အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) - မိဘမဲ့နဲ့ မုဆိုးမ ဖြစ်ရတာ မိုးနတ်မင်းက ပေးတဲ့ မင်းတို့ရဲ့ ဝဋ်ကြွေးပဲ
မိမိ၏ လှုပ်ရှားမှု ဟူသမျှကို ညီမအရင်းဖြစ်သူ ဟယ်ယွီရွှေ တစ်ယောက် အကဲခတ်မိနေမည်ဟု ရှာကျူး လုံးဝ ထင်မှတ်မထားခဲ့ချေ။ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်ဖြန့်သွားကာ သူ၏ လက်ထဲမှ အသားတုံးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။
ချင်ဟွိုင်ရူမှာမူ အံ့အားသင့်သွားပြီး အရှက်ရကာ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိနိုင်တော့ဘဲ ငူငူကြီး ရပ်နေမိတော့သည်။
ဟယ်ယွီရွှေသည် ရှာကျူး လှမ်းပေးနေသော ဝက်သားတုံးကို စိုက်ကြည့်လျက် ဒေါသတကြီးဖြင့် ဤသို့ ဆိုလေ၏။
“အစ်ကို... မကြာခင် နှစ်သစ်ကူးတော့မယ်လေ။ တို့အိမ်အတွက်တောင် အသားတစ်တုံးမှ မဝယ်ရသေးဘူးနော်။ အစ်ကိုကတော့ တယ်ဟုတ်ပါလား။ ဝက်သားဝယ်ပြီး ကိုယ့်အိမ်ကိုယ် မယူလာဘဲ သူများအိမ်ကို သွားပေးနေတယ်။ နေပါဦး... အစ်ကို့အမျိုးက ဟယ်လား ဒါမှမဟုတ် ကျားလား”
ရှာကျူး၏ မျက်နှာတစ်ပြင်လုံးမှာ အရှက်သည်းလွန်းလှသဖြင့် ရဲရဲနီလာကာ အကျပ်ရိုက်စွာဖြင့် ဤသို့ ချေပလေသည်။
“နင်ကလည်းဟာ... အလကား လျှောက်ပြောမနေနဲ့။ ငါက အစ်မချင်တို့အိမ် အဆင်မပြေတာ မြင်လို့ ကူညီပေးမလို့ပါဟ”
ဟယ်ယွီရွှေသည် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ထပ်မံ ဆိုပြန်သည်။
“အဆင်မပြေတဲ့ အိမ်တွေ အများကြီး ရှိတာပဲလေ။ အစ်ကို သူများကို ကူညီတာ ငါတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ ဘာဖြစ်လို့ သူ့ကိုကျမှ ခဏခဏ ကူညီနေရတာလဲ။ အစ်ကို... ပြီးခဲ့တဲ့ အကြိမ်က ညီမနဲ့ အစ်ကိုချုံးကို ဘာကတိပေးခဲ့လဲ ဆိုတာ မမေ့နဲ့နော်။ အစ်ကိုက နေ့တိုင်း ချင်ဟွိုင်ရူနဲ့ ဒီလောက်တောင် နီးနီးကပ်ကပ် နေနေမှတော့ ဘယ်အိမ်က မိန်းကလေးက အစ်ကိုနဲ့ လာတွေ့ချင်တော့မှာလဲ။ ဘယ်သူကများ မုဆိုးမ တစ်ယောက်နဲ့ မပြတ်မသား ရှုပ်ပွေနေတဲ့လူနဲ့ အိမ်ထောင်ပြုချင်မှာလဲ”
မူလက ဝင်းအတွင်း၌ လူသူကင်းမဲ့လျက် အများစုမှာ အိမ်ထဲ၌သာ အောင်းနေကြသော်လည်း ယွီရွှေ၏ ကျယ်လောင်လှသော အော်ဟစ်သံကြောင့် လူအများမှာ အိမ်တွင်းမှ ထွက်လာကြကာ ထိုနေရာသို့ အာရုံစိုက် ကြည့်ရှုလာကြတော့သည်။
