အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅) - ဌာနမှူးအဖြစ် ရာထူးတိုးခြင်း
ယနေ့ ကြုံတွေ့ခဲ့ရသည့် အားပြိုင်မှု အပြီးတွင် လီဟွိုင်တယ်၏ သဘောထားများ ပြောင်းလဲသွားကာ သူ့အား ကိုယ်ပိုင်လူအဖြစ် သိမ်းသွင်းရန် ရည်ရွယ်လာလိမ့်မည်ဟု ယန်ချုံး လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဝန်ကြီးဌာနမှ ခေါင်းဆောင်များနှင့် အခြားစက်ရုံများမှ ဧည့်သည်တော်များကို ပြန်လည်ပို့ဆော င်ပြီးသည်နှင့် တစ်ပြိုင်နက် ယန်ကျစ်ဟွာသည် အလယ်အလတ်အဆင့် အရာရှိများ အစည်းအဝေးကို ချက်ချင်း ခေါ်ယူလိုက်ကာ ယန်ချုံးအား ခြွင်းချက်အနေဖြင့် အထူးတက်ရောက်ခွင့် ပြုခဲ့သည်။
ဤအစည်းအဝေး၏ အဓိက ရည်ရွယ်ချက်မှာ တစ်ခုတည်းသာရှိ၏။ ၎င်းကား သံမဏိစက်ရုံအတွက် ယန်ချုံး၏ စွမ်းဆောင်မှုများကို ဂုဏ်ပြုချီးမြှင့်ရန်ပင် ဖြစ်သည်။
စက်ရုံမှူးယန်၏ မူလရည်ရွယ်ချက်မှာ ယန်ချုံး၏ လစာကို အဆင့်နှစ်ဆင့် တိုးပေးကာ ဒုတိယဌာနမှူး ရာထူး ပေးအပ်ရန် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူ၏ စိတ်ကူးတို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အဆင့်နှစ်ဆင့် တိုးပေးမည့်အစား တိုက်ရိုက် အဆင့်သုံးဆင့်အထိ တိုးမြှင့်ပေးမည် ဖြစ်သည်။
ဒုတိယဌာနမှူး ရာထူးအစား ဝယ်ယူရေး ဌာနမှူး ရာထူးကို တိုက်ရိုက် ခန့်အပ်မည် ဖြစ်သည်။ ဤမျှ အရည်အချင်း ထက်မြက်သူအား ဌာနမှူး ရာထူး မပေးအပ်ပါက တရားမျှတမှု ရှိမည် မဟုတ်ပေ။
မူလဝယ်ယူရေး ဌာနမှူးဖြစ်သူ လျိုလောင်ပန်ကိုမူ အထက်ပိုင်း ထောက်ပံ့ရေးဌာန၏ ဌာနမှူးအဖြစ် တိုက်ရိုက် ရာထူးတိုးမြှင့်ပေးခဲ့သည်။ ထို့အတူ မူလထောက်ပံ့ရေး ဌာနမှူး ဟိုလီခွေကိုလည်း စက်ရုံ ရုံးခန်း ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးကာ စက်ရုံပါတီ ကော်မတီ ခေါင်းဆောင်အဖွဲ့ အတွင်းသို့ ဝင်ရောက်စေခဲ့သည်။
စက်ရုံအတွက် ယန်ချုံး၏ ကြီးမားလှသော စွမ်းဆောင်မှုများကို အားလုံးက မျက်မြင်ကိုယ်တွေ့ သိရှိထားကြသည် ဖြစ်ရာ စက်ရုံမှူးယန်၏ အဆိုပြုချက်ကို အစည်းအဝေးတွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ သူ၏ ဝယ်ယူရေး ဌာနမှူး ရာထူးသည် အလွန်အမင်း အဆင့်ကျော်လွန်သည်ဟု ဆိုနိုင်သော်ငြားလည်း အားလုံး၏ မျှော်လင့်ချက်များနှင့် ကိုက်ညီနေသည်မှာမူ အသေအချာပင် ဖြစ်၏။
ဒုတိယစက်ရုံမှူး လီဟွိုင်တယ်သည်ပင် ပုံမှန်နှင့် မတူဘဲ မည်သည့် ကန့်ကွက်သံမျှ ထွက်ပေါ်မလာခဲ့ချေ။
