရမည် မဟုတ်တော့ပေ။ သို့တိုင်အောင် ယနေ့ကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ သူကိုယ်တိုင်ဖြစ်ကြောင်းကို ယန်ကျစ်ဟွာက အသေအချာ သိရှိနေမည်ဖြစ်ပြီး နောင်တွင် သူ့အပေါ် အထူးသတိထားနေတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
အာဏာလုရန် ဆိုသည်မှာ အလွယ်တကူတော့ ဖြစ်လာမည် မဟုတ်ပေ။
လီဟွိုင်တယ်သည် စိတ်ပျက်လက်ပျက်ဖြင့် စီးကရက် နှစ်လိပ်ကို ဆက်တိုက် ဖွာရှိုက်လိုက်ပြီး ယနေ့ သူ ကျရှုံးရခြင်း၏ သင်ခန်းစာကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ မိမိကိုယ်တိုင်က အလွယ်တကူ သွေးဆူလွယ်ခဲ့ခြင်း မဟုတ်ဘဲ ရန်သူက အလွန်အမင်း ကောက်ကျစ်စဉ်းလဲလွန်း နေခြင်းသာ ဖြစ်ပေသည်။ ထိုအထဲတွင် အထူးသဖြင့် ယန်ချုံး ဆိုသူပင် ဖြစ်သည်။
မိမိဘက်က အခွင့်အရေး ရပြီဟု ထင်မှတ်သွားစေရန် ဟာကွက် အကြီးကြီးတစ်ခုကို တမင်တကာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် ထိုအရာသည် မိမိကို တွင်းထဲသို့ ခုန်ဆင်းလာစေရန် သူတို့ ထောင်ထားခဲ့သည့် ကျော့ကွင်းသက်သက်သာ ဖြစ်လေသည်။
ကြည့်ရသည်မှာ ယခင်က မိမိအနေဖြင့် ရန်သူကို အထင်သေးလွန်းခဲ့ပြီး ဤယန်ချုံးကိုလည်း အထင်ပေါ့မိသွားခြင်းပင်။
ထိုလူငယ်လေးသည် နိုင်ငံတော် စပါးကျီနှင့်ပင် အဆက်အသွယ် ရှိနေပေသည်။ နောင်တွင် ယန်ကျစ်ဟွာအနီး၌ သူသာ ဆက်ရှိနေမည် ဆိုလျှင် မိမိအနေဖြင့် အခွင့်အရေး ပြန်လည်ရရှိရန် ခဲယဉ်းသွားပြီ ဖြစ်သည်။
ဘယ်လိုလုပ်ရမလဲ။
လီဟွိုင်တယ် တစ်ယောက် အကြိမ်ကြိမ် အခါခါ စဉ်းစားတွေးတော နေမိလေသည်။
ညနေခင်း အလုပ်ဆင်း၍ အိမ်ပြန်ရောက်သောအခါ အိမ်ပေါက်ဝသို့ ဝင်ဝင်ချင်းမှာပင် ဇနီးဖြစ်သူ ကျိုးဖူရုံက ပိတ်တားလိုက်လေသည်။
“လီဟွိုင်တယ်… ရှင်ပြောစမ်း။ ဒီနေ့ ကျွန်မ့မောင်လေး ရှောင်ချီကို ရှင် ဘယ်လိုတွေများ အနိုင်ကျင့်လိုက်တာလဲ”
အထူးတလည် မေးမြန်းနေစရာပင် မလိုတော့ပေ။ ယနေ့ ကျိုးချီ တစ်ယောက် အရှက်ကွဲခဲ့ရသဖြင့် အိမ်သို့လာရောက်ကာ တိုင်တောထားခြင်း ဖြစ်မည်မှာ အသေအချာပင်။ လီဟွိုင်တယ်က အလျင်အမြန်ပင် ပြုံးပြပြီး ပြန်ချော့လိုက်သည်။
“မိန်းမရာ... ဘယ်လိုတွေ ပြောနေတာလဲ။ ရှောင်ချီက မင်းရဲ့ မောင်အရင်းပဲ။ ငါရဲ့ ယောက်ဖပဲလေ။ သူ့ကို ငါက ဘယ်လိုလုပ် အနိုင်ကျင့်ရက်မှာလဲ”
ကျိုးဖူရုံက မျက်ထောင့်နီကြီးဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ရှောင်ချီက ကျွန်မကို အကုန်ပြောပြပြီးပြီ။ ရှင်က စက်ရုံမှာ သူ့ကို ထောင်ချောက်ဆင်ပြီး စက်ရုံမှူးကို ပြစ်မှားမိအောင် လုပ်ခဲ့တာဆို။ နောက်ဆိုရင် စက်ရုံမှာ သူ့အခြေအနေတော့ လွယ်မှာ မဟုတ်တော့ဘူး”
