အခန်း ၂၀၃၅
Vol. 136 Ch. 2035
အခန်း (၂၀၃၅ )
သွေးဘိုးဘေး နိုးထလာခြင်း
နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမကို လက်ခံရန် အစီအစဉ်ရှိကြောင်း လုချန်းထံမှ ကြားလျှင် နတ်သခင်ထိုက်ဟွာလည်း အရှေ့ပိုင်းနယ်သို့ လူများကို ချက်ချင်း စေလွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်များအားလုံးကို နောက်တစ်ကြိမ် ထပ်မံဆင့်ခေါ်လိုက်သည်။
ထွက်ခွာသွားခဲ့ကြတာပင် မကြာသေးပဲ နတ်သခင်ထိုက်ဟွာက နောက်တစ်ကြိမ် ပြန်လည်ခေါ်ယူပြန်သဖြင့် နတ်သခင်များ စိတ်အနှောင့်အယှက်ဖြစ်ကာ ၎င်းတို့ထဲမှ အချို့လည်း သူ့အပေါ် အတော်လေး မကျေမနပ် ဖြစ်သွားကြတော့သည်။
…..
နတ်လှေ၏ အစည်းအဝေးခန်းမအတွင်း၌။
နတ်သခင်များ အားလုံး စိတ်အနှောင့်အယှက်ဖြစ်နေသည့် အမူအရာများ ရှိနေကြ၏။
ထိုအခိုက်အတန့်တွင် မပျော်မရွှင်ဖြစ်နေသော နတ်သခင်တစ်ပါးက
“ခန်းမသခင်က ကျုပ်တို့ကို ဘာကြောင့် ပြန်ဆင့်ခေါ်ရတာလဲဆိုတာ သိချင်မိတယ်”
ဟု စမေးလိုက်သည်။
နတ်သခင်ထိုက်ဟွာက တိုက်ရိုက်ပင်
“စစ်တပ်ကို ရုပ်သိမ်းဖို့၊ တောင်ပိုင်းနယ်ကို စွန့်ခွာဖို့နဲ့ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ။”
နတ်သခင်ထိုက်ဟွာ၏ ဆုံးဖြတ်ချက်ကို ကြားလျှင် ခန်းမထဲရှိ နတ်သခင်များ ခဏခန့် မှင်တက်သွားကြ၏။ ရုတ်တရက် ဘာပြောရမှန်း မသိလည်း ဖြစ်သွားကြသည်။
ဆုတ်ခွာမယ်ဟုတ်လား။
သူတို့သည် သွေးလင်းယုန်ခန်းမကို အောင်နိုင်ဖို့ လက်တစ်ကမ်းအလို ရောက်နေပြီဖြစ်ရာ ယခုတော့ ဆုတ်ခွာတော့မယ်တဲ့လား။
သို့သော်လည်း သေချာတွေးကြည့်လိုက်လျှင် ဆုတ်ခွာခြင်းမှတစ်ပါး သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့သကဲ့သို့ ဖြစ်နေသည်။
သူတို့သည် သွေးဘိုးဘေးကို အောင်မြင်စွာ ချိပ်ပိတ်နိုင်ခဲ့လျှင်ပင် အမျိုးမျိုးသော အရိုင်းနယ်မြေ အင်အားစုများကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
သူတို့သည် သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်သော်လည်း အရိုင်းအင်အားစုအားလုံးကိုတော့ လွယ်လွယ်နှင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် လုချန်းကိုလည်း အရိုင်းနယ်မြေမှလူတစ်ယောက်အဖြစ် သတ်မှတ်ထားနိုင်ရာ သူသည် ခမ်းနားသော ကောင်းကင်ခန်းမကို ဧကန်မုချ ကူညီမည်မဟုတ်ကြောင်း ပြောနေရန်ပင် မလိုပေ။
နတ်သခင်ထိုက်ဟွာသည် စူးရှသောမျက်လုံးများဖြင့် ခန်းမထဲရှိ လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်
