← Chapters

အခန်း ၂၀၂၈

Vol. 136 Ch. 2028

အခန်း ၂၀၂၈

Vol. 136 Ch. 2028

အခန်း( ၂၀၂၈)

နတ်သခင် ထိုက်ဟွာ၏ အတွေး

ခန်းမအတွင်းရှိ နတ်သခင်များ စကားမပြောကြတော့သည်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာက ဆက်လက်၍

“ထျန်းရန် နတ်ဘုရားနယ်မြေရဲ့ လက်ရှိအခြေအနေအရ နတ်ဧကရာဇ်တစ်ပါးကို စော်ကားမိပြီးတဲ့နောက် ဘယ်အင်အားစုက ကျုပ်တို့ကို ခိုလှုံခွင့်ပေးနိုင်မယ်လို့ ခင်ဗျားတို့ထင်လဲ။”

“ကျုပ်တို့က တစ်ချိန်က နတ်ဆိုးဧကရာဇ်ကို ဝိုင်းရံတိုက်ခိုက်ရာမှာ ခြေလှမ်းကျွံ ပါဝင်ခဲ့ဖူးတယ်။ မြောက်ပိုင်းနယ်ကို သွားတာက ကိုယ့်သေတွင်းကိုယ်တူးပြီး ဆင်းတာပဲ။ အရိုင်းနယ်မြေတွေက လူသူကျဲပါးတယ်။ ဒါ့အပြင် လကွယ်ဂိုဏ်းချုပ်က နတ်ဧကရာဇ်အစစ်တစ်ပါး မဟုတ်ဘူးလို့ ကျုပ်ကြားမိတယ်။ သူက နတ်ဘုရား အလောင်းတစ်လောင်းကိုပဲ သန့်စင်ထားတာ။ ဒါကြောင့် သူ့ရဲ့စွမ်းအားက နတ်ဧကရာဇ် အစစ်တစ်ပါးနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။”

“နတ်ဧကရာဇ် ရှီယွဲ့ကတော့ နတ်ဧကရာဇ်အစစ်တစ်ပါး ဖြစ်တယ်။ အရေးကြီးဆုံးအချက်က အတိတ်တုန်းက ခမ်းနားသော ကောင်းကင်ခန်းမဟာ သားရဲမဟာမိတ်နဲ့ ပဋိပက္ခ သိပ်မရှိခဲ့ဖူးဘူး။ ပြီးတော့ နတ်ဧကရာဇ် ရှီယွဲ့ကလည်း လူသားမျိုးနွယ်အပေါ် ရန်ငြိုးအာဃာတ သိပ်မထားဘူး။ ဒါကြောင့် ကျုပ်တို့ဘက်က တန်ဖိုးအချို့ ပေးဆပ်ဖို့ လိုလိုလားလားရှိနေမယ်ဆိုရင် နတ်ဧကရာဇ် ရှီယွဲ့က ကျုပ်တို့ကို ခိုလှုံခွင့်ပေးဖို့ အဖြစ်နိုင်ဆုံးပဲ။”

“ဒါကတော့ ကျုပ်တို့ ရှုံးနိမ့် သွားခဲ့ရင်ပေါ့လေ။ ကျုပ်တို့ ဧကန်မုချ ရှုံးလိမ့်မယ်လို့လည်း မဆိုလိုပါဘူး။”

သွေးဘိုးဘေးသည် နှစ်ပေါင်းများစွာကြာသည်အထိ ခမ်းနားသော ကောင်းကင်ခန်းမကို အမြစ်ပြတ်ချေမှုန်းရန် ပေါ်ထွက်မလာခြင်းက သွေးဘိုးဘေးသည် ချိပ်ပိတ်ခြင်းခံထားရနိုင်ခြေရှိကြောင်း မီးမောင်းထိုး ပြနေသည်။ အကယ်၍ သူတို့သည် လုချန်းနှင့်အတူ သွေးဘိုးဘေး၏ ချိပ်ပိတ်ခြင်းကို အားဖြည့်နိုင်ခဲ့ပါက သူတို့အနေနှင့် နတ်ဧကရာဇ် ရှီယွဲ့၏ အကာအကွယ်အတွက် ကြီးမားလှသော တန်ဖိုးကို ပေးဆပ်ရန် လိုအပ်မည် မဟုတ်ပေ။

နတ်သခင်ထိုက်ဟွာ၏ စကားများကို ကြားလျှင် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ သက်ပြင်းမချပဲ မနေနိုင်ကြတော့ပေ။

