အခန်း ၂၀၃၆
Vol. 136 Ch. 2036
အခန်း (၂၀၃၆ )
အကန့်အသတ်သို့ ရောက်လာသော ထျန်းရန် နတ်ဘုရားနယ်မြေ
သွေးဘိုးဘေးသည် သူ၏ရှေ့မှောက်ရှိ မှတ်ဉာဏ်ပုလဲကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြီးနောက် နတ်စွမ်းအားကို ထုတ်လွှတ်ကာ ၎င်း၏ အကြောင်းအရာများကို ဖတ်ရှုရန်အတွက် မှတ်ဉာဏ်ပုလဲကို အသက်သွင်းလိုက်သည်။
မှတ်ဉာဏ်ပုလဲကို ဖတ်ရှုပြီးနောက် သွေးဘိုးဘေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း
“ဆန်ကုန်မြေလေး အသုံးမကျတဲ့ လူမိုက်တစ်သိုက်ပဲ”
နတ်ဧကရာဇ်တစ်ပါး၏ ဖိအားကို ထုတ်လွှတ်လိုက်ပြသည်နှင့် တစ်ပြိုင်နက် တောင်ပိုင်းနယ်တစ်ခုလုံးသည် သွေးလင်းယုန်ခန်းမ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် ပြန်လည်နိုးထလာချိန်တွင် တောင်ပိုင်းနယ်သည် သွေးလင်းယုန်ခန်းမ၏ ထိန်းချုပ်မှုအောက်သို့ ရောက်မနေသေးသည့်အပြင် ခမ်းနားသော ကောင်းကင်ခန်းမက သွေးလင်းယုန်ခန်းမသည်၏ အိမ်တံခါးဝအထိပင် လာရောက်တိုက်ခိုက် လုနီးပါး ဖြစ်နေခဲ့သည်။
လက်ရှိတွင် သွေးဘိုးဘေးသည် အမျက်ချောင်းချောင်းထွက်ကာ ဒေါသပုန်ထနေခဲ့သည်။
တောင်ပိုင်းနယ်၏ အင်အားစုများသည် အပြင်ပန်းအားဖြင့် အညံ့ခံဟန်ဆောင်နေကြတာ ထင်ရှား၏။ သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံ အင်အားစုများအဖြစ် ရပ်တည်ရန် ရွေးချယ်ခဲ့ကြသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမကို ရင်ဆိုင်ရာတွင် သွေးလင်းယုန်ခန်းမအား မည်သို့မှ ကူညီခြင်း မပြုခဲ့ကြပေ။
ရုတ်တရက် သွေးဘိုးဘေးက
“ကြက်ကိုသတ်ပြပြီးမျောက်ကိုခြိမ်းခြောက်သလို စံနမူနာပြတစ်ခု လုပ်ပြရမယ့် အချိန်ရောက်ပြီထင်တယ်။”
သွေးဘိုးဘေး၏ စကားများကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင်သည် သွေးပျက်မတတ် ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး
“သွေးဘိုးဘေး... ဒေါသကို လျှော့ပါ။ အဲဒီတောင်ပိုင်းနယ် အင်အားစုတွေက ဒီလောက်အထိ ကောက်ကျစ်ပြီး ခမ်းနားသော ကောင်းကင်ခန်းမနဲ့ သွေးလင်းယုန်ခန်းမတို့ရဲ့ ပဋိပက္ခတွေထဲမှာ ဝင်မစွက်ဖက်ပဲ နေကြလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့မိလို့ပါ။”
အချို့သော အင်အားစုများက သစ္စာခံကြောင်း ပြသရန်အတွက် ခမ်းနားသော ကောင်းကင်ခန်းမကို တိုက်ခိုက်ကြလိမ့်မည်ဟု အစက သွေးမိစ္ဆာ နတ်သခင် ထင်မှတ်ခဲ့သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမတပ်များ အိမ်ရှေ့တံခါးဝအထိ ရောက်လုနီးပါး ဖြစ်နေချိန်တွင်ပင် တောင်ပိုင်းနယ် အင်အားစုများက ၎င်းတို့ကို ချုံခိုတိုက်ခိုက်သည်ကို မတွေ့ရပေ။