“ခင်ဗျားတို့ထဲက ဘယ်သူမဆို သဘောထားအမြင်တွေရှိရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်”
ဟု ဆက်ပြောလိုက်သည်။
နတ်သခင်ထိုက်ဟွာ၏ စကားဆုံးသွားပြီးနောက် ခန်းမထဲရှိ နတ်သခင်များကြား အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေကြသည်။
သူတို့တွင် ဘာသဘောထားအမြင်များ ရှိနိုင်ပါဦးမည်နည်း။
ထိုအခိုက်အတန့်တွင် နတ်သခင်ထျန်းဖုန်းက
“ခန်းမသခင်... အရှေ့ပိုင်းနယ်က ကျုပ်တို့ကို လက်ခံမတာမျိုး ဖြစ်မနေနိုင်ဘူးလား။”
“ဘာပဲဖြစ်ဖြစ် ခမ်းနားသော ကောင်းကင်ခန်းမကလည်း အုပ်စိုးသူ အဆင့် အင်အားစုတစ်ခုပဲလေ... ကျားနှစ်ကောင် တစ်ဂူတည်း မအောင်းနိုင်သလို ထျန်းရှီနန်းတော်က အခြားအုပ်စိုးသူအဆင့် အင်အားစုတစ်ခု တည်ရှိနေသည်ကို တကယ်ပဲ ခွင့်ပြုပါ့မလား။”
နတ်သခင်ထိုက်ဟွာသည် နတ်သခင်ထျန်းဖုန်းကို နက်နဲစွာ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက်
“ခင်ဗျားပြောတာ မှန်ပါတယ်... ထျန်းရှီနန်းတော်က အရှေ့ပိုင်းနယ်ထဲမှာ အခြားအရှင်သခင်အဆင့် အင်အားစုတစ်ခု တည်ရှိနေတာကို တကယ်ပဲ ခွင့်မပြုပါဘူး။”
ထိုအရာကို ကြားလျှင် ရောက်ရှိနေသူအားလုံး အနည်းငယ် တုန်လှုပ်သွားကြ၏။ ယင်းမှာ သူတို့ အရှေ့ပိုင်းနယ်သို့ ရောက်သွားသည်နှင့် ခမ်းနားသော ကောင်းကင်ခန်းမကို ဖျက်သိမ်းရတော့မည်ဟု အဓိပ္ပာယ်ရနေ၍ ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် သူတို့သည် ခမ်းနားသော ကောင်းကင်ခန်းမကို အသက်ရှင်သရွေ့ မဖျက်သိမ်းချင်ကြပေ။
မည်သိုပင် ဆိုစေ ဤခန်းမသည် ရေနှင့်ငါး ကဲ့သို့ သူတို့၏ အကျိုးစီးပွားများနှင့် နီးကပ်စွာ ဆက်နွှယ်နေပြီး သူတို့၏ ကံစွမ်းအားသည်လည်း ယင်းနှင့်အတူ ဆက်စပ်ချည်နှောင်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ ခန်းမကို ဖျက်သိမ်းလိုက်ပါက သူတို့၏ ကံစွမ်းအားသည် တောင်ပြိုသကဲ့သို့ များစွာ လျော့နည်းသွားမည်ဖြစ်ပြီး ကိုယ်ပိုင်စွမ်းအားကိုလည်း သိသိသာသာ ကျဆင်းသွားစေလိမ့်မည်။
အစပိုင်းတွင် သူတို့သည် သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံဖြစ်ရန် ငြင်းဆန်ခဲ့ကြပြီး ခမ်းနားသော ကောင်းကင်ခန်းမကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သွေးလင်းယုန်ခန်းမကို ခုခံရန် လုချန်းကို စည်းရုံခဲ့ကြသည်။
ယခုတော့ အရှေ့ပိုင်းနယ်သို့ တိမ်းရှောင်ပြီး ခမ်းနားသော ကောင်းကင်ခန်းမကို ဖျက်သိမ်းရမည် ဆိုလျှင်....
