အခန်း ၂၀၂၇
Vol. 136 Ch. 2027
အခန်း (၂၀၂၇ )
ပို၍သင့်တော်သော အရှေ့ပိုင်းနယ်
ခမ်းနားသော ကောင်းကင်ခန်းမ။
အစည်းအဝေးခန်းမအတွင်း၌။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ အလွန် စိတ်လှုပ်ရှားနေကြသည်။
ယခုအကြိမ်တွင် ထျန်းရန် နတ်ဘုရားနယ်မြေ၌ အဆင့်ကန့်သတ်ချက်များ ဖယ်ရှားလိုက်သဖြင့် သူတို့သည် လိုရာခရီးကို လှမ်းမျှော်မြင်ရသကဲ့သို့ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသည်။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်အချို့သည် နတ်သခင် ပထမအလွှာကောင်းကင်အဆင့်သို့ တက်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ နတ်သခင်များသည် ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်ကာ တက်ကြွစွာ ဆွေးနွေးနေကြသည်။
သူတို့ထဲမှ အချို့သည် နတ်သခင် ပထမအလွှာကောင်းကင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သဖြင့် ယခင်က ဆိတ်ငြိမ်ရာတွင် တံခါးပိတ်ကာ သူ့ကိုယ်သူ ချိပ်ပိတ်ထားခဲ့သော သူတို့၏ ခန်းမသခင်သည်လည်း အဆင့်တက်ရောက်နိုင်ခြေ ရှိပါသလား။
နတ်သခင် ပထမအလွှာကောင်းကင်အဆင့်သို့ တက်ရောက်နိုင်ပါက သက်တမ်းကန့်သတ်ချက်သည် အချိန်အတော်ကြာအောင် တိုးမြင့်သွားမည်ဖြစ်ပြီး အချိန်အတော်ကြာအောင် အသက်ရှင်နေထိုင်နိုင်မည်ဖြစ်ရာ သူ့ဖာသာသူ ချိပ်ပိတ်ထားရန် မလိုအပ်တော့ပေ။
ထိုအချိန်တွင် နတ်သခင်တစ်ပါးက
“ဖြစ်နိုင်တာကတော့ ကြယ်မြစ် နတ်သခင်ဟာ ပထမအလွှာကောင်းကင်အဆင့်ကို တက်ရောက်သွားလောက်ပြီ။ ရက်အနည်းငယ်အတွင်းမှာပဲ သူ အပြင်ကို ထွက်လာလိမ့်မယ် ထင်တယ်။”
ထိုအရာကို ကြားလျှင် အထက်ရှိ နတ်ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်သခင်ထိုက်ဟွာ မျက်နှာပျက်သွားကာ မနှစ်မြို့ဖွယ် မျက်နှာအမူအရာ ဖြစ်သွားခဲ့သည်။
အကယ်၍ ကြယ်မြစ် နတ်သခင်သာ အပြင်သို့ ထွက်လာပါက သူသည် ခန်းမသခင် ရာထူးကို စွန့်လွှတ်ရမည် ဖြစ်သည်။ အနည်းဆုံးတော့ သူသည် အစပိုင်းတွင် ခန်းမသခင် ဖြစ်ရသည့်အတွက် ဖိအားများစွာ ခံစားခဲ့ရသော်လည်း အာဏာ၏အရသာကို မြည်းစမ်းဖူးသွားကတည်းက ဤရာထူးကို စွန့်လွှတ်ရန် စိတ်မပါ ဖြစ်နေခဲ့သည်။
ယခု ဤရာထူးကို စွန့်လွှတ်ရတော့မည့် အခြေအနေကို သူ ဧကန်မုချ အလိုမရှိပေ။
