← Chapters

အခန်း ၃၆၅

Vol. 25 Ch. 365

အခန်း ၃၆၅

Vol. 25 Ch. 365

အပိုင်း ( 365 )

ဝမ်ထျန်သားတော်ကိုးပါး

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်နေလျက်ရှိသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အစိမ်းရောင် အလင်းတန်းမှာ ဖယ်ရှားရခက်နေခဲ့ပြီး အချိန်ကသာလျှင် ၎င်းကို အပြည့်အဝ တိုက်စားနိုင်ပေလိမ့်မည်။

ထိုကဲ့သို့သော နည်းလမ်းမျိုးက အနည်းငယ် အံ့ဖွယ်ကောင်းလှသည်။

သူသည် ထွက်ပြေးသွားသူများ၏ နောက်သို့ ပြေးလိုက်သွားခဲ့သည်။ ထိုလူများက ရှေ့တိုးနောက်ဆုတ်ဖြင့် အတူတကွ ထွက်ပြေးနေကြသည်။

သူသည် လမ်းတွင် လူတစ်ချို့ကို ရံဖန်ရံခါမြင်တွေ့ခဲ့ရပြီး အချိန်လောက်သေးသည်ကို မြင်နေရသောကြောင့် ပျင်းရိမနေဘဲ လူလေးဦးငါးဦးခန့်ကို ဆက်တိုက်ဖယ်ရှားခဲ့လေသည်။

ယခုတွင် သူ၏ နည်းလမ်းများက ပိုမိုကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီဖြစ်သည်။ အင်အားအပြည့်သုံး၍ တိုက်ခိုက်မည်ဆိုပါက ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်ကပင် သူ့ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ထိုလူများထံမှ ဝိညာဥ်ကျောက်တုံးများနှင့် ရတနာများကို ဆက်တိုက်ရှာတွေ့ခဲ့ပြီး သန့်စင်၍ ရသည့် အရာရာတိုင်းကို သန့်စင်ကာ သူ၏ ကျင့်ကြံရေးကို ဖြည်းဖြည်းချင်း ရှေ့သို့တွန်းပို့နေခဲ့သည်။

အဆုံးတွင် အားလုံး၏ စုဆောင်းမှုများကြောင့် သူက အဆင့်၉ အထွတ်အထိပ်နှင့် အလွန်တရာ နီးကပ်သွားပြီး သူ၏ ကျင့်ကြံရေး တဖြည်းဖြည်း မြင့်တက်လာသောကြောင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားပါ တိုးတက်လာခဲ့ပြီး အဆင့်၉သို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့စဥ်အချိန်ကနှင့် မတူညီကွဲပြားသော ခံစားချက်ကို ပေးစွမ်းနေလျက်ရှိ၏။

ချောက်နက်ဟုခေါ်ဆိုသော အရာမှာ ကျော်လွှား၍ မရသော အရာမဟုတ်ပေ။ သူသည် မထိမခိုက်ဖြင့် အင်ပြည့်အားပြည့်ရှိနေသည့် ဟွာရှုနယ်ပယ် အဆင့်၂ ပညာရှင်များကိုပင် ရှာဖွေတိုက်ခိုက်လိုစိတ် ဖြစ်သွားခဲ့သည်။

သို့ရာ၌ ယခုလက်ရှိ အချိန်၏ အရေးအကြီးဆုံးသော အကြပ်အတည်းမှာ ဝမ်ထျန်စံအိမ်မှ လူများနှင့် တွေ့ဆုံရန်အတွက် ထိုလူများ၏ နောက်သို့ လိုက်ရန်ဖြစ်သည်။

မင်ချန်ယု၏ စကားများအရ ဝမ်ထျန်စံအိမ်က အတော်ပင် ထူးခြားသည်ဟု သိရှိခဲ့ရပြီး ကမ္ဘာကြီးအကြောင်းကို ကောင်းစွာမသိသေးသော လူငယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူက အတွေ့အကြုံ သွားယူသင့်သည်ဟု ခံစားနေခဲ့ရ၏။