သူတို့အနေနှင့် ထိုစဉ်ကတည်းက သွေးလင်းယုန်ခန်းမထံ ဒူးထောက် အညံ့ခံလိုက်သည်က ပိုကောင်းပေလိမ့်မည်။
ဟုတ်ပါသည်။
ယခုအချိန်တွင် ထိုသို့ပြောနေခြင်းက အပိုပင် ဖြစ်သည်။ သူတို့သည် သွေးလင်းယုန်ခန်းမနှင့် နောက်ပြန်လှည့်၍မရတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့ ယခု အညံ့ခံလိုက်လျှင်ပင်
တောင်ပိုင်းနယ်နှင့် အရိုင်းနယ်မြေတို့အကြား စစ်ပွဲပြီးဆုံးသွားပြီးနောက် သွေးလင်းယုန်ခန်းမသည် ခမ်းနားသော ကောင်းကင်ခန်းမနှင့် စာရင်းဟောင်းများကို ညှာတာမှုမရှိစွာ ရှင်းလင်းလိမ့်မည် ဖြစ်သည်။
နတ်သခင်ထိုက်ဟွာသည် ခန်းမထဲရှိ လူတိုင်း၏ အတွေးကို ကွင်းကွင်းကွက်ကွက် သိသဖြင့်
“ခမ်းနားသော ကောင်းကင်ခန်းမဟာ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ပြီးရင် ခွဲထုတ်ဖို့ လိုအပ်လိမ့်မယ်”
ဟု ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ နတ်ဧကရာဇ် ရှီယွဲ့ကလည်း ခမ်းနားသော ကောင်းကင်ခန်းမရဲ့ လမ်းစဉ်ကျင့်စဉ်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ သဘောတူထားပြီးသားပါ။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ခမ်းနားသော ကောင်းကင်ခန်းမကနေ ထွက်ခွာချင်တယ်ဆိုရင် အခုပဲ တင်ပြနိုင်ပါတယ်။”
ခမ်းနားသော ကောင်းကင်ခန်းမကို ခွဲခြမ်းရခြင်းအား ရှောင်လွှဲ၍ မရနိုင်သဖြင့် အချို့သော နတ်သခင်များသည် ခန်းမမှ ဧကန်မုချ ထွက်ခွာကြမည်ဖြစ်ရာ ယခုအချိန်တွင် ၎င်းကို ဆွေးနွေးလိုက်ခြင်းက ပို၍ကောင်းပေသည်။
သူ၏စကားများကို ကြားလျှင် ရောက်ရှိနေသော နတ်သခင်များသည် စကားတစ်ခွန်းမှ မဟပဲ ထပ်မံ၍ တိတ်ဆိတ်သွားကြပြန်သည်။
မည်သူမှ ခမ်းနားသော ကောင်းကင်ခန်းမမှ မထွက်ခွာချင်ကြပေ။
အကြောင်းမှာ သူတို့ ထွက်ခွာသွားပါက ရေမရှိသော ငါးကဲ့သို့ ယင်း၏ ကံစွမ်းအား ထောက်ပံ့မှုကို ဆုံးရှုံးရမည်ဖြစ်ပြီး ၎င်းတို့၏ စွမ်းအားကို သိသိသာသာ လျော့နည်းသွားစေမည် ဖြစ်သောကြောင့်ဖြစ်သည်။
မည်သူမှ စကားမဆိုသည်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာက
“ခမ်းနားသော ကောင်းကင်ခန်းမကို ခွဲခြမ်းပြီးတဲ့နောက်မှာ ခန်းမရဲ့ ကံစွမ်းအားက သိသိသာသာ လျော့နည်းသွားလိမ့်မယ်... ခမ်းမမှာ ဆက်နေတာက ရေရှည်အတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်နိုင်ဘူး။”
“ဒါပေမဲ့ ခင်ဗျားတို့ ထျန်းရှီနန်းတော်ကို ဝင်ရောက်နိုင်ပြီး သူ့ရဲ့ ကံစွမ်းအားကနေ အကျိုးကျေးဇူး ခံစားရမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်။”
ခမ်းနားသော ကောင်းကင်ခန်းမမှ မည်သူမှ ထွက်ခွာရန် အလိုမရှိသည်ကို တွေ့မြင်သဖြင့် နတ်သခင်ထိုက်ဟွာက ထျန်းရှီနန်းတော်အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယင်းသည် နတ်ဧကရာဇ် ရှီယွဲ့ တည်ထောင်ထားသော အင်အားစုဖြစ်ပြီး ခမ်းနားသော ကောင်းကင်ခန်းမထက် ကံစွမ်းအား ပိုသိပ်သည်း ထူထပ်သောကြောင့် ဖြစ်သည်။