ထိုတောင်ပိုင်းနယ် အင်အားစုများသည် လုံးဝ လက်ပိုက်ကြည့်နေသူများသာ ဖြစ်ကြသည်။
သွေးဘိုးဘေးက အေးစက်စွာဖြင့်
“ကိစ္စမရှိဘူး။ ကျုပ် အပြင်ကို ထွက်လာပြီပဲ။ မကြာခင်မှာ အဲဒီတောင်ပိုင်းနယ် အင်အားစုတွေဟာ ကျုပ်ကို ဆန့်ကျင်တဲ့ အကျိုးဆက်ကို သိစေရမယ်။”
ထိုနေရာအထိ ပြောပြီးနောက် သွေးဘိုးဘေး ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ဆက်လက်၍
“ချက်ချင်းပဲ လူလွှတ်ပြီး အရိုင်းနယ်မြေရဲ့ အခြေအနေကို စုံစမ်းခိုင်းလိုက်။ ပြီးတော့ သူတို့ ဘာကြောင့် တောင်ပိုင်းနယ်ကို ကျူးကျော်ချင်ရတာလဲဆိုတာကို သိအောင်လုပ်။”
ယခု သွေးဘိုးဘေး စိုးရိမ်ပူပန်သည်က ခမ်းနားသော ကောင်းကင်ခန်းမကို မဟုတ်ပေ။ အရိုင်းနယ်မြေမှ ကျူးကျော်မှုကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။
သူ့အမြင်အရ တောင်ပိုင်းနယ်သည် ယခုအခါ သူ၏ နယ်မြေဖြစ်နေပြီ ဖြစ်ရာ အရိုင်းနယ်မြေက တောင်ပိုင်းနယ်ကို လာရောက်ထိပါးလိုခြင်းမှာ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ သေတွင်းထဲသို့ သက်သက် တိုးဝင်နေခြင်းပင် ဖြစ်သည်။
သွေးမိစ္ဆာ နတ်သခင်က ချက်ချင်းပင်
“ဟုတ်ကဲ့ပါ ... သွေးဘိုးဘေး”
ဟု တုံ့ပြန်လိုက်သည်။
ထိုနေရာအထိ ပြောပြီးနောက် သွေးမိစ္ဆာ နတ်သခင် ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ
“သွေးဘိုးဘေး... ဒီတစ်ခေါက်မှာ ဘိုးဘေး ဘယ်အချိန်မှာ ပြန်ပြီး အိပ်စက်ခြင်းထဲ ဝင်ရောက်သွားမှာပါလဲ။”
ယခုတော့ သွေးဘိုးဘေးကိုယ်တိုင် လှုပ်ရှားမှု မပြုပါက ထိုတောင်ပိုင်းနယ် အင်အားစုများသည် သွေးလင်းယုန်ခန်းမကို တကယ် ကျိုးနွံနာခံကြမည် မဟုတ်ကြောင်း သွေးမိစ္ဆာ နတ်သခင် သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
ကြက်ကိုသတ်၍ မျောက်ကို ခြောက်ပြသကဲ့သို့ အင်အားစုတစ်ခုခုကို ရှာဖွေပြီး အမှုန့်ခြေပစ်မှသာ၊ သွေးဘိုးဘေးကိုယ်တိုင် သူ၏ ပြိုင်ဘက်ကင်း အစွမ်းကို ပြသမှသာလျှင် တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများကို တကယ် ခြောက်လှန့် တားဆီးနိုင်မည် ဖြစ်သည်။
သွေးဘိုးဘေးသာ ပြန်လည်အိပ်စက်သွားပါက ထိုတောင်ပိုင်းနယ် အင်အားစုများသည် သွေးလင်းယုန်ခန်းမ၏ အမိန့်များကို နာခံကြမည် မဟုတ်ကြောင်း သွေးမိစ္ဆာ နတ်သခင် စိုးရိမ်နေမိသည်။
