အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) - ကျားကျန်းရှစ်၏ အတွေးအခေါ်ဆိုင်ရာ လုပ်ငန်းစဉ်
“ကဲ... ဒီကိစ္စကို ဒီမှာတင် ရပ်ကြစို့။ နောက်တစ်ခါ ဘာမှထပ် မလုပ်ကြနဲ့တော့။ မင်းရဲ့ အဲဒီပါးစပ်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း ပြော။ အသက်ကြီးလာရင် လူကြီးနဲ့တူအောင် နေရမယ်။ အကြောင်းမဲ့သက်သက် လိုက်မဆဲနဲ့။ မဟုတ်ရင် နောက်ထပ် အထိုးခံရဖို့ပဲ ရှိမယ်”
ယီကျုံးဟိုင်က ပြတ်ပြတ်သားသား ဆိုလိုက်သည်။
ထို့နောက် လက်ကိုတစ်ချက် ဝှေ့ယမ်းရင်း လူအုပ်ကြီးကို လူစုခွဲလိုက်သည်။
“ကဲ... အားလုံးပဲ ထမင်းစားဖို့ အိမ်ပြန်ကြတော့။ ဒီမှာ ပွဲမကြည့်ကြနဲ့တော့”
စကားဆုံးသည်နှင့် မြေပြင်တွင် ကျန်ရစ်ခဲ့သော ကျားကျန်းရှစ်ကို လှည့်ပင် မကြည့်တော့ဘဲ လက်နောက်ပစ်လျက် ကိုယ့်လမ်းကိုယ် လျှောက်သွားလေတော့သည်။
ထိုအခါမှ ကျားကျန်းရှစ်ခမျာ ကြောင်အမ်းအမ်း ဖြစ်နေရာမှ သတိပြန်ဝင်လာကာ မြေပြင်ပေါ်သို့ ပစ်ထိုင်ချလိုက်ရင်း အော်ဟစ်ငိုယိုတော့သည်။
“အို... လောင်ကျားရေ... မျက်စိဖွင့်ကြည့်ပါဦး။ ဒီခြံဝင်းထဲက လူတွေ သင့်ဇနီးနဲ့ မြေးကို အနိုင်ကျင့်နေကြတာ ဘယ်သူမှ ဝင်မကူညီကြဘူး။ တုန်းရွှီရေ... မင်း ရှာပေးခဲ့တဲ့ ဆရာက ဘာကြီးလဲဆိုတာ ကြည့်စမ်းပါဦး။ အပြင်လူတွေနဲ့ ပေါင်းပြီး မင်းရဲ့ အမေနဲ့ မိန်းမကို အနိုင်ကျင့်နေတာ။ ဒါကိုတောင် မင်း အသက်ရှင်တုန်းက သူ့ကို လုပ်ကျွေးဖို့ စဉ်းစားခဲ့သေးတယ်။ ဒီလို လူမျိုးက အဆက်အနွယ် ပြတ်တောက်သွားဖို့ပဲ ထိုက်တန်တာ...”
အိမ်မပြန်ရသေးသော ယီကျုံးဟိုင်မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ပါးစပ်တစ်ချက် တွန့်သွားကာ မျက်နှာအိုကြီး ပျက်ယွင်းသွားရသည်။ သို့သော် ခြေလှမ်းများကို ရပ်တန့် မပစ်ဘဲ အိမ်ထဲသို့သာ ခပ်သုတ်သုတ် ဝင်သွားလိုက်သည်။ စိတ်ထဲတွင်တော့ ကျိန်ဆဲသံများ ဆူညံစွာ ထွက်ပေါ်နေမိတော့သည်။
ခြံဝင်းထဲရှိ လူများမှာလည်း ယီကျုံးဟိုင် တစ်ယောက် ကျားကျန်းရှစ်ကို ဤသို့ ပစ်ထားခဲ့ကာ ထွက်သွားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ လူအုပ်ကြီးမှာ တီးတိုးစကား အနည်းငယ် ပြောဆိုပြီးနောက် တဖြည်းဖြည်း လူစုကွဲသွားကြသည်။ ကြည့်စရာပွဲ ပြီးဆုံးသွားပြီ ဖြစ်ရာ အိမ်ပြန်ပြီး ထမင်းဟင်း ချက်ပြုတ်ခြင်းက ပို၍ အကျိုးရှိသည် မဟုတ်ပါလား။ နှစ်သစ်ကူး ကာလတွင် လူတစ်ယောက် အထိုးခံရသည်ကို ကြည့်လိုက်ရခြင်းကပင် တော်တော်လေး စိတ်ကျေနပ်စရာ ကောင်းလှပြီဟု အသီးသီး တွေးတောသွားကြသည်။
