အခန်း ၂၀၄၀
Vol. 136 Ch. 2040
အခန်း (၂၀၄၀ )
သစ္စာဖောက်
ထိုအခိုက်အတန့်တွင် ခမ်းနားသော ကောင်းကင်ခန်းမရှိ နတ်သခင်များသည် လုချန်းကို စူးစမ်းလိုစိတ်များဖြင့် ကြည့်လိုက်ကြ၏။ လုချန်းက နတ်ဧကရာဇ် ရှီယွဲ့အား သူတို့အတွက် နတ်အာရုံတစ်မျှင် ခွဲထုတ်လွှတ်ပေးရန် မည်သို့ ဖျောင်းဖျစည်းရုံးနိုင်ခဲ့သည်ကို သိလိုစိတ် ပြင်းပြနေကြ၏။
ထိုသို့ပြုလုပ်ခြင်းက သွေးဘိုးဘေးကို ပြစ်မှားစော်ကားရာ ရောက်နိုင်ပြီး သွေးဘိုးဘေး အမျက်ဒေါသထွက်ပါက နယ်မြေနှစ်ခုကြား စစ်မီးတောက်လောင်လာစေနိုင်ကြောင်း နားလည်ထားရမည် ဖြစ်သည်။
နတ်သခင်တစ်ပါးက ကွေ့ဝိုက်မနေပဲ မေးမြန်းလိုက်၏။
“လုချန်း... ကျုပ်တို့ကို ကူညီပေးဖို့ ခင်ဗျား နတ်ဧကရာဇ် ရှီယွဲ့ကို ဘယ်လို ဖျောင်းဖျနိုင်ခဲ့တာလဲ။”
လုချန်းက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ်က သူရဲဲ့ ကျင့်ကြံဖော် ဖြစ်နေလို့ပဲ”
ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ နတ်သခင်များအားလုံး ဆွံ့အမှင်တက်သွားကြ၏။
နတ်ဧကရာဇ် ရှီယွဲ့ရဲ့ စုံတွဲကျင့်ဖော် ဟုတ်လား။
တကယ်ကြီးလား။
လူတိုင်း၏ အကြည့်များသည် နတ်သခင်ထိုက်ဟွာဆီသို့ ကျရောက်သွားပြီး သူ၏ထံမှ သေချာရေရာသော အဖြေတစ်ခုကို မျှော်လင့်နေကြသည့်ပုံ ရသည်။
နတ်သခင်ထိုက်ဟွာက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
“ကျုပ် ဒါကို သိနေတာ ကြာပြီ။ ဒါပေမဲ့ ခင်ဗျားတို့ကို မပြောဖြစ်ခဲ့တာ”
ဟု ဆိုလိုက်၏။
ဒါက...
လုချန်းက တကယ်ပဲ နတ်ဧကရာဇ် ရှီယွဲ့ရဲ့ စုံတွဲကျင့်ဖော် ဟုတ်လို့လား။
ထိုခဏ၌ ရှိနေကြသော နတ်သခင်များအားလုံး၏ စိတ်နှလုံးထဲ မကောင်းသော နိမိတ်တစ်ခု ရိပ်ခနဲ ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က ခမ်းနားသော ကောင်းကင်ခန်းမသည် လုချန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ပြီး သူ့ကို ကစဉ့်ကလျား ပင်လယ်ထဲသို့ အတင်းအဓမ္မ နှင်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ လုချန်းက နတ်ဧကရာဇ်၏ စုံတွဲကျင့်ဖော် ဖြစ်လာခဲ့ပြီဖြစ်ရာ သူတို့ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့သွားပြီးနောက် လုချန်း၏ စကားတစ်ခွန်းတည်းဖြင့်ပင် နတ်ဧကရာဇ် ရှီယွဲ့က သူ့အတွက် ကလဲ့စားချေပေးနိုင်ပေသည်။
ဤနေရာတွင် နတ်သခင်ထျန်းဖုန်း၏ မျက်နှာကတော့ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် လုချန်းကို အမြစ်ပြတ်ချေမှုန်းရန် အဓိက တိုက်တွန်းခဲ့သူ ဖြစ်သည်။
အကယ်၍ လုချန်းသာ တကယ် ကလဲ့စားချေလိုပါက သူနှင့် အရင်ဆုံး စာရင်းရှင်းမည်မှာ အသေအချာပင်။
