အခန်း ၂၀၃၄
Vol. 136 Ch. 2034
အခန်း (၂၀၃၄ )
ပွင့်လင်းရိုးသားသော ခန်းမသခင်
အရှေ့ပိုင်းနယ်။
ထျန်းရှီ နန်းတော်။
မွှေးရနံ့ လှိုင်လှိုင်သင်းနေသော အိပ်ဆောင်အတွင်း၌။
လုချန်းသည် မိန်းမလှလေး၏ အလှတရားကို အပြည့်အဝ ခံစားနေ၏။ သူသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း နတ်ဧကရာဇ် ရှီယွဲ့၏ အမွှေးပွပွ အမြီးကို အသာအယာ ဆုပ်နယ်ပေးနေသည်။
နတ်ဧကရာဇ် ရှီယွဲ့သည်လည်း နူးညံ့သိမ်မွေ့သည့် ဇနီးသည်တစ်ဦးကဲ့သို့ လုချန်း၏ ရင်ခွင်၌ မှီလျက် ရှိနေ၏။
သူတို့နှစ်ဦးသည် အလွန် ရင်းနှီးနွေးထွေးသော အနေအထားတွင် ရှိနေသော်လည်း ထူးခြားသော လှုပ်ရှားမှုမျိုး မရှိပေ။
တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားရုံမျှဖြင့် နတ်ဧကရာဇ် ရှီယွဲ့စိတ်ထဲ အလွန် သက်သောင့် သက်သာရှိပြီး စိတ်အေးချမ်းမှုကို ခံစားနေရသည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“ခမ်းနားသော ကောင်းကင်ခန်းမက အရှေ့ပိုင်းနယ်ဆီကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်”
ဟု ရုတ်တရက် ပြောလိုက်၏။
ထိုအရာကို ကြားလျှင် လုချန်း၏ ရင်ခွင်ပေါ်တွင် မှီအိပ်နေသော နတ်ဧကရာဇ် ရှီယွဲ့ ခေါင်းမော့လိုက်ပြီး
“အရှေ့ပိုင်းနယ်ဆီ ပြောင်းရွှေ့မလို့လား... ခမ်းနားသော ကောင်းကင်ခန်းမက စစ်ရှုံးသွားလို့လား။”
လုချန်းက
“လုံးဝကြီးတော့ မဟုတ်သေးဘူး... သူတို့ သွေးဘိုးဘေးကိုတောင် မမြင်ရသေးဘူး။”
နတ်ဧကရာဇ် ရှီယွဲ့က
“ဒါဆိုရင် သူတို့က ဘာဖြစ်လို့ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ... သူတို့ ရှုံးနိမ့်သွားပြီးမှပဲ အရှေ့ပိုင်းနယ်ကို လာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
ဟု မေးမြန်းလိုက်၏။
နယ်မြေတစ်ခု၏ မဟာအင်အားကြီးအုပ်စုတစ်စုသည် အခြားနယ်မြေတစ်ခု၌ သူတစ်ပါး၏ လက်အောက်ခံအဖြစ် ခိုလှုံနေထိုင်ရသည့် ဘဝမျိုးကို မလိုလားကြမှာ ဧကန်မုချပင် ဖြစ်သည်။ ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမကို ခုခံနိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီးဖြစ်၍ အဆုံးအထိ ဆက်လက် တောင့်ခံထားသင့်ပေသည်။
စစ်ပွဲ၏ အလယ်သို့ ရောက်ရှိနေမှ ဘာကြောင့် ရုတ်တရက် လက်လျှော့ပြီး တောင်ပိုင်းနယ်မှ ထွက်ခွာသွားချင်ကြရသနည်း။
လုချန်းက