အဆုံးတွင် လူအုပ်ကြီးမှာ တောင်တန်းများ ဝိုင်းရံနေသည့် လှပသော ရေကန်တစ်ကန်အရှေ့တွင် ရပ်တန့်သွားခဲ့သည်။

အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက ကန်ရေပြင်အထက်တွင် တင်ပျဥ်ခွေထိုင်နေသည့် လူငယ်တစ်ဦးကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။ သူ၏ အနက်ရောင် ဆံပင်များက ရေတံခွန်အလား လှုပ်ရွနေခဲ့ပြီး သူ၏ မျက်နှာမှာ ပုံသွင်းထားသည့် ကျောက်စိမ်းပမာဖြစ်နေခဲ့ကာ သူ့ထံတွင် ထူးခြားသော တာအိုစွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်နေခဲ့လေသည်။

အဝေးမှ တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့်ပင် ထိုလူက ကျင်းကျန့်ထပ် ပိုမိုအားကောင်းသည်ကို လုချန်ရှန်းက သိရှိသွားခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် နတ်စမ်းရေများ ဆေးများ ရှေးဟောင်းသစ်ပင်များနှင့် ရှားပါးရတနာများစွာ လည်ပတ်နေလျက်ရှိပြီး ပစ္စည်းတစ်ခုချင်းစီတိုင်းက ကြောက်ခမမ်းလိလိ တန်ဖိုးကြီးနေခဲ့သည်။

ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်တစ်ဦးသာဖြစ်သော်လည်း သူက နက်နဲရှုပ်ထွေးသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက်ရှိ၏။

“ ရပ်စမ်း “

လူအုပ်ကြီး ချဥ်းကပ်လာသည်ကို မြင်လိုက်ရသောအခါတွင် ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်တစ်ဦးက သူတို့၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်။

သူက အေးစက်စက် ဟန်အမူအရာဖြင့် မောက်မာမှုများ ကင်းမဲ့နေသည့် သက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သို့သော် သူ၏ မျက်ဝန်းများအတွင်းတွင် ဖော်ရွေသည့် အရိပ်အငွေ့များ ရှိမနေခဲ့ပေ။

“ တာအိုရောင်းရင်း ငါတို့က ထျန်းယုသခင်လေးနဲ့ တွေ့ချင်လို့ပါ “

အသံတစ်သံ ပေါ်ထွက်လာခဲ့သော်လည်း ထိုလူက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။

ထို့အစား ရေကန်အထက်ရှိ လူက စကားဝင်ပြောလာခဲ့၏ “ လာခဲ့ပါ “

သူ၏ လေသံက အတော်ပင် အေးဆေးတည်ငြိမ်ကာ ယုံကြည်မှုအပြည့် ဖြစ်နေခဲ့လေသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ လူအုပ်ကြီးနှင့်အတူ ကမ်းစပ်သို့ လိုက်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုက အရင်ဦးဆုံး ရှေ့တက်လာခဲ့ပြီး သူ၏ဦးထုပ်ကို ချွတ်ကာ ထျန်းယုကို လေးလေးစားစား ဦးညွတ်နေခဲ့ပြီးမှ စကားစပြောလာခဲ့၏။

“ တာအိုရောင်းရင်း ထျန်းယု ပြဿနာတစ်ခု ရှိနေပါတယ်။ မန္တာန် ကျရှုံးသွားပြီးတော့ သူ့ရဲ့ တည်နေရာကို ရှာမရတော့ဘူး “

“ မဟုတ်ဘူး “

ထျန်းယုက ပြန်ပြောလိုက်၏။

အပြာရောင် ဝိညာဥ်မျိုးနွယ်စု၏ လူက တုံ့ပြန်လိုက်သည် “ ဒါပင်မဲ့ …… “

ထျန်းယုက စကားထပ်ပြောနေတော့၏ “ မန္တာန် ကျရှုံးသွားတာ မဟုတ်ဘူး။ နည်းလမ်းတစ်ချို့နဲ့ ဖိနှိပ်ခံလိုက်ရတာ။ အဲ့တာကြောင့် အလင်းရောင် ပျောက်သွားတာ “

