အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) - မင်း ကျားမိသားစုကို ပစ္စည်းတွေ ထပ်ပေးပြန်ပြီလား
ယန်ချုံးက လက်ကာပြကာ ငြင်းဆန်လိုက်ရင်း ဆိုလေသည်။
“သူဌေးမ ဟွေ့ကျိန်းကလည်း… အားနာစရာကြီး။ ဝက်ကလီစာတွေပဲဟာကို။ ဘာပဲဖြစ်ဖြစ် စက်ရုံကိုလည်း ပို့မှာ မဟုတ်တော့ ကျွန်တော်တစ်ယောက်တည်း ဘယ်လိုလုပ် ကုန်အောင်စားနိုင်မှာလဲ”
ထို့နောက် စားပွဲပေါ်တွင် မှောက်ခုံအိပ်ပျော်ကာ အမူးမပြေသေးသော လျိုဖုန်းအား မျက်မှောင်ကျုံ့လျက် ကြည့်ပြီး မေးမြန်းလိုက်သည်။
“အချိန်လည်း မစောတော့ဘူး၊ ကျွန်တော် ပြန်ရတော့မယ်။ ဒီစက်ရုံမှူးလျိုကိုကော ဘယ်လိုလုပ်မလဲ”
ရွှီဟွေ့ကျိန်းကလည်း ချက်ချင်းပင် ပြန်ဖြေလေသည်။
“သူ့ကို ကျွန်မဆီပဲ ထားခဲ့လိုက်ပါ။ ကောင်လေးတစ်ယောက်ကို ခေါ်ပြီး အနောက်ဘက်မှာ သွားနားဖို့ တွဲပို့ခိုင်းလိုက်မယ်။ အမူးပြေမှပဲ ပြန်လွှတ်လိုက်တော့မယ်လေ”
“ဒါဆိုလည်း ကောင်းတာပေါ့”
ထို့သို့ဆိုကာ ယန်ချုံးက ခေါင်းညိတ်လျက် နေရာမှ ထရပ်လိုက်သည်။
“ဒါဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူးနော်။ ဒီတစ်ခေါက် တိုက်ကျွေးတဲ့အတွက် သူဌေးမ ဟွေ့ကျိန်းကို ကျေးဇူးတင်ပါတယ်”
ယန်ချုံးက နှုတ်ဆက်လိုက်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သူဌေးမ ရွှီဟွေ့ကျိန်းအနေဖြင့် အရက်ဖိုးကို အလျဉ်း လက်ခံမည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားသဖြင့် အပေါ်ယံ ဟန်ဆောင်ပန်ဆောင် ငြင်းဆန် မနေတော့ချေ။
ရွှီဟွေ့ကျိန်းက သူ့အား တံခါးဝတိုင်အောင် လိုက်ပါပို့ဆောင်ပေးရင်း မေးမြန်းရန်လည်း မမေ့လျော့ခဲ့ပေ။
“ဒါနဲ့ မောင်လေးရေ... ပစ္စည်းတွေကို ဘယ်တော့လောက် ပို့ပေးနိုင်မလဲ”
ယန်ချုံးက ပြန်မေးလိုက်သည်။
“မနက်ဖြန် မနက်ပေါ့။ လူကြုံနဲ့ ပို့ခိုင်းလိုက်မယ်။ ဒါပေမဲ့ မနက်ဖြန်က နှစ်သစ်ကူးအကြိုနေ့၊ ၃၀ ရက်နေ့ ဆိုတော့ နှစ်သစ်ကူးကြီးမှာ အစ်မ အရက်ဆိုင်က ဖွင့်ဦးမှာလား”
ရွှီဟွေ့ကျိန်းက ဖြေလေသည်။
“နှစ်ဆန်းတစ်ရက်နေ့တော့ သေချာပေါက် ပိတ်မှာပေါ့။ ဒါပေမဲ့ တစ်ရက်ပဲ ပိတ်မှာပါ”
ထိုအခါ ယန်ချုံးက ခေါင်းညိတ် လက်ခံကာ ပြောဆိုလိုက်သည်။
“ကောင်းပါပြီ… ဒါဆို မနက်ဖြန်ကစပြီး ပို့ပေးမယ်။ သန်ဘက်ခါ တစ်ရက်နားပြီးရင် ဆက်ပို့ပေးမယ်နော်”
……………………………………………..
