အခန်း ၂၀၃၂
Vol. 136 Ch. 2032
အခန်း (၂၀၃၂ )
ခမ်းနားသော ကောင်းကင်ခန်းမ၏ အကျပ်အတည်း
အခြားနယ်ပယ်များမှ နတ်သခင်များ ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် နတ်သခင် ရွှမ်ရှောင်နှင့် ကျန်ရှိနေသော နတ်သခင်များ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ရွှမ်ရှောင်က
“သူတို့ကို ဂရုစိုက်မနေနဲ့။ သူတို့က တောင်ပိုင်းနယ်က လူတွေမဟုတ်ဘူး။ ဒါကြောင့် တောင်ပိုင်းနယ်ရဲ့ ကိစ္စတွေမှာ သူတို့ ဝင်ပါမှာ မဟုတ်တာ သဘာဝပဲ။”
“အခု လက်ရှိ အရေးကြီးဆုံး အလုပ်ကတော့ တောင်ပိုင်းနယ်က အင်အားစုအသီးသီး ပြင်ဆင်နိုင်ဖို့အတွက် အရိုင်းနယ်မြေရဲ့ လှုပ်ရှားမှု သတင်းတွေကို အမြန်ဆုံး ဖြန့်ဝေဖို့ပဲ။”
“တကယ်လို့ ရန်သူတွေက တောင်ပိုင်းနယ်ကို တကယ်ပဲ ရည်ရွယ်ပြီး လာတာဆိုရင်တော့ စစ်ပွဲက ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။”
ထိုအခါ နတ်သခင်တစ်ပါးက မျက်မှောင်ကြုတ်လျက်
“ဒါက တကယ် ထူးဆန်းတယ်။ အရိုင်းနယ်မြေကလူတွေက တောင်ပိုင်းနယ်မှာ မိစ္ဆာနတ်ဧကရာဇ်တစ်ပါး ရှိနေတာကို သိသင့်လျက်နဲ့ တောင်ပိုင်းနယ်ကို ဘာလို့ လာရဲကြတာလဲ”
ဟု မှတ်ချက်ပြုလိုက်သည်။
ထိုမေးခွန်းကို ကြားလျှင် နတ်သခင် ရွှမ်ရှောင် နက်နက်နဲနဲ တွေးတောမိသွားသည်။
ခဏအကြာတွင် သူက
“သွေးဘိုးဘေး ပေါ်မလာတာရယ်... သွေးဘိုးဘေးရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဆိုတဲ့ ကောလာဟလတွေရယ်ကြောင့် ခြင်္သေ့အိုကို ခွေးဆွဲချင်သလို အရိုင်းနယ်မြေရဲ့ အင်အားစုအသီးသီးကို တောင်ပိုင်းနယ်ကို ကျူးကျော်ဖို့ လှုံ့ဆော်ပေးလိုက်တာ ဖြစ်နိုင်တယ်။”
“အားလုံးပဲ အခုချက်ချင်း ဒီသတင်းကို ကျုပ်တို့ ဖြန့်ရမယ်။ ကျုပ်ကတော့ ရွှမ်ရှောင်နတ်ဂိုဏ်းကို ပြန်မယ်။ နေဝင်တောင်တန်းကို စောင့်ကြည့်ဖို့ကတော့ ဟိုလူစုကိုပဲ တာဝန်ပေး ထားခဲ့လိုက်မယ်။ သူတို့က တောင်ပိုင်းနယ်က လူတွေမဟုတ်တဲ့အတွက် အရိုင်းနယ်မြေက စစ်တပ်နဲ့ တိုးရင်တောင် အရိုင်းနယ်မြေကလူတွေက သူတို့ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် နတ်သခင် ရွှမ်ရှောင်သည် သက်တံဖြူနတ်မြို့မှ လျှပ်စီးပမာ ချက်ချင်း ထွက်ခွာကာ ရွှမ်ရှောင်နတ်ဂိုဏ်းသို့ ဦးတည်သွားခဲ့သည်။
နတ်သခင် ရွှမ်ရှောင် ထွက်ခွာသွားသည်ကို တွေ့မြင်လျှင် ကျန်ရှိသော တောင်ပိုင်းနယ်မှ နတ်သခင် လေးပါးလည်း သက်တံဖြူနတ်မြို့မှ အမြန်ထွက်ခွာ၍ ၎င်းတို့၏ သက်ဆိုင်ရာ အင်အားစုများဆီသို့ ပြန်သွားကြသည်။