သူ၏ အကြောင်းရင်းကို အားလုံးက ရင်တွင်း၌ ရှင်းရှင်းလင်းလင်း သိရှိနေကြသည်။ ကျိုးချီ၏ ယခု ပြဿနာရှာမှုသည် မည်သည့် ရလဒ်မျှ ထွက်ပေါ် မလာခဲ့သည့်အပြင် လီဟွိုင်တယ်၏ အင်အားစုကို ပိုမိုကြီးမားသော အကြပ်အတည်းဆီသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ စက်ရုံမှူးယန်၏ အင်အားချဲ့ထွင်လာမှုကို ရင်ဆိုင်ရချိန်၌ သူသည်လည်း ယာယီအားဖြင့် အံကြိတ်သည်းခံရန်သာ ရွေးချယ်နိုင်ခဲ့တော့သည်။
မည်သို့ပင် ဆိုစေကာမူ ယခုအခြေအနေတွင် ကျိုးချီကို ကာကွယ်ပေးထားနိုင်ခဲ့သည်ကပင် လွန်စွာ ကံကောင်းနေပြီ ဖြစ်သည်။
သေချာသည်မှာ ဤရာထူးခန့်အပ်မှု သုံးခုစလုံးကို ဝန်ကြီးဌာနထံ တင်ပြရန် လိုအပ်နေသေးပြီး ဝန်ကြီးဌာနမှ အတည်ပြုပြီးမှသာ တရားဝင် ကြေညာနိုင်မည် ဖြစ်သည်။ သို့ရာတွင် ၎င်းမှာ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခြင်းမျှသာ ဖြစ်ပြီး အချိန်ကာလ တစ်ခုသာ လိုအပ်တော့ကြောင်းကို အားလုံးက ကောင်းစွာ သိရှိထားကြသည်။
ယခုဆိုလျှင် ယန်ချုံးသည် သံမဏိစက်ရုံ သမိုင်းတစ်လျှောက်၌ အသက်အငယ်ဆုံးနှင့် ရာထူးတိုး အမြန်ဆုံး ဌာနမှူးအဆင့် အရာရှိတစ်ဦး ဖြစ်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။
ဌာနသို့ ပြန်လည် ရောက်ရှိလာသောအခါ သတင်းကြိုရထားသည့် လုပ်ဖော်ကိုင်ဖက်များက တစ်ယောက်ပြီးတစ်ယောက် လာရောက် ဂုဏ်ပြုကြလေသည်။ အကယ်၍ အခြား တစ်ဦးတစ်ယောက်သာ ဤဌာနမှူး ရာထူးကို ရရှိခဲ့ပါက သူတို့၏ စိတ်အစဉ်တွင် မကျေမနပ် ဖြစ်ကာ မနာလို ဝန်တိုမှုများ ဖြစ်ပေါ်လာနိုင်ပေသည်။ သို့သော် ယန်ချုံး၏ စွမ်းဆောင်နိုင်ရည်များကိုမူ အားလုံးက မျက်မြင်ကိုယ်တွေ့ သိရှိထားကြသောကြောင့် လူတိုင်းက ကြည်ကြည်ဖြူဖြူပင် လက်ခံကြသည်။
ထို့ထက်ပို၍ ယန်ချုံး၏ လုပ်ဆောင်ချက်များကြောင့် သူတို့ကိုယ်တိုင်လည်း အကျိုးခံစားခွင့်များ ရရှိခဲ့ကာ အလုပ်တာဝန်များစွာ သက်သာသွားခဲ့သည်။ ယခင်က ဝယ်ယူရေးဌာနမှာ အစည်းအဝေးတိုင်း၌ ခေါင်းဆောင်များ၏ နာမည်တပ် ဝေဖန်မှုများကို နေ့စဉ်နှင့်အမျှ ခံခဲ့ရသော်လည်း ယခုအခါတွင်မူ နေ့စဉ်နေ့တိုင်း ချီးမွမ်းခံရသည့် စာရင်းဝင် ဖြစ်နေပြီ ဖြစ်သည်။
ဝယ်ယူရေး ဌာနတစ်ခုတည်း သာမကတော့ဘဲ ယခုအခါတွင် စက်ရုံတစ်ရုံလုံးရှိ အလုပ်သမား အားလုံးနီးပါး ယန်ချုံးကို သိရှိနေကြပြီ ဖြစ်သည်။
ယန်ချုံး စက်ရုံ ဂိတ်ပေါက်သို့ ရောက်ရှိသွားချိန်တွင် လုံခြုံရေးဌာနမှ လူများက အပြေးအလွှား ထွက်လာကာ နှုတ်ဆက်ကြလေသည်။
“ဌာနမှူးယန်... အပြင်သွားမလို့လား”