သို့သော်လည်း သူ လက်ရှိတွင် ခန်းမသခင်ရာထူးကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခြင်းမှာ အဓိကအားဖြင့် ကြယ်မြစ် နတ်သခင် ရှိနေခြင်းကြောင့် ဖြစ်သည်ကိုလည်း နတ်သခင်ထိုက်ဟွာ ကောင်းစွာသိပေသည်။
ကြယ်မြစ် နတ်သခင်သည် သူ့ကိုယ်သူ ချိပ်မပိတ်မီက ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များကို သတိပေးခဲ့ဖူးသဖြင့် ထိုနတ်သခင်များသည် ကြယ်မြစ် နတ်သခင် အပြင်သို့ ထွက်လာမည်ကို စိုးရိမ်သောကြောင့် ခန်းမသခင်ရာထူးကို မက်မောရန် မဝံ့ရဲခဲ့ကြပေ။
ယခုအခါ ကောင်းကင်လမ်းစဉ် နိယာမများ ပြောင်းလဲသွားပြီး ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များသည် နတ်သခင် ပထမအလွှာကောင်းကင်အဆင့်သို့ပင် တက်ရောက်သွားခဲ့ကြပြီ ဖြစ်သော်လည်း နတ်သခင်ထိုက်ဟွာကတော့ သာမန် နတ်သခင်အဆင့်တွင်သာ ရှိနေသေးရာ ကြယ်မြစ် နတ်သခင်၏ ထောက်ပံ့မှုက သူ့အတွက် ပို၍ပင် အရေးကြီးလာခဲ့သည်။
၎င်းက နတ်သခင်ထိုက်ဟွာကို အလွန် စိတ်ဒွိဟဖြစ်စေခဲ့သည်။ တစ်ဖက်တွင် သူသည် ကြယ်မြစ် နတ်သခင် အဆင့်တက်သွားသည်ကို မမြင်ချင်သော်လည်း အခြားတစ်ဖက်တွင်တော့ ကြယ်မြစ် နတ်သခင်ဟူသော သူ၏ ကျောထောက်နောက်ခံ မရှိပါက သူတစ်ယောက်တည်းနှင့် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များကို ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း စိုးရိမ်မိသည်။
ထိုအချိန်တွင် နတ်သခင်ထိုက်ဟွာက တစ်ချက် ချောင်းဟန့်လိုက်ပြီး
“အကယ်၍ ကြယ်မြစ် ခန်းမသခင် အဆင့်တက်သွားရင် သူ ဘယ်အချိန်မှာ ထွက်လာရမလဲဆိုတာ သဘာဝအတိုင်း သိပါလိမ့်မယ်။ ကျုပ်တို့်ကတော့ ကျုပ်တို့်ရဲ့ ကိစ္စရပ်တွေကိုပဲ အာရုံစိုက်သင့်တယ်။”
“အခု ကောင်းကင်လမ်းစဉ်ရဲ့ နိယာမတွေ ပြောင်းလဲသွားပြီဆိုတော့ ဒါဟာ ကျုပ်တို့်အတွက် အခွင့်အရေးတစ်ခုပဲ။ အကြီးအကဲအချို့က ပထမအလွှာကောင်းကင်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်တဲ့အတွက် အနာဂတ်မှာ ကျုပ်တို့်နဲ့ နတ်ဧကရာဇ်အကြားက စွမ်းအားကွာဟချက်ဟာ ပိုပြီးတော့ ကျဉ်းမြောင်းလာလိမ့်မယ်လို့ ဆိုလိုတာပဲ။”
“နောင်ကို ကျုပ်တို့်အနေနှင့် နတ်ဧကရာဇ်ရဲ့ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေစရာ မလိုတော့ဘူး။”
နတ်သခင်ထိုက်ဟွာ၏ စကားများကို ကြားပြီးနောက် နတ်သခင်တစ်ပါးက
