← Chapters

အခန်း ၂၀၃၀

Vol. 136 Ch. 2030

အခန်း ၂၀၃၀

Vol. 136 Ch. 2030

အခန်း (၂၀၃၀ )

လကွယ်ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်

လကွယ်ဂိုဏ်းချုပ်သည် ယခုနှစ်များတစ်လျှောက် တောင်ပိုင်းနယ်၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

သွေးလင်းယုန်ခန်းမသည် အစဉ်တစိုက် အရေးနိမ့်နေသည့် အခြေအနေတွင် ရှိနေကြောင်း သတင်းများအရ သွေးဘိုးဘေးသည် သူ၏နောက်ဆုံးအချိန်သို့ ရောက်လုနီးနေပြီဖြစ်သော နတ်ဧကရာဇ်တစ်ပါး ဖြစ်ကြောင်း သူ ပို၍ပင် ယုံကြည်သွားခဲ့သည်။

နတ်ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို စော်ကား၍မရသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန် ခန်းမ၏ အိမ်ရှေ့တံခါးဝအထိ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။ သို့သော် သွေးဘိုးဘေးကတော့ ခမ်းနားသော ကောင်းကင်ခန်းမကို နှိမ်နင်းရန် ယခုထက်ထိ ထွက်မလာသေးပေ။

ထိုအရာက သွေးဘိုးဘေးအနေနှင့် သူ၏စွမ်းအားကို ပေါ့ဆစွာ မသုံးရဲကြောင်းကိုသာ သက်သေပြနေသည်။

အကယ်၍ နတ်ဧကရာဇ်တစ်ပါးသည် သူ၏စွမ်းအားကို စည်းကမ်းမဲ့ မသုံးရဲပါက သူ၏သက်တမ်း ကုန်ဆုံးလုနီးနေပြီး အင်အား ကျဆင်းနေခြင်းကြောင့် သို့မဟုတ် စွမ်းအားအသုံးပြုခြင်းက သူ၏ လျှော့နည်းနေသော စွမ်းအားကို ဖော်ထုတ်မိသွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်၏။ မည်သို့ပင်ဆိုစေ လက်ရှိသွေးဘိုးဘေး၏ တုံ့ပြန်မှုအရ ထိုဖြစ်နိုင်ခြေနှစ်ခုက အလွန်နီးစပ်လျက်ရှိနေသည်။

အခြားဖြစ်နိုင်ခြေတစ်ခုမှာ သူသည် စွမ်းအားကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် သူ၏အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပြီး ပိုမြန်ဆန်စွာ သက်တမ်းကုန်ဆုံးခြင်းသို့ ဦးတည်သွားစေနိုင်ခြင်း ဖြစ်သည်။

သွေးဘိုးဘေးသည် သက်တမ်းကုန်ခါနီး နတ်ဧကရာဇ်တစ်ပါးဖြစ်နိုင်ကြောင်း တွေးတောမိသောအခါ လကွယ်ဂိုဏ်းချုပ်သည် သူ၏ စိတ်နှလုံး လှုပ်ရှားမှုကို မနည်းထိန်းချုပ်လိုက်ရသည်။ ထိုနတ်ဧကရာဇ်ကို ရှင်းလင်းပြီးနောက် သူကိုယ်တိုင် ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်မလားဟု သူ အလွန် သိချင်နေခဲ့သည်။

မကြာမီတွင် လကွယ်ဂိုဏ်းချုပ်သည် အရိုင်းနယ်မြေရှိ အင်အားစုအသီးသီးမှ ခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ပြီး တောင်ပိုင်းနယ်သို့ ချီတက်ရန်အတွက် အရိုင်းနယ်မြေ၏ အင်အားစုများကို စုစည်းရန် ရည်ရွယ်ခဲ့သည်။

……

လကွယ်ဂိုဏ်း။

အစည်းအဝေးခန်းမအတွင်း။

အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြသည်။ ယခင်က လကွယ်ဂိုဏ်းချုပ် ဆင့်ခေါ်သော ခေါင်းဆောင်များနှင့် အစည်းအဝေးများကို လကွယ်ဂိုဏ်း၏ အထက်ကောင်းကင်တွင်သာ ကျင်းပခဲ့ဖူးသည်။ ယခုအကြိမ်သည် လကွယ်ဂိုဏ်း အဆောက်အဦး အတွင်း၌ ကိစ္စရပ်များကို ပထမဆုံးအကြိမ် ဆွေးနွေးခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ ပလ္လင်ပေါ်၌ ထိုင်နေသော လကွယ်ဂိုဏ်းချုပ်က ရောက်ရှိနေသော ခေါင်းဆောင်များကို တစ်ချက်ကြည့်လိုက်ပြီး ကွေ့ဝိုက်မနေပဲ

