← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) - ဝမ်းတွင်း ကလီစာ တစ်စုံ ပေးမည်

ယခု တစ်ကြိမ်တွင်မူ ရွှီဟွေ့ကျိန်း တစ်ယောက် အတော်လေး အံ့သြမှင်သက် သွားရလေသည်။

နိုင်ငံပိုင် သံမဏိစက်ရုံအမှတ် (၁) ၏ စက်ရုံမှူးဖြစ်သူ လျိုဖုန်းနှင့် ရင်းနှီးကျွမ်းဝင်သူများမှာ ပုံမှန်အားဖြင့် မျက်နှာကြီးပိုင်း လူကြီးလူကောင်းများသာ ဖြစ်ကြသည် မဟုတ်ပါလော။ သို့ပါလျက်နှင့် သူပြောနေသည့် အထူးဧည့်သည် ဆိုသူမှာ အသက်နှစ်ဆယ် စွန်းစွန်းအရွယ် လူငယ်လေး တစ်ဦးသာ ဖြစ်နေသည်။ ဤလူငယ်လေးသည် မည်သည့် အရာရှိကြီး၏ အိမ်တော်မှ သခင်လေးများ ဖြစ်နေလေမလား။

ထို့ကြောင့် ရွှီဟွေ့ကျိန်းလည်း ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ အကောင်းစား အရက်နှစ်အိုးကို ခပ်သွက်သွက် သွားရောက် နွှေးလိုက်သည်။ ထို့နောက် မြေပဲဆန်နှင့် မုန်လာဥခြောက်တို့ကို အမြည်းအဖြစ် ပြင်ဆင်ပေးလိုက်လေသည်။ အကယ်၍ အခြားဧည့်သည်များသာ ဆိုလျှင် ဤအမြည်းနှစ်မျိုးထဲမှ တစ်မျိုးကိုသာ ရရှိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုကာလသည် အရက်မြည်းရန် ဟင်းလျာများ ဝယ်ယူရ ခက်ခဲလှသော အချိန်ဖြစ်သည့်အတွက် ဧည့်သည်များ၏ ညည်းညူသံများကို သူမ တစ်နေကုန် နားလည်ပေးနေရသောကြောင့်ပင်။

စားပွဲဝိုင်းဘက်တွင်တော့ အရက်နှင့် အမြည်းများ ရောက်ရှိလာသည်အထိ အတော်အတန်ကြာ စောင့်ဆိုင်းလိုက်ရပြီးနောက် လျိုဖုန်းသည် သူ၏ လာရင်းကိစ္စကို ထပ်မံမျိုသိပ် မထားနိုင်တော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟပြောဆို လိုက်တော့သည်။

“ယန်လေး... ဦးလေးက စိတ်မြန်ကိုယ်မြန်သမားဆိုတော့ ကွေ့ဝိုက်ပြီး မပြောတော့ဘူးကွာ။ ဒီနေ့ မင်းကိုလာရှာတာ တခြားကြောင့် မဟုတ်ပါဘူး။ ငါတို့ သံမဏီစက်ရုံအတွက် စားနပ်ရိက္ခာနဲ့ ဝက်သားတချို့လောက် ရအောင် ကူညီပေးနိုင်မလား ဆိုပြီးတော့ပါ”

ထင်ထားသည့်အတိုင်း ဤရည်ရွယ်ချက်ပင် ဖြစ်နေလေသည်။ ယန်ချုံးက ချက်ချင်းပြန် မဖြေသေးဘဲ အရက်ခွက်ကို ကိုင်ကာ အကဲခတ်ကြည့် နေလိုက်သည်။ အရက်ရည်မှာ ကြည်လင်နေပြီး မွှေးပျံ့ပြင်းရှသော ရနံ့များကလည်း သင်းပျံ့နေသည်။ အနံ့ခံကြည့်ရုံမျှဖြင့် ရေတစ်စက်မျှ မရောထားသော လောင်ပိုင်ကန် အရက်စစ်စစ်မှန်း သိသာလှသည်။ ရုပ်သံဇာတ်လမ်းတွဲများထဲတွင် ရွှီဟွေ့ကျိန်းသည် ရေရောထားသော အရက်များကို မည်သည့်အခါမျှ မရောင်းချဟု ဆိုထားခြင်းမှာ သတင်းအမှား မဟုတ်ပေ။

သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ လျိုဖုန်းမှာ စိတ်အနည်းငယ် လောသွားလေသည်။

“ယန်လေး… စကားလေး တစ်ခွန်းလောက်တော့ ပြန်ပြောပါဦးကွာ။ မင်းမှာ ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစ ရှိတယ်ဆိုတာ ငါသိပါတယ်။ သံမဏိစက်ရုံကိုတောင် စားနပ်ရိက္ခာနဲ့ ဝက်သားတွေ အများကြီး ရှာပေးနိုင်သေးတာပဲ။ ငါတို့စက်ရုံတစ်ရုံအတွက် ပိုသွားတာလောက်တော့ ပြဿနာ မရှိပါဘူး။ ပြီးတော့ ငါက အများကြီးလည်း မတောင်းဆိုပါဘူးကွာ။ ဂျုံမှုန့် နှစ်တန်နဲ့ တောဝက် နှစ်ကောင်လောက် ရှာပေးရင်ကို ရပါပြီ။ ငါ့အလုပ်သမားတွေ နှစ်သစ်ကူးနေ့မှာ ကောင်းကောင်းမွန်မွန် စားရဖို့ပါပဲ။ မင်းတို့စက်ရုံကိုလည်း အထိခိုက်မခံစေရပါဘူး”

ထိုအခါမှ ယန်ချုံးက ပြုံးလိုက်ပြီး ပြောသည်။

“စက်ရုံမှူးလျို… ပွင့်ပွင့်လင်းလင်း ပြောရရင် ဂျုံမှုန့် နှစ်တန်နဲ့ တောဝက် နှစ်ကောင်ဆိုတာ ကျွန်တော့်အတွက် သိပ်ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပြီးတော့ သံမဏိစက်ရုံဘက်မှာ နွေဦးပွဲတော်အတွက် လိုအပ်တာတွေ အားလုံးကိုလည်း ကျွန်တော် ပြင်ဆင်ပြီးသွားပြီဆိုတော့ စက်ရုံအတွက် ထိခိုက်နစ်နာစရာ အကြောင်းလည်း မရှိပါဘူး”

ထိုစကားကို ကြားလိုက်ရချိန်တွင် လျိုဖုန်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်လဲ့သွားလေသည်။

“မင်း လုပ်နိုင်မယ်ဆိုတာကို ငါ ကြိုသိနေပါတယ်ကွာ။ ကဲ ပြောပါဦး… ငါ့ဆီကနေ ဘယ်လို အပေးအယူမျိုး လိုချင်တာလဲ”

ယန်ချုံး၏ စကားသွား စကားလာအရ အပေးအယူ လုပ်လိုသော သဘောရှိနေကြောင်းကို သူ ချက်ချင်း ရိပ်ဖမ်းသံဖမ်း မိလိုက်ခြင်း ဖြစ်သည်။

ယန်ချုံးက ပြောလိုက်သည်။

“စက်ရုံမှူးလျိုလည်း သိတဲ့အတိုင်းပဲ။ ဒီဂျုံမှုန့်တွေ ရဖို့ဆိုတာ မလွယ်ပါဘူး။ အဆက်အသွယ်တွေ အများကြီးသုံးပြီးမှ ရလာတာပါ။ ပြီးတော့ တောဝက်တွေ ဆိုရင်လည်း ကျွန်တော် အသက်အန္တရာယ်ကို ရင်းပြီး သွားပစ်လာခဲ့ရတာမို့လို့လေ...”