“အဲဒီလိုဆိုရင် ကျုပ်တို့် နောက်ထပ် အချိန်အနည်းငယ်လောက် ဆွဲထားပြီး ပိုမြင့်တဲ့ အဆင့်တွေကို တက်ရောက်နိုင်ဖို့ ကြိုးစားကြတာပေါ့။ ပြီးတော့ ကျုပ်တို့်ရဲ့ စွမ်းအားက နတ်ဧကရာဇ်ရဲ့ စွမ်းအားနီးပါးလောက် ရောက်တဲ့အထိ စောင့်ဆိုင်းပြီးမှ သွေးလင်းယုန်ခန်းမရဲ့ နတ်ဧကရာဇ်နဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲကြတာပေါ့။”
မလွဲမရှောင်သာသည့် အခြေအနေမျိုးမှလွဲ၍ ဤလူများသည် သွေးဘိုးဘေးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ရမည့် ဘေးအန္တရာယ်ကို မစွန့်စားလိုကြပေ။ သွေးဘိုးဘေးသည် ချိပ်ပိတ်ခံထားရသည့် အခြေအနေတွင် ရှိနေနိုင်ကြောင်း လုချန်းက သူတို့ကို ပြောပြခဲ့သော်လည်း ၎င်းကို အတည်မပြုရသေးပေ။ သူ တကယ် ချိပ်ပိတ်ခံထားရခြင်း ရှိမရှိကို မည်သူမှ မသိကြပေ။
ယခုအခါ ကောင်းကင်လမ်းစဉ် နိယာမများ ပြောင်းလဲသွားသဖြင့် နတ်သခင်များ၏ ကျင့်စဉ်အဆင့် ဆက်လက် တိုးတက်လာနိုင်ပြီး နတ်ဧကရာဇ်၏ အဆင့်သို့ ချဉ်းကပ်လာနိုင်သည်။ အကယ်၍ သူတို့သည် ပိုမြင့်မားသော အဆင့်များသို့ တက်ရောက်ပြီးသည်အထိ စောင့်ဆိုင်းပြီးမှ သွေးလင်းယုန်ခန်းမနှင့် သွေးဘိုးဘေးတို့ကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မည်ဆိုပါက သူတို့၏ အောင်ပွဲရနိုင်ခြေ ပိုကြီးမားလိမ့်မည် ဖြစ်သည်။
ထိုနတ်သခင်၏ စကားကို ကြားလျှင် နတ်သခင်ထျန်းဖုန်းက ချက်ချင်းပင်
“ကောင်းကင်လမ်းစဉ် နိယာမတွေ ပြောင်းလဲတာက ကျုပ်တို့်အတွက် ကောင်းပေမဲ့ နတ်ဧကရာဇ်အတွက်လည်း အကျိုးရှိနိုင်တယ်။ အခု သွေးဘိုးဘေးက ချိပ်ပိတ်ခံထားရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သံသယရှိနေတဲ့အချိန်မှာ ကျုပ်တို့် ထပ်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ကျုပ်တို့်ရဲ့ စွမ်းအားက နတ်ဧကရာဇ်ရဲ့ စွမ်းအားနား မချဉ်းကပ်နိုင်ခင်မှာပဲ သွေးဘိုးဘေးက ချိပ်ပိတ်မှုကို ဖျက်ဆီးပစ်မှာကို စိုးရိမ်ရတယ်။”
“ဒါ့အပြင် နတ်ဧကရာဇ် အထက်က ကန့်သတ်ချက်တွေ ဖယ်ရှားမခံရဘူးလို့ ကျုပ်တို့် ဘယ်လို သိနိုင်မှာလဲ။”
“အကယ်၍ သွေးဘိုးဘေးက ပိုပြီးတော့တောင် စွမ်းအားကြီးမားလာမယ်ဆိုရင် ဒါဟာ ကျုပ်တို့်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။”
နတ်သခင်ထျန်းဖုန်း၏ စကားများကို ကြားရသောအခါ နတ်သခင်များ နက်နက်နဲနဲ တွေးတောမိသွားကြသည်။ နတ်သခင်ထျန်းဖုန်း၏ စိုးရိမ်ပူပန်မှုက အကြောင်းမဲ့ မဟုတ်ပေ။