ထိုအချိန်ကျလျှင် အရိုင်းနယ်မြေ၏ ကျူးကျော်မှုနှင့်အတူ တောင်ပိုင်းနယ်သည် ဖရိုဖရဲဖြစ်ကာ တစ်ဦးချင်းစီ ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ တိုက်ခိုက်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားလိမ့်မည် ဖြစ်သည်။
သွေးမိစ္ဆာ နတ်သခင်၏ မေးခွန်းကို ကြားလျှင် သွေးဘိုးဘေးက အေးစက်စွာဖြင့်
“ဘာလဲ... ခင်ဗျားက ကျုပ်ကို အိပ်စက်ခြင်းထဲ ပြန်ဝင်စေချင်နေတာလား။”
ထိုစကားကြောင့် သွေးမိစ္ဆာ နတ်သခင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်
“ခွင့်လွှတ်ပါ သွေးဘိုးဘေး။ ကျုပ် စိုးရိမ်မိတာက ဘိုးဘေးသာ ပြန်လည် အိပ်စက်သွားရင် အဲဒီတောင်ပိုင်းနယ် အင်အားစုတွေဟာ သွေးလင်းယုန်ခန်းမရဲ့ အမိန့်တွေကို ဆက်ပြီး နာခံမှာ မဟုတ်လို့ပါပဲ”
ဟု လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
သွေးဘိုးဘေးက မျက်နှာအမူအရာမရှိစွာနှင့်
“ကျုပ်ရဲ့ ကိစ္စရပ်တွေက ခင်ဗျား စိုးရိမ်ပူပန်နေရမယ့်အရာ မဟုတ်ဘူး။”
ထိုနေရာအထိ ပြောပြီးနောက် သွေးဘိုးဘေးသည် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ ဖိအားကို ထုတ်လွှတ်လိုက်သည်။
နောက်ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ရွှေရောင်သံကြိုးများစွာ ထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုသံကြိုးများသည် အက်ကြောင်းများ ထင်နေပြီဖြစ်ရာ အချိန်မရွေး ကျိုးပြတ်သွားနိုင်မည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
သွေးဘိုးဘေးသည် သူ၏ နတ်အာရုံကို ထုတ်လွှတ်ကာ တောင်ပိုင်းနယ်၏ အခြေအနေကို စူးစမ်းလိုက်ပြီးနောက် သဘောကျစွာဖြင့် အားရပါးရ ရယ်မောလိုက်လေသည်။
“ထျန်းရန် နတ်ဘုရား နယ်မြေက နောက်ဆုံးတော့ သူ့ရဲ့ အကန့်အသတ်ကို ရောက်လာပြီပဲ။”
“ဒီ အစုတ်အပြတ် ကောင်းကင်လမ်းစဉ် သံကြိုးတွေက ကျုပ်ကို ချိပ်ပိတ်ထားနိုင်မှာ မဟုတ်ဘူး။”
ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်စွမ်းအားများ အဆက်မပြတ် ပြန်လည်နိုးထလာနေသကဲ့သို့ ထင်ရသော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ နေဝင်ချိန်ကို ပြသနေကဲ့သို့ ကံစွမ်းအား ဆုတ်ယုတ်လာမှုကို သွေးဘိုးဘေး ရှင်းလင်းစွာ ခံစားနေရသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ကောင်းကင်လမ်းစဉ်သည် တစ်နေ့ထက်တစ်နေ့ ပို အားနည်းလာခြင်းပင် ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားပါက ထျန်းရန် နတ်ဘုရား နယ်မြေသည် အနှေးနှင့်အမြန် အစအနမကျန် ပြိုလဲပျက်စီးသွားလိမ့်မည် ဖြစ်သည်။
လက်ရှိ နတ်အရှိန်အဝါများ ပြန်လည်နိုးထလာခြင်းမှာ ကောင်းကင်လမ်းစဉ်၏ နောက်ဆုံး နေဝင်ချိန် တိမ်တောက်ခြင်းသာ ဖြစ်သည်။
