အခန်း ၂၀၂၆
Vol. 136 Ch. 2026
အခန်း (၂၀၂၆ )
သိမ်မွေ့သော အဆင့်တက်မှု
လုချန်းသည် ယွမ်ယုတိကို ရင်ထဲအသည်းထဲအထိ ထွင်းဖောက်မတတ် တည့်တည့်စိုက်ကြည့်လိုက်၏။ သူ၏မျက်လုံးများသည် အနည်းငယ် မှေးစင်းနေကာ မျက်တောင်များမှာလည်း ယွမ်ယုတိကို ကြည့်ရင်း လှုပ်ခတ်နေ၏။ သူ၏အကြည့်က သူမကို ထိုးဖောက်သွားမည့်အတိုင်း ဖြစ်နေ၏။
ယွမ်ယုတိကတော့ ငြိမ်သက်တည်ငြိမ်စွာပင် ရှိနေပြီး လုချန်း၏ စူးရှသော အကြည့်အောက်တွင် မည်သည့် ထိတ်လန့်တုန်လှုပ်မှုကိုမှ မြူမှုန်မျှ ပြသခြင်း မရှိခဲ့ပေ။
ဤလူယုတ်မာ လုချန်းနှင့် နှစ်ပေါင်းများစွာ စုံတွဲကျင့်စဉ် အတူတူကျင့်ကြံခဲ့ပြီးနောက် ယခုအခါ သူမ၏ အမြင်တွင် လုချန်း၏ ရုပ်ခန္ဓာသည် သူမ၏ ရုပ်ခန္ဓာကဲ့သို့ပင် ထပ်တူထပ်မျှ ဖြစ်နေပြီဖြစ်သည်။
သူမသည် သူ၏ရှေ့မှောက်တွင် မည်သည့်ရှက်ရွံ့မှုကိုမှ မခံစားရတော့ပေ။ သူတို့နှစ်ဦးသည် ရေနဲ့ကြာကဲ့သို့ ရင်းနှီးသော အခြေအနေတစ်ခုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
ထို့နောက် လုချန်းက နက်ရှိုင်းသော အသံဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ရိုးရိုးသားသား တောင်းဆိုရရင် ကျုပ်နဲ့ ကလေးတစ်ယောက် ယူလိုက်ပါ။”
ထုံးစံအတိုင်းပင် ယွမ်ယုတိက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
“ကျွန်မ သဘောမတူနိုင်ဘူး။ ရှင် ဘယ်နှကြိမ်ပဲ မေးမေး အဖြေကပြောင်းလဲမှာ မဟုတ်ဘူး။”
လုချန်းက စိတ်မကောင်းဟန်ဖြင့်
“ခင်ဗျားရဲ့ နှလုံးသားထဲမှာ ကျုပ်က အဲဒီလောက်တောင် သည်းခံရခက်နေတာလား။ ကျုပ်တို့တွေ စုံတွဲကျင့်စဉ် ကျင့်ခဲ့တာ ဒီလောက်နှစ်တွေကြာပြီ။ ဆရာမက ကျုပ်ကို အခွင့်အရေး တစ်ခါလေးတောင် မပေးချင်ဘူးလား။”
ယွမ်ယုတိက စကားနာထိုးကာ ပွင့်ပွင့်လင်းလင်းပင်
“ဟုတ်တယ်။ အရမ်းသည်းခံရခက်တယ်။ ရှင့်လို အကျင့်မျိုးနဲ့ လူကို ကျွန်မကလေးရဲ့ အဖေ အဖြစ် ဘယ်သောအခါမှ အဖြစ်ခံမှာ မဟုတ်ဘူး။”
ထိုစကားကို ကြားလျှင် လုချန်းက
“ဒါဆိုရင် ကိုင်တွယ်ရလွယ်ကူတာပေါ့။”
အမှောင်ထဲ မျက်စိလည်သကဲ့သို့ ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများဖြင့် လုချန်း၏ မျက်လုံးများကို ယွမ်ယုတိ စိုက်ကြည့်လိုက်၏။
ကိုင်တွယ်ရလွယ်ကူတယ်။
ဘာကများ ကိုင်တွယ်ရလွယ်ကူတာလဲ။
လုချန်းက