လူမြင်ကွင်းတွင် အရှက်ကွဲရသဖြင့် ချင်ဟွိုင်ရူနှင့် ရှာကျူးတို့ နှစ်ဦးစလုံး၏ မျက်နှာများမှာ ရဲရဲနီလာချေသည်။ အထူးသဖြင့် ချင်ဟွိုင်ရူမှာ အရှက်ရလွန်းလှသဖြင့် မြေကြီး ဟက်တက်ကွဲ၍သာ ဝင်သွားချင်စိတ် ပေါက်သွားကာ အသားတုံးကိုပင် လှည့်မကြည့်နိုင်တော့ဘဲ မိမိအိမ်တွင်းသို့ ခြေသုတ်တင် ပြေးဝင်သွားတော့လေသည်။
ရှာကျူးမှာ မျက်နှာပျက်သွားပြီးနောက် ယွီရွှေအား လှည့်၍ ငေါက်ငန်းရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယွီရွှေ၏ ကျောဘက်၌ ယန်ချုံး ရပ်နေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ထိုသူတို့အား သူ ပေးထားခဲ့ဖူးသော ကတိစကားကို သတိရသွားကာ ချက်ချင်းပင် မျက်နှာပူသွားပြီး ထိုဝက်သားတုံးကြီးကိုသာ လက်မှ ကိုင်ထားလျက် ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေသို့ ဆိုက်ရောက်သွားလေသည်။
ထိုခဏ၌ပင် ကျားကျန်းရှစ်သည် အိမ်တွင်းမှ အလျင်အမြန် ပြေးထွက်လာကာ ရှာကျူး၏ လက်ထဲမှ ဝက်သားတုံးကို ဆတ်ခနဲ လုယူလိုက်ပြီး ယွီရွှေအား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လျက် ဤသို့ ကြိမ်းဝါးတော့သည်။
“နင်လို ကောင်မစုတ်က ဘာတွေများ လျှောက်ဟောင်နေတာလဲ။ မုဆိုးမဖြစ်တော့ ဘာဖြစ်လဲ။ ငါ့အိမ်မှာ မုဆိုးမ နှစ်ယောက်တောင် ရှိတယ်။ နင် ဘယ်သူ့ကို ပြောတာလဲဟဲ့။ မုဆိုးမတွေက နင့်ကို ဘာသွားစော်ကားမိလို့လဲ။ တို့မိသားစုက မိဘမဲ့နဲ့ မုဆိုးမတွေချည်းမို့ ထမင်းတောင် မစားရတော့ဘူးလေ။ ဝင်းတစ်ခုတည်းမှာ အတူတူနေမှတော့ တို့ကို မကူညီသင့်ဘူးလား။ နင်လို ကောင်မစုတ်က ကိုယ်တိုင် မကူညီချင်နေပါ။ နင့်အစ်ကို ကူညီတာကိုတောင် မကြည့်နိုင်မရှုနိုင် ဖြစ်နေရသေးတယ်။ ငါပြောလိုက်မယ်... ဒီဝက်သားကို ငါတို့အိမ်က အပြတ်ယူပြီး စားမှာပဲ။ ဒီကိစ္စက နင်ပြောတာ အတည် မဟုတ်ဘူး။ နင့်အစ်ကို ပြောတာမှ အတည်ပဲ”
ထိုသို့ ပြောပြောဆိုဆိုနှင့်ပင် မြေပြင်ပေါ်သို့ တံတွေး တစ်ချက်ကို ပက်ကနဲ ထွေးချလိုက်ပြီးနောက် ဆက်လက်၍ ကြိမ်းဆဲလေသည်။
“တောက်… အနှေးနဲ့အမြန် သူများအိမ် လင်ပါရမဲ့ ကောင်မကများ ကောင်းကင်ကို ပြောင်းပြန်လှန်ချင် နေသေးတယ်။ ကောင်းကင်ကိစ္စ မြေကြီးကိစ္စ အကုန်လိုက် ပတ်သက်ပြီး အရာရာကို လိုက်စွက်ဖက်ချင်နေတယ်”
“ဟမ်...”