လျိုဖုန်းက ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။

“သဘောပေါက်ပြီ… ငါနားလည်တယ်။ ဒီလိုလုပ်ကွာ… ဂျုံမှုန့် တစ်ကျင်းကို သံမဏိစက်ရုံထက် တစ်မောင်း ၀.၁ ယွမ် ပိုပေးမယ်။ ဝက်သားကိုတော့ တစ်ကျင်းကို သုံးမောင်း ပိုပေးမယ်။ ဘယ်လိုလဲ”

ယန်ချုံး စိတ်ထဲမှ တွက်ဆကြည့်လိုက်သည်။ ဂျုံမှုန့် တစ်ကျင်း၊ ခန့်မှန်း အလေးချိန် ၅၀၀ ဂရမ်လျှင် တစ်မောင်း ပိုရမည်ဆိုပါက နှစ်တန်အတွက် ယွမ် လေးရာခန့် ရရှိမည် ဖြစ်သည်။ ဝက်သားက တစ်ကျင်းလျှင် သုံးမောင်းဆိုပါက ဝက်နှစ်ကောင်အတွက် ယွမ်တစ်ရာ၊ နှစ်ရာခန့် ပိုမိုရရှိမည် ဖြစ်သည်။

ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

“ရပါတယ်။ ဒီဈေးက နည်းနည်းလေးတော့ များတယ် ဆိုပေမဲ့ ကျွန်တော့်မှာလည်း တခြား ရွေးချယ်စရာ မရှိလို့ပါ။ စက်ရုံမှူးလျို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

စက်ရုံမှူးလျိုက အကြိမ်ကြိမ် ခေါင်းညိတ်ပြလေသည်။

“နားလည်ပါတယ်ကွာ… နားလည်ပါတယ်”

ယန်ချုံးက ထပ်မံ၍ စကားဆက်လိုက်သည်။

“ပြီးတော့ ဒီကိစ္စကို ခင်ဗျားဘက်ကနေ ကျွန်တော်တို့ရဲ့ စက်ရုံမှူးယန်ကို အသိပေး ပေးရပါမယ်။ သူ သိထားမှ ဖြစ်မယ်။ မဟုတ်ရင် စက်ရုံမှူးယန်က ကျွန်တော် သူ့ကွယ်ရာမှာ ခင်ဗျားနဲ့ စီးပွားရေး လုပ်တယ်လို့ ထင်ပြီး အထင်လွဲနေပါဦးမယ်”

လျိုဖုန်းက အာမခံလေသည်။

“ဒါကတော့ လုပ်ရမှာပေါ့။ ခဏနေရင် ငါကိုယ်တိုင် သွားပြောလိုက်မယ်။ မင်းကိုတော့ လုံးဝ အပြစ်အတင် မခံစေရပါဘူး”

ထိုအခါမှသာ ယန်ချုံးသည် အရက်ခွက်ကို မြှောက်လိုက်ပြီး ပြောသည်။

“ဒါဆိုရင်လည်း ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အဆင်ပြေပြေ ပြီးဆုံးသွားပြီပေါ့။ မနက်ဖြန် မနက်ပိုင်းမှာ ပစ္စည်းတွေကို ခင်ဗျားတို့ရဲ့ စားသောက်ဆောင်ကို ပို့ပေးလိုက်မယ်။ အဲဒီရောက်ရင် အလေးချိန်တွက်ပြီး ငွေရှင်းဖို့ စီစဉ်ထားလိုက်ပါ။ ကျွန်တော် ငွေသားပဲ ယူမယ်”

လျိုဖုန်းမှာ အလွန်တရာ ဝမ်းသာသွားပြီး အရက်ခွက်ကို အလျင်စလို မြှောက်ကာ တိုက်လိုက်ရင်း

“စိတ်ချပါ… ငွေသားနဲ့ပဲ ရှင်းပေးမှာပါ။ ငါတို့ အလုပ်တွေ အဆင်ပြေသွားပြီ”