ယန်ချုံး ထွက်ခွာသွားပြီးနောက် ရွှီဟွေ့ကျိန်းသည် ဆိုင်တွင်းသို့ ပြန်လည် ဝင်ရောက်လာကာ အလုပ်သမားတစ်ဦးအား လျိုဖုန်းကို အနောက်ဘက်ဝင်းရှိ အခန်းတွင်းသို့ တွဲပို့စေလျက် အနားယူစေလိုက်သည်။ သူမကိုယ်တိုင်မူကား ထိုလူနှစ်ယောက် ချန်ရစ်ခဲ့သည့် စားပွဲအား ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် သိမ်းဆည်းနေလေသည်။ စားပွဲသိမ်း၍ပင် မပြီးစီးသေးမှီ လေယူလေသိမ်း နွဲ့နှောင်းလှသော အသံလေး တစ်ခု ထွက်ပေါ်လာချေသည်။
“ဟွေ့ကျိန်းရေ... ငါ့ကို ဘီယာ တစ်ခွက်နဲ့ မြေပဲဆန် တစ်ပွဲလောက် ချပေးစမ်းပါဦးဟယ်”
ရွှီဟွေ့ကျိန်းသည် နောက်သို့ လှည့်ကြည့်စရာပင် မလိုဘဲ ချန်ရွှယ်ရူ တစ်ယောက် ရောက်ရှိလာမှန်းကို ချက်ချင်း သိလိုက်သည်။
သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြသည့် သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်။ သို့သော် သူငယ်ချင်းဟု ဆိုရငြား ပြိုင်ဘက်များသဖွယ်လည်း ဖြစ်နေတတ်သည်။
အဘယ်ကြောင့်ဆိုသော် ချန်ရွှယ်ရူသည် မာနတံခွန် အလွန်ထူပူသူ ဖြစ်ပြီး အရာရာတွင် သူတစ်ပါးထက် သာလွန်ချင်သည့် စိတ်ထားရှိလေသည်။ အထူးသဖြင့် ရွှီဟွေ့ကျိန်းနှင့် ဆိုလျှင် ပို၍ပင် အပြိုင်အဆိုင် လုပ်လိုတတ်သေးသည်။
စီးပွားရေး နယ်ပယ်တွင် အပြိုင်အဆိုင် ရှိကြသလို လူမှုဘဝ ရှင်သန်မှုတွင်လည်း အလျှော့မပေးတတ်ကြပေ။ မိမိ၏ ခင်ပွန်းဖြစ်သူက အခြားမိန်းမနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားချိန်တွင်ပင် ချန်ရွှယ်ရူဘက်ကလည်း အရှုံးမပေးဘဲ သူမ၏ ခင်ပွန်းကို ပြတ်ပြတ်သားသား ကွာရှင်းပြခဲ့လေသည်။ သူတို့နှစ်ဦးကြား ကွာခြားချက်တစ်ခုမှာကား မိမိ၏ ခင်ပွန်းက မိမိအတွက် သမီးလေးတစ်ဦး ချန်ရစ်ခဲ့ပြီး ချန်ရွှယ်ရူဘက်တွင်မူ သားလေးတစ်ဦး ရှိနေခြင်းပင် ဖြစ်သည်။
ရွှီဟွေ့ကျိန်းက ပြုံးလျက် လှည့်ကြည့်ကာ မေးလိုက်သည်။
“ရွှယ်ရူ... ဒီနေ့ ဘာစိတ်ကူးပေါက်ပြီး ငါ့ဆီ အရက်လာသောက်တာလဲ။ နင်ရဲ့ ပိတ်စဆိုင်က မကြာသေးခင်က စီးပွားရေးတွေ အကြီးအကျယ် ကောင်းနေတယ်လို့ ကြားမိပါတယ်။ ဘာလို့ ဆိုင်မှာ စောင့်ပြီး ပိုက်ဆံမရှာတာလဲ”