“ခမ်းနားသော ကောင်းကင်ခန်းမက သွေးလင်းယုန်ခန်းမထဲကို ရောက်လုနီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ သွေးဘိုးဘေးက ထွက်မလာသေးဘူး။ ဒါက သွေးဘိုးဘေးဟာ သက်တမ်းကုန်ခါနီး နတ်ဧကရာဇ်တစ်ပါး ဖြစ်နိုင်ခြေများတယ်ဆိုတာကို သက်သေပြနေတာပဲ။”

“သူက သက်တမ်းကုန်ခါနီး နတ်ဧကရာဇ်တစ်ပါးဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဒါကြောင့် နောက်တစ်နှစ်အကြာမှာ တောင်ပိုင်းနယ်ကို စစ်သည်တွေစေလွှတ်ပြီး တိုက်ခိုက်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။”

ထိုအရာကို တွေ့မြင်လျှင် ရောက်ရှိနေသော ခေါင်းဆောင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

တောင်ပိုင်းနယ်တွင် နတ်ဧကရာဇ်တစ်ပါး ရှိနေသဖြင့် ဤစစ်ပွဲ ဖြစ်ပွားလာလိမ့်မည်မဟုတ်ဟု သူတို့ အစက ထင်မှတ်ထားခဲ့ခြင်းဖြစ်၏။ ယခုလို လကွယ်ဂိုဏ်းချုပ်က ဇွတ်တရွတ် ဆက်လက်လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ရောက်ရှိနေသော အင်အားစုခေါင်းဆောင်များသည် ဤစစ်ပွဲတွင် ပါဝင်ပတ်သက်ရန် စိတ်မပါကြသော်လည်း လကွယ်ဂိုဏ်းချုပ်က စကားဆိုခဲ့ပြီးပြီ ဖြစ်သည်။ လက်အောက်ခံ အင်အားစုများအနေနှင့် သူတို့သည် လကွယ်ဂိုဏ်းချုပ်၏ အမိန့်ကိုသာ နာခံနိုင်ကြပေမည်။

အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ ဤအခိုက်အတန့်တွင် ကန့်ကွက်ခဲ့ပါက စံနမူနာပြအဖြစ် အပြစ်ပေးခံရမည်မှာ အသေအချာပင် ဖြစ်၏။

လကွယ်ဂိုဏ်းချုပ်က ဆက်လက်၍

“အားလုံးပဲ ... တောင်ပိုင်းနယ်မှာရှိတဲ့ အင်အားစုတွေက မနည်းဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် ခင်ဗျားတို့ တောင်ပိုင်းနယ်ကို သွားတဲ့အခါ ခင်ဗျားတို့ရဲ့ အစွမ်းကုန် ကြိုးစားကြဖို့နဲ့ ဘာဝှက်ဖဲမှ ချန်မထားကြဖို့ ကျုပ် မျှော်လင့်တယ်။”

“တောင်ပိုင်းနယ်ကို ဝင်ရောက်ပြီးတာနဲ့ ဘယ်အင်အားစုမဆို တောင်ပိုင်း အင်အားစုတစ်ခုကို ချေမှုန်းနိုင်ရင် အဲဒီဖျက်ဆီးခံလိုက်ရတဲ့ တောင်ပိုင်း အင်အားစုရဲ့ နယ်မြေအပါအဝင် အရာအားလုံးက ခင်ဗျားတို့ပိုင် ဖြစ်လိမ့်မယ်။”

ထိုအရာကို ကြားလျှင် ရောက်ရှိနေသောသူများ ခဏခန့် မှင်တက်သွားကြသည်။ထိုသို့ဆိုလျှင်တော့ သူတို့အတွက် စိတ်ဝင်စားစရာပင်။

သူတို့သည် အဆင့်တက်ရောက်ရန်အတွက် သူတို့၏ နတ်ဂိုဏ်းများ၏ ကံစွမ်းအားကို မြှင့်တင်ရန် နယ်မြေချဲ့ထွင်ရေး လိုအပ်ချက်များ ရှိနှင့်ပြီးသားဖြစ်၏။ ကံစွမ်းအားကို မြှင့်တင်ရန် အတွက် နယ်မြေချဲ့ထွင်ခြင်းသည်သာ အမြန်ဆုံးနည်းလမ်း ဖြစ်၏။

ယခုအခါ လကွယ်ဂိုဏ်းချုပ်က ထိုသိမ်းပိုက်ထားသော အင်အားစုများကို သူတို့အား ပေးအပ်ရန် လိုလားသဖြင့် နယ်မြေချဲ့ထွင်ရန် နေရာရှာဖွေရမည့်ကိစ္စကို သူတို့ စိုးရိမ်စရာ မလိုတော့ပေ။

ထို့ပြင် အရေးကြီးဆုံး တစ်ချက်လည်း ရှိ၏။ တောင်ပိုင်းနယ်ရှိ အင်အားစုများ၏ အခြေခံအုတ်မြစ်များသည် အလွန်နက်ရှိုင်းပြီး ၎င်း၏ နတ်စွမ်းအား အငွေ့အသက်သည် အရိုင်းနယ်မြေထက် ပိုမိုသိပ်သည်းခြင်း ဖြစ်သည်။

အကယ်၍ သူတို့သာ တောင်ပိုင်းနယ်ရှိ နယ်မြေများကို သိမ်းပိုက်နိုင်ပါက သူတို့၏ နတ်ဂိုဏ်းများ၏ ကံစွမ်းအား သိသိသာသာ မြင့်တက်လာမည်မှာ ဧကန်မုချပင်။

ထိုအရာကို တွေးမိသောလျှင် ရောက်ရှိနေသော ခေါင်းဆောင်များ အလွန် စိတ်လှုပ်ရှားသွားကြသည်။ အထူးသဖြင့် အရိုင်းနယ်မြေသို့ ရောက်ရှိလာကြပြီး ထိုနေရာကို ယာယီနေရာတစ်ခုအဖြစ် အစောကတည်းက သတ်မှတ်ထားခဲ့ကြသော မြောက်ပိုင်းနယ်မှ အင်အားစုများ ဖြစ်သည်။

ယခုအခါ သူတို့သည် ပိုမိုသိပ်သည်းသော နတ်အငွေ့အသက် ရှိသည့် နယ်မြေများကို မျှော်လင့်နိုင်ပြီဖြစ်၍ ဝမ်းသာအားရ ဖြစ်နေခဲ့ကြသည်။

ဟုတ်ပါသည်။ ထိုအင်အားစုများတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိနေသောကြောင့် တောင်ပိုင်းနယ်၏ အင်အားစုများကို သိမ်းပိုက်ရယူရန် ခက်ခဲလိမ့်မည်ကိုလည်း ရောက်ရှိနေသော ခေါင်းဆောင်များ သိကြသည်။

ဤစစ်ပွဲသည် ပွဲကြမ်းလျှင် ဆိုင်းကြမ်းသလိုမျိုး အလွန်ရက်စက်ကြမ်းကြုတ်နိုင်သည်။

သို့သော်လည်း နတ်ဂိုဏ်း၏ ကံစွမ်းအားကို မြှင့်တင်ရန်အတွက် ကျဆုံးပျက်စီးမှုများပြားလျှင်ပင် ထိုက်တန်လှသည်။ ဤလောက၏ နိယာမစည်းမျဉ်းများ ပြောင်းလဲသွားပြီး နတ်သခင်များအနေနှင့် သူတို့၏ သက်တမ်းကို တိုးမြှင့်ရန်အတွက် သူတို့၏ ကျင့်စဉ်နယ်ပယ်များကို ဆက်လက်တိုးတက်စေနိုင်သည့် အချိန်မျိုးတွင် သူတို့ ဤအခွင့်အရေးကို လက်လွှတ်ခံကြမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ခေါင်းဆောင်များက တညီတညွတ်တည်း

“ကျုပ်တို့ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို စိတ်ရောကိုယ်ပါ နာခံပါတယ်”

လကွယ်ဂိုဏ်းချုပ်က

“ဒီနေ့အတွက်တော့ ဒါပါပဲ။ အားလုံးပဲ ပြန်ပြီး ပြင်ဆင်ကြတော့။”

လကွယ်ဂိုဏ်းချုပ်၏ အသံဆုံးသည်နှင့် ခေါင်းဆောင်များသည် ထရပ်ကာ သူ့ကို ဂါရဝပြုပြီးနောက် တဖြည်းဖြည်းချင်း လူစုခွဲသွားကြသည်။

ဤအချိန်တွင် လကွယ်ဂိုဏ်းချုပ်က သူအား တောင်ပိုင်းနယ်၏ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းလိမ့်မည်ဟု လုချန်း ထင်မှတ်ထားခဲ့သော်လည်း သူ ထွက်ခွာရန် ထရပ်လိုက်သည်အထိ လကွယ်ဂိုဏ်းချုပ်က သူ့ကို မခေါ်ခဲ့ပေ။