“ခင်ဗျား အရင်ဆုံး ကျုပ်ကလေးကို ကိုယ်ဝန်ဆောင်။ ပြီးရင် မွေးလိုက်။ အဲ့ဒီအခါကျရင် ကျုပ်က ကလေးကို အသိအမှတ်မပြုဘူး။ ဒါဆိုရင် အဲဒါ ကျုပ်ကလေး မဟုတ်တော့ဘူးလေ။”
ထိုကဲ့သို့သော ကမောက်ကမ စကားကို ကြားလျှင် ယွမ်ယုတိ ဆွံ့အသွားကာ အေးစက်စွာ ပြောလိုက်သည် ။
“ရှင် ကျွန်မကို အရူးမှတ်နေတာလား”
“အသိအမှတ်မပြုရုံနဲ့ သူက ရှင့်ရဲ့ ရင်သွေး ဖြစ်မနေတော့ဘူးလား။”
“သူက ရှင့်ရဲ့ မျိုးစေ့ပဲ။ အသိအမှတ်မပြုရင်တောင် ရှင့်ရဲ့ သွေးသား အရင်းပဲ အမြဲတမ်း ဖြစ်နေမှာ။”
ယွမ်ယုတိ၏ ပြတ်သားသော သဘောထားကို တွေ့မြင်လျှင် လုချန်းက
“ကောင်းပြီ။ ကျုပ် လက်လျှော့လိုက်ပါမယ်။”
ထိုစကားကို ကြားသော်လည်း ယွမ်ယုတိ လုချန်းကို တစ်စက်ကလေးမှ မယုံကြည်ပေ။ လုချန်း ဤမျှ လွယ်လွယ်ကူကူနှင့် လက်လျှော့လိမ့်မည်ဟု သူမ စိုးစဉ်းမှ မယုံကြည်ပေ။
လုချန်း၏ နှုတ်ခမ်းစွန်းများ အနည်းငယ် ကွေးညွှတ်တက်သွားပြီး
“ကဲ... ကျုပ်တို့တွေ ကျင့်ကြံခြင်းဆီ ပြန်သွားပြီး ခင်ဗျား နတ်သခင် ဒုတိယအလွှာကောင်းကင်အဆင့်ကို အမြန်ဆုံး တက်ရောက်နိုင်အောင် ကြိုးစားကြရအောင်။”
ယွမ်ယုတိသည် သူမ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက လျှပ်တပြတ် ခေါင်းငုံ့ကာ သူမ၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်လေသည်။
ယွမ်ယုတိကလည်း အလိုက်သင့်ပင် ရုန်းကန်ခြင်း မပြုခဲ့ပေ။ သူမသည်လည်း နတ်သခင်နယ်ပယ် ဒုတိယအလွှာကောင်းကင်အဆင့်သို့ အမြန်ဆုံး တက်ရောက်လိုနေခြင်း ဖြစ်သည်။
ကျင့်စဉ် အဆင့်ငယ်များ တိုးပွားလာသည်နှင့်အမျှ ထျန်းရန်နတ်ဘုရားနယ်မြေ၏ အခြေအနေလည်း ကြီးမားစွာ ပြောင်းလဲလာတော့မည် ဖြစ်သည်။
ယခုအချိန်တွင် သူမတစ်ဦးတည်းသာ နတ်သခင် ပထမအလွှာကောင်းကင်အဆင့်သို့ တက်ရောက်သွားသည်မဟုတ်ပဲ အခြားသော နတ်သခင်များစွာသည်လည်း နတ်သခင် ပထမအလွှာကောင်းကင်အဆင့်သို့ တက်ရောက်သွားလောက်ပြီ ဖြစ်နိုင်သည်။
ခြေတစ်လှမ်း နောက်ကျကျန်ခဲ့လျှင် နောက်ခြေလှမ်းတိုင်း ဆက်လက် နောက်ကျကျန်ခဲ့ နေမည် ဖြစ်ရာ သူမအနေနှင့် အခြားသော နတ်သခင်များထက် အဆင့်မြင့်မားသော နယ်ပယ်သို့ အဦးဆုံး အရင်ဆုံး တက်ရောက်နိုင်မှသာ နောက်ပိုင်းတွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကံစွမ်းအားကို လုယူယှဉ်ပြိုင်ရာ၌ သူမအတွက် ပိုလွယ်ကူပေလိမ့်မည်။
……