ချန်ရွှယ်ရူကမူ နှုတ်ခမ်းကို စူထားပြီး မကျေမနပ် မျက်နှာပေးဖြင့် ဆိုသည်။
“ငါက ဘာစိတ်ကူးရှိရမှာလဲ။ စိတ်မကောင်းလို့ လာတာပေါ့။ စိတ်ချမ်းသာနေတဲ့သူက အရက်လာသောက်ပါ့မလား”
ပြောပြောဆိုဆိုနှင့် သူမရှေ့ရှိ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ဘုန်းခနဲ ထိုင်ချလိုက်ရင်း စူပုတ်ပုတ်ဖြင့် ပြောတော့သည်။
“မြန်မြန်... ငါ့ကို ဘီယာသာ ချပေးစမ်းပါ။ ငါစိတ်ညစ်နေတယ်။ အရက်သောက်ချင်တယ်ဟေ့”
ရွှီဟွေ့ကျိန်းက ဖူးခနဲ ရယ်မောလိုက်ပြီး ဆိုသည်။
“အလိုလေး... ဒါက ဘယ်သူကများ ငါတို့ရဲ့ ရွှယ်ရူလေးကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ။ ငါ့ကိုပြောစမ်း… ငါ သူ့ကို သွားရှာပြီး ဆုံးမပေးမယ်”
ချန်ရွှယ်ရူက စိတ်မပါလက်မပါဖြင့် ပြောသည်။
“နင် သွားရှာမှာကို ငါက မရက်စက်နိုင်ပါဘူး”
ရွှီဟွေ့ကျိန်းသည် အခြေအနေ တစ်ခုခု ထူးခြားနေပြီမှန်း ရိပ်စားမိလိုက်သဖြင့် ချက်ချင်းပင် အကဲခတ်လျက် တရစပ် မေးမြန်းတော့သည်။
“အာ... ငါထင်သားပဲ။ ဘယ်သူက ငါတို့ရွှယ်ရူကို ဒီလောက် စိတ်တိုအောင် လုပ်နိုင်ရတာလဲလို့။ တကယ်တော့ ရင်ထဲမှာ လူတစ်ယောက် ရှိနေတာကိုး။ မြန်မြန် ပြောစမ်းပါဦး… ဘယ်ယောက်ျားက ဒီလောက် ရက်စက်ပြီး ငါတို့ရဲ့ ပန်းလိုအလှလေး ရွှယ်ရူကို စိတ်ဆိုးအောင် လုပ်ရက်ရတာလဲ”
ချန်ရွှယ်ရူလည်း သူမ၏ စနောက်မှုကြောင့် ရယ်မောမိသွားပြီး ဆိုလေသည်။
“ငါကသာ နင်ပြောသလို တကယ် တော်နေရင် ယောက်ျားတွေရဲ့ ငြင်းပယ်တာကို ခံရပါ့မလားဟယ်”
ရွှီဟွေ့ကျိန်းက ထပ်မံ၍ အတင်းအကျပ် မေးပြန်သည်။
“မြန်မြန်ပြောစမ်းပါ။ ဘာတွေ ဖြစ်တာလဲ။ နင်က ဘယ်သူ့ရဲ့ ငြင်းပယ်တာကို ခံလိုက်ရတာလဲ။ ဘယ်သူက ဒီလောက် မျက်စိ မရှိရတာလဲ”
ချန်ရွှယ်ရူက နှုတ်ခမ်းလေး စူကာ သက်ပြင်း ချလိုက်ရင်း ဖြေရှာသည်။
“ဟူး... သူ မျက်စိ မရှိတာ မဟုတ်ပါဘူးဟယ်။ သူက အရမ်း ထူးချွန်လွန်းနေလို့ ငါ ချန်ရွှယ်ရူကို မျက်စိထဲ မထည့်တာပါ”
ရွှီဟွေ့ကျိန်းမှာ ပို၍ပင် စိတ်ဝင်စားသွားကာ ပြောသည်။
“နင်ကလည်း အမြဲတမ်း လျှို့ဝှက် မနေပါနဲ့။ အဲဒါ ဘယ်သူလဲ။ နင်ကတောင် ဒီလောက်အထိ ချီးမွမ်းနေရအောင်။ မြန်မြန်ပြောစမ်းပါ။ ငါတော့ နင့်ကြောင့် စပ်စုချင်စိတ်တွေ တားမရတော့ဘူး”