မည်သို့ပင်ဆိုစေ ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်၏ ထိပ်တန်း အထွတ်အထိပ်အဆင့် အင်အားစုတစ်ခု ဖြစ်၏။

သူတို့သည် သူတစ်ပါး၏ အကာအကွယ်ကို မျက်နှာငယ်လေးနှင့် တောင်းခံရမည့်အဆင့်အထိ ဖားသူငယ်ရေမွှန်းသလို ကျဆင်းသွားလိမ့်မည်ဟု ဘယ်တုန်းက တွေးမိခဲ့ဖူးပါလိမ့်မည်နည်း။

အကယ်၍ သူတို့ တကယ် ရှုံးနိမ့်ပြီး အရှေ့ပိုင်းနယ်သို့ အသက်လု ထွက်ပြေးခဲ့ရလျှင်ပင် ခမ်းနားသော ကောင်းကင်ခန်းမသည် နောက်ဆုံးတွင် မလွဲမသွေ ဆုတ်ယုတ် ပျက်စီးသွားလိမ့်မည်ကို ရောက်ရှိနေသူအားလုံး ကောင်းစွာ သိကြသည်။

ထျန်းရှီနန်းတော်သည် အရှေ့ပိုင်းနယ်တွင် အထွတ်အထိပ်အဆင့် အင်အားစုတစ်ခု အခြေချနေထိုင်သည်ကို ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် ခမ်းနားသော ကောင်းကင်ခန်းမသည် အစိတ်စိတ်အမြွှာမြွှာ ခွဲခြမ်းခံရနိုင်သလို တိုက်ရိုက် ဖျက်သိမ်းခံရနိုင်ခြေလည်းရှိသည်။

ရောက်ရှိနေသော နတ်သခင်များ စိတ်လေးလံနေကြသည်ကို မြင်လျှင် လုချန်း စိတ်ထဲ လှောင်ပြုံးပြုံးလိုက်မိသည်။ ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်မှ မြောက်မြားစွာသော အင်အားစုများကို ဦးဆောင်ပြီး သူ့ကို ဝိုင်းရံတိုက်ခိုက်ခဲ့စဉ်တုန်းကတော့ တချိန်တွင် ကံတရားအလှည့်အပြောင်းကြောင့် ယခုလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

သွေးဘိုးဘေးသည်လည်း သူ၏ ရန်သူဖြစ်နေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူသည် ခမ်းနားသော ကောင်းကင်ခန်းမကို လက်တွဲ ကူညီမည်မဟုတ်ပေ။

ထို့နောက် နတ်သခင်ထိုက်ဟွာက

“ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။ အားလုံး အသင့်ပြင်ဆင်ကြတော့။ နောက်ထပ် ခြောက်လနေရင် ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အင်အားစုအားလုံးကို စုစည်းပြီး သွေးလင်းယုန်ခန်းမကို ခြေမှုန်းတိုက်ခိုက်မယ်။”

ရောက်ရှိနေသော အကြီးအကဲများက ချက်ချင်းပင် တညီတညွတ်တည်း

“ကျုပ်တို့ ခန်းမသခင်ရဲ့ အမိန့်ကို နာခံပါတယ်”

ထိုစကားများ ဆုံးသွားသည်နှင့် နတ်သခင်များ တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြတော့သည်။

လုချန်းသည်လည်း ခြေလှမ်းပြင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ အပြင်သို့ ထွက်ခွာခါနီးတွင်ပင် နတ်သခင်ထိုက်ဟွာက ရုတ်တရက် လှမ်းခေါ်လိုက်၏။

“လုချန်း... ခဏလောက် စောင့်ပါဦး။ ခင်ဗျားနဲ့ ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ရှိသေးလို့ပါ။”

ထိုအရာကို ကြားလျှင် လုချန်းလည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နတ်သခင်ထိုက်ဟွာကို ခေါင်းလှည့်ကြည့်လိုက်သည်။

အကြောင်းအရာတစ်ခု...

