← Chapters

သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူ…

Vol. 109 Ch. 1495

သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူ…

Vol. 109 Ch. 1495

မမြင်ရသောအားတစ်ခုက ထိုကျောက်ဖျာနှစ်ဆယ့်ငါးခုကို ဆွဲငင်နေ၏။ ကျောက်ဖျာများသည် နှိုင်းမသာသောအမြန်နှုန်းဖြင့် ရွှေ့လျားနေကြသည်။ ထိုအမြန်နှုန်းသည် ကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ မြန်နှုန်းအပြည့်ထက် မနှေးပေ။

ထိုကျောက်ဖျာ၏ ထူးဆန်းသောရွှေ့လျားမှုသည် သည်ရှေးအမိန့်သင်္ချိုင်းထံမှ ဆန်းကြယ်ကာ မခန့်မှန်းနိုင်သောခံစားချက်ကို ပေးစွမ်းစေသည်။ ဝမ်လင်းသည် ကျောက်ဖျာပေါ်တွင် ရပ်နေရင်း ဒီကျောက်ဖျာ၏ အရှိန်ကြောင့် လေထဲ စီးမြောနေလေ၏။

မြူများသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေ့လျားနေလျက် ဝမ်လင်းသည် စဉ်းစားသည်။ သူက သူ့ပတ်ဝန်းကျင်ကို သည်ရှေးအမိန့်ဂူသင်္ချိုင်းအတွင်း ဝင်လာခဲ့ကတည်းက စူးစမ်းနေခဲ့သည်။

သည်နေရာရှိ အရာရာတိုင်းမှာ ထူးဆန်းလွန်းနေသည်။ သူသည် အခြေအနေကို သေချာ မသိသေးခင် အဆင်အခြင်မဲ့စွာ မလှုပ်ရှားလိုပေ။ သူက ထိုကျောက်ဖျာ မည်သည့်နေရာသို့ ဦးတည်မည်ကို မြင်ချင်နေသည်။

သူ့အောက်ဘက်မှ မြူပင်လယ်သည် အဆုံးအဆမဲ့၏။ မည်မျှနက်ကြောင်း မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့ရာတွင် ဝမ်လင်းသည် ထိုမြူများအတွင်းနက်ပိုင်း၌ သူနှင့်တခြားသူများကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိသကဲ့သို့ ခံစားချက် ရနေသညည်။

“ရှေးအမိန့်သင်္ချိုင်းထဲ ဝင်လာတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိလောက်တယ်။ ဒါပေမဲ့ ငါတို့ဟာ လူကွဲသွားခဲ့တယ်။ ဖြစ်နိုင်တာက သူတို့လည်း ငါတို့လိုပဲ ကျောက်ဖျာ‌တွေနဲ့ ရွှေ့လျားနေရတာ ဖြစ်မယ်…”

စဉ်းစားနေရင်း အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ အရာရာသည် ကျောက်ဖျာများ ရွှေ့လျားနေသည့်အသံကသာ အစားထိုးခံရသည့်နှယ်။ နာရီအနည်းငယ်ကြာပြီးနောက် ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားမိ၏။ သူ့ရှေ့တွင် မြူများ ရှိနေဆဲသာ။ သို့သော် တွန့်ခေါက်နေ၏။ သူက အနီးကပ်သေချာ မကြည့်နိုင်ခင်မှာပင် သူ၏ကျောက်ဖျာသည် ထိုတွန့်ခေါက်ပုံပျက်နေသော မြူများထံသို့ ဦးတည်သွားသည်။

သူ့ရှေ့ရှိ လောကသည် ပြောင်းလဲသွားသည်။ အချို့ကျင့်ကြံသူများထံမှ တုန်လှုပ်ကာ အံ့အားသင့်ဟန်များ ထွက်ပေါ်လာသည်။ ဝမ်လင်းတို့ နှစ်ဆယ့်ငါးယောက်အုပ်စု ရှေ့တွင် ပေါ်လာသည့်အရာမှာ နှစ်သောင်းနှင့် မည်သူမျှ မဝင်ရောက်ဘဲ ချိပ်ပိတ်ထားခံရသော သင်္ချိုင်းတစ်ခု ဖြစ်နေ၏။

ထိုဧရိယာသည် ပေရာချီ ကြီးမားပြီး ဟင်းလင်းပြင်အက်ကြောင်းများနှင့် ပြည့်နှက်နေသည်။ ယင်းတို့သည် ဧရိယာကို ချိပ်ပိတ်ထားသော လှောင့်ချိုင့်တစ်ခုကဲ့သို့ ဖြစ်ပေါ်သည်။