ယွီရွှေသည် နောက်ဆုံးတွင်တော့ အရွယ်မရောက်သေးသော ကလေးငယ် တစ်ဦးသာ ဖြစ်ပြီး ကျောင်းတက်နေဆဲ ကျောင်းသူတစ်ဦးလည်း ဖြစ်ရာ သူတစ်ပါးနှင့် ရန်ဖြစ်လေ့ရှိသူ မဟုတ်ချေ။ ထို့ကြောင့် ကျားကျန်းရှစ်၏ ရိုင်းစိုင်းလှသော ဆဲရေးတိုင်းထွာမှုများ ရှေ့တွင် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိနိုင်တော့ဘဲ မျက်ရည်များပင် ဝဲတက်လာတော့သည်။
သို့ရာတွင် ယန်ရှောင်ကျွမ်းကမူ လုံးဝ အလျှော့ပေးမည့်ပုံ မပေါ်ပေ။ သူမသည် တောရွာတွင် နေထိုင်စဉ်ကတည်းက ရွာခံ မိန်းမကြီးများနှင့် ခဏခဏ ရန်ပွဲ နွှဲခဲ့ဖူးသူပီပီ ဟယ်ယွီရွှေ တစ်ယောက် အရှိုက်ထိကာ မခံမရပ်နိုင် ဖြစ်နေသည်ကို မြင်သောအခါ ဆက်လက်၍ လက်ပိုက်ကြည့် မနေနိုင်တော့ချေ။ ချက်ချင်းပင် ယွီရွှေအား သူမ၏ ကျောဘက်သို့ ဆွဲယူကာကွယ် လိုက်ပြီး ကျားကျန်းရှစ်အား ရင်ကော့ကာ အော်ဟစ်ပြောဆို လိုက်တော့သည်။
“မိန်းကလေးဖြစ်တော့ရော ဘာဖြစ်လဲ။ မိန်းကလေးဖြစ်လည်း ဟယ်မိသားစုဝင်ပဲလေ။ ဟယ်မိသားစုဝင်က ဟယ်မိသားစုကိစ္စကို ဝင်စွက်ဖက်တာ သဘာဝကျတာပဲပေါ့။ ဒါ့အပြင် ရှင်တို့က မိဘမဲ့နဲ့ မုဆိုးမမို့လို့ ဘာဖြစ်လဲ။ မိဘမဲ့နဲ့ မုဆိုးမတွေ လောကကြီးမှာ အများကြီး ရှိတာပဲ။ ဒါပေမဲ့ ဘယ်အိမ်က မုဆိုးမမှ လူပျိုလေးတွေကို နေ့တိုင်း လိုက်မြှူဆွယ်ပြီး သူများဆီကနေ အကျွေးအမွေးကို လိမ်စား… သူများပိုက်ဆံကို လိမ်ယူပြီး သူများ မိန်းမ မရနိုင်အောင် ဒုက္ခပေးနေတာမျိုး ကျွန်မတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ အရှက်မရှိတာက အရှက်မရှိတာပါပဲ။ နေ့တိုင်း မိဘမဲ့နဲ့ မုဆိုးမ ဆိုတဲ့ ခေါင်းစဉ်ကြီး တပ်ပြီး လိုက်လိမ်စားမနေပါနဲ့။ ဟွန်း... လူကသာ စိတ်ဓာတ် မပုပ်ရင် မိုးနတ်မင်းက အမျက်ထွက်ပြီး အိမ်ဦးနတ်တွေ အကုန် သေပါ့မလား။ အခုလို မိဘမဲ့နဲ့ မုဆိုးမ ဖြစ်နေတာက မိုးနတ်မင်းက ပေးတဲ့ ဝဋ်ကြွေးပဲလေ။ ဒါကိုများ ဂုဏ်ယူစရာကြီးလို လုပ်နေသေးတယ်”
ယန်ရှောင်ကျွမ်းသည် နှုတ်ရေး ထက်မြက်လှသလို ကျေးလက်တွင်လည်း လေ့ကျင့်မှု အပြည့်အဝ ရရှိထားသူ ဖြစ်ရာ စကားတစ်ခွန်း ဟလိုက်သည်နှင့် စာစီစာကုံး ရွတ်ပြနေသည့်အလား တရစပ် စီးဆင်းသွားတော့သည်။ စကားလုံး အနည်းငယ်ဖြင့်ပင် ကျားကျန်းရှစ်ကို အရှက်ရစေကာ ဒေါသ အထွတ်အထိပ်သို့ ရောက်သွားစေလေသည်။