ထိုစဉ် ယန်ရှောင်ကျွမ်းက ငိုထားသဖြင့် မျက်လုံးများ နီရဲနေသော ဟယ်ယွီရွှေ၏ လက်ကို ဆွဲကာ အိမ်ဘက်သို့ ခေါ်သွားရင်း သူမ၏ သူငယ်ချင်းကို နူးညံ့စွာ နှစ်သိမ့်ပေးနေလေသည်။ မြေပြင်ပေါ်တွင် အော်ဟစ်ငိုယိုနေသော ကျားကျန်းရှစ်နှင့် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ရှာကျူးတို့ နှစ်ယောက်တည်းသာ ခြံဝင်းထဲတွင် ကျန်ရစ်ခဲ့တော့သည်။
ယန်ချုံးသည် ရှာကျူး အနီးသို့ လျှောက်သွားကာ ပုခုံးကို အသာပုတ်လိုက်ရင်း ပြောသည်။
“အစ်ကိုကျူး... စိတ်ကို နည်းနည်း လျှော့ပါဦး။ ယွီရွှေ့က မင်းရဲ့ အရင်းအချာ ညီမလေးလေ။ အရိုးကျိုးတောင် အကြောဆက်နေတဲ့ ဆွေမျိုးတွေပဲဟာ”
ရှာကျူးက လေးလံစွာ ခေါင်းညိတ်ပြရင်း ဆိုသည်။
“ငါသိပါတယ် ချုံးဇီရာ… ငါ အကုန် နားလည်ပါတယ်။ ဒါပေမဲ့... ငါ့စိတ်ကို ငါ မထိန်းနိုင်ဖြစ်သွားတာပါ”
ယန်ချုံးက ခေါင်းခါယမ်းရင်း တိုက်တွန်းလိုက်သည်။
“ကိုယ့်လမ်း ကိုယ်ဖောက်ရတာပဲလေ။ မင်း တစ်သက်လုံး ပျက်စီးမသွားရအောင် သတိထားပါဦး”
အိမ်ထဲသို့ ရောက်သောအခါ ယွီရွှေမှာ ရှိုက်ကြီးတငင် ငိုယိုရင်း ရင်ဖွင့်ရှာသည်။
“နောင်ဆို ဒီအစ်ကိုကြီးကို မလိုချင်တော့ဘူး။ မုဆိုးမ တစ်ယောက်အတွက် အိမ်က ပစ္စည်းတွေကို ခိုးထုတ်ပေးတယ်။ ပြီးတော့ ငါ့ကိုလည်း ပြန်ရိုက်သေးတယ်။ လောကကြီးမှာ ဒီလိုအစ်ကိုမျိုး ရှိသေးလား”
ယန်ရှောင်ကျွမ်းက ကြင်နာစွာ နှစ်သိမ့်ပေးသည်။
“စိတ်မကောင်း မဖြစ်ပါနဲ့ ယွီရွှေရယ်။ ဒီလိုအစ်ကိုမျိုး မလိုပါဘူး။ ငါတို့မှာ ချုံးကော ရှိတာပဲဟာ။ ချုံးကောက မင်းကို ကာကွယ်ပေးမှာပေါ့။ ဘယ်သူမှ မင်းကို အနိုင်ကျင့်ခွင့် မရှိစေရဘူး”
ထိုအခါ ယွီရှီု့က ငေါက်လိုက်သည်။
“အရူးမလေး.. ဒီလိုမျိုး နှစ်သိမ့်ရသလား”
ထိုသို့ ငေါက်လိုက်ပြီးနောက် ယွီရွှေ ဘက်သို့လှည့်ကာ ပြောသည်။
“ယွီရွှေ... စိတ်ကိုလျော့ပါ။ မင်း အစ်ကိုက တကယ်တော့ စိတ်ထား ကောင်းပါတယ်။ မင်းရဲ့ ချုံးကောဆီက ကြားဖူးပါတယ်။ ကျူးကောက မင်းကို အရင်က အရမ်းချစ်တာတဲ့။ ဆယ်ကျော်သက် အရွယ်ကတည်းက ဒီမိသားစုကို ထူထောင်ပြီး မင်းကို ပြုစုပျိုးထောင်ခဲ့တာလေ။ သူအခုလို ဖြစ်နေတာက ခဏတာ အမြင်မှားနေလို့ပါ။ တစ်နေ့ကျရင် သူ သဘောပေါက်လာမှာပါ”
ယွီရွှေက နှုတ်ခမ်းလေးဆူလိုက်ရင်း ဆိုသည်။