ချန်ရွှယ်ရူက ခေါင်းလေး စောင်းကာ ဆိုလေသည်။
“ပြောလည်း နင်သိမှာ မဟုတ်ပါဘူး။ ဟူး... နှမြောစရာပဲ။ နင် မမြင်ဖူးသေးလို့ပါ။ နင်သာ မြင်ဖူးရင် သေချာပေါက် သူ့ကို စွဲလမ်းသွားမှာ”
ရွှီဟွေ့ကျိန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆိုသည်။
“အလကားပါအေ။ ယောက်ျားတွေမှာ ဘာများ အကောင်းရှိလို့လဲ။ ငါကတော့ နင့်လို ယောက်ျားရူး မဖြစ်ပါဘူး”
ချန်ရွှယ်ရူက စိတ်မရှည်စွာဖြင့် လောဆော်တော့သည်။
“ယောက်ျားရူးဆိုလည်း ယောက်ျားရူးပေါ့။ သူ့အတွက်ဆို ငါ ယောက်ျားရူးအဖြစ် ခံနိုင်တယ်။ နင် ငါ့ကို မြန်မြန်သာ အရက်ချပေးစမ်းပါ။ ငါ အရက်သောက်ချင်လို့ပါဆို”
……………………………………
မိမိကြောင့် ချန်ရွှယ်ရူ တစ်ယောက် ဤနေရာတွင် အရက်သောက်ကာ အမူးဖြေနေရသည်ကို ယန်ချုံး တစ်ယောက် မသိရှာပေ။ မကြာမီ နှစ်သစ်ကူးတော့မည် ဖြစ်သဖြင့် သူ့ခေါင်းထဲတွင် လုပ်စရာ ကိစ္စဝစ္စများစွာက ပြည့်နှက်နေလေသည်။
နှစ်သစ်ကူး ပစ္စည်းများအတွက်မူ သူ ပူပန်နေစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် ဂရုစိုက်တတ်လှသော စနစ်က သူ့အတွက် လိုလေသေးမရှိ ကြိုတင်ပြင်ဆင် ပေးထားပြီးသား ဖြစ်သောကြောင့်တည်း။
မွန်းလွဲပိုင်း အိမ်ပြန်ရောက်သောအခါ သူသည် ဝမ်ကျိကော်၏ အိမ်သို့ ဂျုံမှုန့် တစ်အိတ်၊ ဆန် တစ်အိတ်အပြင် ဝက်သားနှင့် ယုန်သားများကိုပါ တကူးတက သွားရောက်ပေးပို့ခဲ့သည်။ ထိုအခါ ဝမ်ကျိကော် ဇနီးမောင်နှံမှာ အလွန်တရာ ကျေးဇူးတင်လွန်းလှသဖြင့် မျက်ရည်များပင် ဝဲတက်လာကြရှာသည်။
“ချုံးဇီရယ်... ဦးလေးနဲ့ ဒေါ်လေးက ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွယ်။ မင်း ပေးတာတွေက အရမ်းများလွန်းပါတယ်။ ငါတို့ ဒီလောက် အများကြီး မစားနိုင်ပါဘူး”
ယန်ချုံးက နွေးထွေးစွာ ပြောလိုက်သည်။
“ဦးလေးနဲ့ ဒေါ်လေး... ကျွန်တော် စားစရာ သောက်စရာ မရှိတုန်းက ဦးလေးတို့ကပဲ အမြဲ ကူညီစောင့်ရှောက်ခဲ့တာပါ။ အခု ကျွန်တော့်ဘဝ အဆင်ပြေလာပြီ ဆိုတော့ ဦးလေးတို့ကို မေ့ထားလို့ ရပါ့မလား။ မှတ်ထားပါ… ကျွန်တော်တို့က မိသားစုတစ်ခုတည်းပါပဲ။ ကျွန်တော့်ပစ္စည်းက ဦးလေးတို့ ပစ္စည်းပါပဲ”