“ အဲ့လိုကိုး “

“ အဲ့တာက အဲ့ဒီအဖြူရောင် မြူခိုးတွေကြောင့်များလား “

လူအုပ်ကြီးမှာ အဖြူရောင် မြူခိုးများကို အလိုအလျောက် စဥ်းစားမိသွားပြီး ထိုနေရာနှင့် သက်ဆိုင်သည်ဟု ခံစားသွားကြရသည်။

ထျန်းယုကမူ အဆိုပါ မြူခိုးများကို စိတ်ဝင်စားပုံမရပေ။

အပြာရောင် ဝိညာဥ်မျိုးနွယ်စု၏ လူက စကားထပ်ပြောလာခဲ့၏ “ သခင်လေး အခု ကျုပ်တို့က ဘာလုပ်သင့်လဲဗျ “

ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် ထျန်းယုက အလောတကြီး ပြန်မဖြေခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းကမူ ဘေးတစ်ဖက်သို့ လှည့်ကြည့်ကာ မေးမြန်းနေတော့သည် “ အဲ့လူက ဘယ်သူလဲ။ သူ့ကြည့်ရတာ တော်တော်လေးကို မောက်မာတဲ့ပုံပဲ “

“ မဆင်မခြင်မပြောနဲ့ “

ထိုလူက ချက်ချင်းအော်ငေါက်လာခဲ့၏။

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည် “ အဲ့တာက ဝမ်ထျန်သားတော်ကိုးပါးထဲက ထျန်းယုသခင်လေးပဲ “

“ ဝမ်ထျန်သားတော် ကိုးယောက်လား “ လုချန်ရှန်းက ၎င်းကို မသိသည့်အတွက် ထပ်မံ၍ မေးမြန်းနေတော့၏ “ အဲ့တာက ဘာကြီးလဲ “

ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် အနီးအနားရှိ လူတော်တော်များများက အနားသို့ ပိုမိုတိုးကပ်လာကြသည်။

သူတို့သည် ယခင်က အစိမ်းရောင် အလင်းတန်းက ဝမ်ထျန်စံအိမ်၏ နည်းစနစ်ဆိုသည်ကိုသာ သိထားကြသည်။ သို့သော် သူတို့က ဝမ်ထျန်သားတော်ကိုးပါး ဂုဏ်ပုဒ်အကြောင်းကို မသိထားပေ။ ထို့ကြောင့် ထိုအကြောင်းကို လူတိုင်းက သိချင်နေကြ၏။

၎င်းကို မြင်လိုက်ရသောအခါတွင် ထိုလူက သူ၏ ပါးစပ်ကို ထပ်မံ၍ ဖွင့်ဟလာခဲ့ပြန်သည် “ ဝမ်ထျန်စံအိမ်က အထက်နယ်မြေရဲ့ အင်အားစုကြီးတစ်ခုပဲ။ အဲ့တာရဲ့ စွမ်းအားကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေကတောင် အဲ့နေရာမှာ သာမန်ပဲ။ သူတို့က ဂိတ်တံခါးကို စောင့်ကြပ်နေတဲ့ လူတွေကတောင် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေလို့ ပြောကြတယ် “

“ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား “

လုချန်ရှန်းမှာ နားထောင်နေရင်းဖြင့် အံ့ဩမှင်သက်သွားခဲ့သည်။

“ တိုက်ကြီးကိုးခုကို မပြောနဲ့။ ကုန်းမြေဆယ်ခုကတောင် သူတို့ရဲ့ အကိုင်းအခက်တွေပဲ။ ထျန်းကျီစံအိမ်ဆိုတာကလည်း သူတို့ရဲ့ လက်အောက်ခံပဲ ”