ကိစ္စရပ်များမှာ တွေးထားသည်ထက် များစွာချောမွေ့ သွားခဲ့သဖြင့် လျိုဖုန်း တစ်ယောက် အတိုင်းမသိ ဝမ်းသာပျော်ရွှင် သွားကာ နောက်ထပ် အရက်နှစ်ခွက် သုံးခွက်ခန့်မျှ ထပ်မံသောက်သုံး လိုက်မိလေသည်။ ရလဒ်အနေဖြင့် အရက်နှစ်အိုးမျှ ဝင်သွားသောအခါ သူတစ်ယောက် နေရာတွင်ပင် တိုက်ရိုက် မှောက်ကျသွားတော့သည်။

စားပွဲပေါ်တွင် မှောက်နေသော လျိုဖုန်းကို ကြည့်ကာ ယန်ချုံးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။

‘ဒီလို အရက်သောက်နိုင်စွမ်းလေးနဲ့ စက်ရုံမှူး ဘယ်လိုဖြစ်လာတာလဲ။ ကိုယ်က ဒကာခံမယ်လို့ ပြောထားပြီးမှ ငွေရှင်းရမဲ့ အချိန်ကျ ဘာလို့ မှောက်သွားရတာလဲ’

ယန်ချုံး စိတ်ထဲမှ တိတ်တဆိတ် ကြိတ်တွေးလိုက်မိသည်။

မတတ်နိုင်တော့သည့်အဆုံး သူက လက်လှမ်းပြကာ လှမ်းခေါ်လိုက်ရတော့သည်။

“သူဌေးမ... ပိုက်ဆံရှင်းမယ်”

ရွှီဟွေ့ကျိန်းသည် အပြုံးလေးဖြင့် ချက်ချင်း လျှောက်လာကာ မေးလိုက်သည်။

“သောက်လို့ ပြီးသွားကြပြီလား။ ဘယ်လိုလဲ… ဒီဆိုင်က အရက်ကို သဘောကျရဲ့လား”

ယန်ချုံးက ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။

“ကောင်းပါတယ်။ အရက်အရသာက စစ်ပြီး သောက်ရတာ အတော်လေး ကောင်းတယ်။ ဒါနဲ့ စုစုပေါင်း ဘယ်လောက်ကျလဲ”

ထိုသို့ဆိုကာ အိတ်ကပ်ထဲမှ ငွေထုတ်၍ ရှင်းရန် ပြင်လိုက်သည်။

သို့ရာတွင် ရွှီဟွေ့ကျိန်းက ပြုံးလျက် ဆိုလိုက်လေသည်။

“ဧည့်သည်တော် သဘောကျတယ် ဆိုရင်ပဲ ကျေနပ်ပါပြီ။ ဒီအရက်ကို ကျွန်မပဲ ဒကာခံပါရစေ”

ဤကဲ့သို့ ပြောလာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

ထိုအခါ ယန်ချုံး အနည်းငယ် ကြောင်အ သွားပြီး ပြောလိုက်သည်။

“ဒါက ဘယ်ကောင်းမလဲ။ ခင်ဗျားလည်း အရင်းအနှီး သေးသေးလေးနဲ့ လုပ်ရတာ ဆိုတော့ အကုန်အကျ မခံခိုင်းနိုင်ပါဘူး”

ပြောပြောဆိုဆိုနှင့်ပင် တစ်ယွမ်တန် ငွေစက္ကူအချို့ကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ဤမျှဆိုလျှင် လောက်ငလောက်မည်ဟု စိတ်ထဲမှ တွက်ဆထားသောကြောင့်ပင်။ သို့သော် ရွှီဟွေ့ကျိန်းက ခေါင်းရမ်းလျက် ငွေကို ပြန်တွန်းပေးလာကာ ဆိုလေသည်။

“အစ်ကိုလေး... ကျွန်မ အားနာလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒီအရက်ဝိုင်းကို တကယ်ပဲ ကျွန်မ တိုက်တာပါ”