အကယ်၍ နတ်သခင်နှင့် နတ်ဧကရာဇ်အကြားတွင် အဆင့်ငယ်လေးများ ရှိနေမည်ဆိုပါက နတ်ဧကရာဇ်၏ ကျင့်စဉ်အဆင့်မှာလည်း တိုးတက်လာနိုင်ခြေ ရှိပါသလား။
အကယ်၍ ထိုသို့ ဖြစ်နေလျှင် သူတို့ ပိုစွမ်းအားကြီးမားလာသည်နှင့်အမျှ နတ်ဧကရာဇ်၏ စွမ်းအားသည်လည်း တိုးပွားနေမည် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ သူတို့ ဒသမအလွှာကောင်းကင် နတ်သခင်အဆင့်များ ဖြစ်လာချိန်တွင် သွေးဘိုးဘေးသည်လည်း ဒသမအလွှာကောင်းကင် နတ်ဧကရာဇ်အဆင့် ဖြစ်လာနိုင်၏။ ထိုအချိန်ကျလျှင်လည်း သူတို့သည် သွေးဘိုးဘေး၏ ပြိုင်ဘက် ဖြစ်လာနိုင်ဦးမည် မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ အကယ်၍ သွေးဘိုးဘေးသည် တကယ်ပင် တစ်ဝက်တစ်ပျက် ချိပ်ပိတ်ခံထားရသည့် အခြေအနေတွင် ရှိနေပါက သူတို့အနေနှင့် ဤအခွင့်အရေးကို အရယူကာ သွေးဘိုးဘေးကို ချိပ်ပိတ်မပစ်ပါက အနာဂတ်တွင် ပိုကြီးမားသော တန်ဖိုးကို ပေးဆပ်ရလိမ့်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် အထက်ရှိ နတ်ပလ္လင်ပေါ်မှ နတ်သခင်ထိုက်ဟွာကို မော့ကြည့်လိုက်ကြပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။
ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီရန်အတွက် လုချန်းကို နတ်ကျောက်တုံးများနှင့် နတ်ကျောက်သတ္တုကြော အမြောက်အမြား ပေးအပ်ခဲ့ပြီးဖြစ်သည်။ အကယ်၍ သူတို့ သွေးဘိုးဘေးကို အချိန်မီ မချိပ်ပိတ်နိုင်ပဲ နောက်ပိုင်းတွင် မမျှော်လင့်ထားသော အပြောင်းအလဲများ ပေါ်ပေါက်လာပါက သူတို့ အကြီးအကျယ် နစ်နာဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
နတ်သခင်ထိုက်ဟွာ ခဏခန့် တွေးတောလိုက်ပြီးနောက်
“အမှန်ပဲ။ ကျုပ်တို့်အနေနှင့် သွေးဘိုးဘေးကို ချိပ်ပိတ်ဖို့အတွက် ဒီအခွင့်အရေးကို ဆုပ်ကိုင်ရမယ်။”
ထိုသို့ပြောပြီးနောက် နတ်သခင်ထိုက်ဟွာသည် ခန်းမအတွင်းရှိ လုချန်းကို ကြည့်လိုက်သည်။ ဤကာလအတွင်း လုချန်းသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဆွေးနွေးမှုအများစုမှာ သွေးလင်းယုန်ခန်းမကို မည်သို့ကိုင်တွယ်ရမည်ဟူသော အကြောင်းအရာများသာ ဖြစ်သဖြင့် လုချန်းအနေနှင့် ဘေးမှနားထောင်နေခြင်းက ပြဿနာမရှိခဲ့ပေ။
နတ်သခင်ထိုက်ဟွာက
“လုချန်း... ခင်ဗျားမှာ အရှေ့ပိုင်းနယ်ထဲမှာလည်း ကိုယ်ပွားတစ်ယောက် ရှိနေသေးတယ်လို့ ကျုပ် မှတ်မိနေတယ်”