တခြားသူများက အရှေ့ပိုင်းနယ်သို့ သွားနိုင်သော်လည်း သူတစ်ဦးတည်းသာ သွား၍မရပေ။ ထိုနေရာသို့ သွားခြင်းက သေတွင်းထဲသို့ ကိုယ့်ဘာသာကိုယ် ခုန်ဆင်းသကဲ့သို့ ဖြစ်ပေလိမ့်မည်။
အကယ်၍ နတ်သခင်ထိုက်ဟွာက သူ့ကို လဲလှယ်စရာတစ်ခုအဖြစ် အသုံးချလိုက်လျှင် မည်သို့လုပ်မည်နည်း။
နတ်သခင်ထိုက်ဟွာနှင့် လုချန်းတို့ သီးသန့်စကားပြောဆိုမှုများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကြားတွင် အကျိုးအမြတ် အလဲအလှယ်အချို့ကို ဆွေးနွေးခဲ့ကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
မဟုတ်ပါက လုချန်းက သူ့ကို ကစဉ့်ကလျား ပင်လယ်ထဲသို့ မောင်းထုတ်ခဲ့သည့် အဓိကလက်သည်ဖြစ်သော ခမ်းနားသော ကောင်းကင်ခန်းမကို အဘယ်ကြောင့် ကူညီပါမည်နည်း။
ထိုသို့ တွေးမိသည်နှင့်အမျှ နတ်သခင်ထျန်းဖုန်း၏ မျက်နှာလည်း မိုးမှောင်ကျလာသကဲ့သို့ ပို၍ ဆိုးရွားလာတော့သည်။
ထိုအခိုက်တွင် နတ်သခင်ထိုက်ဟွာက ဆက်လက်၍
“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်မှာ တခြားမေးစရာတွေ ရှိသေးရင် အခုပဲ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါတယ်။”
နတ်သခင်တစ်ပါးက
“နတ်ဧကရာဇ် ရှီယွဲ့က ကြေညာထားပြီးပြီဖြစ်လို့ ကျုပ်တို့ အရှေ့ပိုင်းနယ်ဆီ ပြောင်းရွှေ့ဖို့ကိုပဲ အမြန်ဆုံး လုပ်ဆောင်သင့်တယ်။ နောက်ထပ် ပြဿနာတွေ မရှုပ်ထွေးစေဖို့ ကျန်တဲ့ကိစ္စတွေကို ဟိုရောက်မှပဲ ဆွေးနွေးကြတာပေါ့။”
နတ်သခင်ထျန်းဖုန်းသာမက အခြားသော နတ်သခင်များသည်လည်း ခမ်းနားသော ကောင်းကင်ခန်းမအပေါ် လုချန်း ကလဲ့စားချေလာမည်ကို စိုးရိမ်နေကြ၏။ သို့သော်လည်း လုချန်းသာ တကယ် ကလဲ့စားချေလိုစိတ်ရှိပါက သူတို့ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့ရန် လုံးဝ ကူညီလိမ့်မည်မဟုတ်ကြောင်းလည်း သိထားကြသည်။
ထိုအရာကို စိုးရိမ်နေမည့်အစား အထုပ်အပိုးများကို အမြန်ပြင်ဆင်ပြီး အရှေ့ပိုင်းနယ်သို့ စောစောစီးစီး ဦးတည်သွားခြင်းက ပို၍ ကောင်းမွန်ပေသည်။ သွေးဘိုးဘေးက ယခုအချိန်အထိ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးသော်လည်း သူ စတင်လှုပ်ရှားလာသည်နှင့် ထွက်ခွာချင်လျှင်ပင် ထွက်ခွာခွင့်ရတော့မည် မဟုတ်ပေ။
အခြားသော နတ်သခင်များထံမှ ကန့်ကွက်မှု မရှိတော့သည်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာက
“ကောင်းပြီ... သွားပြီးတော့ ပြင်ဆင်ကြတော့။”
နတ်သခင်ထိုက်ဟွာ၏ စကားအပြီးတွင် ရှိနေကြသော နတ်သခင်များလည်း လှည့်ထွက်ကာ ခန်းမကြီးထဲမှ ထွက်ခွာသွားကြတော့သည်။
……
သွေးလင်းယုန်ခန်းမ။
သွေးမိစ္ဆာ နတ်သခင်သည် အရိုးဖြူ နတ်ပလ္လင်ထက်၌ ထိုင်နေ၏။
သူ၏မျက်နှာထက်တွင်တော့ မုန်တိုင်းမကျမီ အုံ့မှိုင်းလာသော ရာသီဥတုကဲ့သို့ မှုန်မှိုင်းအုံ့ဆိုင်းနေသော အမူအရာတစ်ခု ပေါ်လွင်နေ၏။