လုချန်းနှင့် ယွမ်ယုတိတို့ ကျင့်ကြံနေစဉ်အတွင်း သူသည် နတ်ဧကရာဇ် ရှီယွဲ့နှင့်လည်း အတူတကွ ကျင့်ကြံနေ၏။ သို့သော် ကနဦး စတင်ခဲ့သည့်အချိန်ကဲ့သို့ ပြင်းထန်မှုတော့ မရှိတော့ပေ။
နတ်ဧကရာဇ် ရှီယွဲ့၏ ရုပ်ခန္ဓာမှ ပျံ့လွင့်လာသော မွှေးရနံ့များက လုချန်းကို ဆက်တိုက် လှုံ့ဆော်ပေးနေသော်လည်း ယခုလို နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ ထိုအရာအား ခုခံနိုင်စွမ်းကိုတော့ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
…..
ထိုအခိုက်အတန့်တွင်။
နတ်ဧကရာဇ် ရှီယွဲ့၏ ခမ်းနားလှသော နန်းတော်အတွင်း၌...
လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ ကတ္တီပါသားကဲ့သို့ နူးညံ့သော အမွှေးပွပွ အမြီးလေးကို ညင်သာစွာ ဆုပ်နယ်နေ၏။ ၎င်း၏ ထိတွေ့မှု ခံစားချက်က အလွန်ကောင်းလှသဖြင့် သူမ၏အမြီးကို ကိုင်ထားရခြင်းကို လုချန်း မစွဲလန်းပဲ မနေနိုင်ခဲ့ပေ။
အစပိုင်းတွင် နတ်ဧကရာဇ် ရှီယွဲ့သည် အနည်းငယ် ရုန်းကန်ခဲ့သော်လည်း လုချန်းက သူမ၏အမြီးကို အကြိမ်ကြိမ် ဖမ်းကိုင်ပြီးနောက်တွင်တော့ သူမလည်း ကျင့်သားရသွားခဲ့သည်။
လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ ချောမွေ့သော ကျောပြင်ပေါ်တွင် ထိကပ်ရင်း သူမ၏အမြီးကို ကစားကာ
“ခင်ဗျားလည်း အဲဒါကို သိသိသာသာ ခံစားမိမှာပါ ဟုတ်တယ်မလား”။
သူမသည် နတ်ဧကရာဇ်အဆင့် ဖြစ်သဖြင့် ကောင်းကင်လမ်းစဉ်နှင့် သာမန်နတ်များထက် နီးစပ်သည်။ နတ်ဧကရာဇ် ရှီယွဲ့၏ ကောင်းကင်လမ်းစဉ် နိယာမများအပေါ် အာရုံခံနိုင်စွမ်းက အလွန်ထက်မြက်လှရာ ကျင့်ကြံခြင်းအခြေအနေ ပြောင်းလဲမှုကို သူမ သတိမပြုမိပဲ နေလိမ့်မည် မဟုတ်ပေ။
ထိုအရာကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့ တဖြည်းဖြည်းနှင့် သတိပြန်ဝင်လာပြီး သူမ၏အမြီးကို ကစားနေသော လုချန်းကို စိုက်ကြည့်ကာ ပြန်လည်ဖြေကြားခြင်းမပြုပဲ သတိပေးလိုက်သည်။
“ကျွန်မအမြီးကို ခဏခဏ လာမဆွဲနဲ့တော့။”
ဤကျိန်စာသင့်ထိုက်သော လူသည် သူမကို နောက်ပြောင်ရန်အတွက် သူမ၏အမြီးကို အမြဲတမ်း လာရောက်ဖမ်းကိုင်တတ်၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်လည်း သူမ၏အမြီးသည် နုနယ်လွန်းသဖြင့် အလွန် ထိခိုက်လွယ်ဆဲပင် ရှိနေသေးသည်။
လုချန်းက သဘောကျစွာ ရယ်မောကာ