“မမရယ်... ကျွန်မရဲ့ ဒီအရူးအစ်ကိုက ဘာဖြစ်နေမှန်းကို မသိတော့ဘူး။ ချင်ဟွိုင်ရူဆိုတဲ့ မိန်းမကိုပဲ အသည်းအသန် စွဲလမ်းနေတာ။ လူတိုင်း မြင်နေရတာပဲ။ ချင်ဟွိုင်ရူက သူ့ထမင်းချိုင့်နဲ့ သူ့ပိုက်ဆံတွေကိုပဲ မက်မောနေတာလေ။ သူက ဘာလို့များ သတိမရရတာလဲ”
ယွီရှို့က ပြန်ဖြေလိုက်သည်။
“ကိစ္စမရှိပါဘူး။ နောက်ရက်ကျရင် မင်းရဲ့ ချုံးကောကို သူ့ဆီလွှတ်ပြီး သေချာ ပြောခိုင်းလိုက်မယ်။ သူ သဘောပေါက်သွားမှာပါ”
ထိုစဉ် အိမ်ထဲသို့ ဝင်လာသော ယန်ချုံးကို မြင်သည်နှင့် ယွီရွှေမှာ ပြေးသွားပြီး သူ့ရင်ခွင်ထဲသို့ ခိုဝင်လိုက်သည်။
“ချုံးကော... နောင်ကို ကျွန်မ အဲဒီအရူးအစ်ကိုကို မလိုတော့ဘူး။ ချုံးကောကပဲ ကျွန်မရဲ့ အရင်းအချာအစ်ကိုပါ။ တခြားသူတွေ အနိုင်ကျင့်တဲ့ အချိန်မှာ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးနိုင်တယ်”
ယန်ချုံးက သူမ၏ ဆံပင်လေးများကို ဖွဖွလေး ပွတ်သပ်ပေးရင်း ချော့မော့လိုက်လေသည်။
“မင်းက ငါရဲ့ ညီမလေး ဖြစ်နေပါပြီ အရူးမလေးရဲ့။ အများကြီး မတွေးပါနဲ့တော့ ပျော်ပျော်နေပါ။ မကြာခင် နှစ်သစ်ကူးတော့မှာ ဝမ်းမြောက်ဝမ်းသာ ဖြတ်သန်းကြရအောင်”
တစ်ဖက်တွင်တော့ ရှာကျူးလည်း အိမ်ထဲသို့ ဝင်သွားလေရာ တိတ်ဆိတ်သွားသော ခြံဝင်းကျယ်ကြီးထဲတွင် ကျားကျန်းရှစ် တစ်ယောက်တည်းသာ လဲလျောင်း ကျန်ရစ်ခဲ့တော့သည်။ မိမိကို ဂရုစိုက်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့သည်ကို မြင်သောအခါ ကျားကျန်းရှစ်လည်း ဆက်လက် သရုပ်ဆောင်ရန် စိတ်မပါတော့ဘဲ မြေကြီးပေါ်မှ ဖုန်ခါ၍ ထကာ သူမ၏ အခန်းထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်သွားလေသည်။ သို့သော် အခန်းထဲရောက်ခါမှ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော အသားတုံးကို သတိရသွားသဖြင့် အမြန်ပြန်ထွက်ကာ အသားတုံးကို ကောက်ယူပြီးမှ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
ဒေါသ အလိပ်လိုက် ထွက်နေသော ကျားကျန်းရှစ်မှာ အခန်းထဲ ရောက်ရောက်ချင်း ချင်ဟွိုင်ရူကို မြင်လိုက်ရသဖြင့် အခဲမကျေစရာ ပစ်မှတ်ကို ရှာတွေ့သွားတော့သည်။
“ချင်ဟွိုင်ရူ... မင်း အခန်းထဲမှာ ဘာလုပ်နေတာလဲ။ အခုနက ငါက မင်းအတွက် ရှေ့ထွက်ပြီး ပြောပေးနေတာ လူတွေ အထိုးခံရတဲ့အထိ ဖြစ်သွားတယ်။ မင်းကတော့ အခန်းထဲမှာ ပုန်းနေပြီး ငါတစ်ယောက်တည်းကိုပဲ ပြဿနာကြားထဲ တွန်းပို့ထားတယ်ပေါ့လေ”
ကျားကျန်းရှစ်က ဒေါသတကြီး အော်ဟစ် ကြိမ်းမောင်းလိုက်သည်။