ဝမ်လင်းတို့အုပ်စု၏ ကျောက်ဖျာများသည် ထိုဟင်းလင်းပြင်အက်ကြောင်းများထဲမှ တစ်ခုထံမှ ထွက်ပေါ်လာ၏။ သူတို့၏ရှေ့ရှိ လောကသည် အနီရောင်အလင်းဖြင့် ခြုံလွှမ်းထားသည်။

ချိပ်ပိတ်ကောင်းကင်သည် နီ၍ မြေပြင်ကမူ မြူများ မဟုတ်တော့ဘဲ အစစ်အမှန်မြေကြီးထု ဖြစ်လို့နေသည်။ မြစ်များလည်း မြေပြင်ထက်၌ စီးဆင်းနေချေ၏။ သို့သော်လည်း ထိုမြစ်များသည် သွေးနီရောင်တည်း။ သူတို့ထံသို့ သွေးနံ့များ လှိုက်ဝင်လာသည်။

သည်လောက၏ ဗဟိုချက်တွင် ကြီးမားသောပုံရိပ်တစ်ခု ရှိသည်။ ၎င်းမှာ ပေထောင်ချီမြင့်မားသော ရှေးဟောင်းနတ်ဘုရားတစ်ပါး။ ထိုနတ်ဘုရားက ဒူးတစ်ဖက်ထောက်လျက် အနေထား ရှိ၏။ သူ၏မျက်နှာမှာ ကြမ်းကြုတ်လျက် သူ့မျက်ခုံးနှစ်ခုကြားတွင် အပေါက်ကြီးတစ်ခု ရှိသည်။ ထိုအပေါက်ထံမှ သွေးများသည် ထာဝရစီးဆင်းတော့မည့်အလား စီးကျလျက်။ သွေးသည် သူ၏မျက်နှာထံမှ တစ်ဆင့် အောက်ဘက်သို့ စီးဆင်းသည်။

သူ့ဒူးမှာ ပျက်စီးနေလေပြီ။ လူတစ်ယောက်သည် နက်မှောင်သောအရိုးစုများကို မြင်နိုင်၏။ ၎င်းမှာ ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာက ဒူးမထောက်လိုခဲ့သည်မှာ သိသာစေသည်။ သို့သော်လည်း သူ၏ ဒူးသည် ပျက်စီးခဲ့ရသည့်အတွက် ဒူးထောက်ခဲ့ရပေမည်။

သူက ဒူးတစ်ဖက်ထောက်လျက် သူ့နောက်ကျောမှာ ကိုင်းညွတ်ပြီး ပေတစ်သောင်းခန့်ကျောက်ဖျာတစ်ခုကို တင်ဆောင်ထားသည်။ ထိုကျောက်ဖျာသည် သွေးဖြင့် နီးရဲလျက် သွေးမြူများ ဝန်းရံထား၍ အတွင်းသို့ မြင်ရဖို့ မဖြစ်နိုင်ပေ။

သို့ရာတွင် ဖိနှိပ်နိုင်သောအော်ရာတစ်ခုသည် ထိုမြူထံမှ တလက်လက်တောက်ပကာ အတွင်း၌ တစ်ခုခုကို ချိပ်ပိတ်ထားသည့်ဟန်ပင်။

ထိုရှေးဟောင်းနတ်ဘုရား၏ ညာဘက်ခြမ်းတွင် ပေလေးထောင်ခန့် ရှည့်လျားသော ပုံရိပ်တစ်ခု ရှိကာ နေရာတွင်ပင် ဒူးထောက်နေ၏။ ထိုပုံရိပ်၏ ဦးခေါင်းထက်တွင် ဦးချိုတစ်ခု ရှိကာ ၎င်း၏သွင်ပြင်သည် ကြမ်းကြုတ်သည်။ ၎င်း၏ဘယ်မျက်လုံးထဲတွင်လည်း ရူးသွပ်မှုတို့ ရှိနေ၏။ ညာမျက်လုံးကမူ ဟောက်ပက် ဖြစ်နေသည်။ တစ်စုံတစ်ယောက်က ၎င်းညာမျက်လုံးကို နှိုက်ထုတ်ထားသည့်နှယ်။ သွေးများသည် ထိုညာမျက်လုံးအိမ်မှ စီးကျနေသည်။