ဝမ်ကျိကော် ဇနီးမောင်နှံမှာ မျက်ရည်များ ဝဲလျက် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ် ပြကြသည်။
ယန်ချုံး အခန်းထဲသို့ ပြန်ဝင်ရန် ပြင်စဉ် ဘေးသို့ လှည့်ကြည့်လိုက်ရာ ယန်ပုကွေ့ တစ်ယောက် အနောက်ဘက်ဝင်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ သူက ယန်ချုံးကို မြင်သည်နှင့် ပြုံးပြုံးရွှင်ရွှင်ဖြင့် လှမ်းဆိုသည်။
“ချုံးဇီ... အတော်ပဲ။ ငါလည်း မင်းကို ရှာနေတာ”
“ဦးလေးသုံး... ဘာကိစ္စရှိလို့လဲ”
ယန်ချုံးက မေးလိုက်သည်။
ယန်ပုကွေ့က ပြန်ဖြေသည်။
“ဒီလိုရှိတယ်… ကျဲချန်က ပြောတယ်။ မနက်ဖြန် နှစ်သစ်ကူး အကြိုနေ့ကျရင် ယွီလိနဲ့ သူ့မိဘတွေက အိမ်ကို ထမင်းလာစားကြဦးမယ်တဲ့”
ယန်ချုံးက ဝမ်းသာအားရ ဆိုသည်။
“ဟုတ်လား… ဒါဆိုရင် ဒီတစ်ခေါက်သာ ဘာပြဿနာမှ မရှိရင် ကျဲချန်နဲ့ ယွီလိတို့ ကိစ္စက အတည်ဖြစ်သွားပြီပေါ့”
ယန်ပုကွေ့သည် မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးရွှင်လိုက်ပြီး ရှင်းပြသည်။
“ထုံးစံအတိုင်း ဆိုရင်တော့ ဟုတ်တာပေါ့ကွာ။ ဒါပေမဲ့ ကျဲချန်က သေချာ မှာထားတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်ကလို ကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေနဲ့တဲ့။ တကယ်လို့ နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ယွီလိက သူ့ကို ဘယ်တော့မှ ပြန်လှည့်ကြည့်မှာ မဟုတ်တော့ဘူးလို့ ပြောတယ်”
ယန်ချုံးက မေးသည်။
“ဟုတ်ပါတယ်။ ဒါဆို ဦးလေးသုံး... ဒီတစ်ခေါက်လည်း ယုန်တစ်ကောင်နဲ့ ကြက်တစ်ကောင်ပဲ ပေးရမလား”
ယန်ပုကွေ့က ပြောသည်။
“ကျဲချန် ပြောတာကတော့ စိတ်ချရအောင် ဒီတစ်ခေါက် ဝက်သားတစ်တုံးပါ ပိုယူရင် ပိုကောင်းမယ်တဲ့ကွာ။ အဲ့ဒါဆို ယွီလိရဲ့ မိဘတွေဘက်ကလည်း အပြစ်ပြောစရာ ဘာမှ ရှိတော့မှာ မဟုတ်ဘူးလေ”
ယန်ချုံးက ခေါင်းညိတ် လက်ခံကာ ပြောလိုက်သည်။
“ကောင်းပါပြီ… ကျွန်တော် သိပါပြီ။ ခဏနေရင် ရှောင်ကျွမ်းကို အိမ်ကို လာပို့ခိုင်းလိုက်မယ်လေ”
……………………………………………..