ယန်ချုံး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ပြန်ပြောလိုက်သည်။
“မနောက်ကြပါနဲ့... ဌာနမှူးတို့ ဘာတို့နဲ့... သေချာသေးတာလည်း မဟုတ်ဘဲနဲ့”
အားလုံးက ဝိုင်းဝန်း ရယ်မောလျက် ဆိုကြသည်။
“အစောနဲ့ အနှောင်းပါပဲ။ ဌာနမှူးယန်... ဒီတစ်ခါတော့ သေချာပေါက် ဒကာခံရမယ်နော်”
ယန်ချုံးက လက်ကာပြရင်း အာမခံလိုက်လေသည်။
“သေချာပေါက် ကျွေးပါ့မယ်... ကျွေးပါ့မယ်”
ပြောပြောဆိုဆိုဖြင့် စက်ရုံ ဂိတ်ပေါက်မှ ထွက်လာခဲ့ပြီးနောက် ချန်ရွှယ်ရူ၏ အထည်ဆိုင်သို့သွားကာ အဝတ်အစားများ အရောင်းအဝယ် မည်သို့ ရှိနေသည်ကို သွားရောက် ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် စက်ရုံ ဂိတ်ပေါက်၌ အချိန်အတော်အတန်ကြာ ရပ်တန့်ထားသော ဂျစ်ကားတစ်စီး၏ တံခါးမှာ ရုတ်တရက် ပွင့်လာပြီး ကားပေါ်မှ လူတစ်ယောက် ခုန်ဆင်းလာကာ လှမ်းပြောလိုက်သည်။
“ရှောင်ယန်... မင်း ထွက်လာမဲ့အချိန်ကို ငါစောင့်နေရတာ တော်တော်တောင် ကြာနေပြီကွ”
ယန်ချုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ထိုသူ့အား အတော်လေး ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ဖက်လူက အမြန်ပင် သတိပေးလိုက်သည်။
“မင်း မေ့သွားပြီလား။ ငါတို့ အခုနကပဲ ကန်တင်း ဂိုဒေါင်မှာ တွေ့ခဲ့ကြသေးတယ်လေ”
ထိုအခါမှသာ ယန်ချုံး သတိဝင်လာတော့သည်။ လာရောက် လေ့လာကြသော ခေါင်းဆောင်များအထဲတွင် ဤလူအား သူ တကယ်ပင် တွေ့ခဲ့ဖူးပေသည်။
ထိုလူက ဆက်လက်၍ မိတ်ဆက်လာသည်။
“ငါက လျိုဖုန်းလေ။ နံပါတ် (၁) သံမဏိစက်ရုံရဲ့ စက်ရုံမှူး”
ပြောရင်းဆိုရင်း လက်နှစ်ဖက်ကို ကမ်းပေးလာရာ ယန်ချုံးကလည်း ကမန်းကတမ်း လက်ဆွဲနှုတ်ဆက်ပြီး မေးလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်… စက်ရုံမှူးလျို။ ဒါနဲ့... ဘာကိစ္စများ ရှိလို့လဲ”
လျိုဖုန်းက ပြန်ဖြေသည်။
“ရှောင်ယန်... ငါက မင်းကို ဒီမှာ သီးသန့် လာစောင့်နေတာကွ။ နှစ်နာရီတောင် ရှိသွားပြီ”
တကယ်တော့ လျိုဖုန်းနှင့် လူကြီးမင်းတို့အဖွဲ့ သံမဏိစက်ရုံမှ ပြန်လည် ထွက်ခွာလာပြီးနောက် သူက အကြောင်းပြချက် တစ်ခုပေးကာ ကားပေါ်မှ ဆင်းကျန်ရစ်ခဲ့သည်။ ထို့နောက် သူ၏ စက်ရုံသို့ ဖုန်းဆက်၍ ကားဆရာကို ကားလာပို့ခိုင်းပြီးနောက် ကားထဲတွင် ထိုင်ကာ သံမဏိစက်ရုံ ဂိတ်ပေါက်၌ ယခုအချိန်တိုင်အောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ယန်ချုံး ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းရန်ပင် ဖြစ်၏။