“ခင်ဗျားရဲ့ အမြီးကို လုံလုံ ခြုံခြုံ သိမ်းထားလိုက်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလေ။”
အမြီးကိုးခု မြေခွေးသည် အမြီးနှင့် နားရွက်များသည် ရုပ်ခန္ဓာအတွင်းသို့ အပြည့်အဝ ပြန်လည်သိမ်းဆည်းကာ ဝှက်ထားနိုင်စွမ်း ရှိသည်။
အစက နတ်ဧကရာဇ် ရှီယွဲ့သည် ၎င်းတို့ကို တကယ် ဝှက်ထားခဲ့၏။ ဤနှစ်များတစ်လျှောက်တွင်း သူမသည် ထိုသို့ သိမ်းဆည်းထားရန် အမြဲတစေ ကြိုးစားခဲ့သည်။
သို့သော် သူမ ထိန်းချုပ်မှု လွတ်သွားသည့် အကြိမ်တိုင်းတွင် သူမ၏အမြီးနှင့် နားရွက်များ အလိုအလျောက် ပြန်လည်ထွက်ပေါ်လာတတ်ပြီး သူမ၏အမြီး ပေါ်လာသည့် အကြိမ်တိုင်းတွင် လုချန်းက ၎င်းကို လက်လွတ်မခံပဲ ဖမ်းကိုင်လေ့ရှိသည်။
ယခုအခါ လုချန်းက သူမ၏အမြီးကို မြင်းဇက်ကြိုးကဲ့သို့ သဘောထားနေသည်ဟု သူမ စိတ်ထဲတွင် ခံစားနေရသည်။
နတ်ဧကရာဇ် ရှီယွဲ့သည် ထိုကိစ္စအား လုချန်းကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း သူမသည် သူမ၏အမြီးကို လာရောက်နှောင့်ယှက်ခြင်းမှ တကယ် ပြတ်ပြတ်သားသား တားဆီးခြင်းမျိုး မရှိခဲ့ဖူးပေ။
ရိုးရိုးသားသားပြောရလျှင် လုချန်း သူမ၏အမြီးကို ညင်သာစွာ ပွတ်သပ်ပေးခြင်းက သူမကို အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။
သို့သော် သတိပေးချက်တစ်ခုကတော့ လိုအပ်ဆဲပင် ဖြစ်သည်။ မဟုတ်ပါက ဤကျိန်စာသင့်ထိုက်သော လူသည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ရဲတင်းလာပေလိမ့်မည်။
နတ်ဧကရာဇ် ရှီယွဲ့သည် အမြီးအကြောင်းအရာကို ဆက်မပြောတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်ပြီး
“ရှင်တောင် အာရုံခံနိုင်ရင် ကျွန်မ မခံစားမိဘူးလို့ ထင်နေတာလား”။
လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ကျုပ် နည်းနည်း သိချင်လို့။ နတ်ဧကရာဇ် နယ်ပယ် အကန့်အသတ်ကလည်း ပျက်သွားပြီလား။”
နတ်ဧကရာဇ် ရှီယွဲ့က
“ဟုတ်တယ်”
ဟု တိုတိုတုတ်တုတ် ပြန်လည်ဖြေကြားခဲ့သည်။
ထိုစကားကို ကြားလျှင် လုချန်း ခဏခန့် ကြက်သေ သေကာ မှင်တက်သွားခဲ့သည်။
နတ်ဧကရာဇ် နယ်ပယ် အကန့်အသတ်ကလည်း တကယ် ပျက်ပြီလား။
လုချန်းက အလျင်အမြန် မေးလိုက်သည်။
“အဲဒါက မဟာနယ်ပယ်လား။”
နတ်ဧကရာဇ် ရှီယွဲ့က ခေါင်းခါကာ ဖြေကြားခဲ့သည်။
“အဆင့်ငယ်ပဲ။ ကျော်ဖြတ်သွားရင်တောင် နတ်ဧကရာဇ် ကျင့်ကြံခြင်း အဆင့်ထဲမှာပဲ ရှိနေဦးမှာပဲ။”