“ ဝမ်ထျန်သားတော်ကိုးပါးက ဝမ်ထျန်စံအိမ်ရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်ကိုးယောက်ကို ပြောတာ။ သူတို့တွေက ဝမ်ထျန်စံအိမ်ရဲ့ အင်အားစုအကုန်လုံးကြားမှာ အစွမ်းဆုံး အတောက်ပဆုံး ပါရမီရှင်တွေပဲ “

လုချန်ရှန်းက ထပ်မံ၍မေးမြန်းနေတော့၏ “ ကိုးယောက်ရှိတာလား “

“ ဟုတ်တယ် “

“ သူ့အဆင့်က ဘယ်လောက်လဲ “

“ အဌမမြောက် “

“ အဆင့်ရှစ်လေးပဲလား “ လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။ ဆိုတော့ သူ့အထက်မှာ ခုနစ်ယောက် ထပ်ရှိသေးတာပေါ့။

ထိုလူက စကားထပ်ပြောလာခဲ့၏ “ ပေါက်ကရတွေ လျှောက်မပြောနဲ့။ ဝမ်ထျန်သားတော်ကိုးပါးထဲက တစ်ယောက်ဖြစ်လာဖို့ဆိုတာက ဘာကိုဆိုလိုလဲဆိုတာကို မင်းသိလား။ သူတို့က နောင်အနာဂတ်မှာ ပြိုင်ဘက်ကင်းပြီးတော့ လက်တစ်ဖက်တည်းနဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ပြောနေတာပဲ “

“ ငါတို့ ရှေ့မှာ ရှိနေတဲ့တစ်ယောက်က နတ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်။ အခုလေးတင်ပဲ ဟင်းလင်းပြင်ထဲမှာ နတ်အလင်းတန်းတွေ ဝိုင်းရံနေတယ်။ သူက နတ်ဘုရားနယ်ပယ်ကို ရောက်သွားတဲ့ အချိန်ကျရင် သူ့ရဲ့ နတ်ခန္ဓာကိုယ်က ကြီးမားသော အောင်မြင်မှုအဆင့်ကို ရောက်သွားလိမ့်မယ်။ သူက အဆင့်တူမှာ ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ် “

နတ်ခန္ဓာအကြောင်း ကြားလိုက်ရသည့် အချိန်တွင် နားထောင်နေသူတိုင်းက သဘောတူလက်ခံသည့်အနေဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့ကြသည်။

ဤကမ္ဘာပေါ်တွင် မတူညီသော စွမ်းအားများကို သယ်ဆောင်ထားသည့် ရုပ်ခန္ဓာအမျိုးမျိုး ရှိနေခဲ့ပြီး နတ်ခန္ဓာက ထိပ်ဆုံးတစ်နေရာတွင် ရပ်တည်နေကာ အဆိုပါ ဝိညာဥ်ခန္ဓာများထပ် များစွာသာလွန်နေခဲ့သည်။ ဝမ်ထျန်သားတော်ကိုးပါးအနက်မှ တစ်ဦးဖြစ်လာခြင်းမှာ အဆိုပါ ရုပ်ခန္ဓာ၏ စွမ်းအားကို သက်သေပြရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

ထို့အပြင် အဆိုပါ ရုပ်ခန္ဓာက ထူးခြားကာ အသွင်ပြောင်းနိုင်စွမ်းရှိပြီး တစ်နေ့တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာတစ်ခု ဖြစ်လာပေလိမ့်မည်။

လုချန်ရှန်းက ထိုအချက်ကို မငြင်းပယ်လိုက်ပေ။

ရုပ်ခန္ဓာများကို အားကောင်းခြင်းနှင့် အားနည်းခြင်းဟူ၍ ခွဲခြားထားသော်လည်း ၎င်းက အကြွင်းမဲ့ မှန်ကန်မနေခဲ့ပေ။ ပြိုင်ဘက်ကင်းခြင်းဆိုသည်မှာ မိမိကိုယ်တိုင်အပေါ်တွင်သာ မူတည်နေခြင်းဖြစ်ပြီး ရုပ်ခန္ဓာပေါ်တွင် မူတည်နေခြင်း မဟုတ်ပေ။