ယန်ပုကွေ့သည် အထပ်ထပ် အခါခါ ကျေးဇူးတင်စကား ဆိုပြီးနောက် ထွက်သွားတော့သည်။ ယန်ချုံးက အခန်းတွင်းသို့ ပြန်ဝင်ကာ သူ လိုချင်သည့် ပစ္စည်းများကို ထုတ်ယူပြီး ယန်ရှောင်ကျွမ်းအား သွားပို့ခိုင်းရန် ပြင်ဆင်လိုက်သည်။
သို့သော် ယန်ရှောင်ကျွမ်းသည် ယွီရွှေအား ဆီကြော်မုန့်များ ကြော်ရာတွင် ကူညီပေးနေသည်ကို မြင်လိုက်ရသဖြင့် ထိုတာဝန်ကို ဟယ်ယွီရွှေထံသို့ လွှဲပြောင်းပေးလိုက်ရသည်။ ဟယ်ယွီရွှေမှာလည်း ပျင်းရိငြီးငွေ့နေချိန် ဖြစ်သဖြင့် ထိုပစ္စည်းများကို ယူကာ ပေါ့ပေါ့ပါးပါးပင် ထွက်သွားလေသည်။
မမျှော်လင့်ဘဲ တံခါးအပြင်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ရှာကျူး တစ်ယောက် ဝက်သားတစ်တုံးကို ကိုင်လျက် ကျားမိသားစု၏ အိမ်ခေါင်မိုးစွန်းအောက်သို့ ခိုးကြောင်ခိုးဝှက် လျှောက်လှမ်းသွားနေသည်ကို ပက်ပင်း မြင်တွေ့လိုက်ရသည်။
ဟယ်ယွီရွှေသည် ချက်ချင်းပင် သတိကြီးစွာဖြင့် ခြေလှမ်းကို နောက်သို့ ပြန်ဆုတ်လိုက်ပြီး လိုက်ကာ နောက်ကွယ်တွင် ရပ်ကာ မိမိ၏ တုံးအလှသော အစ်ကိုကြီး ဘာများ ထပ်လုပ်ဦးမလဲ ဆိုသည်ကို အကဲခတ် ကြည့်ရှုရန် ပြင်လိုက်သည်။
ထင်ထားသည့် အတိုင်းပင် ရှာကျူးသည် ကျားမိသားစု၏ တံခါးဝသို့ လျှောက်သွားပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုကာ မြောက်ဘက် အခန်းဆီသို့လည်း အကဲခတ် သတိထား ကြည့်လိုက်သည်။ မည်သူမျှ သတိမထားမိဟု ယူဆလိုက်သောအခါမှ လက်ဆန့်၍ တံခါးကို ခေါက်လိုက်လေသည်။ တိုတိုသုံးချက်၊ ရှည်ရှည်တစ်ချက်နှင့် အတော်လေး စည်းချက်ကျလှပေသည်။
မကြာမီပင် ကျားမိသားစုအိမ်၏ လိုက်ကာ ပင့်တက်သွားပြီး ချင်ဟွိုင်ရူ အထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။
ရှာကျူးကို မြင်သည်နှင့် ချင်ဟွိုင်ရူက အပြုံးတစ်ခု ပန်ဆင်လိုက်ကာ မေးသည်။
“ကျူးဇီ... ဘာကိစ္စရှိလို့လဲဟင်”
ရှာကျူးက ချက်ချင်းပင် တိုးတိုးနေရန် လက်ကာပြ၍ အချက်ပြလိုက်ပြီး လက်ထဲမှ ဝက်သားတုံးကို ထိုးပေးလိုက်ရင်း ဆိုသည်။
“အစ်မချင်... မကြာခင် နှစ်သစ်ကူးတော့မယ်လေ။ အသားမဝယ်ရသေးဘူးမလား။ ကျွန်တော် အခုနကပဲ ချိုးငှက်စျေးကွက်ကနေ ဝက်သားတစ်တုံး သွားဝယ်လာတာ နှစ်သစ်ကူးကျရင် ပန့်ကန့် စားဖို့အတွက် ယူသွားလိုက်ပါ”
“ကျူးဇီရယ်... အစ်မကတော့ သိပြီးသားပါ။ မင်းက အကောင်းဆုံးဆိုတာ...”
ချင်ဟွိုင်ရူက ပြောရုံသာ ရှိသေးသည်။
လှမ်းယူရန် လက်အဆန့်မှာပင် ဟယ်ယွီရွှေသည် ထပ်မံ၍ အောင့်အည်း သည်းခံ မထားနိုင်တော့ဘဲ လိုက်ကာကို ဆွဲဖွင့်ကာ အပြင်သို့ အရှိန်အဟုန်ဖြင့် လှမ်းထွက်လာခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“အစ်ကို... အစ်ကိုက တို့အိမ်က ပစ္စည်းတွေကို ချင်ဟွိုင်ရူဆီ ထပ်ပေးပြန်ပြီလား”