ကျားကျန်းရှစ်မှာ လက်ညှိုး တစ်ထိုးထိုးဖြင့် ဤသို့ အော်ဟစ်တော့၏။
“ကောင်မစုတ်... နင်က ဘာကောင်မ မို့လို့လဲဟဲ့။ ဒါ နင် စကားပြောရမဲ့ အလှည့်လား။ နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ် ကြည့်နေ…”
သို့သော် သူမ ရှေ့သို့ မတိုးရသေးမှီမှာပင် ယန်ချုံး ရုတ်တရက် ထွက်လာပြီး ယန်ရှောင်ကျွမ်းနှင့် ဟယ်ယွီရွှေတို့၏ ရှေ့မှ မားမားမတ်မတ် ကာကွယ်ရပ်တည် လိုက်ကာ သူမအား အေးစက်စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုမျှမက သူ၏ ဘေးတွင်လည်း မုန့်နယ်တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ယွီရှို့ ရပ်နေလေသည်။
ထိုမြင်ကွင်းကြောင့် ကျားကျန်းရှစ်သည် ချက်ချင်းပင် ထိတ်လန့်သွားကာ မြေပြင်ပေါ်သို့ ဘုန်းကနဲ ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် သူမ၏ ပေါင်ကို တဖြန်းဖြန်း ရိုက်ပုတ်ရင်း ငိုချင်းချလေတော့သည်။
“လောင်ကျားရေ... ရှင် မျက်စိဖွင့်ပြီး မြန်မြန် ကြည့်ပါဦးတော့။ ရှင့်မိန်းမနဲ့ မြေးကို သူများတွေက ဘယ်လောက်တောင် အနိုင်ကျင့် နှိပ်စက်နေကြပြီလဲ ဆိုတာကိုပေါ့။ တုန်းရွှီရေ... မင်း မြေအောက်ကနေ သိနေရင် ထွက်လာခဲ့ပါဦး သားရယ်။ ဒီလူတွေကို အကုန် လာခေါ်သွားပေးပါဦး”
ဤသည်ကား ကျားကျန်းရှစ်၏ ရိုးရာမပျက် ပုံမှန် အစီအစဉ်တစ်ခု ဖြစ်သော နတ်ဝိညာဉ် ပင့်ဖိတ်ခြင်း၊ ဝိညာဉ်တိုင်တည်ခြင်း ပင်တည်း။ ခေတ္တမျှ ဝိညာဉ်တိုင်တည် ငိုကြွေးပြီးနောက်တွင် သူမသည် ယီကျုံးဟိုင်အား ဆက်လက် အော်ခေါ်ပြန်သည်။
“လောင်ယီရေ... ဒီကောင်မစုတ် နှစ်ယောက်က လူကြီးသူမကို နှိပ်စက်နေတာနော်။ ဝင်းကို အုပ်ချုပ်တဲ့ ယီတာယဲ့၊ ပထမဦးကြီး ဖြစ်နေပြီးတော့များ ထွက်လာပြီး စကားတစ်ခွန်းတောင် မပြောပေးတော့ဘူးလား။ တုန်းရွှီ အသက်ရှင်နေတုန်းက ရှင့်ကို ဆရာလို့ ခေါ်ခဲ့ရတာ နှမြောဖို့ ကောင်းလိုက်တာ။ ရှင့်တပည့်ရဲ့ မိသားစုကို သူများတွေ ဒီလို နှိပ်စက်နေတာကို ရှင်က ရက်ရက်စက်စက် ကြည့်နေနိုင်တယ်ပေါ့လေ”
အိမ်တွင်း၌ ရှိနေသော ယီကျုံးဟိုင်မှာမူ ခေါင်းများပင် ကိုက်ခဲသွားတော့သည်။ ယခုအခါ သူသည် ကျားကျန်းရှစ်၏ အသံကို ကြားလိုက်ရုံနှင့်ပင် ခေါင်းကိုက်ရလွန်းလှပြီး ထိုပြဿနာ ရှာလွန်းလှသော မြေဖုတ် ဘီလူးမကြီးအား ဝင်းထဲမှ ခြေစုံပစ်၍ ကန်ထုတ်ပစ်လိုက်ချင် စိတ်များပင် တဖွားဖွား ပေါ်ပေါက်နေမိလေသည်။