ရှေးဟောင်းနတ်ဘုရား၏ ဘယ်ဘက်ခြမ်းတွင်မူ ပေသုံးထောင်ခန့် ရှေးဟောင်းနတ်ဆိုး ရှိ၏။ ၎င်းမှာလည်း ဒူးထောက်လျက် အနေထားပင်။ ၎င်း၏ဘယ်မျက်လုံးကမူ ဟောက်ပက် ဖြစ်နေ၏။ ညာမျက်လုံးထဲတွင်မူ ကြောက်ရွှံ့မှုတို့ ပြည့်လျက်။

ရှေးဟောင်းနတ်ဘုရားက ကျောက်ဖျာကို ပင့်တင်ထားလျက် ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမီစ္ဆာတို့က ထိုနေရာတွင် ဒူးထောက်လျက် ရှိနေကြရာ သူတို့သည် ထိုကျောက်ဖျာကို ပူဇော်နေသည့်နှယ်။ ထိုကဲ့သို့ အံ့ဖွယ်မြင်ကွင်းသည် အမှန်အကန် တုန်လှုပ်ဖွယ် ကောင်း၏။ သို့ရာတွင် သည်ကျင့်ကြံသူများကို အံ့အားတသင့်အလန့်တကြား ဖြစ်သွားစေသည်က ဘေးတစ်ဖက်ရှိ မြေပြင်ထက်မှ သွေးမြစ်ထဲရှိ သိပ်သည်းသောပုံရိပ်များတည်း။ သူတို့၏နီရဲရဲမျက်လုံးများက မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များထံသို့ ရောက်နေ၏။

လူသားအသွင်သားရဲများ။ သည်မြေပြင်ထက်တွင် ထိုသားရဲများ သောင်းချီက ပြည့်နှက်နေ၏။ များစွာက မြစ်ထဲမှ သွေးကို သောက်သုံးကာ အချို့ကမူ တိုက်ခိုက်နေကြသည်။ သို့ရာတွင် ဝမ်လင်းတို့ အုပ်စု ဝင်လာသည့်အခါ သူတို့အားလုံးသည် ခေါင်းမော့လာသည်။

တဒင်္ဂငြိမ်သက်သွားပြီးနောက် မြေပြင်ထက်ရှိ ထိုသားရဲများသည် ချောက်ခြားဖွယ်အော်သံများ ထုတ်ဖော်လာ၏။ သားရဲသောင်းချီ၏ အော်သံများသည် အသံလှိုင်းတစ်ခုကို ဖြစ်စေကာ အထက်ရှိ လူများထံ တိုးဝင် ရိုက်ခတ်သည်။

မြင့်မားသောကျင့်ကြံမှုအဆင့် မရှိသော ကျင့်ကြံသူများဆို ထိုအသံလှိုင်းကြောင့် သွေးအန်သွားရနိုင်၏။ နှစ်ယောက်ဆို သူတို့၏ကျောက်ဖျာပေါ်မှ လွင့်ထွက်ကာ အောက်ပြုတ်ကျသွားသည်။

သူတို့ ရုန်းကန်ခြင်း မပြုနိုင်ခင်မှာပင် သားရဲရာချီ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရသည်။ ထိုသားရဲများ ပြန့်ကြဲသွားသည့်အခါ သူတို့သည် အပိုင်းပိုင်း ဖြစ်ကျန်ခဲ့လေပြီ။

မြေပြင်ထက်ရှိ ကြမ်းကြုတ်သောသားရဲများသည် အရူးအမူး သူတို့ထံသို့ ခုန်တက်လာကြ၏။ သို့ရာတွင် ပြီးခဲ့သောတိုက်ပွဲကို တွေ့ကြုံပြီးနောက် သူတို့အားလုံးသည် အကျိုးအမြတ်ကို သတိမူမိခဲ့ကြပြီ ဖြစ်၏။ သည်သားရဲအရေအတွက်က တုန်လှုပ်ဖွယ် ကောင်းနေသော်လည်း သူတို့သည် တိုးဝင်လာသော သားရဲများထံ ဦးတည်ဝင်ရောက်ဖို့ကို မလန့်နေပေ။

“ဒီသားရဲအားလုံးကို ဝါးမြိုပြီးရင် ငါ့ဒဏ်ရာတွေ လုံးဝ ပြန်ကောင်းသွားလောက်တယ်...”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက နှုတ်ခမ်းသပ်လိုက်မိသည်။ သူသည် နောက်ကျမှ လှုပ်ရှား၏။ ထို့ကြောင့် သူ့ရှေ့တွင် ကျင့်ကြံသူ ဆယ့်နှစ်ယောက်ကျော် ရှိလို့နေသည်။

