အခန်း ၂၀၃၉
Vol. 136 Ch. 2039
အခန်း (၂၀၃၉ )
အကျပ်အတည်းမှ လွတ်မြောက်ခြင်း
နတ်ဧကရာဇ် ရှီယွဲ့၏ အသံကို ကြားလိုက်ရသောအခါ တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးမှ နတ်သခင်များလည်း မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ကြက်သေ သေကာ မှင်တက်သွားကြ၏။ သူတို့သည် အစက သွေးဘိုးဘေး၏ ရှေ့မှောက်တွင် မျက်နှာရအောင် ကောင်းကောင်း စွမ်းဆောင်ပြရန် စဉ်းစားထားပြီး သွေးဘိုးဘေး၏ စစ်မှန်သော စွမ်းအားကိုလည်း မြင်တွေ့လိုခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သူတို့သည် ခမ်းနားသော ကောင်းကင်ခန်းမ ထွက်ခွာသွားခြင်းကို တားဆီးရန် ပူးပေါင်းခဲ့ကြခြင်း ဖြစ်၏။ သို့သော် ထိုအရာက အရှေ့ပိုင်းနယ်မှ နတ်ဧကရာဇ် ရှီယွဲ့ကို ဆွဲဆောင်မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ခဏခန့်အတွင်း နယ်နိမိတ်ပင်လယ် အထက်ရှိ နတ်သခင်များ၏ မျက်နှာများသည် သွေးမရှိသလို ဖြူလျော်သွားကြ၏။ သွေးဘိုးဘေးနှင့် နှိုင်းယှဉ်လျှင် သူတို့သည် နတ်ဧကရာဇ် ရှီယွဲ့ကို ပို၍ ကြောက်ရွံ့ကြသည်။
မည်သို့ပင်ဆိုစေ သွေးဘိုးဘေးသည် မည်သည့် လှုပ်ရှားမှုမှ မလုပ်ဆောင်ခဲ့သေးသလို တောင်ပိုင်းနယ်တွင်လည်း သွေးဘိုးဘေးသည် ချိပ်ပိတ်ခံထားရသည့် အခြေအနေတွင် ရှိနေနိုင်သည် သို့မဟုတ် သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေနိုင်သည်ဟူသော ကောလာဟလများ ရှိနေသည်။
သို့သော် နတ်ဧကရာဇ် ရှီယွဲ့ကတော့ ထိုသို့မဟုတ်ပေ။ သူမသည် စစ်မှန်သော နတ်ဧကရာဇ်တစ်ပါး ဖြစ်ပြီး သူမ၏ အကောင်းဆုံးအချိန်တွင် ရှိနေသည်။ အကယ်၍ သူမကိုယ်တိုင် တိုက်ခိုက်မည်ဆိုပါက တောင်ပိုင်းနယ်တစ်ခုလုံး ပျက်စီးသွားနိုင်၏။
နယ်နိမိတ်ပင်လယ် ဘေးရှိ နတ်သခင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နတ်သခင်တစ်ပါးက ခါးသီးစွာ ပြုံးလျက်
“အဲ့ဒီ ပုဂ္ဂိုလ် တကယ် ရောက်လာတာပဲ”
၎င်းသည် နတ်အာရုံတစ်ခုမျှသာ ဖြစ်သော်လည်း သူမသည် သူမ၏ သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူတို့က ခမ်းနားသော ကောင်းကင်ခန်းမကို ဆက်လက်တားဆီးနေမည်ဆိုပါက ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ရမည့် အန္တရာယ် ရှိပေသည်။
နောက်ထပ်ဖြစ်လာမည့်အရာမှာ သွေးဘိုးဘေး၏ တုံ့ပြန်မှုအပေါ်တွင် မူတည်နေသည်။ နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံ တောင်ပိုင်းနယ်သို့ ဆင်းသက်လာခဲ့ပြီဖြစ်ရာ တောင်ပိုင်းနယ်၏ အုပ်စိုးသူဖြစ်သည့် သွေးဘိုးဘေးအနေနှင့် တစ်စုံတစ်ခုသော ထုတ်ပြန်ချက်ကို ပြုလုပ်သင့်ပေသည်။ သို့သော် သူတို့ မမျှော်လင့်ထားသောအရာမှာ နတ်ဧကရာဇ် ရှီယွဲ့ စကားပြောပြီးနောက်တွင်လည်း သွေးဘိုးဘေးဘက်မှ မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းပင်။ သွေးဘိုးဘေးက ဤအခြေအနေကို လုံးဝ မသိသကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် တောင်ပိုင်းနယ်ရှိ အင်အားစုများသည် သွေးဘိုးဘေး၏ စွမ်းအားကို ပို သံသယဝင်လာကြသည်။ အခြား နတ်ဧကရာဇ်တစ်ပါးက တောင်ပိုင်းနယ်၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေသော်လည်း သွေးဘိုးဘေးသည် သတိပေးချက်တစ်ခုပင် ထုတ်ပြန်ခြင်းမရှိပေ။
ဤအရာက သွေးဘိုးဘေးသည် နတ်ဧကရာဇ် ရှီယွဲ့နှင့် ပဋိပက္ခ မဖြစ်လိုခြင်း သို့မဟုတ် သူမကို ကြောက်ရွံ့နေခြင်း ဖြစ်ကြောင်း ပြသနေသည်။
တိုက်ခိုက်မှု မပြုလုပ်လျှင်ပင် သွေးဘိုးဘေးအနေနှင့် အနည်းဆုံးတော့ သဘောထားတစ်ခုတော့ ပြသသင့်သည် မဟုတ်ပါလား။
သူ ဘာမှ မပြောခြင်းက ပြဿနာ တစ်စုံတစ်ခု ရှိနေကြောင်း ဧကန်မုချ သက်သေပြနေသည်။
…..
ထိုအချိန်တွင်။
ခမ်းနားသော ကောင်းကင်ခန်းမ။
အစည်းအဝေး ခန်းမ။
နတ်သခင်ထိုက်ဟွာသည် လုချန်းကို ဆွံ့အမှင်တက်နေသော မျက်နှာအမူအရာဖြင့် ကြည့်နေ၏။ သူသည် လုချန်းနှင့် ဤကိစ္စကို ပြောဆိုပြီးခါစသာ ရှိသေး၏။
သို့သော် ယခု ချက်ချင်းပင် နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံက တောင်ပိုင်းနယ်သို့ လျင်မြန်စွာ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။
သူသည် လုချန်း၏ စကားများကို အမြဲတစေ သံသယဝင်ခဲ့သည်။ အကြောင်းမူကား နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ်တစ်ပါး ဖြစ်ပြီး စုံတွဲကို လွယ်လွယ်ကူကူ ရွေးချယ်လိမ့်မည် မဟုတ်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်၏။
သို့သော် လုချန်းက နတ်ဧကရာဇ် ရှီယွဲ့ကို တိုတောင်းသော အချိန်အတွင်း ခေါ်ယူနိုင်ခဲ့သဖြင့် လုချန်း ပြောသည့်အရာအားလုံး အမှန်ဖြစ်နိုင်ကြောင်း သက်သေပြနေသည်။ လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ စုံတွဲ အစစ်အမှန် ဖြစ်နေနိုင်သည်။
အကယ်၍ လုချန်းသာ နတ်ဧကရာဇ် ရှီယွဲ့၏ အဖော်မဟုတ်ပါက သူမကို တောင်ပိုင်းနယ်သို့ လာရန် ဤမျှ လျင်မြန်စွာ မည်သို့ နားချနိုင်ပါမည်နည်း။
မည်သို့ပင်ဆိုစေ နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ်တစ်ပါး ဖြစ်သဖြင့် အခြားသူ ခိုင်းသမျှကို လုပ်ဆောင်မည့်သူ မဟုတ်ပေ။
သူ့ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေ့ နတ်သခင်ထိုက်ဟွာကို တွေ့မြင်လျှင် လုချန်း ဇဝေဇဝါ ဖြစ်သွားပြီး
“ထိုက်ဟွာ ခန်းမသခင် ဘာလို့ အဲဒီလို မျက်နှာပေး ဖြစ်နေတာလဲ။”
“နတ်ဧကရာဇ် ရှီယွဲ့ရဲ့ နတ်အာရုံက တောင်ပိုင်းနယ်ကို ဆင်းသက်လာပြီး အဲဒီအင်အားစုတွေကို ခြိမ်းခြောက်လိုက်ပြီဆိုတော့ ခင်ဗျား ဝမ်းသာသင့်တာ မဟုတ်ဘူးလား။”
နတ်သခင်ထိုက်ဟွာသည် လုချန်း၏ မေးခွန်းကို မဖြေပဲ သတိကြီးစွာဖြင့်