“ဘာလို့လဲဆိုတော့ လကွယ်ဂိုဏ်းက အရိုင်းနယ်မြေရဲ့ အင်အားစုတွေကို ဦးဆောင်ပြီး တောင်ပိုင်းနယ်ဆီကို ချီတက်လာနေလို့ပဲ... လကွယ်ဂိုဏ်းက တောင်ပိုင်းနယ်ကို သိမ်းပိုက်ချုပ်ကိုင်ဖို့ စဉ်းစားနေတယ်။”
ထိုအရာကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့ မှင်တက်သွားရသည်။ အထူးသဖြင့် ယခုလို အခြေအနေတွင် နယ်မြေတစ်ခုနှင့်တစ်ခုအကြား စစ်ပွဲကြီးတစ်ပွဲကို စတင်ရဲသည်အထိသတ္တိပြောင်သူ ရှိလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သူမသည်ပင် နတ်ဧကရာဇ် ဖြစ်လာပြီးနောက် အရှေ့ပိုင်းနယ်ကိုသာ စည်းလုံးညီညွတ်အောင် လုပ်ဆောင်ခဲ့ပြီး ပြင်ပသို့ နယ်မြေချဲ့ထွင်ရန် စိတ်ကူးမျိုး မရှိခဲ့ချေ။
နတ်ဧကရာဇ် ရှီယွဲ့က
“အရိုင်းနယ်မြေရဲ့ အင်အားစုတွေမှာ နတ်ဧကရာဇ်တစ်ပါးတောင် မရှိပဲနဲ့ အခြားနယ်တစ်ခုကို ကျူးကျော်ဖို့ ဝံ့ရဲကြတာလား။”
လုချန်းက
“လကွယ်ဂိုဏ်းဂိုဏ်းချုပ်က နတ်ဘုရားအလောင်းကို သန့်စင်ထားလို့ နတ်ဧကရာဇ်တစ်ပါးရဲ့ စွမ်းအားနီးနီး ပိုင်ဆိုင်နေတယ်။”
နတ်ဧကရာဇ် ရှီယွဲ့သည် အတွေးများသွားပြီး တစ်စုံတစ်ခုကို ကြံဆနေပုံရသည်။ ခဏခန့် ကြာပြီးနောက် သူမက
“ရှင့်ရဲ့ နတ်ဘုရားနိုင်ငံကလည်း အရိုင်းနယ်မြေထဲမှာ ရှိတာဆိုတော့... ရှင်က လကွယ်ဂိုဏ်းနဲ့အတူ တောင်ပိုင်းနယ်ကို ကျူးကျော်တဲ့နေရာမှာ ပူးပေါင်းပါဝင်မှာလား။”
လုချန်းက မငြင်းဆန်ပဲ
“ဟုတ်တယ်... ဒါက ချင်နတ်ဘုရားနိုင်ငံအတွက်လည်း အခွင့်အရေးတစ်ခုပဲ။”
နတ်ဧကရာဇ် ရှီယွဲ့က
“ဒါဆိုရင် ခမ်းနားသော ကောင်းကင်ခန်းမနဲ့ ပတ်သက်ပြီး ကျွန်မကို ဘာလုပ်ပေးစေချင်လဲ။”
ထိုနေရာတွင် နတ်ဧကရာဇ် ရှီယွဲ့၏ နှုတ်ခမ်းအစုံက အနည်းငယ် ကွေးညွတ်သွားပြီး နောက်ပြောင်ကျီစယ်သော အမူအရာဖြင့်
“ရှင်သာ ကျွန်မကို ဆရာလို့ ခေါ်မယ်ဆိုရင်... ကျွန်မ ရှင့်အတွက် ကလဲ့စားချေပေးနိုင်မလားပဲ။”
လုချန်းက
“မလိုပါဘူး... အဲဒီတုန်းက ကျုပ်ကို ဖယ်ရှားဖို့ ဘယ်သူက အဆိုပြုခဲ့လဲဆိုတာ ကျုပ်သိပြီးသားပဲ... အချိန်တန်ရင် ကျုပ်ရဲ့ ကလဲ့စားကို ကျုပ်ကိုယ်တိုင် ချေမှာပါ... ခင်ဗျားအနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမကို လက်ခံချင်ရင် လက်ခံနိုင်တယ်... တကယ်လို့ လက်မခံချင်ရင်လည်း ကျုပ် နောက်မှ နတ်သခင်ထိုက်ဟွာကို အကြောင်းကြားလိုက်မယ်။”
လုချန်းက