သွေးဘိုးဘေး ရယ်မောလိုက်စဉ် သူ၏ခန္ဓာကိုယ်ပေါ်မှ ဖိအားသည် အဆက်မပြတ် မြင့်တက်လာခဲ့ပြီး သူထုတ်လွှတ်လိုက်သော သွေးရောင်အရှိန်အဝါများသည်လည်း သူ့အပေါ်ရှိ ရွှေရောင်သံကြိုးများကို ရူးသွပ်စွာ ရိုက်ခတ်တိုက်ခိုက်လိုက်သည်။
နောက်ထပ်အခိုက်အတန့်တွင် ကမ္ဘာငယ်လေးတစ်ခုလုံး၏ သွေးပင်လယ်သည် ကောင်းကင်နှင့် မြေပြင်ကို ထိဆက်မိမတတ် လှိုင်းများကြီးလာခဲ့ပြီး ကမ္ဘာငယ်တစ်ခုလုံး ပျက်သုန်းတော့မည့်အလား ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ဒူးထောက်နေသော သွေးမိစ္ဆာ နတ်သခင်လည်း ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။
သူသည် ကောင်းကင်လမ်းစဉ် သံကြိုးများကို မမြင်ရသော်လည်း သွေးဘိုးဘေး၏အပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကန့်သတ်ချက်တစ်ခု ရှိနေကြောင်းနှင့် သွေးဘိုးဘေးသည် ထိုကန့်သတ်ချက်ကို ရိုက်ချိုးဖျက်ဆီးနေကြောင်း ရှင်းလင်းစွာ အာရုံခံမိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် သွေးဘိုးဘေးက သွေးမိစ္ဆာ နတ်သခင်ထံသို့ ရုတ်တရက် အသံလှိုင်းပေးပို့လိုက်ပြီး
“ခင်ဗျား သွားလို့ရပြီ... ကျုပ် နောက်တစ်ကြိမ် ထပ်ပြီး အိပ်စက်ခြင်းထဲ ဝင်တော့မှာ မဟုတ်ဘူး။”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင်သည် အစောပိုင်းတွင် မှင်တက်သွားခဲ့သော်လည်း ထို့နောက်တွင်တော့ အတိုင်းထက်အလွန် ရွှေအိုးရသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။ သွေးဘိုးဘေးသာ ထပ်မံ အိပ်စက်ခြင်းမပြုတော့ဘူးဆိုပါက သွေးလင်းယုန်ခန်းမသည် တောင်ပိုင်းနယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပါလား။
သွေးမိစ္ဆာ နတ်သခင်က စိတ်လှုပ်ရှားစွာဖြင့်
“ဟုတ်ကဲပါ သွေးဘိုးဘေး”
ထိုစကားများ ပြောပြီးသည်နှင့် သွေးမိစ္ဆာ နတ်သခင်လည်း ကမ္ဘာငယ်လေးထဲမှ ထွက်ခွာသွားခဲ့သည်။
သွေးမိစ္ဆာ နတ်သခင် ကမ္ဘာငယ်လေးထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သွေးဘိုးဘေး၏ နက်ရှိုင်းလှသော အသံက တောင်ပိုင်းနယ်၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဒီနေ့ကစပြီး တောင်ပိုင်းနယ်ထဲမှာ ကျုပ်ကို မရိုသေ မလေးစားတဲ့ ဘယ်သူမဆို သေရမယ်”
သွေးဘိုးဘေး၏ အသံသည် ဧရာမ ခေါင်းလောင်းကြီးတစ်လုံး၏ အသံကဲ့သို့ တောင်ပိုင်းနယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး နတ်တို့၏ စိတ်အာရုံထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