ယခင်ကဆိုလျှင် ချင်ဟွိုင်ရူမှာ ငုံ့ခံကာ အဆဲခံရုံသာ တတ်နိုင်သော်လည်း ယနေ့တွင်မူ မခံချင်စိတ်ဖြင့် ထိပ်တိုက် ပြန်လည် ရင်ဆိုင်လိုက်သည်။
“အမေ... ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါဦး။ အမေ အဲဒီလိုလုပ်တာ တကယ်ပဲ ကျွန်မအတွက်လား။ အဲဒီအသားကို မစားရမှာ ကြောက်လို့ မဟုတ်ဘူးလား။ နောက်တစ်ခုက အမေကသာ နေ့တိုင်း ရှာကျူးနဲ့ နီးစပ်အောင် လုပ်ခိုင်းပြီး သူ့ဆီက ပစ္စည်းတွေ တောင်းခိုင်းနေလို့ ဒီနေ့လို ပြဿနာတွေ ဖြစ်လာတာ။ ကျွန်မ အပြင်ထွက်လို့ ရသေးရဲ့လား။ ဒီခြံဝင်းထဲက လူတွေ ကျွန်မကို မုဆိုးမ တစ်ယောက်က လူပျိုလူလွတ်ကို နှောင့်ယှက်နေတယ်လို့ ပြောနေကြတာ ကြားဖူးရဲ့လား။ အမေတို့ အသားစားရဖို့အတွက် ကျွန်မ အရှက်တကွဲ ဖြစ်နေရတာ။ ကျွန်မ စဉ်းစားပြီးပြီ။ နောင်ကို အသားစားချင်ရင် ကိုယ့်ဘာသာ ရှာစားကြတော့… ကျွန်မတော့ ဒီလောက် ရှက်ရှက်နဲ့ ဆက်မနေနိုင်တော့ဘူး”
စကားဆုံးသည်နှင့် ချင်ဟွိုင်ရူသည် မီးဖိုချောင်ထဲသို့ ချက်ချင်း ဝင်သွားလေသည်။
ကျားကျန်းရှစ်မှာ အံ့သြမှင်သက်သွားရသည်။ အပြင်မှာ အဆဲခံ… အထိုးခံရကာ အိမ်ပြန်လာချိန်တွင် ချွေးမဖြစ်သူထံမှ ဤသို့ ပြန်လည် အပြောခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ သူမ၏ အိမ်တွင်း အာဏာစက်မှာလည်း တဖြည်းဖြည်း လျော့နည်းကျဆင်း လာနေပြီ ဖြစ်သည်။
အတော်အတန်ကြာ မှင်သက်နေပြီးမှ ကျားကျန်းရှစ်သည် မီးဖိုချောင် တံခါးဝသို့ သွားကာ မျက်နှာချိုသွေးလျက် ပြုံးပြလိုက်သည်။
“ဟွိုင်ရူရယ်... အမေလည်း ဒီမိသားစုအတွက်… မင်းအတွက်ပဲ လုပ်ပေးနေတာပါ”
ချင်ဟွိုင်ရူကမူ စိတ်ထဲတွင် ကြိတ်၍ တွေးနေမိသည်။
‘ဘာလို့များ ကျွန်မအတွက် ဖြစ်သွားရပြန်တာလဲ။ အဲဒီ အသားတွေကိုရော ကျွန်မ တစ်တုံးတစ်လေများ စားရလို့လား။ အမေနဲ့ ပန့်ကန့်ရဲ့ ဗိုက်ထဲပဲ ရောက်ကုန်တာ မဟုတ်ဘူးလား’
ကျားကျန်းရှစ်က ဆက်လက်၍ ဖြောင်းဖျသည်။
“ကြည့်လေ... တုန်းရွှီ ဆုံးသွားပြီးကတည်းက ဒီမိသားစု တစ်ခုလုံး မင်း တစ်ယောက်တည်းပေါ်မှာပဲ မှီခိုနေရတာ။ ကိုယ်ဝန်ကြီးနဲ့ ရှောင်တန်းကိုလည်း ပြုစုရ… ဟင်းချက် အဝတ်လျှော်ရနဲ့။ ဒါတွေကို ထားလိုက်ပါတော့… အဓိကက ငါတို့မိသားစု တစ်ခုလုံးမှာ စက်ရုံက ပေးတဲ့ တစ်လ ၁၀ ယွမ် ထောက်ပံ့ကြေးလေးပဲ ရှိတာ။ ဒါလေးနဲ့ ဘယ်လိုလုပ် လောက်ငနိုင်မှာလဲ”
‘အဲဒီ ၁၀ ယွမ်ထဲမှာတောင် အမေက ၃ ယွမ် ဖြတ်ယူထားသေးတာပဲ’
ချင်ဟွိုင်ရူက စိတ်ထဲမှ တေးထားလိုက်သည်။