“ဒါပေမဲ့ အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အခြေခံအုတ်မြစ်က အရမ်းနက်ရှိုင်းတယ်... တကယ်လို့ သူတို့ အရှေ့ပိုင်းနယ်ကို လာပူးပေါင်းနိုင်ရင် အရှေ့ပိုင်းနယ်ရဲ့ ကံစွမ်းအားက သိသိသာသာ တိုးတက်လာမှာ အသေအချာပဲ။”
တကယ်တော့ ခမ်းနားသော ကောင်းကင်ခန်းမသည် နယ်မြေတစ်ခု၏ အထွတ်အထိပ် မဟာအင်အားကြီးအုပ်စု ဖြစ်သည်။ တကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမတစ်ခုလုံး အရှေ့ပိုင်းနယ်သို့ လာရောက်ပူးပေါင်းပါက အရှေ့ပိုင်းနယ်၏ အလုံးစုံအင်အားသည် သဘာဝအတိုင်း မြင့်တက်လာမည်ဖြစ်ပြီး ကံစွမ်းအားလည်း အမြောက်အမြား တိုးပွားလာမည်ဖြစ်သည်။
ဒါက လက်ရှိ နတ်ဧကရာဇ် ရှီယွဲ့အတွက် ကောင်းသောအရာ ဖြစ်၏။ လက်ရှိတွင် အရှေ့ပိုင်းနယ်၏ ကံစွမ်းအားသည် သူမ၏ လက်ထဲ၌သာ ရှိနေပြီး အနာဂတ်တွင် သူမ၏ ကျင့်စဉ်အဆင့်ကို တက်ရောက်ရန်အတွက် ၎င်းကို အသုံးပြုနိုင်သည်။
လုချန်း၏ စကားများကို ကြားရလျှင် နတ်ဧကရာဇ် ရှီယွဲ့လည်း မျှော်လင့်ချက်များ နေဝင်သွားသကဲ့သို့ အနည်းငယ် စိတ်ပျက်သွားမိသည်။ လုချန်းက သူမကို သူ့အပေါ် ရန်ငြိုးရှိသူများကို ရှင်းလင်းပေးရန် အကူအညီတောင်းလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နတ်ဧကရာဇ် ရှီယွဲ့က
“အရှေ့ပိုင်းနယ်မြေထဲမှာ ဒုတိယမြောက် မဟာအင်အားကြီးအုပ်စု ရှိနေတာကိုတော့ ခွင့်မပြုနိုင်ဘူး။”
လုချန်းက
“နတ်သခင်ထိုက်ဟွာက ကတိပေးထားပြီးသားပါ... အရှေ့ပိုင်းနယ်ကို ရောက်တာနဲ့ ခမ်းနားသော ကောင်းကင်ခန်းမကို အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်ပြီး သူတို့ရဲ့ ကျင့်စဉ်အစဉ်အလာကိုပဲ ချန်ထားခဲ့မယ်လို့ ပြောတယ်။”
နတ်ဧကရာဇ် ရှီယွဲ့ ခဏခန့် စဥ်းစားလိုက်သည်။ ခမ်းနားသော ကောင်းကင်ခန်းမကို အရှေ့ပိုင်းနယ်သို့ ဝင်ရောက်ခွင့်ပေးခြင်းက အရှေ့ပိုင်းနယ်၏ ကံစွမ်းအားကို သိသိသာသာ တိုးတက်စေနိုင်ပြီး ယင်းမှာ လက်ရှိအချိန်တွင် သူမ တကယ် လိုအပ်နေသောအရာလည်း ဖြစ်သည်။
ထို့နောက် သူမက
“ကောင်းပြီ... ရှင် နတ်သခင်ထိုက်ဟွာကို ပြောလို့ရပြီ... ကျွန်မ ခမ်းနားသော ကောင်းကင်ခန်းမအတွက် မြေနေရာတစ်ခု ချပေးမယ်... ပြီးတော့ သူတို့အနေနဲ့ တခြားစိတ်ကူးတွေ မရှိဖို့ မျှော်လင့်တယ်။”
လုချန်းကလည်း
“ကောင်းပါပြီ”
ဟု ပြန်ပြောလိုက်၏။
…..