ခြောက်လကြာပြီးနောက် အရိုင်းနယ်မြေ စစ်တပ်က တောင်ပိုင်းနယ်ကို ကျူးကျော်တော့မည့် သတင်းသည် မဟာအင်အားကြီးအုပ်စုများကြားတွင် တောမီးပမာ ဟုန်းဟုန်းတောက် ပျံ့နှံ့သွားခဲ့သည်။
ဤသတင်းကို ရရှိသောအခါ အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် အစပိုင်းတွင် ၎င်း၏ မှန်ကန်မှုကို သံသယစိတ် ဝင်ခဲ့ကြသည်။ အကြောင်းမှာ မဟာလမ်းစဉ် ကပ်ဘေးက ရှိနေဆဲဖြစ်ပြီး အကယ်၍ နယ်ပယ်အချင်းချင်း တိုက်ခိုက်သည့် စစ်ပွဲမျိုး ဖြစ်ပွားပါက အလွန်ကြီးမားသော ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ပေးဆောင်ရနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် နတ်သခင် ရွှမ်ရှောင်ကိုယ်တိုင်က သူကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ရွှမ်ရှောင်နတ်ဂိုဏ်းက နတ်တံခါး နည်းဗျူဟာပုံစံကို အသက်သွင်းလိုက်သဖြင့် နတ်အများအပြားက ထိုသတင်းကို ပိုယုံကြည်လာကြသည်။
မကြာမီပင် အချို့သော နတ်ဂိုဏ်းအင်အားစုများသည် အရိုင်းနယ်မြေ စစ်တပ်၏ လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးရန် နေဝင်တောင်တန်းသို့ ကင်းထောက်များ စေလွှတ်ခဲ့ရာ နတ်သခင် ရွှမ်ရှောင် ပြောသည့်အတိုင်း အရိုင်းနယ်မြေမှ မြောက်မြားစွာသော စစ်နတ်လှေများသည် တောင်ပိုင်းနယ်သို့ လှိုင်းတံပိုးပမာ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တွေ့ရှိခဲ့ကြသည်။
ခမ်းနားသော ကောင်းကင်ခန်းမသည်လည်း အရိုင်းနယ်မြေ စစ်တပ်၏ အခြေအနေကို အတည်ပြုရန် နေဝင်တောင်တန်းသို့ နတ်သခင်တစ်ပါး စေလွှတ်ခဲ့သည်။ အတည်ပြုပြီးနောက်တွင် ခမ်းနားသော ကောင်းကင်ခန်းမသည် ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
…..
မိုင်တစ်ထောင်ရှည်လျားသော နတ်လှေပေါ်တွင် ဖြစ်သည်။
အစည်းအဝေးခန်းမအတွင်း၌။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များသည် ကင်းထောက်များ ပေးပို့လာသော ပုံရိပ်များကို ကြည့်ရှုနေကြပြီး လူတိုင်း၏ မျက်နှာများသည် စိုးရိမ်ပူပန်မှုများဖြင့် လေးလံနေကြသည်။
သူတို့သည် သွေးလင်းယုန်ခန်းမကို တိုက်ခိုက်တော့မည့် ဆဲဆဲတွင် ယခုကဲ့သို့ အရိုင်းနယ်မြေ အင်အားစုများက တောင်ပိုင်းနယ်ကို ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်။
အကယ်၍ သူတို့က ယခုအချိန်တွင် သွေးလင်းယုန်ခန်းမနှင့် အသေအကြေ စစ်ပွဲ ဆင်နွှဲပါက သွေးဘိုးဘေးကို အောင်မြင်စွာ ချိပ်ပိတ်နိုင်သည်ဖြစ်စေ၊ မပိတ်နိုင်သည်ဖြစ်စေ ခမ်းနားသော ကောင်းကင်ခန်းမ၏ အင်အား များစွာ လျော့နည်းသွားမည်ဖြစ်ပြီး အရိုင်းနယ်မြေ၏ အင်အားစုများကို ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