“နားလည်မှု လွဲနေတာပါ။ အကုန်လုံးက နားလည်မှု လွဲတာပါ မိန်းမရယ်... စဉ်းစားကြည့်လေ။ ရှောင်ချီက ငါရဲ့ ယောက်ဖအရင်းလေ။ စက်ရုံမှာ ငါနဲ့ အနီးကပ်ဆုံး လူယုံပဲဟာကို။ ငါက တခြား ဘယ်သူ့ကို ဒုက္ခပေးပေး သူ့ကိုတော့ ဒုက္ခမပေးနိုင်ပါဘူးကွာ”
ကျိုးဖူရုံက နှာခေါင်းရှုံ့လိုက်ပြီး ဆိုလေသည်။
“ဟွန့်… ရှင်ကများ အသံကောင်း လာလွှင့်နေသေးတယ်။ ဒါဆိုပြော... ဒီနေ့ တကယ်က ဘာတွေဖြစ်ခဲ့တာလဲ”
လီဟွိုင်တယ်က သက်ပြင်း တစ်ချက်ချရင်း ခေါင်းခါယမ်း လိုက်သည်။
“ဟူး... မိန်းမရာ ဒီနေ့က ငါရဲ့ အမှားတစ်ခုပါ။ ရန်သူကို ငါ အထင်သေးမိသွားတာ။ အစကတော့ ယန်ကျစ်ဟွာကို ဖြုတ်ချဖို့ ရခဲတဲ့ အခွင့်အရေးကြီးပဲလို့ ထင်ခဲ့တာ။ ဒီကောင်က နောက်ကွယ်မှာ သိုဝှက်ထားတာတွေ ရှိပြီး ငါ့ကို အကွက်ဆင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
ထိုသို့ပြောဆိုရင်း ယနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတို့ကို တစ်ခေါက် ပြန်လည် ပြောပြလိုက်လေသည်။ ထို့နောက် သူက ဆက်၍ ပြောလေသည်။
“ရှောင်ချီလည်း မတရားခံလိုက်ရတယ်လို့ ထင်နေမှာကို ငါသိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ အဲဒီကောင်လေးမှာ ဒီလောက် အစွမ်းထက်တဲ့ အဆက်အသွယ်တွေ ရှိမယ်လို့ ငါလည်း မထင်ထားမိဘူး။ ငါ ကိုယ်တိုင် ထွက်မတိုင်မိလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီနေ့ အရှက်ကွဲရမှာက ငါဖြစ်သွားမှာ။ သံရည်ကျို စက်ရုံကနေ ဘယ်နေ့ နှင်ထုတ်ခံရမလဲတောင် မသိဘူး”
ကျိုးဖူရုံသည် မျက်လုံးပြူးသွားကာ မေးလိုက်သည်။
“ဒါဆို ရှင်က ရှောင်ချီကို အနစ်နာ ခံခိုင်းလိုက်တာပေါ့ ဟုတ်လား”
လီဟွိုင်တယ်လည်း အမြန်ဝင် ပြောလိုက်ရသည်။
“မိန်းမရာ... ငါလုပ်ခဲ့တာက အခြေအနေအရ လုပ်ရတဲ့ နည်းဗျူဟာပါ။ ရှေးစကားရှိတယ်လေ။ တောင်ကုန်း စိမ်းစိမ်းလေး ရှိနေသရွေ့ ထင်းမရှိမှာ မပူရဘူးတဲ့။ ငါ့ကိုသာ ကာကွယ်နိုင်ခဲ့မယ်ဆိုရင် ရှောင်ချီ ထမင်းမစားရမှာ ပူနေရဦးမလား။ တကယ်လို့ ဒီကိစ္စမှာ ငါသာ ပါသွားပြီး ယန်ကျစ်ဟွာက ငါ့ကို နှင်ထုတ်လိုက်မယ် ဆိုပါတော့ ရှောင်ချီက ဒီနေ့ အဆင်ပြေသွားဦးတော့ သူရဲ့ အရည်အချင်းလောက်နဲ့ သံရည်ကျို စက်ရုံမှာ ခြေကုပ်ယူနိုင်ပါဦးမလား စဉ်းစားကြည့်”
ကျိုးဖူရုံ စဉ်းစားကြည့်လိုက်ရာ ယုတ္တိရှိလှသည်ဟု ထင်မြင်သွားလေသည်။
“ဒါပေမဲ့ အခု ရှောင်ချီက ဒီနေ့ အရှက်ကွဲခဲ့ရတယ်လေ။ စက်ရုံမှူးကိုလည်း ပြစ်မှားမိသွားပြီ ဆိုတော့ နောက်ဆိုရင် အလုပ် ဘယ်လိုသွားရမလဲလို့ ညည်းနေတယ်”