ဘာများ ဖြစ်မလဲ။

မကြာမီ ခန်းမဆောင်အတွင်း၌ သူတို့နှစ်ဦးတည်းသာ ခြောက်ကပ်စွာ ကျန်ရှိတော့ပြီး နတ်သခင်ထိုက်ဟွာက

“ထျန်းရှီနန်းတော်မှာ ရှိတဲ့ ခင်ဗျားရဲ့ကိုယ်ပွားက အာရုံစိုက်မှု အချို့ ရရှိထားသင့်တယ်။ ဟုတ်တယ်မလား”

ဟု မေးမြန်းလိုက်သည်။

လုချန်းက

“ထိုက်ဟွာ ခန်းမသခင်က ဒါကို ဘာကြောင့်များ မေးတာလဲ”

ဟု ဇဝေဇဝါဖြစ်ဟန်ဖြင့် ပြန်မေးလိုက်သည်။

နတ်သခင်ထိုက်ဟွာက

“နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမကို လက်ခံဖို့ ဆန္ဒရှိ၊ မရှိ ခင်ဗျားကို စုံစမ်းခိုင်းချင်လို့ပါ။”

အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမသည် တကယ်ပင် ရှုံးနိမ့်ခဲ့ပါက ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အရှေ့ပိုင်းနယ်သို့ တန်းတန်းမတ်မတ် မသွားရောက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက စစ်ပွဲဆင်နွှဲခြင်းအသွင် ဆောင်နိုင်ပြီး နတ်ဧကရာဇ် ရှီယွဲ့၏ နှိမ်နင်းခြင်းကိုပင် ပြန်လည်ခံရနိုင်သောကြောင့် ဖြစ်သည်။

လုချန်း၌ အရှေ့ပိုင်းနယ်တွင် ကိုယ်ပွားတစ်ခု ရှိကြောင်း နတ်သခင်ထိုက်ဟွာ အတပ်သိထားပြီး လုချန်းသည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်စွမ်းရှိသောကြောင့် ထျန်းရှီနန်းတော်တွင် အဆင့်အတန်းတစ်ခု ရှိနေသည်ကိုလည်း သိထားသည်။

လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့နှင့် တွေ့ဆုံနိုင်ခြေ အလွန်များသဖြင့် လုချန်း၏ ကိုယ်ပွားက သူတို့နှင့် ခမ်းနားသော ကောင်းကင်ခန်းမအကြား ကြားဝင်စေ့စပ် ညှိနှိုင်းပေးနိုင်လိမ့်မည် ဖြစ်သည်။

ထိုအရာကို ကြားလျှင် လုချန်း တိတ်ဆိတ်သွားခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမကို ခိုလှုံခွင့်ပေး၊ မပေးဆိုသည်မှာ သူ၏ စကားတစ်ခွန်းတည်းအပေါ်တွင်သာ မူတည်ပေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူသည် နတ်ဧကရာဇ် ရှီယွဲ့၏ အမြီးကို ဆုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

သို့သော် သူက နတ်ဧကရာဇ် ရှီယွဲ့ကို ခမ်းနားသော ကောင်းကင်ခန်းမမှ လူများအား ကာကွယ် စောင့်ရှောက်ပေးခွင့် ပြုရမှာလား။

လုချန်း တိတ်ဆိတ်သွားသည်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာက

“ဘာဖြစ်လို့လဲ။ အခက်အခဲ တစ်ခုခု ရှိလို့လား။”

လုချန်း သတိပြန်ဝင်လာပြီး ခပ်ဖွဖွပြုံးလေး ပြသကာ ကွေ့ဝိုက်မနေပဲ

“ထိုက်ဟွာ ခန်းမသခင်... ပွင့်ပွင့်လင်းလင်း ပြောရရင် နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမကို ခိုလှုံခွင့်ပေးမလားဆိုတာ ကျုပ်ရဲ့ စကားတစ်ခွန်းတည်းအပေါ်မှာပဲ မူတည်ပါတယ်။”

လုချန်း၏ စကားများကို ကြားလျှင် နတ်သခင်ထိုက်ဟွာ ခဏခန့် ကြောင်အမ်းသွားခဲ့သည်။

သူ၏ စကားတစ်ခွန်းတည်း...

လုချန်းက ဘယ်လိုလူ မို့လို့လဲ...

သူက နတ်ဧကရာဇ် ရှီယွဲ့ကို သူ့စကား နားထောင်အောင် တကယ်ပဲ စွမ်းဆောင်နိုင်လို့လား။

သို့သော် လုချန်း၏ တည်ငြိမ်သော အမူအရာအရ သူ နောက်ပြောင်ကျီစယ်နေသည့်ပုံ မပေါ်ပေ။

နတ်သခင်ထိုက်ဟွာက ဇဝေဇဝါဖြင့်

“ခင်ဗျား ကျုပ်ကို နောက်နေတာလား”

ဟု မေးလိုက်သည်။

လုချန်းက

“ယုံတာ မယုံတာကတော့ ထိုက်ဟွာ ခန်းမသခင်ရဲ့ သဘောပါပဲ”