ဟုတ်ပါသည်။ ကံစွမ်းအားဆိုသည်မှာ ပေါင်းခြင်း နှုတ်ခြင်း ကဲ့သို့ ရိုးရှင်းသည့် ညီမျှခြင်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ထျန်းရှီနန်းတော်သို့ ဝင်ရောက်ခြင်းသည်လည်း ယင်း၏ ကံစွမ်းအား အပြည့်အဝကို ရရှိမည်ဟု အတိအကျ မဆိုလိုပေ။
တစ်စုံ တစ်ယောက် ရရှိမည့် ကံစွမ်းအားသည် ထိုသူ၏ နတ်ဂိုဏ်းအတွင်းရှိ အဆင့်အတန်းအပေါ်တွင် များစွာမူတည်နေသည်။ ရာထူး မြင့်မားလေလေ ကံစွမ်းအား ပိုကြီးမားလေလေ ဖြစ်သည်။
ထို့ကြောင့်ပင် အချို့သော အင်အားစုအငယ်စားများသည် အင်အားကြီးအုပ်စုများ၏ ဝါးမြိုခြင်းကို ခုခံကြခြင်း ဖြစ်သည်။ သူတို့သည် ဖီးနစ်ငှက်၏ အမြီးဖြစ်ရသည်ထက် ကြက်၏ ဦးခေါင်းဖြစ်ရသည်ကို ပို၍ နှစ်သက်ကြသည်။
နတ်သခင်ထိုက်ဟွာ၏ အခြေအနေတွင်တော့ ခမ်းနားသော ကောင်းကင်ခန်းမကို ခွဲခြမ်းလိုက်လျှင်ပင် သူ ခန်းမသခင်အဖြစ် ဆက်ရှိနေသရွေ့ ထျန်းရှီနန်းတော်သို့ ဝင်ရောက်ခြင်းထက် ကံစွမ်းအားကို ပိုရရှိနိုင်မည် ဖြစ်သည်။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ အနေနှင့် ယခု ထျန်းရှီနန်းတော်သို့ ဝင်ရောက်ပါက နိမ့်ပါးသော အဆင့်အတန်းဖြင့် စတင်ရမည်ဖြစ်သဖြင့် ကံစွမ်းအား အနည်းငယ်သာ ရရှိမည်ဖြစ်၏။ ထိုအရာက ၎င်းတို့၏ စွမ်းအားကိုပင် လျော့နည်းသွားစေနိုင်သည်။
ထို့ကြောင့် ထျန်းရှီနန်းတော်အကြောင်း ထည့်ပြောခဲ့ပြီးနောက်တွင်ပင် ရောက်ရှိနေသော နတ်သခင်များသည် ထျန်းရှီနန်းတော်သို့ ဝင်ရောက်ရန် စိတ်ဝင်စားမှု မရှိကြသေးပေ။
အားလုံး နှုတ်ဆိတ်နေကြသဖြင့် နတ်သခင်ထိုက်ဟွာက
“ဒီလိုဆိုရင်တော့ ခွဲခြမ်းမယ့် ကိစ္စကို ကျုပ်တို့ အရှေ့ပိုင်းနယ်ကို ရောက်တဲ့အခါမှပဲ ဆွေးနွေးကြတာပေါ့။”
“ဒါကို ဆုံးဖြတ်ပြီးပြီဆိုတော့... ကျုပ်တို့ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နိုင်အောင် ခမ်းနားသော ကောင်းကင်ခန်းမဆီကို အခု ချက်ချင်း ပြန်ဆုတ်ကြမယ်။”
……
အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမသည် ဆုတ်ခွာခြင်းကို ချက်ချင်း စတင်ခဲ့သည်။ အချို့သော တပည့်များနှင့် အကြီးအကဲများသည် များစွာ မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း အရိုင်းနယ်မြေ၏ ကျူးကျော်မှုအကြောင်းကို ကြားသိရလျှင် ခေါင်းအေးအေးထားကာ သွေးလင်းယုန်ခန်းမအပေါ် ထားရှိသော ၎င်းတို့၏ မုန်းတီးမှုကို ယာယီ ဘေးဖယ်ထားလိုက်ကြသည်။
ထိုသို့ဖြင့် ခြောက်လမပြည့်မီ အချိန်အတွင်းမှာပင် ခမ်းနားသော ကောင်းကင်ခန်းမသည် ဆုတ်ခွာခြင်းကို အပြီးသတ်နိုင်ခဲ့၏။
……
သွေးလင်းယုန်ခန်းမ။
သွေးအနံ့အသက်များ ဝန်းရံနေသော နန်းတော်အတွင်း၌။
သွေးမိစ္ဆာ နတ်သခင်သည် အရိုးဖြူကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ၏ရှေ့မှ ပြသနေသော ပုံရိပ်ယောင် မြင်ကွင်းကို ကြည့်ရှုနေသည်။
ထိုမြင်ကွင်းသည် ခမ်းနားသော ကောင်းကင်ခန်းမ စစ်တပ်၏ ဆုတ်ခွာမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ထိုစဉ် သွေးမိစ္ဆာ နတ်သခင်၏ မျက်နှာထက်၌ လှောင်ပြောင် သရော်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး
“ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမကို အရမ်းအင်အားကြီးတယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ ပထမဆုံး ကောလာဟလ ကြားရုံနဲ့တင် အမြီးကုပ်ပြီး ထွက်ပြေးသွားကြတာပဲ။”
သွေးမိစ္ဆာ နတ်သခင်သည် တောင်ပိုင်းနယ်သို့ အရိုင်းအင်အားစုများ ကျူးကျော်ဝင်ရောက်လာသည့် အကြောင်းကိုလည်း ကြားသိခဲ့ရသော်လည်း နည်းနည်းမှ ဂရုမစိုက်ခဲ့ပေ။ အကြောင်းမှာ သူတို့၏ သွေးလင်းယုန်ခန်းမတွင် သွေးဘိုးဘေး ရှိနေသောကြောင့် ဖြစ်သည်။
သူသည် တောင်ပိုင်းနယ်အား ပို၍ရှုပ်ထွေး ပွေလီလာစေရန် တကယ်ပင် ဆန္ဒရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းက သွေးဘိုးဘေး၏ ပြန်လည်နာလန်ထူမှုကို မြန်ဆန်စေမည်ဖြစ်ပြီး မိစ္ဆာနတ်များကို ပိုမိုကောင်းမွန်စွာ ကျင့်ကြံနိုင်စေမည် ဖြစ်သောကြောင့်ဖြစ်သည်။
ဤနှစ်ပေါင်းများစွာအတွင်း ဖိနှိပ်ခံခဲ့ရသော်လည်း သွေးလင်းယုန်ခန်းမ၏ မိစ္ဆာနတ်များသည် မည်သည့်အခါမှ မကြောက်ရွံ့ခဲ့ကြပဲ သွေးကြွကာ ပို၍ပင် စိတ်လှုပ်ရှား ဝမ်းမြောက်ခဲ့ကြသည်။ သွေးလင်းယုန်ခန်းမရှိ သေဆုံးဒဏ်ရာရသူများသည် တန်ဖိုးမရှိသော သာမန် အမြှောက်စာများသာ ဖြစ်၏။
ထို့ပြင် ထိုသွေးချောင်းစီး တိုက်ပွဲများက အသက်ရှင်ကျန်ရစ်သော မိစ္ဆာနတ်များ၏ ကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်လေးအတွင်းမှ ကြီးမားလှသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းကို အာရုံခံမိလျှင် သွေးမိစ္ဆာ နတ်သခင်သည် ဝမ်းသာအားရ ထခုန်လိုက်ပြီး ကမ္ဘာငယ်လေးဆီသို့ အပြေးအလွှား ဦးတည်သွားခဲ့သည်။
……
သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်လေးအတွင်း၌။
သွေးဘိုးဘေးသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ ကမ္ဘာငယ်ကို သွေးမြူများဖြင့် ချက်ချင်း လွှမ်းခြုံသွားစေပြီး ထူထပ်သော သွေးရောင်အရှိန်အဝါများ လေထုထဲတွင် ပြည့်နှက်သွားသည်။
ကမ္ဘာငယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ထိုအရှိန်အဝါများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်လာသည်ကို သွေးမိစ္ဆာ နတ်သခင် ခံစားလိုက်ရသည်။
ဤခံစားချက်သည် မိစ္ဆာနတ်များအတွက် စိယစ်မူးဖွယ်ရာတစ်ခု ဖြစ်စေ၏။
သွေးမိစ္ဆာ နတ်သခင်သည် သတိပြန်ဝင်လာပြီးနောက် သွေးဘိုးဘေးအား
“သွေးဘိုးဘေးကို ကြိုဆိုပါတယ်”
ဟု ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်သည်။
သွေးဘိုးဘေး၏ ကြီးမားလှသော မျက်လုံးများသည် သွေးမိစ္ဆာ နတ်သခင်ကို ဝေ့ကြည့်လိုက်ပြီးနောက်
“အခု တောင်ပိုင်းနယ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ”
ဟု စတင် မေးမြန်းလိုက်သည်။
သွေးမိစ္ဆာ နတ်သခင်က ဘာမှမပြောပဲ သူ၏ လတ်တလော မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် ပေါင်းစည်းကာ သွေးဘိုးဘေးထံသို့ ကမ်းပေးလိုက်သည်။
wunzinnosp
…………..