“ဘာများ ခက်လို့လဲ။ အလုပ်သွားရမဲ့ ရက်ဆို သွားရုံပေါ့။ ရှောင်ချီရဲ့ တိုင်ကြားချက်က အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီပါတယ်။ ယန်ကျစ်ဟွာကလည်း သူ့ကို ဗြောင်ကျကျ ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး။ ငါရှိနေသရွေ့ နောက်ပိုင်းမှာ အခွင့်အရေးတွေ ရှိလာဦးမှာပါ”
ကျိုးဖူရုံက နှာခေါင်းရှုံ့လိုက် ပြန်သည်။
“ဟွန့်… ရှင် ဒီစကားပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ။ ရလဒ်ကရော ဘာလဲ။ ပြီးခဲ့တဲ့ အကြိမ်က ရှောင်ချီကို ဌာနမှူးနေရာ ရဖို့ သေချာတယ် ဆိုပြီး ရလဒ်ကရော ဘာဖြစ်လဲ။ ဌာနမှူးက ဟို... ဟိုမျိုးနွယ်ဆိုတဲ့ တစ်ယောက် ဖြစ်သွားပြီး ကျွန်မတို့ ရှောင်ချီကတော့ နေရာဟောင်းမှာပဲ နင်းနေတုန်းပဲ”
လီဟွိုင်တယ်က အရှက်ရစွာဖြင့် တုံ့ပြန်လိုက်သည်။
“ဒါကလည်း အဲဒီ ယန်ချုံးဆိုတဲ့ကောင် ထွက်လာလို့ မဟုတ်ဘူးလား။ အကယ်၍ သူသာ ဟိုလီခွေ အတွက် ဝက်သား မရှာပေးနိုင်ခဲ့ရင် ဌာနမှူးနေရာက ရှောင်ချီရဲ့ နေရာဖြစ်နေတာ ကြာပြီပေါ့”
“ဒီ ယန်ချုံးဆိုတာ တကယ်တော့ ဘယ်လို လူမျိုးလဲ။ ဘာလို့ ငါတို့ အစီအစဉ်တွေကို ထပ်ခါတလဲလဲ ဖျက်ဆီးနေရတာလဲ”
လီဟွိုင်တယ်က မျက်မှောင်ကျုံ့ရင်း ဖြေလိုက်သည်။
“ငါလည်း အခုတော့ သူ့ကို သိပ်နားမလည်တော့ဘူး။ အစကတော့ သိပ်ပြီး ထူးခြားတဲ့ပုံ မပေါ်ပါဘူး။ အသက် ၂၀ ကျော် လူငယ်လေး တစ်ယောက်ပဲ။ နောက်ခံလည်း ဘာမှ မရှိဘူး။ ဒါပေမဲ့ အခု ကြည့်လေ... ပိုပိုပြီးတော့ ပုံမှန် မဟုတ်တော့ဘူး။ ဒီကောင်လေးက နိုင်ငံတော် စပါးကျီနဲ့တောင် အဆက်အသွယ် ရှိနေတယ်။ ဝန်ကြီးဌာနကတောင် ရှာမပေးနိုင်တဲ့ ရိက္ခာတွေကို သူက အတင်းရှာလာနိုင်ခဲ့တာပဲ”
“ဒါဆို ယန်ကျစ်ဟွာမှာ ဒီလို လက်ထောက်ရှိနေမှတော့ ရှင် သူ့ကို ဖြုတ်ချဖို့ ပိုတောင် မလွယ်တော့ဘူး မဟုတ်လား”
“ဒီကနေ့ တစ်နေ့လုံး ငါ အဲဒီ ပြဿနာကိုပဲ စဉ်းစားနေတာ။ ဒီကောင်လေးက နောက်ခံအင်အားတောင့်တယ်။ သူ့နောက်ကွယ်မှာ ဘယ်လို ပုဂ္ဂိုလ်ကြီးတွေ ရှိနေမလဲ ဆိုတာ မပြောနိုင်ဘူး။ ငါ သူ့ကို မောင်းထုတ်ချင်တယ် ဆိုရင်တောင် သိပ်လွယ်မယ် မထင်ဘူး။ အဲဒီလို လုပ်မဲ့အစား...”
“...အစား ဘာလုပ်မလို့လဲ”
ကျိုးဖူရုံက သိချင်စိတ် ပြင်းပြစွာဖြင့် ဖြတ်မေးလိုက်လေသည်။
“ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲပစ်လိုက်တာက ပိုမကောင်းဘူးလား။ သူနဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ပြီး ယန်ကျစ်ဟွာ ဘက်ကနေ သူ့ကို ဆွဲခေါ်လာမယ်။ ငါ့အတွက် အလုပ်လုပ်ပေးခိုင်းမယ် ဆိုရင် ငါ နိုင်ဖို့ အခွင့်အရေး ပိုများ မသွားဘူးလား”