ထိုစဉ် အစည်းအဝေး တက်‌ရောက်နေသော ယွမ်ယုတိ၏ ကိုယ်ပွားက ယနေ့ဖြစ်ရပ်များ၏ မှတ်ဉာဏ်များကို ပင်မကိုယ်ထံသို့ ပြန်လည်ပေးပို့လိုက်သဖြင့် လုချန်းက သူမအပေါ် ပြုလုပ်နေသော လုပ်ဆောင်ချက်များကို နှောင့်ယှက်လိုက်သလို ဖြစ်သွားခဲ့သည်။

…….

လျှို့ဝှက်လဝန်း နန်းတော်။

ရေခဲနန်းတော်အတွင်း။

ယွမ်ယုတိသည် သူမ၏ လက်မောင်းကို မြှောက်ကာ လုချန်း၏ ခါးကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး သူ့ကို စည်းမဲ့ကမ်းမဲ့ ဆက်လက်မပြုလုပ်ရန် တားဆီးလိုက်သည်။ လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူမက

“ချင်နတ်ဘုရားနိုင်ငံက ဘာလုပ်ဖို့ စီစဉ်ထားလဲ”

ဟု မေးမြန်းလိုက်သည်။

လျှို့ဝှက်လဝန်း နန်းတော်နှင့် ချင်နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအားများက ပေါင်းစည်းနှောင်ဖွဲ့ထားပြီးသား ဖြစ်သည်။ လုချန်း၏ လုပ်ဆောင်ချက်များသည် လျှို့ဝှက်လဝန်း နန်းတော်ကို သက်ရောက်မှုရှိစေမည်ဖြစ်၏။ လျှို့ဝှက်လဝန်း နန်းတော် အနေနှင့်တော့ လုချန်း၏ ဆုံးဖြတ်ချက်များကိုသာ လိုက်နာရန် စဉ်းစားထားခဲ့သည်။

လုချန်းက သူမကို ငုံ့ကြည့်ကာ

“ဒါက ကျုပ်တို့ရဲ့ အင်အားကို ချဲ့ထွင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ကျုပ်တို့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မရဘူး။”

သူ၏ ကျင့်စဉ်အဆင့် တိုးတက်မှုနှုန်းက အလွန်နှေးကွေးနေသည်ဟု လုချန်း ခံစားနေရသည်။ အခြားသူများ၏ ကံစွမ်းအားကို စုပ်ယူနိုင်စွမ်းရှိသော ကောင်းကင်နှလုံးသားကို ရရှိထားသော်လည်း အခြားသူများ သိသွားမည်ကို စိုးရိမ်သဖြင့် သူ စည်းမဲ့ကမ်းမဲ့ မလှုပ်ရှားရဲပေ။

အကယ်၍ သူ့၌ ကောင်းကင်နှလုံးသား ရှိနေကြောင်းကိုသာ သိသွားကြပါက ကြီးမားသော ဒုက္ခများကို သယ်ဆောင်လာနိုင်၏။ အထူးသဖြင့် သူ့၌ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကံစွမ်းအားကို စုဆောင်းနိုင်စွမ်း ရှိသည်ကို ရွှမ်ချင်းယွမ် သိသွားလို့ လုံးဝမဖြစ်ပေ။

အကယ်၍ သူသာ ဤအခွင့်အရေးကို အသုံးချပြီး နယ်မြေချဲ့ထွင်နိုင်ပါက သူ ကံစွမ်းအားကို စုပ်ယူသည့်အခါတွင် အခြားသူများ သတိထားမိကြလိမ့်မည် မဟုတ်ပေ။

လက်ရှိတွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်က သူအား ရွေးချယ်ထားခြင်းကို ရွှမ်ချင်းယွမ် သိနေပြီး ဖြစ်ကြောင်း လုချန်း မသိသေးပေ။ တန်ပြန်မှုဒဏ်ကို မစိုးရိမ်ပါက ရွှမ်ချင်းယွမ်သည် သူ့ကို အစောကတည်းက အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်လိမ့်မည်။

လုချန်း၏ စကားကို ကြာလျှင် ယွမ်ယုတိက

“အဲဒီလိုဆိုရင်တော့ လျှို့ဝှက်လဝန်း နန်းတော်က တပည့်တွေနဲ့ ချင်နတ်ဘုရားနိုင်ငံရဲ့ စစ်တပ်ကို ပူးပေါင်းတပ်ဖွဲ့ ဖွဲ့စည်းလိုက်မယ်။”