ဟု မေးမြန်းလိုက်သည်။
နတ်သခင်ထိုက်ဟွာက ရုတ်တရက် ဤမေးခွန်းကို မေးလာသဖြင့် လုချန်းက
“ဟုတ်ပါတယ်။ ရှိပါတယ်။ ခန်းမသခင် ဘာကို သိချင်လို့ပါလဲ။”
နတ်သခင်ထိုက်ဟွာက
“အရှေ့ပိုင်းနယ်ရဲ့ လက်ရှိအခြေအနေကို ခင်ဗျား ဘယ်လို မြင်လဲ”
ဟု ဆက်လက် မေးမြန်းသည်။
လုချန်း ခဏခန့် စဉ်းစားလိုက်ပြီးမှ
“ထျန်းရှီနန်းတော်ကို တည်ထောင်ပြီးကတည်းက လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တို့ရဲ့ အတူယှဉ်တွဲနေထိုင်မှုဟာ အတော်လေး သဟဇာတဖြစ်နေပြီး နတ်ဧကရာဇ် ရှီယွဲ့ကလည်း လူသားမျိုးနွယ်အပေါ် ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိပါဘူး”
ဟု တုံ့ပြန်လိုက်သည်။
လုချန်း၏ တုံ့ပြန်မှုကို ကြားပြီးနောက် နတ်သခင်ထိုက်ဟွာသည် ခန်းမအတွင်းရှိ လူတိုင်းကို ကြည့်ကာ
“ကျုပ် သွေးလင်းယုန်ခန်းမကို အင်တိုက်အားတိုက် အပြည့်အဝ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အကယ်၍ ကျုပ်တို့် ရှုံးနိမ့်သွားခဲ့ရင်တော့ အရှေ့ပိုင်းနယ်ကို ဆုတ်ခွာကြမယ်။”
ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ လူတိုင်း ခဏခန့် ဆွံ့အမှင်တက်သွားကြသည်။
ရှုံးနိမ့်ပြီးနောက် အရှေ့ပိုင်းနယ်သို့ ဆုတ်ခွာမှာလား။
အကယ်၍ သူတို့သည် ရှုံးနိမ့်ပြီးနောက် ဆုတ်ခွာမည်ဆိုပါက အလယ်ပိုင်းနယ်သို့ သွားခြင်းက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါလား။
ထိုအချိန်တွင် နတ်သခင်တစ်ပါးက
“ခန်းမသခင်... အကယ်၍ ကျုပ်တို့် ရှုံးနိမ့်သွားရင် အလယ်ပိုင်းနယ်ကို သွားတာက အကောင်းဆုံး မဟုတ်ဘူးလား”
ဟု မေးမြန်းလိုက်သည်။
အရှေ့ပိုင်းနယ်တွင် ထျန်းရှီနန်းတော် တည်ထောင်ထားခြင်းကြောင့် ၎င်းသည် အခြားသော မဟာအင်အားကြီးအုပ်စုများကို လက်ခံထားနိုင်မည် မဟုတ်ပေ။
အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမသာ အရှေ့ပိုင်းနယ်သို့ သွားမည်ဆိုပါက သူတို့သည် ချင်းယွမ်ကျောင်းတော်ကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရဖွယ် ရှိသည်။
ထို့ပြင် ထိုနေရာ၌ နတ်ဧကရာဇ်အဆင့်ဖြစ်သော နတ်ဧကရာဇ် ရှီယွဲ့ ရှိနေသဖြင့် သူတို့သည် အရှေ့ပိုင်းနယ်တွင် သူတပါး၏ အလိုကျ ကြိုးဆွဲရာ ကရမည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
နတ်သခင်ထိုက်ဟွာက