ဟု ဆက်ပြောလိုက်သည်။

“အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမ ရှုံးနိမ့်သွားခဲ့ရင် နတ်ဧကရာဇ် ရှီယွဲ့ရဲ့ အကာအကွယ် ခင်ဗျားတို့ရဖို့ ကျုပ် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုချက် တစ်ခု ရှိတယ်။”

နတ်သခင်ထိုက်ဟွာ မျက်ခုံးတွန့်လိုက်သည်။ အကယ်၍ လုချန်းက နတ်ဧကရာဇ် ရှီယွဲ့ကို တကယ် လွှမ်းမိုးနိုင်ခဲ့ပါက လုချန်း၏ သရုပ်မှန်သည် သူတို့ စိတ်ကူးခန့်မှန်းထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။

လုချန်းက ကြီးမားသော တန်ဖိုးတစ်ခု တောင်းဆိုတော့မှာလား။

ထို့နောက် နတ်သခင်ထိုက်ဟွာက

“‌ တောင်းဆိုချက်က ဘာလဲ။ ခမ်းနားသော ကောင်းကင်ခန်းမအနေနဲ့ တတ်နိုင်သရွှေ့ အစွမ်းကုန် ဖြည့်ဆည်းပေးဖို့ ကြိုးစားပါ့မယ်”

ဟု မေးလိုက်သည်။

လုချန်းက ပွင့်ပွင့်လင်းလင်းပင်

“ခမ်းနားသော ကောင်းကင်ခန်းမကို ဖျက်သိမ်းပြီး ကျုပ်ကို ဝိုင်းရံတိုက်ခိုက်ဖို့ အဆိုပြုခဲ့တဲ့ နတ်သခင်တွေက ဘယ်သူတွေလဲဆိုတာ ကျုပ်ကို ပြောပြပါ။”

လုချန်း၏ တောင်းဆိုချက်ကို ကြားလျှင် နတ်သခင်ထိုက်ဟွာ ခဏခန့် မှင်တက် ဆွံ့အသွားကာ ဘာပြောရမှန်း မသိဖြစ်သွားခဲ့သည်။ လုချန်းက ယခုကဲ့သို့ ပြင်းထန်လှသော တောင်းဆိုချက် ပြုလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့မိပေ။ လုချန်းအနေနှင့် အခြားအရာ တစ်ခုခု တောင်းဆိုသည်ကိုသာ သူ ပို၍ အလိုရှိပေလိမ့်မည်။

နတ်သခင်ထိုက်ဟွာ အချိန်အကြာကြီး တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် လုချန်းက

“ထိုက်ဟွာ ခန်းမသခင် ဆုံးဖြတ်ပြီးရင် ကျုပ်ကို အကြောင်းကြားလိုက်ပါ”

ဟု ဆက်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် လုချန်း လှည့်၍ ခန်းမအပြင်သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့ပြီး ခြေလှမ်းအနည်းငယ်အကြာတွင် ရပ်တန့်ကာ စဉ်းစားတွေးတောနေသော နတ်သခင်ထိုက်ဟွာကို ပြန်လှည့်ကြည့်လိုက်သည်။

“ဪ ဒါနဲ့... ကျုပ်က အခု နတ်ဧကရာဇ် ရှီယွဲ့ရဲ့ လမ်းစဉ်အဖော် ဖြစ်နေပြီ။”

ဤစကားကြောင့် မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသလို နတ်သခင်ထိုက်ဟွာ ထိတ်လန့်သွားရသည်။

လုချန်းတွင် မည်သို့သော ထူးခြားသည့် နောက်ခံရှိပါစေ လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ လမ်းစဉ်စုံတွဲ ဖြစ်နေသည်ဟူသော အချက်တစ်ခုတည်းနှင့်တင် အနာဂတ်တွင် မည်သူမှ လုချန်းကို လက်ဖျားနှင့်ပင် မထိရဲတော့ကြောင်း သေချာစေရန် လုံလောက်ပေသည်။

ခမ်းနားသော ကောင်းကင်ခန်းမကို ဖျက်သိမ်းရန်နှင့် သူ့ကို သတ်ဖြတ်ရန် အဆိုပြုခဲ့သူများကို ရှာဖွေရန် လုချန်း၏ တောင်းဆိုမှုသည် ခမ်းနားသော ကောင်းကင်ခန်းမအပေါ် ပုံမှန် ကလဲ့စားချေ တုံ့ပြန်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်သည်။

အကယ်၍ လုချန်း ပြောတာ အမှန်ဖြစ်ပြီး သူက တကယ်ပင် နတ်ဧကရာဇ် ရှီယွဲ့၏ လမ်းစဉ်စုံတွဲ ဖြစ်နေပါက လုချန်း၏ စကားတစ်ခွန်းတည်းက နတ်ဧကရာဇ် ရှီယွဲ့အနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမကို ခိုလှုံခွင့်ပေး၊ မပေးကို တကယ်ပင် ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ဒါက တကယ့်ကို ဒုက္ခ ရောက်စေတာပဲ...

အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်ခဲ့လျှင်တော့ ကံကောင်းပေလိမ့်မည်။ သို့သော် အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမသာ တကယ် ရှုံးနိမ့်သွားခဲ့လျှင်...

နတ်သခင်ထိုက်ဟွာသည် နောက်ဆက်တွဲ ရင်လေးဖွယ် အကျိုးဆက်များကို မတွေးဝံ့ တော့ပေ။

ခမ်းနားသော ကောင်းကင်ခန်းမ၏ လက်ရှိ ခန်းမသခင်တစ်ဦးအနေနှင့် သူ၏ မျက်စိရှေ့မှောက်၌ ခန်းမကြီး ဖျက်သိမ်းခံရသည့် အဖြစ်ကို မမြင်ချင်ပေ။

ယခုအခါ နတ်သခင်ထိုက်ဟွာသည် အခြားအကြောင်းအရာတစ်ခုကို စိုးရိမ်နေမိသည်။ ခမ်းနားသော ကောင်းကင်ခန်းမကို ဖျက်သိမ်းရန် လုချန်း၏ ရည်ရွယ်ချက်အရ လုချန်းသည် သူတို့အပေါ် ပြင်းထန်သော ရန်ငြိုးအာဃာတများ ရှိနေဆဲဖြစ်ကြောင်း ထင်ရှားလှသည်။

အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမက သွေးဘိုးဘေးကို ချိပ်ပိတ်ရန် ရည်ရွယ်ချက်ဖြင့် သွေးလင်းယုန်ခန်းမကို တိုက်ခိုက်မှု စတင်ချိန်တွင် လုချန်းက သူတို့ကို ရုတ်တရက် ကျောခိုင်း သစ္စာဖောက်သွားခဲ့ပါက ခမ်းနားသော ကောင်းကင်ခန်းမ၏ ရှုံးနိမ့်မှုသည် ကြိုတင်သတ်မှတ်ပြီးသား နိဂုံးချုပ် ဖြစ်သွားပေလိမ့်မည်။

ဤအရာကို တွေးမိလျှင် နတ်သခင်ထိုက်ဟွာ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့သည်။

ယခု သူ ပြုလုပ်နိုင်သည်မှာ ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်ပါစေဟု ကောင်းကင်ဘုံသို့ ဆုတောင်းရန်သာ ရှိတော့သည်။

……

တစ်ချိန်တည်းမှာပင်။

ထျန်းရှီနန်းတော်။

နတ်ဧကရာဇ် ရှီယွဲ့၏ အိပ်ဆောင်။

အိပ်ဆောင်တစ်ခုလုံးတွင် စွဲမက်ဖွယ် ရနံ့များဖြင့် လှိုင်လှိုင်ပြည့်နှက်နေပြီး ထိုအခိုက်အတန့်တွင် ကုတင်ပေါ်မှ လုချန်း၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ခမ်းနားသော ကောင်းကင်ခန်းမက အင်အားစုအားလုံးကို စုစည်းပြီး သွေးလင်းယုန်ခန်းမကို အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲ့ဖို့ စဉ်းစားနေကြတယ်။”

လုချန်း၏ ရုတ်တရက် စကားများကို ကြားရလျှင် သာယာမှုထဲ နစ်မြောနေသော နတ်ဧကရာဇ် ရှီယွဲ့ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

ဤလူယုတ်မာက ကာမစည်းစိမ်ခံစားနေတဲ့ ယခုလို အချိန်မျိုးတွင် ဘာကြောင့် ဤအကြောင်းအရာကို ကောက်ကာငင်ကာ ပြောနေရတာလဲ။

နတ်ဧကရာဇ် ရှီယွဲ့က ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး သူမ၏ မြူဆိုင်းကာ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် ဇဝေဇဝါဖြစ်ဟန် ပြသရင်း

“ရှင် ဒါကို ဘာလို့ လာပြောနေတာလဲ”

ဟု မေးလိုက်သည်။

wunzinnosp

.…………

All Chapters