“စက်ရုံမှူးလျို… ခင်ဗျားစကားကြောင့် ကျွန်တော် တော်တော်လေး အံ့အားသင့်သွားရပါတယ်။ ကျွန်တော့်ဆီလာတာ ဘာကိစ္စများ ရှိလို့လဲ”
ယန်ချုံးမှာ စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိနေသော်ငြားလည်း နှုတ်မှ ထုတ်ဖော် မပြောခဲ့ပေ။
လျိုဖုန်းက ဘယ်ညာသို့ အကဲခတ်ကြည့်လိုက်ပြီး ဆိုသည်။
“ဒီမှာ စကားပြောရတာ သိပ်အဆင်မပြေဘူး။ အရင်ဆုံး ကားပေါ်တက်ရအောင်ကွာ”
ယန်ချုံးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်ကာ ကားပေါ်သို့ လိုက်ပါသွားခဲ့သည်။ ကားပေါ်ရောက်သည်နှင့် လျိုဖုန်းက ကားဆရာအား ညွှန်ကြားလိုက်လေသည်။
“ချန်မန် အရက်ဆိုင်လေးကို မောင်းကွာ”
“စက်ရုံမှူးလျို... ဒီမှာပြောလို့ မရတဲ့ ကိစ္စများရှိလို့လား”
ယန်ချုံးက မေးလိုက်သည်။
လျိုဖုန်းက တဟားဟား ရယ်မောလိုက်ပြီး ပြန်ပြောသည်။
“ဒီမှာ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ငါရဲ့ စေတနာကို ဖော်ပြရာ မရောက်ဘူးလေကွာ။ ရှောင်ယန်... စိတ်ချစမ်းပါ။ ငါ လျိုဖုန်းက ဘယ်လိုပဲပြောပြော စက်ရုံတစ်ရုံရဲ့ စက်ရုံမှူးပဲ။ မင်းကို သေချာပေါက် ဒုက္ခမပေးပါဘူးကွာ”
ထို့နောက်တွင်တော့ ယန်ချုံးလည်း ဆက်လက်၍ မေးခွန်းထုတ် မနေတော့ဘဲ ချန်မန်လမ်းမကြီးပေါ်ရှိ အရက်ဆိုင်လေး တစ်ခုရှေ့သို့ ကားဆိုက်ရောက်သွားသည်အထိ ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။
ထိုအချိန်၌ နံနက် ဆယ့်တစ်နာရီ ထိုးလုနီးပါး ရှိနေပြီဖြစ်ကာ အရက်ဆိုင်အတွင်းတွင် ဧည့်သည် သုံးလေးငါးယောက်ခန့် အရက်သောက်နေကြသည်။ သူတို့၏ စားပွဲရှေ့၌ အမြည်းဟင်းလျာ များများစားစား မရှိလှဘဲ အလွန်ဆုံး မြေပဲလှော် တစ်ပန်းကန် သို့မဟုတ် မုန်လာဥခြောက် ဆားနယ် တစ်ပန်းကန်မျှ သာရှိပြီး အရက်ကိုသာ ဇိမ်ခံသောက်သုံး နေကြခြင်း ဖြစ်သည်။
လျိုဖုန်းက ယန်ချုံး အားခေါ်ဆောင်၍ တံခါးပေါက်မှ ဝင်လာသည်နှင့် အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြုံးရွှင်စွာဖြင့် လာရောက် ကြိုဆိုလေသည်။
“အို... ဒါ စက်ရုံမှူးလျို မဟုတ်လား။ ဒီနေ့ တနင်္ဂနွေနေ့လည်း မဟုတ်ဘဲ ဘယ်လိုဖြစ်လို့ အရက်လာသောက်ဖို့ အားနေရတာလဲ”
လျိုဖုန်းက ပြုံးလျက် မှာလိုက်သည်။
“ဆိုင်ရှင် ဟွေ့ကျိန်း... ငါက ဧည့်သည်တော်နဲ့ ကိစ္စလေး နည်းနည်း ပြောစရာရှိလို့လေ။ မင်းဆီက အရက်က စစ်မှန်း သိလို့ ဒီကို တမင်သက်သက် လာခဲ့တာ။ ငါတို့ကို အရက်ကောင်းကောင်းလေး ချပေးဦးနော်”
ဆိုင်ရှင် ဟွေ့ကျိန်း ဟုတ်လား။
ချန်မန် အရက်ဆိုင်လေး...