ယန်ချုံးက နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူမက အသံကို နှိမ့်ချကာ တိုးတိုးလေး ပြောလာသည်။

“အစ်ကိုလေး… အခုနက ရှင်နဲ့ စက်ရုံမှူးလျိုတို့ ပြောနေကြတာကို ကျွန်မ ကြားလိုက်မိတယ်။ ရှင်က သူတို့ သံမဏိစက်ရုံအတွက် စားနပ်ရိက္ခာနဲ့ ဝက်သားရအောင် ကူညီပေးနိုင်တယ်ဆိုတာ ဟုတ်ပါသလား”

ထိုအခါမှ ယန်ချုံး တစ်စုံတစ်ရာကို ရိပ်စားမိသွားလေသည်။ ဤအရက်ကား အလကားတိုက်ခြင်း မဟုတ်ချေ။

ရွှီဟွေ့ကျိန်းမှာ သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ မျက်နှာလေး အနည်းငယ် နီရဲသွားကာ ရှက်ရွံ့စွာဖြင့် တောင်းပန်စကား ဆိုလေသည်။

“ကျွန်မက မတော်တဆ ကြားသွားရုံပါ။ သိပ်ပြီး စိတ်ထဲမထားပါနဲ့နော်”

ယန်ချုံးကမူ စိတ်ထဲတွင် ကြိတ်တွေးလိုက်သည်။

‘တမင်တကာ ကြားတာလား… မတော်တဆ ကြားတာလား ဆိုတာ အရေးကြီးလို့လား။ အချုပ်ပြောရရင် ခင်ဗျားက ကျွန်တော့် ဝက်သားကို မျက်စိကျနေတာပဲလေ’

ရွှီဟွေ့ကျိန်းက စကားဆက်လိုက်သည်။

“အစ်ကိုလေးရယ်… ပြောရတာ အားနာပေမဲ့ ရှင်လည်း အခုနက မြင်တဲ့အတိုင်းပါပဲ။ ကျွန်မ့ဆိုင်က အရောင်းအဝယ်က အေးတိအေးစက်နဲ့မို့လို့ မကြာခင် ဆိုင်ပိတ်ရတော့မဲ့ အခြေအနေ ရောက်နေပါပြီ”

“ကျွန်မ ရောင်းတဲ့ အရက်တွေက မကောင်းဘူး ဆိုရင်လည်း လက်ခံလို့ ရပါသေးတယ်။ ဒါပေမဲ့ ကျွန်မ ရောင်းတဲ့ အရက်တွေက အရက်ချက် စက်ရုံကနေ သီးသန့် သွားယူထားတာပါ။ ရေတစ်စက်မှ မရောထားလို့ ဧည့်သည်တွေကလည်း သောက်ရတာ ကြိုက်ကြတယ်။ ဒါပေမဲ့ အရက်ချည်းပဲ သောက်နေလို့တော့ အဆင်မပြေဘူးလေ။ သောက်ဖို့အတွက် အမြည်းလေး ဘာလေး ရှိမှရမှာ မဟုတ်ဘူးလား”

“ကျွန်မ နည်းလမ်းပေါင်းစုံ သုံးကြည့်ခဲ့ပေမဲ့ အများဆုံး ဝယ်နိုင်တာက မုန်လာဥနဲ့ ဂေါ်ဖီထုပ်တွေလောက်ပါပဲ။ အရက်မြည်းဖို့က လုံးဝ အဆင်မပြေဘူးလေ။ အရက်နဲ့ အသားက ခွဲခြားလို့ မရဘူးလို့ ဆိုရိုးစကား ရှိတယ်လေ။ အသားလေး နည်းနည်းပါးပါးသာ ရမယ်ဆိုရင် ကျွန်မရဲ့ ဒီအရက်တွေ ရောင်းမထွက်မှာကို ပူစရာလိုဦးမလား”