မြောက်ပိုင်းနယ်မှ အင်အားစုများသည်လည်း အရိုင်းနယ်မြေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ တောင်ပိုင်းနယ်သည် အရိုင်းနယ်မြေ၏ ဒေသခံ အင်အားစုများသာမက မြောက်ပိုင်းနယ်မှ အင်အားစုများ၏ ကျူးကျော်မှုကိုပါ ရင်ဆိုင်ရမည့် အနေအထားဖြစ်သည်။
မြောက်ပိုင်းနယ်နှင့် အရိုင်းနယ်မြေ၏ ဒေသခံ အင်အားစုများ ပေါင်းစပ်လိုက်ပါက တောင်ပိုင်းနယ်၏ အင်အားစုအားလုံး စုပေါင်းလိုက်လျှင်ပင် သူတို့၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ပေ။
လက်ရှိ အခြေအနေအရ သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်၏။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် သူတို့သည် သွေးလင်းယုန်ခန်းမနှင့် စစ်ပွဲ ဆင်နွှဲခဲ့ကြခြင်း ဖြစ်ရာ ယခုအချိန်တွင် သူတို့နှင့် လက်တွဲပြီး အရိုင်းနယ်မြေ စစ်တပ်၏ ကျူးကျော်မှုကို ရင်ဆိုင်ရန်က မဖြစ်နိုင်သလိုပင်။
သွေးလင်းယုန်ခန်းမက သဘောတူမည်လား ဆိုသည်ကို ထည့်မတွက်လျှင်ပင် အကယ်၍ သူတို့က သဘောတူပြီး အရိုင်းနယ်မြေ စစ်တပ်ကို တားဆီးနိုင်ခဲ့လျှင်တောင် အဆုံးသတ်တွင် ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံ အင်အားစုတစ်ခုသာ ဖြစ်သွားလိမ့်မည်။
နတ်ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်သခင် ထိုက်ဟွာက
“ခင်ဗျားတို့ထဲက ဘယ်သူမဆို အကြံဉာဏ်ရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။”
ထိုစကားကို ကြားလျှင် နတ်သခင်များ အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူမှ စကားမဆိုကြချေ။
အကြံဉာဏ်လား။
သူတို့မှာ ဘယ်လို အကြံဉာဏ် ရှိနိုင်မှာလဲ။
သူတို့ ဘယ်လမ်းကိုပဲ ရွေးချယ်ရွေးချယ် ခမ်းနားသော ကောင်းကင်ခန်းမအတွက် ရလဒ်ကတော့ မှောင်မိုက်နေပုံရပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ ကံကြမ္မာ ကုန်ဆုံးသွားသကဲ့သို့ ခံစားနေရသည်။
ခန်းမအတွင်းရှိ မည်သည့်နတ်သခင်မှ စကားမပြောသည်ကို တွေ့မြင်လျှင် နတ်သခင် ထိုက်ဟွာ၏ မျက်နှာအမူအရာမှာ ပို ၍ညှိုးငယ်သွားခဲ့သည်။ ခန်းမသခင်တစ်ဦးအနေနှင့် သူသည်လည်း သင့်တော်သော အဖြေတစ်ခုကို မတွေးဆနိုင်ခဲ့ပေ။