ရွှီဟွေ့ကျိန်း များလား။
ယန်ချုံးမှာ ထိုနာမည်ကို သတိရသွားပြီး ချန်ရွှယ်ရူကိုပါ တွဲဖက်တွေးတော မိလိုက်သောအခါ ကြည့်ရသည်မှာ ဤအမျိုးသမီးက ရွှီဟွေ့ကျိန်း အစစ်အမှန် ဖြစ်ပုံရပေသည်။
ရွှီဟွေ့ကျိန်းမှာ ဖြူဖြူစင်စင် သန့်သန့်ပြန့်ပြန့်လေး ဖြစ်ပြီး အသက်အားဖြင့် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့် ချန်ရွှယ်ရူနှင့် ရွယ်တူခန့်ရှိမည် ဖြစ်သော်ငြားလည်း သူတို့နှစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးမှာ လုံးဝကို ကွဲပြား ခြားနားလှသည်။ ချန်ရွှယ်ရူက ခေတ်ဆန်ကာ ဆွဲဆောင်မှု ရှိသော်လည်း ရွှီဟွေ့ကျိန်းကမူ တည်ငြိမ်ရင့်ကျက်ပြီး ရိုးသားပွင့်လင်းသည့်ဟန် ရှိသည်။ ၎င်းမှာ လုံးဝကို ကွဲပြားခြားနားသော အလှတရား နှစ်မျိုးပင်တည်း။
ရွှီဟွေ့ကျိန်းက တခစ်ခစ် ရယ်မောလိုက်ပြီး ဖြေသည်။
“စက်ရုံမှူးလျိုကတောင် မှာနေမှတော့ အရက်ကောင်းကောင်း ဖြစ်ရမှာပေါ့။ ကျွန်မ အကောင်းဆုံး လောင်ပိုင်ကန် အရက်နှစ်အိုး ခပ်ပြီး နွေးသွားအောင် လုပ်ပေးမယ်နော်”
လျိုဖုန်းက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
“အေး... ဒါနဲ့ အရက်မြည်းဖို့ ဟင်းလျာလေး တစ်ပွဲ နှစ်ပွဲလောက် ချပေးပါဦး။ ငါ့ဧည့်သည်က ဧည့်သည်တော်မို့လို့ မြေပဲလှော်လေးနဲ့တော့ လာမလိမ်နဲ့နော်”
ဤတစ်ကြိမ်တွင် ရွှီဟွေ့ကျိန်းမှာ မရယ်တော့ဘဲ အခက်တွေ့သွားသည့်ဟန်ဖြင့် ပြောပြသည်။
“စက်ရုံမှူးလျိုရယ်... ရှင်ကလည်း ကျွန်မကို အကြပ်ရိုက်အောင် လုပ်နေပြန်ပါပြီ။ ကျွန်မ ရှင့်ကို လိမ်နေတာ မဟုတ်ရပါဘူး။ ဒီမှာ တကယ်ကို ဘာအမြည်းမှ မရှိတာပါ။ ဘာမှလည်း မတတ်နိုင်ဘူးလေ။ အခုက ဘာမှ ဝယ်လို့မှ မရတာကိုး။ ဒီမြေပဲနဲ့ မုန်လာဥခြောက်လေးတောင် ကျွန်မ နယ်ဘက်ကနေ ဈေးကြီးပေးပြီး ဝယ်ထားရတာပါ”
လျိုဖုန်းက ယန်ချုံးဘက်သို့ လှည့်ကြည့်ကာ အနေရခက်စွာဖြင့် ခေါင်းခါလိုက်ပြီး ဆိုသည်။
“ဆိုင်ရှင် ဟွေ့ကျိန်းရာ... မင်းက ငါ့ဧည့်သည်တော်ရှေ့မှာ ငါ့ကို မျက်နှာပျက်အောင် လုပ်နေတာပဲ။ ထားပါတော့လေ... မြေပဲလှော်လည်း မြေပဲလှော်ပေါ့။ အရက်ကတော့ သေချာပေါက် အကောင်းစား ပေးရမယ်နော်”
“ဟုတ်ကဲ့ပါ... စက်ရုံမှူးလျို စိတ်ချလက်ချသာ နေပါ။ အကယ်လို့ အရက်မကောင်းရင် ကျွန်မဆိုင် ဆိုင်းဘုတ်ကိုသာ လာရိုက်ချိုးလိုက်တော့”
ရွှီဟွေ့ကျိန်းက ပြောရင်းဆိုရင်း ယန်ချုံးအား စပ်စုသည့် အကြည့်ဖြင့် အကဲခတ်ကြည့်လိုက်သည်။
လျိုဖုန်း ကဲ့သို့သောလူ ဖိတ်မည့် ဧည့်သည်တော်မှာ မည်သို့သော ပုဂ္ဂိုလ်ကြီး ဖြစ်မည်ကို သူမ သိချင်နေခဲ့သော်ငြားလည်း တစ်ချက် အကဲခတ် ကြည့်လိုက်မိချိန်တွင်မူ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေး တစ်ယောက်သာ ဖြစ်နေသည်အား အံ့သြဖွယ်ရာ တွေ့လိုက်ရလေသည်။