တစ်ချိန်တည်းမှာပင်။
ခမ်းနားသော ကောင်းကင်ခန်းမ၏ စစ်နတ်လှေပေါ်ရှိ အစည်းအဝေးခန်းမအတွင်း၌။
နတ်သခင်ထိုက်ဟွာသည် စိတ်လွင့်နေသော လုချန်းကို ကြည့်ကာ
“တကယ်လို့ ဒီကိစ္စကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်ဆိုရင်... ခင်ဗျားကို ပစ်မှတ်ထားခဲ့တဲ့ နတ်သခင်တွေကို ခမ်းနားသော ကောင်းကင်ခန်းမကနေ နှင်ထုတ်ပြီး သူတို့နဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်မယ်။”
နတ်သခင်ထိုက်ဟွာ၏ စကားကို ကြားလျှင် လုချန်းက စိတ်ပြန်စုစည်းလိုက်ပြီး ခပ်အေးအေးပင်
“ဟာ... ဒါဆို ခမ်းနားသော ကောင်းကင်ခန်းမကနေ ကြယ်မြစ် နတ်သခင်ကိုပါ နှင်ထုတ်မယ်လို့ ဆိုလိုတာလား”
ဟု မေးလိုက်၏။
ထိုစဉ်က သူ့ကို ဖယ်ရှားရန် အမိန့်ပေးခဲ့သူမှာ ကြယ်မြစ် နတ်သခင် ဖြစ်ပြီး ထိုအရာသည် အဓိကအားဖြင့် ကြယ်မြစ် နတ်သခင်၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။
ယခု ဝူယာနတ်သခင်သည် သတ္တဝါဆန်း ဖြစ်သွားခဲ့ပြီး နှိမ်နင်းခြင်း ခံထားရလေပြီ။ လက်ရှိတွင် ကြယ်မြစ် နတ်သခင်နှင့် နတ်သခင် ထျန်းဖုန်းတို့သာ ကျန်ရှိတော့သည်။
ကြယ်မြစ် နတ်သခင်သည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ယခင်ခန်းမသခင် ဖြစ်ပြီး နတ်သခင်ထိုက်ဟွာ၏ အာဏာမှာလည်း အပင်မြင့်မှ အကိုင်းထွက်သကဲ့သို့ ကြယ်မြစ် နတ်သခင်ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်သခင်ထိုက်ဟွာတွင် ကြယ်မြစ် နတ်သခင်ကို ခမ်းနားသော ကောင်းကင်ခန်းမမှ နှင်ထုတ်နိုင်သည့် အခွင့်အာဏာ မရှိပေ။
တကယ်လို့ သူကသာ ထိုသို့လုပ်ဝံ့လျှင် ခန်းမသခင်ရာထူးကို မျက်စိကျနေသူများအားလုံး ထွက်ပေါ်လာပြီး သူ့ကို သစ္စာဖောက်ဟု ဝိုင်းဝန်း စွပ်စွဲကြမည် ဖြစ်သည်။ ကြယ်မြစ် နတ်သခင်၏ ထောက်ခံမှု မပါရှိပဲနှင့် နတ်သခင်ထိုက်ဟွာသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ရာထူးကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။
လုချန်း၏ စကားကို ကြားလျှင် နတ်သခင်ထိုက်ဟွာ ခဏခန့် မှင်တက်သွားရသည်။
“ဒါက...”
သူသည် ယခင်ခန်းမသခင်ဖြစ်သော ကြယ်မြစ် နတ်သခင်ကို ခမ်းနားသော ကောင်းကင်ခန်းမမှ တကယ်ပင် နှင်ထုတ်နိုင်စွမ်း မရှိပေ။
ထိုစဉ် နတ်သခင်ထိုက်ဟွာသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး
“တကယ်လို့ ခင်ဗျားက နတ်ဧကရာဇ် ရှီယွဲ့ကို ခမ်းနားသော ကောင်းကင်ခန်းမကို လက်ခံဖို့ တကယ် ဖျောင်းဖျပေးနိုင်မယ်ဆိုရင်... ခင်ဗျားက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ဂုဏ်ထူးဆောင်ကျေးဇူးရှင် ဖြစ်လာမှာပါ... အဲဒီလိုဆိုရင် ကျုပ် ကြယ်မြစ် နတ်သခင်ကို နှင်ထုတ်ရင်တောင် တခြားဘယ်နတ်သခင်ကမှ ဘာမှ ပြောရဲမှာ မဟုတ်တော့ဘူး။”
အကယ်၍ လုချန်းက ခမ်းနားသော ကောင်းကင်ခန်းမကို အရှေ့ပိုင်းနယ်မြေ၌ အခြေချနိုင်ရန် ကူညီပေးနိုင်ပါက လုချန်းသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ကျေးဇူးရှင်ကြီး ဖြစ်လာလိမ့်မည်ကို နတ်သခင်ထိုက်ဟွာ ရုတ်တရက် သဘောပေါက်သွားသည်။ ထို့ပြင် လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ အဖော်ဖြစ်နေသည့်အတွက် အရှေ့ပိုင်းနယ်သို့ ရောက်ရှိမည့် ခမ်းနားသော ကောင်းကင်ခန်းမသည် လုချန်းကို တကယ်ပင် မျက်နှာချိုသွေးရမည် ဖြစ်သည်။