ထိုနေရာအထိ ပြောပြီးနောက် ရွှီဟွေ့ကျိန်းက ယန်ချုံးကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် တုံ့ပြန်မှုမျှ မတွေ့ရသောအခါ သူမက ဆက်လက်ပြောဆိုရန် အားတင်းလိုက်လေသည်။

“အစ်ကိုလေး... ကျွန်မကို ဝက်သား အများကြီး ပေးနိုင်မယ်လို့ မမျှော်လင့်ရဲပါဘူး။ ရှင်ဆီကနေ လူတွေ သိပ်မလိုချင်တဲ့ ဝက်ကလီစာတွေ... ဥပမာ ဝက်အူမကြီး၊ ဝက်အသည်း၊ ဝက်နှလုံး၊ ဝက်ခေါင်း၊ ဝက်နားရွက် စတာတွေလောက် ရရင်ပဲ ကျေနပ်ပါပြီ။ စိတ်ချပါ… မှောင်ခိုဈေးမှာ ဘယ်လောက် ဈေးပေါက်လဲ။ အဲဒီဈေးအတိုင်း ရှင်းပေးပါ့မယ်။ အဲလို အဆင်မပြေဘူး ဆိုရင်လည်း ရှင်သာ ဈေးတစ်ခု တောင်းလိုက်ပါ”

ယန်ချုံးသည် အတော်အတန် ကြာသည်အထိ နှုတ်ဆိတ်နေခဲ့သော်လည်း သူ၏ ဦးနှောက်ထဲတွင်တော့ စဉ်းစားချင့်ချိန်လျက် ရှိနေလေသည်။

ရွှီဟွေ့ကျိန်းမှာမူ သူ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည်ဟု ထင်မှတ်သွားကာ ဆက်ပြောလိုက်သည်။

“ပြီးတော့ အစ်ကိုလေး... တခြားလူတွေ သိသွားမှာကိုလည်း မစိုးရိမ်ပါနဲ့။ ကျွန်မ ရွှီဟွေ့ကျိန်း ဆိုတာ အလုပ်လုပ်ရင် သစ္စာတရားကို အမြဲ ရှေ့တန်းတင်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက် လာစစ်ဆေးရင်တောင် ကျွန်မက တာဝန် အကုန်လုံးကို ယူမှာပါ။ ရှင်ဆီက ဝယ်တယ် ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ပါဘူး”

ဤစကားတစ်ခွန်းကပင် ယန်ချုံး၏ စိတ်ကို ဆွဲဆောင်သွားနိုင်ခဲ့လေသည်။ သူက ခေါင်းညိတ်လိုက်ပြီး ဆိုလေသည်။

“ရပြီ… ခင်ဗျားရဲ့ ဒီစကားတစ်ခွန်းကြောင့် ကျွန်တော် စိတ်ချသွားပါပြီ။ ဒီလိုလုပ်မယ်… နေ့တိုင်း ခင်ဗျားကို ဝက်ကလီစာ တစ်စုံစီ ပေးမယ်… လောက်လား။ ဝက်ခေါင်း၊ ဝက်ခြေထောက်၊ အူ စတာတွေ အစုံပါမယ်”

“လောက်တယ်… လောက်ပါတယ်”

သူ ဤမျှ မြန်မြန်ဆန်ဆန် သဘောတူလိမ့်မည်ဟု ရွှီဟွေ့ကျိန်း ကြိုတင် မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် တစ်ခွန်းတည်းနှင့်ပင် ကလီစာ တစ်စုံလုံး ပေးမည်ဟု ဆိုလာသောကြောင့် ရုတ်တရက် အလွန်တရာ စိတ်လှုပ်ရှားသွားကာ သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားတော့သည်။

“အစ်ကိုလေးရယ်... ဝက်ကလီစာ တစ်စုံဆိုရင်ကို လုံလောက်နေပါပြီ။ ရှင့်ကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမလဲသာ ပြောပါတော့”

All Chapters