ထိုကျင့်ကြံသူများ၏ မျက်လုံးများသည် တောက်ပနေ၏။ သူတို့က ဝမ်လင်းတစ်ယောက်တည်း ထိုသားရဲများကို မောင်ပိုင်စီးဖို့ ခွင့်မပြုရန် စိတ်ပိုင်းဖြတ်ထားကြ၏။ သားရဲများစွာ ရှိနေသည်တောင်မှ အသက်ဓာတ်အားတစ်ခုကို ရနိုင်ခြင်းသည် လောဘတက်စရာပင်။

“ဒီအဖြူရောင်ဝတ်စုံနဲ့ ကျင့်ကြံသူသာ ထပ်ပြီး လုယူရင် ငါတို့ ပူးပေါင်းပြီး သူ့ကို သတ်ကြမယ်။ သူ့ကို အကျိုးဆက်သိသွားစေရမယ်…” ကျောက်ဖျာတစ်ခုကို အရယူထားသော အနှီကျင့်ကြံသူများအားလုံးသည် ရက်စက်ပြတ်သားကြသူများသာ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြရင်း မည်သို့မည်ပုံလုပ်မည်ကို နားလည်လိုက်သည်။

တော်တော်လေးဝသော ကျင့်ကြံသူက သူ့လက်ထဲရှိ ပေသီးခုံကို ဝေ့ယမ်းကာ ပြုံး၍ ပြောလိုက်သည်။ “ဆံဖြူကျင့်ကြံသူ…မင်း သားရဲ ဆယ်ကောင်ထက် ပိုသတ်ခွင့်မရှိဘူး။ မဟုတ်ရင် ဒီအရှင်ရဲ့ ရက်စက်မှုကို အပြစ်မတင်ပါနဲ့…။ ငါ မင်းကို သတ်ပစ်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကို သန့်စင်ပစ်မယ်…”

“တစ်ကောင်ပိုသတ်တာနဲ့ မင်း ဒီမှာတင် သေရမယ်။ ဘယ်သူကမှ မင်းကို မကယ်ပေးနိုင်ဘူး…” အနက်ရောင်ဝတ်စုံနှင့် ပိန်ပါးပါးကျင့်ကြံသူက ရှေ့သို့ သွားနေရင်း အေးစက်စက် ပြောလိုက်သည်။

သူ့နောက်တွင် ကြမ်းကြုတ်သောငါးနှင့် ခရမ်းရောင်လူကလည်း လှမ်းအော်သည်။ “ရောင်းရင်းကျင့်ကြံသူဟာ အစွမ်းထက်ပေမယ့် သင်ဟာ ငါတို့ကို ဒေါသထွက်စေခဲ့ရင် ငါတို့အုပ်စုထဲကနေ အလန့်တကြား ကန်ထုတ်ခံပြီး သေခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်…”

အစိမ်းရောင်ဝတ်စုံနှင့် အဘွားအို၏ ရှုံ့တွတွအသံမှာလည်း ထွက်ပေါ်လာ၏။ “ရောင်းရင်းဟာ အဆင်အခြင်မဲ့လွန်းခဲ့တယ်။ ဒီနေရာရဲ့ ကံကောင်းမှုဟာ လူတိုင်း ရသင့်တယ်။ သင်သာ လောဘကြီးလွန်းခဲ့တော့ ဒီအဘွားကြီးက ခွင့်ပြုမှာ မဟုတ်ဘူး။ သင့်ကို သတ်ပစ်မယ်။ သင်ဟာ အစွမ်းထက်ရင်တောင်မှ မနာခံရင် သေရလိမ့်မယ်…”

“မင်းဟာ အစွမ်းထက်ပေမယ့် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ တကယ် မသိပဲကိုး။ ဉာဏ်နည်းလွန်းတယ်။ သနားစရာပဲ။ ဒီမှာ မင်းလို လောဘကြီးတဲ့သူတစ်ယောက် ရှိနေတယ်။ မင်းကိုယ်မင်း တတိယအဆင့်ကျင့်ကြံသူလို့များ ထင်နေတာလား…”

သူ့ဘယ်လက်တွင် အရက်အိုးကို ကိုင်ထားသော သက်လတ်ပိုင်းလူကလည်း ခေါင်းယမ်းကာ ပြောလာ၏။ သူက တစ်ငုံသောက်ကာ ထို့နောက်တွင် သားရဲများထံ ဦးတည်ဝင်သွားသည်။