သွေးဘိုးဘေး၏ ဖိအားကို အာရုံခံမိသောအခါ ခမ်းနားသော ကောင်းကင်ခန်းမမှ လူများ၏ မျက်နှာများလည်း သွေးမရှိသကဲ့သို့ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ တစ်ဖက်တွင်လည်း သူတို့ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် သွေးလင်းယုန်ခန်းမကို တကယ် သွားရောက်မတိုက်ခိုက်ခဲ့မိပေ။
အကယ်၍ သူတို့သာ သွေးလင်းယုန်ခန်းမကို တကယ် တိုက်ခိုက်ခဲ့မည်ဆိုပါက သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်မည် မဟုတ်သည့်အပြင် သွေးလင်းယုန်ခန်းမ၌ပင် ကျဆုံးသွားနိုင်ည်။
သို့သော်လည်း သွေးဘိုးဘေးသည် ဧရာမ ဖိအားများကို ထပ်မံထုတ်လွှတ်နေသော်လည်း တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများသည် သွေးဘိုးဘေးကိုယ်တိုင် လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းရင်း ဘေးကနေသာ ကြည့်နေကြဆဲ ဖြစ်သည်။
ယခု သွေးဘိုးဘေး သူ၏ ဧရာမ ဖိအားကြီးကို ထပ်မံထုတ်လွှတ်လိုက်ခြင်းက သူ တံခါးပိတ်ကျင့်စဉ်မှ ထွက်လာပြီဖြစ်ကြောင်း သက်သေပြနေပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ ရန်စမှုများကို တုံ့ပြန်သင့်သည်။
တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများသည် ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် နောက်ထပ် မည်သို့သော အရာမျိုးနှင့် ရင်ဆိုင်ရမည်ကို သိရန် စိတ်အားထက်သန်နေကြသည်။
အကယ်၍ သွေးဘိုးဘေးသည် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ပဲ ဧရာမ ဖိအားကိုသာ ထုတ်လွှတ်နေမည်ဆိုပါက သူသည် သေလုနီးပါး ဖြစ်နေကာ အစွမ်းကုန်ဆုံးနေပြီ ဖြစ်၍ ခြောက်လှန့်ရန်အတွက်သာ ဖိအားကို ထုတ်လွှတ်နိုင်သည်ဟူသော ကောလာဟလများက အမှန်ဖြစ်ကြောင်း သက်သေပြလိမ့်မည် ဖြစ်သည်။
အကယ်၍ သွေးဘိုးဘေးသည် ပြတ်သားလှသော နည်းလမ်းများကို အသုံးပြု၍ ခမ်းနားသော ကောင်းကင်ခန်းမကို အပြတ်အသတ် အနိုင်ယူ ဖျက်ဆီးပစ်မည်ဆိုပါက ကောလာဟလများ မှားယွင်းကြောင်း သက်သေပြမည်ဖြစ်သည်။ ထိုအချိန်ကျမှ သွေးလင်းယုန်ခန်းမ၏ အမိန့်များကို နာခံလျှင်လည်း အချ်န်မနှောင်းသေးပေ။
သွေးဘိုးဘေး၏ အသံသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အရှေ့ပိုင်းနယ်သို့ ရွှေ့ပြောင်းခြင်း အစီအစဉ်ကို ပို မြန်ဆန်စေခဲ့သော်လည်း သူတို့ အရှေ့ပိုင်းနယ်သို့ ချောမွေ့စွာ ရွှေ့ပြောင်းနိုင်တော့မည်ဟု နတ်သခင်ထိုက်ဟွာက ထင်မှတ်နေစဉ်မှာပင် တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများသည် ခမ်းနားသော ကောင်းကင်ခန်းမကို ပစ်မှတ်ထားလာကြတော့သည်။