သူသည်လည်း နတ်ဧကရာဇ် ရှီယွဲ့၏ စကားများကို ကြားသိခဲ့ရသည်။ နတ်ဧကရာဇ် ရှီယွဲ့က သွေးဘိုးဘေးကို နည်းနည်းမှ ထည့်မတွက်ပဲ ခမ်းနားသော ကောင်းကင်ခန်းမအတွက် နတ်အာရုံတစ်ခု ရောက်ရှိလာခဲ့ခြင်းက သူ့ကို အံ့အားသင့်စေခဲ့သည်။
သူ့ကို ဝေခွဲမရ အဖြစ်စေဆုံး အရာကတော့ သွေးဘိုးဘေးက တစ်ခွန်းမှ တုံ့ပြန်ခြင်း မရှိခြင်းပင်။
သွေးဘိုးဘေး၏ စွမ်းအားသည် နတ်ဧကရာဇ် ရှီယွဲ့ထက် မနိမ့်ကျကြောင်း သူ ယုံကြည်ထားရာ သွေးဘိုးဘေးက အဘယ်ကြောင့် ဆိတ်ဆိတ်နေရသနည်း။
အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမကို တောင်ပိုင်းနယ်မှ ချောချောမွေ့မွေ့ ထွက်ခွာခွင့်ပြုလိုက်ပါက တောင်ပိုင်းနယ်ရှိ အင်အားစုများက သွေးလင်းယုန်ခန်းမနှင့် သွေးဘိုးဘေးကို မည်သို့ မြင်ကြတော့မည်နည်း။
၎င်းတို့က သွေးလင်းယုန်ခန်းမသည် အခွံသက်သက်သာဖြစ်ပြီး သွေးဘိုးဘေးအားလည်း ဟန်ကိုယ်ဖို့ လုပ်နေသူအဖြစ်သာ ရှုမြင်ကြပေလိမ့်မည်။ နောင်တွင် သွေးလင်းယုန်ခန်းမအတွက် တောင်ပိုင်းနယ်ကို ထိန်းချုပ်ရန် ပိုခက်ခဲသွားပေလိမ့်မည်။
သူ စိတ်မကျေမနပ် ဖြစ်မိသော်လည်း လက်အောက်ငယ်သားတစ်ဦးအနေနှင့် မည်သည့်စကားမှ ထုတ်ဖော်မပြောရဲပေ။
ထိုစဉ် သူသည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းက တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ခန်းမကြီးအတွင်း၌ လူတစ်ဦး၏ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာစေသည်။
သွေးမိစ္ဆာ နတ်သခင်သည် ခန်းမအတွင်းရှိ နတ်သခင်ထျန်းဖုန်း၏ ပုံရိပ်ယောင်ကို အေးစက်စွာ ကြည့်လိုက်၏။
“ခင်ဗျားတို့ ခမ်းနားသော ကောင်းကင်ခန်းမက တကယ်ကို စွမ်းဆောင်နိုင်တာပဲ။ နတ်ဧကရာဇ် ရှီယွဲ့ရဲ့ နတ်အာရုံတစ်ခုကိုတောင် ခေါ်နိုင်တယ်ပေါ့။”
သွေးမိစ္ဆာ နတ်သခင်၏ ခက်ထန်လှသော မျက်နှာကို တွေ့မြင်လျှင် နတ်သခင်ထျန်းဖုန်းက အလျင်အမြန်ပင်
“သွေးမိစ္ဆာ ခန်းမသခင်... ဒါက ကျုပ်နဲ့ လုံး၀ မသက်ဆိုင်ပါဘူး... ကျုပ်က တောင်ပိုင်းနယ်ကနေ ထွက်သွားဖို့ စိတ်ကူးတောင် မရှိပါဘူး။ မဟုတ်ရင် ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အစီအစဉ်တွေကို ခန်းမသခင်ဆီ လျှို့ဝှက်အကြောင်းကြားမှာ မဟုတ်ပါဘူး။”
သွေးမိစ္ဆာ နတ်သခင်က
“အခု နတ်ဧကရာဇ် ရှီယွဲ့က ခင်ဗျားတို့ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ကျောထောက်နောက်ခံ ဖြစ်နေပြီပဲ။ ခင်ဗျား ကျုပ်ကို ဘာလို့ ဆက်သွယ်နေသေးတာလဲ။”
အစောပိုင်းက နတ်သခင်ထျန်းဖုန်းသည် လျှို့ဝှက်စွာ သစ္စာခံပြီး ခမ်းနားသော ကောင်းကင်ခန်းမ အရှေ့ပိုင်းနယ်သို့ ရွေ့ပြောင်းမည့် အစီအစဉ်ကို တားဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သွေးလင်းယုန်ခန်းမ၏ အကူအညီဖြင့် သူကိုယ်တိုင် ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ဖြစ်လာရန် ကြံစည်ခဲ့သည်။