လုချန်း ထိုအရာကို စေ့စေ့စပ်စပ် စဉ်းစားကြည့်၏။ အကယ်၍ နတ်ဧကရာဇ် နယ်ပယ်၏ အကန့်အသတ်ကိုပင် ဖယ်ရှားလိုက်ပါက ထျန်းရန်နတ်ဘုရားနယ်မြေ ကြံ့ကြံ့ခံနိုင်မည်မဟုတ်ပေ။ မကြာမီ ဖရိုဖရဲ ပြိုလဲပျက်စီးသွားနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
ထျန်းရန်နတ်ဘုရားနယ်မြေသည် နတ်ဧကရာဇ်အဆင့်ထက် မြင့်မားသော စွမ်းအားများကို တောင့်ခံနိုင်စွမ်း ရှိပုံမရပေ။
နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ စူးရှသော အကြည့်ကို လုချန်းထံသို့ လွှဲပြောင်းလိုက်၏။
ထိုအခိုက်အတန့်တွင် လုချန်းသည် သူ၏လက်မောင်းနှစ်ဖက်လုံးကို သူမ၏ ခါးထက်တွင် တင်ထားပြီး သူမ၏အမြီးကို ဖမ်းကိုင်ကာ မလှုပ်မယှက်ပဲ နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေပုံရသည်။
နတ်ဧကရာဇ် ရှီယွဲ့က နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်။
“ရှင်နဲ့ စုံတွဲကျင့်စဉ် ကျင့်တာက အသုံးမဝင်ဘူး ထင်တယ်။ ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်ရင်တောင် ကျွန်မက သာမန် နတ်ဧကရာဇ် အဆင့်မှာပဲ ရှိနေဦးမှာ။”
လုချန်းက သတိပြန်ဝင်လာပြီး
“ခင်ဗျားက နတ်ဧကရာဇ် ဖြစ်နေပြီပဲ။ အဆင့်တက်ရတာ အုန်းသီးခွဲသလို အဲဒီလောက် လွယ်ကူနေရင် ခင်ဗျားရဲ့စွမ်းအားတွေက ထျန်းရန်နတ်ဘုရားနယ်မြေကို ပေါက်ကွဲသွားစေဖို့ အချိန်အကြာကြီး လိုမှာမဟုတ်ဘူး။”
နတ်ဧကရာဇ်တစ်ပါးကို ဤမျှ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် အဆင့်တက်ရန် ကောင်းကင်လမ်းစဉ်က မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။
သူတို့ စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးပြီး နှစ်တစ်ရာပင် မပြည့်သေးပေ။
နတ်ဧကရာဇ်တစ်ပါး၏ ရေတွက်မကုန်နိုင်သော သက်တမ်းအတွက်မူ နှစ်ကုဋေပေါင်းများစွာအတွင်း အဆင့်ငယ်တစ်ခု တက်ရောက်နိုင်ခြင်းကပင် အတော်လေး ကောင်းလှပြီဖြစ်သည်။
နတ်ဧကရာဇ် ရှီယွဲ့က သက်ပြင်းချကာ
“ဒါပေမဲ့ နတ်ဆိုးဧကရာဇ် နတ်ဧကရာဇ် ပထမအလွှာကောင်းကင်အဆင့်ကို တက်ရောက်သွားတာကို ကျွန်မ အာရုံခံစားမိတယ်။”
ယခုအကြိမ် ရွှမ်ချင်းယွမ်၏ အဆင့်တက်ရောက်မှုမှာ အလွန် သိမ်မွေ့လှပြီး သူမ၏ ဧကရာဇ်အရှိန်အဝါကလည်း ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးအပေါ်သို့ သက်ရောက်ခြင်းမရှိခဲ့သဖြင့် နတ်ဆိုးဧကရာဇ် ထပ်မံအဆင့်တက်သွားသည်ကို လူအများစု မသိကြပေ။