သာမန်လူများက ရေစီးကြောင်းကို ပြောင်းပြန်လှန်ကာ အံ့ဖွယ်ရုပ်ခန္ဓာပိုင်ရှင်များကို အနိုင်ယူခဲ့ဖူးသည့် ဥပမာသာဓကများစွာ ရှိနေခဲ့သည်။

အစွမ်းထက် ရုပ်ခန္ဓများက စမှတ်တွင် အနိုင်ရလေ့ရှိသော်လည်း အမြဲတမ်း အနိုင်ရနေမည် မဟုတ်ပေ။

လုချန်ရှန်းက ဤအခြေအနေအထိ ရောက်ရှိလာခဲ့သော်လည်း ရန်သူများကို တိုက်ခိုက်ရန်အတွက် သူ၏ရုပ်ခန္ဓာကို မှီခိုသည်က အတော်ပင် ရှားပါးနေခဲ့သည်။ အမှန်တိုင်းပြောရမည်ဆိုပါက သူ၏ ရုပ်ခန္ဓာကြောင့်ပင် ဝိညာဥ်ကျောက်တုံးများ ရရှိရန်အတွက် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့ရပြီး ၎င်းက သူ၏ ဂုဏ်သတင်းကို အတော်ပင် ထိခိုက်ပျက်စီးစေခဲ့သည်။

ခန္ဓာသန့်စင်ခြင်းဖြစ်စေ ဓားကျင့်ကြံရေးဖြစ်စေ မိုးကြိုးစွမ်းအားဖြစ်စေ ၎င်းတို့အားလုံးကို ပိုမိုအားကောင်းလာစေရန်အတွက် လမ်းစဥ်ကို အဆက်မပြတ် လေ့လာလိုက်စားရပေသည်။

ရုပ်ခန္ဓာကို အသုံးပြု၍ တစ်ခြားလူများကို ခြိမ်းခြောက်သည့် အနုပညာကို သူငြင်းပယ်မည် မဟုတ်ပေ။ ထိုလူများက သူတို့ကိုယ်တိုင်ထံတွင် ထိုကဲ့သို့သော အရာများ မရှိသောကြောင့် ၎င်းတို့ကို ရွံရှာစက်ဆုပ်ကြလေသည်။

သို့သော် သူ့ထံတွင် ထိုအရာရှိနေခြင်းကမူ ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရှင်းပြချက်ကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အဆုံးတွင် ထျန်းယုက စကားထပ်ပြောလာခဲ့သည်။

“ သူ့ကြည့်ရတာ သာမန်လူ မဟုတ်တဲ့ပုံပဲ။ သူ့ရဲ့ စစ်မှန်တဲ့ သဘာဝကို ငါတောင် မခန့်မှန်းနိုင်ဘူး “

ထျန်းယု၏ အေးဆေးတည်ငြိမ်သော မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ ထျန်းယုသခင်လေး အဲ့တာက ….. “

“ ထားလိုက်ပါလေ “

ထျန်းယုက ထိုကဲ့သို့ ပြန်ပြောလိုက်ကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ကမ်းစပ်တွင် လှိုင်းတွန့်လေးများ ထသွားစေခဲ့သည်။ ထို့နောက်တွင် သူသည် အဝေးသို့ ငေးကြည့်ကာ စကားထပ်ပြောနေတော့သည် “ သူ့ကို တွက်ချက်ဖို့အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးလိုက်မယ်။ ပြီးရင် မန္တာန်ကို အပြည့်အဝ အသက်သွင်းလိုက်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝမ်ထျန်စံအိမ်မှ လူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ အကြံပေးလာခဲ့သည် “ သခင်လေး အဲ့တာက ……… “