……
ခမ်းနားသော ကောင်းကင်ခန်းမ။
နတ်သခင်ထိုက်ဟွာသည် ပလ္လင်ထက်တွင် ထိုင်နေရင်း ခက်ထန်လေးနက်သော မျက်နှာအမူအရာဖြင့်
“အဲဒီအင်အားစုတွေက ကောလာဟလ တစ်ခုခုကို ကြားသွားကြပုံပဲ”
ဟု ပြောလိုက်သည်။
ခမ်းနားသော ကောင်းကင်ခန်းမ နောက်ဆုတ်သွားပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမကို ပစ်မှတ်ထားသည့် ဖြစ်ရပ်များ ပို များပြားလာခဲ့ပြီး အခြားအင်အားစုများ၏ မီးလောင်ရာလေပင့် သွေးထိုးလှုံ့ဆော်မှုကြောင့် ပို၍များပြားသော နတ်ဂိုဏ်းများသည် ခမ်းနားသော ကောင်းကင်ခန်းမမှ ထွက်ခွာကာ အခြားအင်အားစုများနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။
ထိုအချိန်တွင် နတ်သခင်တစ်ပါးက
“ဒါကတော့ မသေချာဘူး။ ဒါပေမဲ့ အချို့ အင်အားစုတွေက ကျုပ်တို့ တောင်ပိုင်းနယ်ကနေ ထွက်ခွာဖို့ ရည်ရွယ်ချက်ရှိနေတာကို သတိပြုမိသွားတာ ဖြစ်နိုင်တယ်။”
ထိုအရာကို ကြားရလျှင် နတ်သခင်ထိုက်ဟွာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
“ကျုပ်တို့ ပိုပြီး မြန်မြန်လုပ်ရမယ်ထင်တယ်”
နတ်သခင်ထိုက်ဟွာ၏ စကားများ ဆုံးခါနီးမှာပင် နတ်ဘုရင်တစ်ပါးက အပြင်မှ ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာပြီး
“ခန်းမသခင်... ကိစ္စကြီးတစ်ခု ဖြစ်ပွားနေပါပြီ”
ထိုနတ်ဘုရင်၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာ၏ စိတ်ထဲတွင် မကောင်းသော အာရုံတစ်ခု ရရှိသွားပြီး
“ဘာဖြစ်လို့လဲ”
ထိုနတ်ဘုရင်သည် အရိပ်ဖမ်းကျောက်တုံးတစ်တုံးကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီးနောက် နတ်စွမ်းအားဖြင့် ၎င်းကို အသက်သွင်းလိုက်သည်။
နောက်အခိုက်အတန့်တွင် အရိပ်ဖမ်းကျောက်တုံးမှ ပုံရိပ် လေထုထဲ၌ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်ထဲတွင် ထောင်ပေါင်းများစွာသော နတ်လှေများသည် ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်နေခဲ့ပြီး ထိုနတ်လှေများတွင် အမျိုးမျိုးသော အလံများ အမှတ်အသားများ ရှိနေကြ၏။ ၎င်းတို့သည် တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများ၏ စစ်နတ်လှေများဖြစ်ကြောင်း ထင်ရှားလှသည်။
နတ်သခင်ထိုက်ဟွာ မျက်ခုံးပင့်လိုက်မိရင်း
“ဒါတွေက ဘာတွေလဲ”
ဟု မေးလိုက်သည်။
ထိုနတ်ဘုရင်က
“တောင်ပိုင်းနယ် အင်အားစုတွေရဲ့ နတ်လှေတွေဟာ မြောက်ပိုင်း နယ်နမိတ် ပင်လယ်မှာ ထွက်ပေါ်လာနေပြီး ကျုပ် တို့ဆီကို ဦးတည်လာနေပုံရပါတယ်။”
wunzinnosp
…………