တောင်ပိုင်းနယ် အင်အားစုတစ်ခုအနေနှင့် ယုတ္တိဗေဒအရ သူတို့သည် ပြင်ပနယ်မြေ၏ ကျူးကျော်မှုကို ဆန့်ကျင်ရန် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းသင့်သော်လည်း သူတို့သည် သွေးလင်းယုန်ခန်းမနှင့် ပြန်လည်မသင့်မြတ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ယခုအချိန်တွင် စစ်ပွဲ ရပ်တန့်ရန် တောင်းဆိုခြင်းကို ခမ်းနားသော ကောင်းကင်ခန်းမ၏ အကြီးအကဲများနှင့် တပည့်များပင် သဘောတူလက်ခံနိုင်မည် မဟုတ်ပေ။
စစ်ပွဲသည် အလွန် ပြင်းထန်ခဲ့ပြီး ခမ်းနားသော ကောင်းကင်ခန်းမဘက်မှလည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့၏ စုံတွဲများ၊ ဆရာများနှင့် တပည့်များစွာ ထိုစစ်ပွဲအတွင်း သေဆုံးခဲ့ကြရသည်။
ထို့ပြင် သွေးလင်းယုန်ခန်းမ၏ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာနတ်များကြောင့် ခမ်းနားသော ကောင်းကင်ခန်းမအတွင်းရှိ နတ်များစွာသည် သွေးလင်းယုန်ခန်းမ၏ မိစ္ဆာနတ်များအပေါ် နက်ရှိုင်းသော နာကျည်းမှုများကို မွေးမြူထားကြသည်။
အကယ်၍ သူတို့က ယခုအခါတွင် ရန်သူများကို ဆန့်ကျင်ရန် သွေးလင်းယုန်ခန်းမနှင့် မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လိုက်ပါက ခမ်းနားသော ကောင်းကင်ခန်းမ လက်အောက်ခံ အဖွဲ့များ၏ ထောက်ခံမှုကို ဧကန်မုချ ဆုံးရှုံးရမည်ဖြစ်သည်။ ထိုအရာက ခမ်းနားသော ကောင်းကင်ခန်းမ၏ ကံစွမ်းအားကို တော်တော်ကြီး ကျဆင်းသွားစေလိမ့်မည်။
ခမ်းနားသော ကောင်းကင်ခန်းမ၏ ကံစွမ်းအားသည် နဂိုကတည်းက လျော့နည်းနေပြီဖြစ်ရာ လက်အောက်ခံများ၏ ထောက်ခံမှု ဆုံးရှုံးခြင်းက ၎င်းကို ပြိုကွဲပျက်စီးခြင်းဆီသို့သာ ပို၍တွန်းပို့သွားနိုင်ခြေ ရှိသည်။
နတ်သခင် ထိုက်ဟွာ အလွန် အကျပ်ရိုက်သွား၏။ အဘယ်ကြောင့် အရိုင်းနယ်မြေ အင်အားစုများက ယခုလို အချိန်မျိုးကို ရွေးချယ်ကာ တောင်ပိုင်းနယ်ကို ကျူးကျော်ဝင်ရောက်လာပြီး ခမ်းနားသော ကောင်းကင်ခန်းမကို အကျပ်ရိုက်စေရသနည်း။
ထိုအခိုက်အတန့်တွင် လုချန်း အရိုင်းနယ်မြေ၌ နတ်ဘုရား နိုင်ငံတစ်ခု တည်ထောင်ထားပုံရကြောင်း နတ်သခင် ထိုက်ဟွာ ရုတ်တရက် သတိရလိုက်သည်။ ထို့ကြောင့် သူသည် အရိုင်းနယ်မြေ၏ လက်ရှိ အခြေအနေကို နားလည်ထားသင့်သည်။
ထို့နောက် သူ၏ အကြည့်က ခန်းမအတွင်း၌ စိုးရိမ်ပူပန်မှု ကင်းမဲ့စွာ ထိုင်နေသော လုချန်းထံသို့ ကျရောက်သွားခဲ့သည်။
လုချန်းသည် အရိုင်းနယ်မြေတွင် ကိုယ်ပွားတစ်ခု ရှိနေသည့်အတွက် သူသည် အရိုင်းနယ်မြေ၏ ကျူးကျော်မှုကို ကြိုတင်သိထားသင့်သော်လည်း သူတို့ကို အကြောင်းမကြားခဲ့ကြောင်းလည်း ရုတ်တရက် သဘောပေါက်လိုက်မိသဖြင့် နတ်သခင် ထိုက်ဟွာ၏ မျက်နှာအမူအရာ ခက်ထန်သွားခဲ့သည်။