ထျန်းယုက ပြုံးစစဖြင့် လက်ဝေ့ရမ်းပြကာ ပြန်ပြောလိုက်သည် “ ငါသူ့ကို တော်တော်လေး စိတ်ဝင်စားနေပြီ။ ပြီးတော့ အစောပိုင်းအချိန် ကန်းယွင်ဂိုဏ်းကို သွားခဲ့တဲ့ အချိန်တုန်းက ကန်းယွင်ကားချပ်ကို ရှာမတွေ့ခဲ့ဘူး။ ဒီလုချန်ရှန်းကလည်း ကန်းယွင်ဂိုဏ်းကပဲ လာတာ။ ငါသူ့ကို ဖမ်းပြီးတော့ စစ်မေးလိုက်မယ်။ တကယ်လို့ တစ်ခုခု သိရမယ်ဆိုရင် ကိစ္စအားလုံး ပြတ်ပြီ “

“ ကန်းယွင်ကားချပ်ပဲ ထပ်ဖြစ်နေပြန်ပြီ “

လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

အဆိုပါ ထျန်းယုမှာ ကန်းယွင်ဂိုဏ်းသို့ သွားခဲ့သောကြောင့် ထိုနေရာတွင် တစ်စုံတစ်ခု ပြုလုပ်ခဲ့ပေလိမ့်မည်။

လုချန်ရှန်းမှာ ထိုနေရာတွင် ဆယ်နှစ်တိတိ နေထိုင်ခဲ့ပြီး လူတိုင်းက သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သောကြောင့် သူသည် မည်သည့်သတင်းဆိုးကိုမှ မကြားလိုခဲ့ပေ။

ထျန်းယုကမူ စကားပြောခဲ့ပြီးသည့်နောက်တွင် မတ်တပ်ထရပ်ကာ အနောက်သို့ ပြန်သွားခဲ့သည်။

“ မန္တာန်ကို အသက်သွင်းလိုက်မယ်။ ဘာအနှောင့်အယှက်မှ မလိုချင်ဘူး။ ဘာအသံပဲ ကြားကြား မဝင်လာနဲ့။ ငါ့ကို လာမနှောင့်ယှက်နဲ့ “

ထျန်းယုသည် ထိုစကားကို ပြောကာ အနောက်ဘက်ရှိ တောင်တန်းအတွင်းသို့ တိုးဝင်သွားခဲ့သည်။

သူ၏ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်သို့ လေးထောင့် စည်းတံဆိပ်တစ်ခု ပျံသန်းလာခဲ့သည်။ စွမ်းအားများ ရုတ်တရက် ဆင်းသက်လာခဲ့ကာ ဤနေရာကို လွှမ်းခြုံ၍ အရာရာတိုင်းကို သီးခြားခွဲထုတ်လိုက်လေသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လူတိုင်း အံ့ဩတကြီး ဖြစ်သွားကြသည်။ သူတို့သည် ၎င်းက အားနည်းချက်မရှိသည့် နတ်ပစ္စည်းတစ်ခုဆိုသည်ကို မှတ်မိနေကြသည်။

လုချန်ရှန်းမှာလည်း အဆိုပါ လေးထောင့် စည်းတံဆိပ်ကို ငေးကြည့်ကာ အတွေးနက်သွားခဲ့သည်။

သို့သော် သူသည် ‌တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ လူအုပ်ကို စွန့်ခွာ၍ အဆိုပါ တောင်တန်းဆီသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

သူက အဆိုပါ ဝမ်ထျန်သားတော်ကိုးပါးနှင့် ရန်ငြိုးရန်စ မရှိပေ။ သို့သော် တစ်ဖက်လူက သူ့ကို တိုက်ရိုက်စော်ကားနေသောကြောင့် သူ့ဘက်က တုံ့ပြန်ရမည် ဖြစ်သည်။

ထို့အပြင် တစ်ဖက်လူက စတင်၍ လှုပ်ရှားနေပြီဖြစ်သောကြောင့် သူက ၎င်းကို ငြိမ်ကြည့်နေရမည်လော။

--

……………………………………………………………………………………………………………………………………

All Chapters