“လု... ခင်ဗျားက နတ်ဧကရာဇ် ရှီယွဲ့ရဲ့ စုံတွဲ ဆိုတာ တကယ်ပဲလား”
ဟု မေးလိုက်၏။
ထိုအရာကို ကြားလျှင် လုချန်းလည်း နတ်သခင်ထိုက်ဟွာကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ
“ဘာလို့ အဲဒီလို မေးတာလဲ ထိုက်ဟွာ ခန်းမသခင်။ ကျုပ် အရင်က ခင်ဗျားကို ပြောပြဖူးတယ် မဟုတ်လား။ ဒါမှမဟုတ် ခင်ဗျား မယုံခဲ့လို့လား။”
နတ်သခင်ထိုက်ဟွာ သဘောပေါက်သွားပြီး
“ကျုပ် ခင်ဗျားကို မယုံတာ မဟုတ်ပါဘူး။ နည်းနည်း နားမလည်နိုင် ဖြစ်သွားလို့ပါ”
ဟု လျင်မြန်စွာ ပြောလိုက်၏။
လုချန်းသည် သူ့ကိုယ်သူ နတ်ဧကရာဇ် ရှီယွဲ့၏ စုံတွဲ ဖြစ်ကြောင်း နတ်သခင်ထိုက်ဟွာကို လွန်ခဲ့သော အချိန် တစ်ခုတည်းက ပြောပြခဲ့သော်လည်း လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ အချစ်တော် အဆင့်သာ ဖြစ်လိမ့်မည်ဟု အမြဲ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ လုချန်းသည် အရှက်ရမည် စိုးသောကြောင့် ထိုသို့ ပြောဆိုနေခြင်း ဖြစ်သည်ဟု သူ တွေးခဲ့သည်။
သို့သော် လုချန်း နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံကို ဤမျှ လျင်မြန်စွာ ဆင်းသက်လာစေနိုင်ခြင်းက လုချန်း၏ စကားများသည် သူမအပေါ် များစွာ သြဇာသက်ရောက်မှု ရှိကြောင်း သက်သေပြနေပြီး လုချန်းသည် သူမ၏ စုံတွဲ အစစ်အမှန်ကြောင်း စိုးစဉ်းမျှ သံသယဖြစ်ဖွယ် မရှိတော့ပေ။
လုချန်းက
“ဘာက ခင်ဗျားကို နားမလည် ဖြစ်စေတာလဲ။”
နတ်သခင်ထိုက်ဟွာက
“နတ်ဧကရာဇ် ရှီယွဲ့က ဘာဖြစ်လို့ ခင်ဗျားကို အဖော်အဖြစ် ရွေးချယ်ခဲ့တာလဲ။”
လုချန်း ခပ်ဖွဖွရယ်မောကာ စကားပြောရန် ပြင်လိုက်သော်လည်း နတ်သခင်ထိုက်ဟွာက အလျင်အမြန်ပင်
“အထင်မလွဲပါနဲ့ မိတ်ဆွေလု။ နတ်ဧကရာဇ်တစ်ပါးအနေနှင့် စုံတွဲရွေးချယ်တဲ့အခါ စံနှုန်းတွေ အလွန် မြင့်မားလိမ့်မယ်လို့ ကျုပ် ထင်လို့ပါ။”
လုချန်းက နတ်သခင်ထိုက်ဟွာ၏ စကားကို စိတ်ထဲမထားပဲ
“အချိန်မဖြုန်းကြစို့။ နတ်ဧကရာဇ် ရှီယွဲ့ရဲ့ နတ်အာရုံက တောင်ပိုင်းနယ်က အင်အားစုတွေကို သတိပေးပြီးပြီဆိုတော့ ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမကို အရှေ့ပိုင်းနယ်ဆီ မြန်မြန် ရွှေ့ပြောင်းရမယ်။ အကယ်၍ သွေးဘိုးဘေး ထွက်လာခဲ့မယ်ဆိုရင် ခင်ဗျားတို့ ထွက်ခွာနိုင်တော့မှာ မဟုတ်ဘူး။ သွေးဘိုးဘေးက နတ်ဧကရာဇ် ရှီယွဲ့ကို ကြောက်ချင်မှ ကြောက်မှာ။”
သွေးဘိုးဘေးသည် လောကပြင်ပမှ ဖြစ်တည်မှုတစ်ခု ဖြစ်ကြောင်း လုချန်း နားလည်ထားသည်။ အကယ်၍ သွေးဘိုးဘေးသာ ထွက်ပေါ်လာပါက သူ၏ စွမ်းအားသည် နတ်ဧကရာဇ် ရှီယွဲ့ထက် သာလွန်ကောင်း သာလွန် နေနိုင်သည်။
နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံ ဆင်းသက်လာပြီးနောက် သွေးဘိုးဘေးဘက်မှ မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းက သွေးဘိုးဘေးသည် တကယ်ပင် အချုပ်အနှောင်မှ မလွတ်မြောက်သေးကြောင်း ညွှန်ပြနေသည်။ အကယ်၍ သူ လွတ်မြောက်နေပြီဆိုပါက နတ်ဧကရာဇ် ရှီယွဲ့ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။
လုချန်း၏ စကားများကို ကြားရလျှင် နတ်သခင်ထိုက်ဟွာက အလျင်အမြန်ပင်
“ခင်ဗျားကို ကျေးဇူးတင်ပါတယ် မိတ်ဆွေလု။ ခမ်းနားသော ကောင်းကင်ခန်းမ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ပြီးတာနဲ့ ကျုပ်တို့ ခင်ဗျားကို အကြီးအကျယ် ကျေးဇူးဆပ်မှာပါ။ ဒါ့အပြင် ခင်ဗျား ကလဲ့စားချေချင်တယ်ဆိုရင်လည်း ကျုပ်ကို အချိန်မရွေး ပြောပါ။ ခမ်းနားသော ကောင်းကင်ခန်းမက အပြည့်အဝ ပူးပေါင်းပြီး ခင်ဗျားရဲ့ ရန်သူတွေကို ချေမှုန်းဖို့ ကူညီပေးပါ့မယ်။”
လုချန်းက
“ခင်ဗျားက သူစိမ်းဆန်ဆန် စကားတွေ ပြောနေတာပဲ”
ဟု ဆိုလိုက်၏။
ရန်သူများကို ချေမှုန်းရန် ကူညီပေးမည်ဟူသည်မှာ ဘာကို ဆိုလိုသနည်း။
တစ်ချိန်က သူ့ကို ဖယ်ရှားရန် နတ်သခင် သုံးပါးသာ ထောက်ခံခဲ့ကြသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမမှ လူအမြောက်အမြား ပါဝင်ပတ်သက်နေဆဲ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ခမ်းနားသော ကောင်းကင်ခန်းမ တစ်ခုလုံးသည် သူ၏ ရန်သူ ဖြစ်၏။ နတ်သခင်ထိုက်ဟွာသည် ခမ်းနားသော ကောင်းကင်ခန်းမကို ထိုနတ်သခင် သုံးပါးနှင့် သီးခြားခွဲထုတ်ရန် ထိုသို့ ပြောဆိုနေခြင်း ဖြစ်သည်။
သို့သော် ထိုအရာကို လုချန်း များစွာ ဂရုမစိုက်ပေ။ ခမ်းနားသော ကောင်းကင်ခန်းမသည် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိပြီး အရှေ့ပိုင်းနယ်အတွက် များစွာ အသုံးဝင်လှသည်။
စိတ်ခံစားချက်များသည် လက်တွေ့လုပ်ဆောင်ရမည့် အရာများကို မလွှမ်းမိုးသင့်ပေ။
ထို့ပြင် ခမ်းနားသော ကောင်းကင်ခန်းမကို ဆက်လက်ထိန်းသိမ်းထားရန်မှာလည်း မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ အနာဂတ်တွင် ခမ်းနားသော ကောင်းကင်ခန်းမသည် သူ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို စုစည်းရာ၌ အဖိုးတန်သော မဟာမိတ် ဖြစ်လာနိုင်သေးသည်။
မကြာမီပင် နတ်သခင်ထိုက်ဟွာသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်များအားလုံးကို ပြန်လည် ခေါ်ယူလိုက်၏။ နတ်သခင်များ ခန်းမထဲသို့ ပြန်ရောက်လာလျှင် သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှု၊ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေကြ၏။
အစောပိုင်းက သူတို့သည် ခမ်းနားသော ကောင်းကင်ခန်းမမှ မထွက်ခွာနိုင်သော အခြေအနေထဲ ရောက်နေပြီး သွေးဘိုးဘေးက သူတို့ကို နမူနာပြ ချေမှုန်းမည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ပဲ နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံသည် တောင်ပိုင်းနယ်သို့ ဤမျှ လျင်မြန်စွာ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။