သို့သော် နတ်ဧကရာဇ်တစ်ပါး၏ အာရုံခံနိုင်စွမ်းက ထျန်းရန်နတ်ဘုးရား နယ်မြေအတွင်းရှိ အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် အလွန်ထက်မြက်လှသဖြင့် ရွှမ်ချင်းယွမ် အဆင့်တက်သွားချိန်တွင် နတ်ဧကရာဇ် ရှီယွဲ့ ခံစားမိခဲ့ခြင်း ဖြစ်သည်။
၎င်းက နတ်ဧကရာဇ် ရှီယွဲ့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူမသည် နောက်မှ နတ်ဧကရာဇ် ဖြစ်လာသူ ဖြစ်ပြီး အခြေခံ အုတ်မြစ် အားနည်းကြောင်း သိသော်လည်း လုချန်းနှင့် နှစ်ပေါင်းများစွာ စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့ပြီး ကောင်းကင်လမ်းစဉ်က ကန့်သတ်ချက်များကို ဖယ်ရှားပေးပြီးနောက်တွင် နတ်ဆိုးဧကရာဇ်က သူမထက် အရင် လက်ဦးမှုရယူကာ အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
သူမ၏ အမွေဆက်ခံ မှတ်ဉာဏ်များအရ သူမ၏ ကံပါလာသောသူသည် သူမ၏ နောက်ဆက်တွဲ ကျင့်ကြံခြင်းအခြေအနေ တဟုန်ထိုး တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေရမည်ဖြစ်သည်။
သို့သော် ဤကျိန်စာသင့်ထိုက်သော လူသည် သူမကို လာရောက်ဆွပေးနေပြီးမှ ရလဒ်က ဒါပဲလား။
ပထမအလွှာကောင်းကင်အဆင့်ကိုတောင် မကျော်ဖြတ်နိုင်ပဲဖြစ်နေတယ်။
ဤကျိန်စာသင့်အပ်သော လူက အနှစ်မပါတဲ့ အကာလို ဘာအတွက် အသုံးဝင်မှာလဲ။
နတ်ဧကရာဇ် ရှီယွဲ့က ရွှမ်ချင်းယွမ်အကြောင်းကို ပြောသည်ကို ကြားလျှင် လုချန်းက သဘောကျစွာ ရယ်မောကာ ပြောလိုက်သည်။
“သူက နတ်ဆိုးဧကရာဇ်လေ။ သူက မကောင်းတဲ့ စိတ်ခံစားချက်တွေကို စုပ်ယူပြီး သူရဲ့ စွမ်းအားကို တဟုန်ထိုး မြှင့်တင်တာ။ အခု ထျန်းရန်နတ်ဘုရားနယ်မြေ ကစဉ့်ကလျား ဖြစ်နေတဲ့အချိန်မှာ သူရဲ့ လျင်မြန်တဲ့ တိုးတက်မှုက သဘာဝကျပါတယ်။ ခင်ဗျား သူရဲ့ အရှိန်ကို မမှီတာ မဆန်းပါဘူး။”
လုချန်း၏ စကားကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့လည်း စိတ်အလိုမကျစွာဖြင့် သူမ၏ မျက်ခုံးများကို အနည်းငယ် တွန့်လိုက်မိသည်။
သူမသည် ရွှမ်ချင်းယွမ်၏ ပြိုင်ဘက် မဟုတ်သည်ကို ဧကန်မုချ သိသော်လည်း လုချန်းက ၎င်းကို ကွက်ကွက်ကွင်းကွင်း ထောက်ပြလိုက်ခြင်းကြောင့် သူမ၏ စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။
wunzinnosp
………..