ယခင် ကျားတုန်းရွှီ သက်ရှိထင်ရှား ရှိစဉ်ကာလကမူ သူ အိုမင်းမစွမ်း ဖြစ်လာချိန်တွင် လုပ်ကျွေးပြုစုမည့်သူ ဟူသော မျှော်လင့်ချက် ထားရှိခဲ့သဖြင့် ကျားကျန်းရှစ်၏ အပြုအမူများကို ကြိတ်မှိတ်၍ သည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ကျားတုန်းရွှီမှာ အသက်မရှိတော့သော်ငြားလည်း ထိုမြေဖုတ် ဘီလူးမကြီးမှာ အထိန်းအကွပ်မဲ့စွာဖြင့် သူ၏ အပေါ် ဆရာလာ လုပ်နေဆဲပင် ဖြစ်သည်။ သူကပဲ ထိုမိန်းမကြီးအပေါ် ကြွေးတင်နေသယောင်ယောင်။
သို့ရာတွင် ကျားကျန်းရှစ်သည် ဖြေရှင်းရန် အလွန်ခက်ခဲသော လူစားမျိုး ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ အကယ်၍ ဒေါသထွက်အောင်များ လုပ်မိလိုက်ပါက ကပ်စေးနှဲကဲ့သို့ ခွာမရအောင် ကပ်တွယ်နှောင့်ယှက် နေမည်ဖြစ်ရာ ပြဿနာများ ပိုမို ကြီးထွားလာဖွယ်သာ ရှိချေသည်။ ထို့ကြောင့် သူသည် အတတ်နိုင်ဆုံး ရှောင်ဖယ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူကား ရှောင်လွှဲလိုသော်လည်း ရှောင်၍ မရနိုင်တော့ချေ။ ကျားကျန်းရှစ်က သူ၏ အမည်ကို တပ်၍ တရားဝင် အော်ခေါ်နေပြီ မဟုတ်ပါလော။ နောက်ဆုံးတွင်တော့ မတတ်သာသည့်အဆုံး ယီကျုံးဟိုင် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် အိမ်တွင်းမှ ထွက်လာခဲ့ရတော့လေသည်။
“ဘာတွေ ဖြစ်ကြပြန်ပြီလဲကွာ။ မကြာခင် နှစ်သစ်ကူးတော့မှာကို မင်းတို့တွေ အေးအေးဆေးဆေး မနေနိုင်ကြဘူးလား။ နှစ်သစ်ကူးကို ကောင်းကောင်းမွန်မွန် မဖြတ်သန်းချင်ကြဘူးလားဟေ”
ယီကျုံးဟိုင်သည် မျက်မှောင်ကြီးကျုံ့ကာ လျှောက်လာရင်း မေးခွန်းထုတ်လိုက်သည်။
ကျားကျန်းရှစ်သည် ယီကျုံးဟိုင် ရောက်လာသည်ကို မြင်သောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရဖြင့် ချက်ချင်းပင် လှမ်းဆွဲလိုက်ပြီး ဤသို့ တိုင်တောတော့သည်။
“လောင်ယီ... ရှင် လာတာ အတော်ပဲ။ ဒီကလေးစုတ်တွေက လူကြီးသူမကို နှိပ်စက်နေကြတယ်။ ငါ့ကျားမိသားစုရဲ့ မိဘမဲ့နဲ့ မုဆိုးမတွေကို နှိပ်စက်နေကြတာ။ တို့မိသားစုက မိဘမဲ့နဲ့ မုဆိုးမတွေမို့လို့ နှစ်သစ်တောင် ကူးနိုင်တော့မှာ မဟုတ်ဘူး။ သူတို့က တို့ကို မကူညီတဲ့အပြင် ရှာကျူးကိုပါ ကူညီခွင့် မပေးဘူးလေ။ ပြီးတော့...”