လုချန်းသည် အရိုင်းနယ်မြေဘက်နှင့် ပူးပေါင်းထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။
နတ်သခင် ထိုက်ဟွာက
“လုချန်း... အရိုင်းနယ်မြေက တောင်ပိုင်းနယ်ကို ကျူးကျော်ဖို့ စဉ်းစားနေတာကို ခင်ဗျား သိနေခဲ့တာ မဟုတ်လား”
ဟု မေးလိုက်သည်။
လုချန်းက ငြင်းဆိုခြင်းမပြုပဲ
“ကျုပ် တကယ်ပဲ သိခဲ့ပါတယ်။”
နတ်သခင် ထိုက်ဟွာက
“ဒါဆိုရင် ခင်ဗျားက ဘာလို့ ကျုပ်ကို အကြောင်းမကြားခဲ့တာလဲ”
ဟု အေးစက်စွာ မေးမြန်းလိုက်သည်။
လုချန်းက
“ခမ်းနားသော ကောင်းကင်ခန်းမက သွေးလင်းယုန်ခန်းမကို တိုက်ခိုက်တော့မယ့်အချိန်မှာ အကြောင်းကြားလိုက်ရင် ခမ်းနားသော ကောင်းကင်ခန်းမကို အာရုံလွင့်သွားစေပြီး တွန့်ဆုတ်သွားစေလိမ့်မယ်။ ဒါဆိုရင် သွေးလင်းယုန်ခန်းမကို ဘယ်လို နှိမ်နင်းနိုင်မှာလဲ။”
လုချန်း၏ စကားကို ကြားရလျှင် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်တစ်ပါးက မတ်တပ်ရပ်၍
“လက်ရှိ အခြေအနေအရ ကျုပ်တို့က သွေးလင်းယုန်ခန်းမရဲ့ သွေးဘိုးဘေးကို အောင်မြင်စွာ ချိပ်ပိတ်နိုင်ခဲ့ရင်တောင် ဒါက ကျုပ်တို့အတွက် ဘာကောင်းကျိုး ရှိမှာလဲ။”
“ခင်ဗျားက ကျုပ်တို့နဲ့ သွေးလင်းယုန်ခန်းမ နှစ်ဖက်စလုံး အထိနာတာကို ထိုင်ကြည့်ပြီး ကျားနှစ်ကောင်ကိုက်ရာ ကျီးကန်းအမြတ်ရ ဆိုသလို အရိုင်းနယ်မြေကို အခွင့်ကောင်းယူခိုင်းဖို့ ရည်ရွယ်ထားပုံရတယ်။”
လုချန်းက တည်ငြိမ်စွာပင်
“ရှင်းရှင်းပြောရရင် ခင်ဗျားတို့က သွေးဘိုးဘေးကို ချိပ်ပိတ်ဖို့အတွက်ပဲ ကျုပ်ကို နတ်ကျောက်တုံးတွေ ပေးပြီး ငှားရမ်းခဲ့တာ။ ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူး။ ကျုပ်က ဘာဖြစ်လို့ အရိုင်းနယ်မြေရဲ့ ကျူးကျော်မှုကို အစီရင်ခံရမှာလဲ။”
“နောက်ပြီး သွေးလင်းယုန်ခန်းမကို စတင်တိုက်ခိုက်တာက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ရွေးချယ်မှုပဲ။ အခုလို အခြေအနေတွေ ပြောင်းလဲသွားတာက ကျုပ်အပြစ်လို့ ပုံချလို့ မရဘူး မဟုတ်လား။”
လုချန်း၏ တုံ့ပြန်မှုကို ကြားလျှင် ထိုနတ်သခင် စကားမဲ့သွားခဲ့သည်။
ဟုတ်ပါသည်။ သူတို့သည် လုချန်းကို သွေးဘိုးဘေးကို ချိပ်ပိတ်ရန်အတွက်သာ စည်းရုံးခဲ့ခြင်းဖြစ်ပြီး အခြားသော အလုပ်များကို လုပ်ဆောင်ရန် သူ့ကို မတောင်းဆိုနိုင်ပေ။
သို့သော်လည်း လုချန်းက အရိုင်းနယ်မြေ ကျူးကျော်တော့မှာကို သိလျက်နှင့် ဖုံးကွယ်ထားခဲ့ခြင်းကြောင့် ရောက်ရှိနေသော နတ်သခင်များ ရင်ထဲ မီးဟုန်းဟုန်းတောက်သကဲ့သို့ ပြင်းထန်စွာ ဒေါသထွက်နေကြဆဲ ဖြစ်သည်။
wunzinnosp