ထို့ပြင် သူကိုယ်တိုင်ကတော့ ဤကဲ့သို့ အရေးကြီးသော အချိန်အခါမျိုး၌ လုချန်းနှင့် ကောင်းသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
သူအနေနှင့် လုချန်းနှင့် ကောင်းသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက ခမ်းနားသော ကောင်းကင်ခန်းမက နတ်သခင် ထျန်းဖုန်းနှင့် ကြယ်မြစ် နတ်သခင်တို့ကို တကယ် နှင်ထုတ်လိုက်လျှင်ပင် ခမ်းနားသော ကောင်းကင်ခန်းမမှ အခြားသူများက ဘာပြောနိုင်ဦးမည်နည်း။
အရှေ့ပိုင်းနယ်မြေသို့ ရောက်လျှင် သူ၏ အာဏာတည်မြဲမှု အရင်းအမြစ်မှာ ကြယ်မြစ် နတ်သခင် မဟုတ်တော့ပဲ လုချန်းသာ ဖြစ်လာပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဆန့်ကျင်လာပါက သူသည် လုချန်း၏ အဆင့်အတန်းကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ အဖော်ဖြစ်ကြောင်း သိသွားပြီးနောက်တွင်ပင် ထိုသူများက သူ့ကို ဆန့်ကျင်ဝံ့ကြဦးမည်ဟု နတ်သခင်ထိုက်ဟွာ မယုံကြည်ပေ။
နတ်သခင်ထိုက်ဟွာက ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောဆိုလာသည်ကို တွေ့မြင်လျှင် လုချန်းက
“ခန်းမသခင်ထိုက်ဟွာက ဒီလောက်တောင် ရိုးသားဖြောင့်မတ်နေမှတော့... ကျုပ်မှာ ခင်ဗျားအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။”
“နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမကို လက်ခံဖို့ သဘောတူလိုက်ပြီ... သဘောတူရုံတင် မကဘူး မြေနေရာတစ်ခုပါ ချပေးထားပြီးပြီ။”
နတ်သခင်ထိုက်ဟွာ အံ့အားသင့်သွားရသည်။
ဒီလောက်တောင် မြန်လား။
နတ်သခင်ထိုက်ဟွာက လေးနက်သော အမူအရာဖြင့်
“ခင်ဗျား ကျုပ်ကို နောက်ပြောင်နေတာတော့ မဟုတ်ဘူးမလား။”
လုချန်းက
“ခင်ဗျား အတည်ပြုဖို့အတွက် အရှေ့ပိုင်းနယ်ဆီကို လူတစ်ယောက် ချက်ချင်း စေလွှတ်ပြီး စုံစမ်းကြည့်နိုင်ပါတယ်။”
“တကယ်လို့ ခင်ဗျားတို့ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ဖို့ တကယ် ရည်ရွယ်ချက်ရှိရင်... ချက်ချင်း အကောင်အထည်ဖော်သင့်ပြီ။ မကြာခင်မှာ အရိုင်းနယ်မြေရဲ့ ရှေးပြေးတပ်ဖွဲ့တွေ တောင်ပိုင်းနယ်ထဲကို ဝင်ရောက်လာတော့မှာမလို့... ခမ်းနားသော ကောင်းကင်ခန်းမအတွက် အချိန်သိပ်မကျန်တော့ဘူး။”
ခမ်းနားသော ကောင်းကင်ခန်းမ၏ အခြေခံအုတ်မြစ်မှာ အလွန်နက်ရှိုင်းလွန်းလှသဖြင့် ရွှေ့ပြောင်းခြင်းလုပ်ငန်းစဉ်မှာ အနည်းဆုံး ဆယ်စုနှစ် တစ်ခုခန့် ကြာမြင့်မည်ဖြစ်သည်။
သို့သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမဘက်ကသာ အခါကိုလိုက်၍ အခွင့်ကိုသိကာ အခြေအနေကို နားလည်သဘောပေါက်ပြီး လိမ္မာပါးနပ်မည်ဆိုလျှင် လုချန်းအနေနှင့် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံကို အသုံးပြု၍ ကူညီပေးနိုင်သည်။
သို့သော် ထိုအရာက သူတို့၏ နောက်ထပ် ပြုမူလှုပ်ရှားမှုများအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
wunzinnosp
………….