သို့သော် ခမ်းနားသော ကောင်းကင်ခန်းမက နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထည့်မတွက်မိခဲ့ပေ။
ဒါတွေအားလုံးက လုချန်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။
လုချန်းသာ မရှိခဲ့ပါက နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံသည် တောင်ပိုင်းနယ်သို့ ဆင်းသက်လာစရာ အကြောင်းမရှိပေ။ လုချန်းက သူ၏ အစီအစဉ်ကို မည်သို့ ဖျက်ဆီးခဲ့သည်ကို တွေးမိတိုင်း နတ်သခင်ထျန်းဖုန်း ကြိတ်မနိုင်ခဲမရ ဖြစ်ကာ သူ၏ လက်သီးများကို မသိစိတ်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
ထို့နောက် နတ်သခင်ထျန်းဖုန်းက
“ခမ်းနားသော ကောင်းကင်ခန်းမက အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့ဖို့ အချိန်အတော်ကြာ ဦးမှာပါ။ အကယ်၍ သွေးလင်းယုန်ခန်းမက တောင်ပိုင်းနယ်ရဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ခမ်းနားသော ကောင်းကင်ခန်းမကို အလုံးစုံ ဝိုင်းရံပိတ်ဆို့လိုက်မယ်ဆိုရင် သူတို့ တောင်ပိုင်းနယ်ကနေ မထွက်ခွာနိုင်ခင်မှာ ထိထိရောက်ရောက် ဟန့်တားနိုင်ပါလိမ့်မယ်။”
“နတ်ဧကရာဇ် ရှီယွဲ့က နတ်အာရုံတစ်မျှင်ပဲ စေလွှတ်ခဲ့တာပါ။ နတ်ဧကရာဇ် ရှီယွဲ့ရဲ့ ပင်မကိုယ်က ခမ်းနားသော ကောင်းကင်ခန်းမလောက်အတွက်နဲ့ သွေးဘိုးဘေးနဲ့ တိုက်ခိုက်လိမ့်မယ်လို့ ကျုပ် မယုံဘူး။”
“အကယ်၍ နတ်ဧကရာဇ် အချင်းချင်းသာ စတိုက်ပွဲဖြစ်ရင် ထျန်းရန် နတ်ဘုရားနယ်မြေတစ်ခုလုံးရဲ့ သတ္တဝါတွေအပေါ် သက်ရောက်မှုရှိပြီး နယ်မြေရဲ့ ကံစွမ်းအားကို ပြင်းပြင်းထန်ထန် ပျက်စီးစေပါလိမ့်မယ်။ ဒါက သူတို့အတွက်လည်း မကောင်းပါဘူး။”
နတ်သခင်ထျန်းဖုန်းသည် ဤအချက်ကို အလောင်းအစားလုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမကို ထိုမျှ စွန့်စားရလောက်သည်အထိ တန်ဖိုးထားလိမ့်မည်ဟု သူ မယုံကြည်ပေ။
သူမသည် လုချန်း၏ စကားကြောင့်သာ နတ်အာရုံတစ်ခုကို စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
အကယ်၍ တောင်ပိုင်းနယ်က ခမ်းနားသော ကောင်းကင်ခန်းမကို တားဆီးထားနိုင်ခဲ့လျှင် သူမက ဘာတတ်နိုင်မှာလဲ။
သူမရဲ့ ပင်မကိုယ်က တောင်ပိုင်းနယ်ကို တကယ်လာပြီး သွေးဘိုးဘေးနဲ့ တိုက်ခိုက်မှာလား။
နတ်သခင်ထျန်းဖုန်း၏ စကားများကို ကြားသော်လည်း သွေးမိစ္ဆာ နတ်သခင်ကတော့ မှုန်မှိုင်းသော မျက်နှာထားဖြင့် ဆိတ်ဆိတ်သာ နေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် သူလည်း ထိုသို့ပင် တွေးတောမိသော်လည်း သူသည် ဆုံးဖြတ်ချက်ချရမည့်သူ မဟုတ်ပေ။ ထို့ပြင် နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံက တောင်ပိုင်းနယ်သို့ ဆင်းသက်ပြီးဖြစ်ရာ ထိုဒေသရှိ အင်အားစုများက သွေးလင်းယုန်ခန်းမ၏ အမိန့်ကို နာခံကြဦးမလား ဆိုသည်မှာလည်း မရေရာတော့ပေ။