သူတို့၏ ကံစွမ်းအားများ နက်ရှိုင်းစွာ ဆက်နွှယ်နေပြီးသား ဖြစ်သဖြင့် သူတို့၏ လူများကို အတူတကွ လှုပ်ရှားစေခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ထိုအခါ အခြားအင်အားစုများကို တိုက်ခိုက်သည့်အခါ သူတို့၏ အင်အားက ပိုမိုတောင့်တင်းလာမည် ဖြစ်သည်။

ယွမ်ယုတိ၏ စကားကို လုချန်း အနည်းငယ် အံ့အားသင့်သွားမိသည်။ ယွမ်ယုတိသည် အလွန်ပင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို သဘောကျသော အမျိုးသမီးတစ်ဦး ဖြစ်၏။ လျှို့ဝှက်လဝန်း နန်းတော်နှင့် ချင်နတ်ဘုရားနိုင်ငံတို့ နက်ရှိုင်းစွာ ပေါင်းစည်းမှုကို နဂိုကတည်းက မလိုလားခဲ့သူလည်း ဖြစ်သည်။

ယခု သူမက လျှို့ဝှက်လဝန်း နန်းတော်မှ တပည့်များနှင့် ချင်စစ်တပ်ကို အတူတကွ လှုပ်ရှားခွင့်ပြုခဲ့သည်။

လုချန်းက

“အဲဒီလိုဆိုရင် သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေကို ဘယ်လို ခွဲဝေကြမလဲ”

ဟု မေးမြန်းလိုက်သည်။

လက်ရှိတွင် ချင်နတ်ဘုရားနိုင်ငံနှင့် လျှို့ဝှက်လဝန်း နန်းတော်သည် မတူသော အုပ်စု နှစ်ခု ဖြစ်၏။ သူတို့နှစ်ဦးသည် ကုတင်ပေါ်တွင် ကောင်းသော ဆက်ဆံရေး ရှိကြသော်လည်း သူတို့၏ လက်အောက်ခံ အဖွဲ့ဝင်များကတော့ အုပ်စုတစ်ခုတည်း မဟုတ်ကြပေ။

အကယ်၍ သူတို့သာ အင်အားစုတစ်ခုကို အတူတကွ သိမ်းပိုက်လိုက်ပါက အကျိုးအမြတ် ခွဲဝေရေး ပြဿနာနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ယွမ်ယုတိက ခပ်အေးအေးပင် တုံ့ပြန်ခဲ့သည်။

“ရှင့် စိတ်ကြိုက်သာ ခွဲဝေလိုက်ပါ”

လျှို့ဝှက်လဝန်း နန်းတော်၏ ကံစွမ်းအားသည် ချင်နတ်ဘုရားနိုင်ငံနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသဖြင့် နိုင်ငံ၏ ကံစွမ်းအား တိုးတက်လာသည်နှင့်အမျှ လျှို့ဝှက်လဝန်း နန်းတော်၏ ကံစွမ်းအားလည်း လိုက်ပါ မြင့်တက်လာမည် ဖြစ်၏။ ထို့ကြောင့် လုချန်းက လျှို့ဝှက်လဝန်း နန်းတော်အား မည်သည့်နယ်မြေဝေစုမှ မပေးပဲ နယ်မြေအားလုံးကို သိမ်းပိုက်လိုက်လျှင်ပင် ၎င်းက ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။

ဟုတ်ပါသည်။ အကယ်၍ လုချန်းက ထိုသို့ တကယ် ပြုလုပ်ခဲ့ပါက လျှို့ဝှက်လဝန်း နန်းတော်အတွင်းရှိ လူများက သေချာပေါက် ကန့်ကွက်ကြမည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် လုချန်းက ရယ်မောလိုက်ပြီး

“ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ခင်ဗျား ကျုပ်ကို လက်ထပ်ပြီး ကျုပ်ရဲ့ ဧကရီ လုပ်လိုက်ပါလား။”

အကယ်၍ သူသာ ယွမ်ယုတိကို လက်ထပ်နိုင်ခဲ့ပါက အကျိုးအမြတ် ခွဲဝေမှုအတွက် စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။ လျှို့ဝှက်လဝန်း နန်တော်၏ နန်းတော်သခင်သည် သူ၏အမျိုးသမီး ဖြစ်လာမည်ဖြစ်ရာ သဘာဝကျကျပင် လျှို့ဝှက်လဝန်း နန်းတော်သည်လည်း သူ၏အပိုင် ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။

wunzinnosp

……….

All Chapters