“နောက်ပြီးတော့ ငါတို့က ခက်ခဲကြမ်းတမ်းစွာ စားသောက်နေရပေမဲ့ ပန့်ကန့်လေးကိုပါ ဒီလို ဆင်းရဲဒုက္ခ ခံခိုင်းလို့ ဖြစ်ပါ့မလား။ သူက ကြီးထွားနေတဲ့ အရွယ်လေ… နောင်ကျရင် ကျားမိသားစုက သူ့အပေါ်မှာပဲ မှီခိုရမှာ။ သူ ကောင်းကောင်း မစားရရင် ကိုယ်ခန္ဓာက ဘယ်လိုလုပ် ကြီးထွားလာနိုင်မှာလဲ”
ကျားကျန်းရှစ်က အကျိုးအကြောင်း ပြကာ ဆက်ပြောသည်။
ဘေးနားရှိ ပန့်ကန့်က ထိုစကားကို ကြားလိုက်သည်နှင့် ဝင်ပြောလေသည်။
“အဖွား... မေမေ... သား အသားစားချင်တယ်။ ဒီရက်ပိုင်း သား ပိန်သွားပြီလို့ သူတို့ ပြောနေကြတယ်”
ကျားကျန်းရှစ်က ချက်ချင်းပင် ထောက်ခံလိုက်သည်။
“ကြားလား... မင်းက ကလေးအမေပဲ။ ကလေး အသားမစားရလို့ ပိန်ချုံးသွားတာကို လက်ပိုက်ကြည့်နေရက်မှာလား။ စကားပုံတောင် ရှိတယ်လေ။ ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲ ဆင်းရဲပါစေ ကလေးကိုတော့ အကောင်းဆုံးဖြစ်အောင် ထားပေးရမယ်တဲ့။ ငါတို့ နည်းနည်း ပင်ပန်းခံရတာ… အဆဲခံရတာ ကိစ္စမရှိဘူး။ ကလေး အစားအသောက် ကောင်းကောင်း စားရပြီး ကျန်းမာနေဖို့က အရေးကြီးဆုံးပဲ”
“အဆဲခံ… အပြောခံရတာလောက်က ဘာမှ မဟုတ်ပါဘူးဟာ။ အသားတစ်စမှ လျော့သွားတာ မဟုတ်ဘဲ”
“ရှေ့ဆက်ရမဲ့ နေ့ရက်တွေက အများကြီး ကျန်သေးတယ်။ ငါတို့ မိန်းမသား နှစ်ယောက်တည်းနဲ့ ကလေးသုံးယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အထူးသဖြင့် ပန့်ကန့်က ငယ်သေးတယ်။ နောက်တစ်ယောက်ကလည်း မွေးလာဦးမှာ။ သူတို့ကို ပြုစုရဦးမှာပဲ။ အခု မင်းငယ်တုန်း… တခြားသူတွေက မင်းကို ပစ္စည်းတွေ ပိုက်ဆံတွေ ပေးချင်နေတုန်း အများကြီး အောင်အောင်မြင်မြင် ရယူထားမှပေါ့။ မဟုတ်ရင် မင်း ပင်ပန်းပြီး သေသွားရင်တောင် ဒီဘဝကို ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး”
ကျားကျန်းရှစ်က အသည်းအသန် နားချနေတော့သည်။
ချင်ဟွိုင်ရူသည် ဘာမျှ ပြန်မပြောတော့ဘဲ ခေါင်းငုံ့ကာ မုန့်နယ်ရင်းသာ လေးနက်စွာ တွေးတောနေလေသည်။
ကျားကျန်းရှစ်ကမူ သူမကို စည်းရုံးနိုင်ပြီဟု တွေးကာ ကျေနပ်သွားပြီး နောက်ထပ် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။
“ဒီ ယီကျုံးဟိုင် ဆိုတဲ့လူက တကယ်ကို အရှက်မရှိတာပဲ။ ငါတို့ တုန်းရွှီ အသက်ရှင်တုန်းက သူ့ကို လုပ်ကျွေးဖို့ စဉ်းစားပေးခဲ့တာ။ အခု တုန်းရွှီလည်း မရှိတော့ရော သူ့ကို လုပ်ကျွေးမဲ့သူ မရှိတော့တာနဲ့ ငါတို့ကို ဒီလို ကန်ထုတ်ဖို့ ကြိုးစားနေတယ်ပေါ့လေ။ ဟွန်း... မလွယ်ပါဘူး”