သို့သော် နတ်ဧကရာဇ် ရှီယွဲ့သည် သူတို့အတွက်နှင့် ခမ်းနားသော ကောင်းကင်ခန်းမသို့ အဘယ်ကြောင့် လာရောက်ရသနည်း ဆိုတာကိုတော့ သူတို့ တကယ် နားမလည်နိုင်ကြပေ။ ၎င်းသည် နတ်အာရုံတစ်ခုသာ ဖြစ်သော်လည်း သွေးဘိုးဘေးကို မလိုလားအပ်ပဲ ရန်စသကဲ့သို့ ဖြစ်သွားနိုင်သည်။
သူတို့အတွက်ကြောင့်နှင့် သူနှင့် အဆင့်တူ နတ်ဧကရာဇ်အဆင့် စွမ်းအားရှိသူတစ်ဦးကို ရန်စခြင်းသည် နတ်ဧကရာဇ် ရှီယွဲ့အတွက် ကောင်းသော ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပေ။
ခန်းမထဲရှိ နတ်သခင်များကို တစ်ချက်ဝေ့ကြည့်ရင်း နတ်သခင်ထိုက်ဟွာက ကွေ့ဝိုက်မနေပဲ
“မုန်တိုင်းပြီးလျှင် လေပြေလာတယ် ဆိုသလိုပဲ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အကျပ်အတည်းက ယာယီအားဖြင့် ပြေလည်သွားပြီ။ ကျုပ်တို့ မြန်မြန်လှုပ်ရှားပြီး အရှေ့ပိုင်းနယ်ကို အမြန်ဆုံး ရွှေ့ပြောင်းရမယ်။ ဒါ့အပြင် နတ်ဧကရာဇ် ရှီယွဲ့ရဲ့ နတ်အာရုံ တောင်ပိုင်းနယ်ကို ဆင်းသက်လာခဲ့တာနဲ့ ပတ်သက်ပြီး ကျုပ်တို့ အထူး ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်။”
ထိုသို့ပြောရင်း နတ်သခင်ထိုက်ဟွာ၏ အကြည့်က လုချန်းထံသို့ ကျရောက်သွားသည်။
နတ်သခင်ထိုက်ဟွာက လုချန်းကို ကြည့်နေသည်ကို တွေ့မြင်လျှင် ခန်းမထဲရှိ နတ်သခင်များ မှင်တက်သွားကြ၏။ နတ်သခင်ထိုက်ဟွာ၏ စကားအရ လုချန်းက သူတို့အတွက် နတ်ဧကရာဇ် ရှီယွဲ့ကို ခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပုံရသည်။
နတ်သခင်ထိုက်ဟွာက ဆက်လက်၍
“မိတ်ဆွေလုရဲ့ အကူအညီသာ မပါခဲ့ရင် နတ်ဧကရာဇ် ရှီယွဲ့ရဲ့ နတ်အာရုံက ကျုပ်တို့ကို ကူညီဖို့ တောင်ပိုင်းနယ်ကို ဆင်းသက်လာမှာ မဟုတ်ဘူး။”
ဤကိစ္စကို ဦးဦးဖျားဖျား ထုတ်ဖော်ပြောဆိုခြင်းဖြင့် နတ်သခင်ထိုက်ဟွာသည် အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ချပြနေခြင်း ဖြစ်ပြီး လုချန်း၏ အရေးပါမှုကို ပေါ်လွင်စေရန် ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ပြင် သူသည် လုချန်းနှင့် ကောင်းသော ဆက်ဆံရေး ရှိထားသဖြင့် အရှေ့ပိုင်းနယ်သို့ ရောက်ရှိသည့်အခါ ခမ်းနားသော ကောင်းကင်ခန်းမအတွင်းရှိ သူ၏ ရာထူးသည်လည်း သဘာဝကျကျပင် ပိုမို ခိုင်မာလာမည် ဖြစ်သည်။
ထို့ပြင်နတ်သခင်များသည် လုချန်း၏ ပံ့ပိုးကူညီမှုကို ယခု သိသွားကြပြီ ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် လုချန်းသည် နတ်သခင်ထျန်းဖုန်းနှင့် ကြယ်မြစ်နတ်သခင်တို့ကို ကလဲ့စားချေလိုပါက ခမ်းနားသော ကောင်းကင်ခန်းမမှ အခြား နတ်သခင်များလည်း ဘာမှ ပြောဆိုကြလိမ့်မည် မဟုတ်ပေ။
wunzinnosp
………….