ထိုစကားလုံးများက သတ်ဖြတ်လိုစိတ်ကို လှစ်ဟနေ၏။ ကျင့်ကြံသူအများစုသည် ဝမ်လင်းကို မကျေမနပ် ဖြစ်နေသည်မှာ သိသာသည်။ ထိုသို့ ပြောဆိုခဲ့သော သူများအပြင် သူတို့၏ သတ်ဖြတ်လိုစိတ်ကို လှစ်ဟနေသော သတ်ရန်အဆင့်သင့် ဖြစ်နေသော တခြားလူများလည်း ကျန်သေး၏။

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည် ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ပျော်ရွှင်သွား၏။ သို့ပေမည့် သူမက ဝမ်လင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးမိသည့်အခါ ထိုအပျော်သည် ချက်ခြင်း ပြန်ပျောက်ရှသွားသည်။

ဝမ်လင်းသည် လူတိုင်း၏စကားများကို ကြားရပြီးနောက်တွင်လည်း တည်ငြိမ်စွာ ရှိနေ၏။ သူ၏မျက်လုံးထဲတွင်မူ အေးစက်မှု ရှိနေသည်။ သူ့မျက်လုံးထဲတွင် သိမ်မွေ့ဆန်းကြယ်မီးလည်း ရှိလာပေပြီ။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ နောက်သို့ ဆုတ်ရမည့်အစား ရှေ့သို့ ပိုမြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူ၏အစွမ်းထက် ကျင့်ကြံမှုကို အသုံးချကာ ဥက္ကာပျံတစ်စင်းကဲ့သို့ သူ့ရှေ့ရှိ ကျင့်ကြံသူများကို ကျော်တက်ကာ သူတို့ထံ တိုးဝင်လာသော သားရဲများထံသို့ တိုးဝင်သွားတော့သည်။

“သတ္တိကောင်းနေတယ်ပေါ့..”

“မင်းလုပ်ရဲလား…”

“မောက်မာလိုက်တာ။ မင်း သေချင်နေတာပဲ…”

ဝမ်လင်း၏ အပြုအမူသည် သည်လူအုပ်ကို စိတ်ကသီကအောက် ဖြစ်စေ၏။ လူတိုင်းထံမှ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာကာ အချို့ဆို မန္တာန်များ ထုတ်ဖော်ရန် ချိပ်ဟန်များကိုပါ ဖြစ်စေလိုက်ပြီပင်။ ဝမ်လင်းသည် သားရဲသောင်းချီထံသို့ နီးကပ်လာ၏။ သို့သော် သူသည် မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပေ။ သူ့ ညာလက်ကိုသာ ဝေ့ယမ်းလိုက်သည်။ လောကသည် တုန်ဟည်းသွားသည်။

ကြမ်းကြုတ်သော သားရဲများသည် နာကျင်စွာအော်ဟစ်လိုက်ရပြီး သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုမှား ပြည့်ကုန်သည်။ သူတို့၏အမူအရာများသည် ပုံပျက်ပန်းပျက် ဖြစ်ကုန်သည်။ နာကျင်စွာအော်သံများသည် ပို၍ ပြင်းထန်လာ၏။

လျှပ်တပြတ်အတွင်း သားရဲတစ်ထောင်နီးပါးသည် သိမ်မွေ့ဆန်းကြယ်မီး၏ ဝန်းရံခြင်းခံရပြီး သေသည့်အထိ လောင်ကျွမ်းခံရသည်။

အသက်ဓာတ်အား အဖြူရောင်အမျှင်တန်းများ သူတို့ထံမှ ထွက်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

သေဆုံးသွားသော သားရဲများ၏ ခန္ဓာကိုယ်တွင်းရှိ သိမ်မွေ့ဆန်းကြယ်မီးသည် ထိုးထွက်လာကာ ရူးမူးစွာ ပျံ့လွင့်သည်။ ပိုများသော သားရဲများမှာ ထိုမီး၏ လောင်ကျွမ်းခြင်း ခံရသည်။ ကြောက်လန့်စရာအပူရှိန်သည် သည်လောကတွင် ပြည့်နှက်လာ၏။

တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် သားရဲများသည် လောင်ကျွမ်းကာ မီးလုံးများအဖြစ်သို့ ပြောင်းလျက် သူတို့၏နောက်တွင် အနက်ရောင်ပြာမှုန့်များသာ ကျန်ခဲ့လေ၏။ အဖြူရောင်စွမ်းအင်များသည် ဤလောကတွင် လှိုက်တက်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း တရဟော တိုးဝင်သည်။

မီးသည် ဆက်လက် ပျံ့နှံ့ကာ သားရဲအများစုသည် မီးပင်လယ်၏ အစိတ်အပိုင်း ဖြစ်လာကြသည်။ အဆုံးမဲ့အသက်ဓာတ်အားများသည်လည်း ဝမ်လင်းထံ တိုးဝင်လာနေသည်။ သူ၏မူလစိတ်ဝိညာဉ်က ၎င်းတို့အားလုံးကို စုပ်ယူကာ သူ၏ဒဏ်ရာများမှာ အံ့မခန်းနှုန်းဖြင့် ပြန်ကောင်းမွန်လာသည်။ အသက်ဓာတ်အားများသည် ဝမ်လင်းခန္ဓာကိုယ်အတွင်း မြန်ဆန်စွာ ဝင်ရောက်သွားလေပြီ။ ပိုများပြားသော သားရဲများမှာ သိမ်မွေ့ဆန်းကြယ်မီး၏ လောင်ကျွမ်းခြင်းကို ခံရသည်။

အသက်ဓာတ်အားများ သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာနေရင်း ဝမ်လင်း၏ဒဏ်ရာများသည် လုံးဝ ပြန်ကောင်းမွန်လာသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် သားရဲများသည် ဆက်လက် သေဆုံးနေသည်။

ထိုသားရဲများစွာ သေဆုံးပြီးသည့်နောက် အဆုံးမဲ့သိမ်မွေ့ဆန်းကြယ်မီးက အဘက်ဘက်ကနေ ဝမ်လင်းထံသို့ ပြန်ရောက်လာပြီး သူ၏ဘယ်မျက်လုံးတွင်းသို့ ဝင်ရောက်သည်။

ရိုးရှင်း၏။ အလွန်အံ့အားသင့်ဖွယ်‌ ကောင်း၏။

“ငါ့ကို ဘယ်သူ လာသတ်မလဲ…” ဝမ်လင်းသည် နောက်လှည့်လိုက်သည်။ သူ၏ အေးစက်စက်အကြည့်က သူ့နောက်တွင် မင်သက်ကြောင်ရီနေသော ကျင့်ကြံသူများထံသို့ ရောက်ရှိလာသည်။ သူ၏ဘယ်မျက်လုံးထဲတွင်မူ ကိုးရောင်စုံသိမ်မွေ့ဆန်းကြယ်မီးက တောက်လောင်နေ၏။

“သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူ..”

“သူက သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူပဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

“နှစ်သောင်းချီတာတောင်မှ ဒီလိုကျင့်ကြံသူဟာ ပေါ်ထွက်လာခဲတယ်လေ။ သူက တကယ်ပဲ သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူ ဖြစ်နေတာပဲ…”

“သူ လက်တစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ သားရဲသောင်းချီ ချက်ခြင်း အသက်ခံလိုက်ရတယ်။ ဒီလိုမျိုးကျင့်ကြံမှု…ငါ…ငါဟာ သူ့ကို သတ်ဖို့ တကယ်များ လုပ်ခဲ့မိတာလား…”

ကောလဟာလကြီးလှသော သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူသည် သူ၏တသီးတသန့်မီးနှင့်အတူ ဤချိပ်ပိတ်နယ်မြေတွင် ပေါ်လာခဲ့ပေပြီ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူတို့၏စိတ်နှလုံးထဲတွင် လှိုင်းထန်ခဲ့လေပြီ။

ဝမ်လင်း၏အကြည့်က သူတို့ထံ ရောက်လာသည့်အခါ သူတို့အားလုံးသည် နောက်သို့ ခြေလှမ်းရာချီ ဆုတ်ကုန်သည်။ သူတို့၏မျက်လုံးထဲ၌လည်း တုန်လှုပ်ခြင်း ကြီးစိုးနေ၏။ စောနက မောက်မောက်မာမျာ ပြောခဲ့သော ကျင့်ကြံသူများဆို ဖြူရောနေကြလေပြီ။

တည်ငြိမ်လှသော အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးသည်ပင် တုန်လှုပ်မိသွား၏။ သူမ၏မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု လှစ်ခနဲ ပေါ်သည်။

***

All Chapters