ထို့နောက် သူမသည် ယန်ရှောင်ကျွမ်းအား လက်ညှိုး ထိုးပြလျက် ဆက်လက် ဆိုပြန်သည်။
“ဒီကောင်မစုတ်က ပြောသေးတယ်။ ငါတို့အိမ်က တုန်းရွှီ သေသွားတာ မိုးနတ်မင်းက ပေးတဲ့ ဝဋ်ကြွေးပဲတဲ့။ လောင်ယီ... ရှင်က တုန်းရွှီရဲ့ ဆရာပဲလေ။ ရှင့်တပည့်ရဲ့ မိသားစုဝင်တွေ ဒီလို အစော်ကားခံနေရတာကို ရှင် ဒီအတိုင်း ထိုင်ကြည့်နေတော့မလို့လား။ ရှင် ငါတို့ကို တရားမျှတအောင် ဆုံးဖြတ်ပေးမှ ရမယ်နော်”
နှုတ်မှ ပြောဆိုရင်းနှင့်ပင် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ကာ တရှုံ့ရှုံ့ ငိုကြွေးပြန်လေသည်။
“တုန်းရွှီရေ... မင်း အသက်ရှင်တုန်းကတော့ သူတို့က မင်းကို ရတနာတစ်ပါးလို သဘောထားခဲ့ကြပြီး မင်း သေသွားတာနဲ့ တပြိုင်နက် မြက်ပင် တစ်ပင်လို ပစ်ထားခဲ့ကြပြီ သားရဲ့။ မင်း အမေ၊ မင်း မိန်းမနဲ့ မင်း သားလေးကို သူများတွေ နှိပ်စက်နေတာကို လက်ပိုက်ကြည့်နေကြပြီလေ”
ယီကျုံးဟိုင်၏ မျက်နှာတစ်ပြင်လုံးမှာ မည်းမှောင်သွားတော့သည်။ ကောင်းလေစွ... ဤသည်ကား အိမ်ထောင်စု စာရင်းစာအုပ်ကို ကိုင်တွယ်ကာ သူ၏ အမည်ကို တိုက်ရိုက် အော်ခေါ်ရန်သာ လိုတော့သည့် အခြေအနေပင် မဟုတ်ပါလော။
“တုန်းရွှီအမေ... ကိစ္စရှိရင်လည်း ထပြီး ပြောလို့မရဘူးလား။ မြေကြီးပေါ်မှာပဲ ထိုင်နေရမလား။ ဒီလောက်အေးတဲ့ ရာသီဥတုကြီးမှာ အအေးမိမှာ မကြောက်ဘူးလား”
ယီကျုံးဟိုင်က ဝင်ရောက် ဖျန်ဖြေလိုက်သည်။
သို့သော် ကျားကျန်းရှစ်ကမူ အလျှော့မပေးဘဲ ဤသို့ ပြန်ပက်လေသည်။
“အအေးမိတာများ ဘာဆန်းလို့လဲ။ အေးခဲသေသွားတာကမှ ပိုမှန်ဦးမယ်။ ဒါမှ ငါလည်း အောက်ကို ဆင်းပြီး ငါ့သား တုန်းရွှီကို သွားရှာလို့ရမှာ။ သူ သေပြီးတဲ့နောက် ဝင်းထဲက လူတွေ အကုန်လုံးက သူ့အမေကို ဝိုင်းနှိပ်စက်ကြတယ်လို့ သွားတိုင်ပစ်မယ်။ သား... မင်း အသက်ရှင်တုန်းကတော့ မင်းဆရာ အသက်ကြီးရင် လုပ်ကျွေးပြီး နောက်ဆုံးခရီးကို သေသေချာချာ ပို့ပေးမယ်လို့ ပြောခဲ့တာလေ။ အခု မင်း သေသွားတော့ မင်း ဆရာက မင်း အမေကို တစ်ချက်တောင် လှည့်မကြည့်ဘဲ သူစိမ်းတွေ နှိပ်စက်တာကို လွှတ်ထားတယ်လို့ ပြောရမယ်”
ထိုစကားကြောင့် ယီကျုံးဟိုင်၏ မျက်နှာမှာ အိုးမည်းသုတ်ထားသကဲ့သို့ ရှုံ့မဲ့မည်းမှောင် သွားတော့သည်။
ဝင်းအတွင်းရှိ လူအများမှာမူ ထိုအဖြစ်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ကြတော့ချေ။ အချို့မှာ အသံထွက်လုနီးပါး ရယ်မောမိသွားသဖြင့် မိမိတို့၏ ပါးစပ်များကို အမြန် ပိတ်လိုက်ကြရသည်။
ယီကျုံးဟိုင်နှင့် ကျားတုန်းရွှီတို့သည် အမြဲတမ်း တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့ကြသည့် ဆရာနှင့် တပည့်များ ဖြစ်ကြပြီး ကျားမိသားစု၏ ကိစ္စဟူသမျှကို ယီကျုံးဟိုင်က အမြဲတမ်း အစွမ်းကုန် ကာကွယ်ပေးခဲ့ကြောင်း ဝင်းအတွင်းရှိ လူတိုင်းက အသိပင် ဖြစ်သည်။ ယခုမူကား ကြည့်ကောင်းပေစွ… ကျားတုန်းရွှီ သေဆုံးသွားသည်နှင့် တပြိုင်နက် ကျားကျန်းရှစ် တစ်ယောက် ယီကျုံးဟိုင်ကိုပါ မကျန် သိမ်းကြုံးကာ ဆဲဆိုနေတော့သည် မဟုတ်ပါလော။