“အလယ်ပိုင်းနယ်ကို သွားမယ် ဟုတ်လား။ ဘာအတွက်လဲ။ အလယ်ပိုင်းနယ်က အကောင်းတိုင်း ကျန်ရစ်နေလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေလို့လား။”
“အခု မြောက်ပိုင်းနယ်မှာ နတ်ဆိုးဧကရာဇ် ရှိနေတယ်။ အရှေ့ပိုင်းနယ်မှာ နတ်ဧကရာဇ် ရှီယွဲ့ ရှိနေတယ်။ ပြီးတော့ အရိုင်းနယ်မြေမှာလည်း နတ်ဧကရာဇ်အဆင့် စွမ်းအားရှိတဲ့ လကွယ်ဂိုဏ်းချုပ် ပေါ်ထွက်လာနေပြီ။”
“ကောင်းကင်လမ်းစဉ်ရဲ့ နိယာမတွေ အကြီးအကျယ် ပြောင်းလဲသွားတာနဲ့အမျှ အင်အားစုအားလုံးဟာ ကံစွမ်းအားကို လုယူဖို့ ကြိုးစားလာကြတယ်။ ဒီအတိုင်း ဆက်သွားရင် အလယ်ပိုင်းနယ်ကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲပြားသွားမှာ အနှေးနဲ့အမြန်ပဲ။”
လျှို့ဝှက်လဝန်း ကျောင်းတော် ကြာရှည် ခံလိမ့်မည်ဟု နတ်သခင်ထိုက်ဟွာ မယုံကြည်ပေ။ အလယ်ပိုင်းနယ်သည် အဆုံးသတ်တွင် နဝမကောင်းကင်တက္ကသိုလ်နှင့် ထျန်းရှီနန်းတော်တို့၏ ဝါးမြိုခြင်းကို ခံရမည်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် သူတို့အနေနှင့် အရှေ့ပိုင်းနယ်သို့ တန်းတန်းမတ်မတ် သွားရောက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
သဘာဝကျစွာပင် သူတို့ ရှုံးနိမ့်ပြီးနောက် အရှေ့ပိုင်းနယ်သို့ သွားရမည့် အလွန်အရေးကြီးသော အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။
နတ်သခင်ထိုက်ဟွာက ဆက်လက်၍
“နောက်ထပ် အချက်တစ်ခုကတော့ အကယ်၍ ကျုပ်တို့် ရှုံးနိမ့်သွားခဲ့ရင် သွေးဘိုးဘေးက ကျုပ်တို့်ကို လွှတ်ပေးလိမ့်မယ်၊ ခမ်းနားသော ကောင်းကင်ခန်းမကို ချမ်းသာပေးလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား။”
“နတ်ဧကရာဇ်တစ်ပါးရဲ့ ကာကွယ်မှု မရှိရင် ထျန်းရန် နတ်ဘုရားနယ်မြေမှာ ကျုပ်တို့်အတွက် နေရာရှိမှာ မဟုတ်ဘူး။ ကျုပ်တို့် ဘယ်နေရာကိုပဲ ထွက်ပြေးပြေး အလကားပဲ ဖြစ်လိမ့်မယ်။”
“အကယ်၍ ကျုပ်တို့်သာ နတ်ဧကရာဇ် ရှီယွဲ့ဆီမှာ ခိုလှုံခွင့်ကို ရရှိနိုင်မယ်ဆိုရင် ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးအပ်ရပါစေဦးတော့ ...ဒါဟာ ထိုက်တန်ပါတယ်။”
ဒါက...
နတ်သခင်ထိုက်ဟွာ၏ စကားများကို ကြားရသော် နတ်သခင်များ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။
လူတိုင်း၏ စိတ်နှလုံးများထဲတွင်လည်း ဝမ်းနည်းပူဆွေးမှုလှိုင်းလုံးတစ်ခု ဖြတ်သန်းသွားခဲ့တော့သည်။
wunzinnosp
………….