သွေးဘိုးဘေးက တစ်ကြိမ်မှ လှုပ်ရှားပြခြင်းမရှိသော်လည်း နတ်ဧကရာဇ် ရှီယွဲ့ကတော့ စစ်မှန်သော နတ်ဧကရာဇ်တစ်ပါး ဖြစ်ကြောင်း အားလုံးသိထားသည်။
တောင်ပိုင်းနယ်ရှိ ခေါင်းဆောင်များသည် လူအများ သက်သက် မဟုတ်ကြပေ။
၎င်းတို့အနေနှင့် သွေးဘိုးဘေး၏ လက်တွေ့လှုပ်ရှားမှုကို မမြင်ရပါက သွေးလင်းယုန်ခန်းမ၏ အမိန့်ကို နာခံခိုင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သွေးဘိုးဘေးကိုယ်တိုင် လှုပ်ရှားမှသာ ထိုခေါင်းဆောင်များ၏ စိတ်ထဲမှ သံသယများကို ဖြေဖျောက်နိုင်မည် ဖြစ်သည်။
အကယ်၍ သွေးဘိုးဘေးကသာ ဆက်လက်တိတ်ဆိတ်နေပါက တောင်ပိုင်းနယ်၏ အင်အားစုများကို နတ်ဧကရာဇ် ရှီယွဲ့နှင့် ရင်ဆိုင်ခိုင်းရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
သို့သော် လက်ရှိပြဿနာ ထို့ထက်စိုးရိမ်စရာ ကောင်းသေးသည်။ နတ်ဧကရာဇ် ရှီယွဲ့၏ နတ်အာရုံ ဆင်းသက်လာချိန်တွင် သွေးဘိုးဘေး တိတ်ဆိတ်နေခဲ့ခြင်းက သူသည် ဒဏ်ရာမှ အပြည့်အဝ ပြန်လည်သက်သာခြင်း မရှိသေးသဖြင့် နတ်ဧကရာဇ် ရှီယွဲ့နှင့် တိုက်ရိုက် ရင်ဆိုင်ရန် ဆန္ဒမရှိကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။
သွေးဘိုးဘေး ကိုယ်တိုင်ပင် စကားတစ်ခွန်းမှ မဆိုထားသဖြင့် သူ၏နာမည်ကို အသုံးပြုကာ ခမ်းနားသော ကောင်းကင်ခန်းမကို တိုက်ခိုက်ခြင်းသည် သွေးဘိုးဘေးကိုပါ အမျက်ဒေါသထွက်အောင် ဆွပေးသလို ဖြစ်သွားနိုင်သည်။
သွေးမိစ္ဆာ နတ်သခင် တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် နတ်သခင်ထျန်းဖုန်း စိုးရိမ်လာ၏။ ထိုအရာက သူ့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်းလည်း သူကောင်းစွာ သိနေသည်။
ခမ်းနားသော ကောင်းကင်ခန်းမသာ အရှေ့ပိုင်းနယ်သို့ ရောက်ရှိသွားပါက သူသည် အရှေ့ပိုင်းနယ်သို့ လိုက်ပါသွားမည် မဟုတ်သဖြင့် ထိုနေရာရှိ အရာအားလုံးသည် သူနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။
နတ်သခင်ထျန်းဖုန်းက ထပ်မံ၍
“သွေးမိစ္ဆာ ခန်းမသခင်... ခန်းမသခင်ရဲ့ သဘောထားက ဘယ်လိုလဲ”
ဟု မေးမြန်းလိုက်၏။
သွေးမိစ္ဆာ နတ်သခင် သတိပြန်ဝင်လာပြီး
“ကျုပ် ဒါကို သွေးဘိုးဘေးဆီ အစီရင်ခံလိုက်ဦးမယ်။ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ဦးစို့။ ခမ်းနားသော ကောင်းကင်ခန်းမဘက်က အခြေအနေ အသစ်တွေ ရှိလာရင် ကျုပ်ကို ထပ်ပြီး ဆက်သွယ်လိုက်”
ဟု တုံ့ပြန်လိုက်သည်။
wunzinnosp