အခန်း ၃၆၆
Vol. 25 Ch. 366
အပိုင်း ( 366 )
အရင်တိုက်မယ်
လေးထောင့်စည်းတံဆိပ် ကျဆင်းလာမှုနှင့်အတူ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပုံရ၏။
လုချန်ရှန်းက ထျန်းယု ချိတ်ပိတ်ထားသည့် တောင်တန်းဆီသို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့သည်။
စည်းတံဆိပ်မှာ ဆင်းသက်လာသည့် စွမ်းအားများကို ခံစားလိုက်ရသောအခါတွင် သူသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ထပ်ဖြစ်သွားခဲ့ပြန်သည်။
သူသည် မြင့်မြတ်နယ်မြေများ၏ ဆက်ခံသူများ ကြွယ်ဝချမ်းသာသည်ဟု ထင်နေခဲ့ဖူးသည်။ သို့သော် အထက်နယ်မြေမှ ပါရမီရှင်တို့က ပိုမိုအားကျဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဂိုဏ်း၏ ရတနာအဖြစ် သတ်မှတ်ထားသည့်အရာများကိုပင် အဆိုပါ ကောင်စုတ်လေးများထံသို့ ပေးအပ်ထားခဲ့သည်။
ကျင်းကျန့်တစ်ဦးတည်းကပင် ရတနာနှစ်ခု ပိုင်ဆိုင်ထားခဲ့သည်။ ယခုထျန်းယု ပိုင်ဆိုင်ထားသည့်အရာကမူ ၎င်းတို့ထပ်ပင် ပိုမိုကောင်းမွန်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှောင်ဟေးကပါ အံ့ဩတကြီးဖြင့် စကားဝင်ပြောလာခဲ့သည်။
“ အဲ့တာက ဒဏ္ဍာရီလာ ကျန်းဟိုင် စည်းတံဆိပ်များလား “
“ အဲ့တာက ဘာကြီးလဲ “ ဟု လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“ ကျန်းဟိုင်စည်းတံဆိပ်က ကောင်းကင်ကို ပြောင်းပြန်လှန်ပြီးတော့ မြစ်တွေကို ဖိနှိပ်နိုင်တဲ့ အန္တိမ မြင့်မြတ်လက်နက်လို့ ရှေးဟောင်းကျမ်းစာတွေထဲမှာ ပြောထားတယ်။ အဲ့တာက ရှေးခေတ်ရဲ့ ရှေးအကျဆုံး မြင့်မြတ်လက်နက်စာရင်းဝင် လက်နက်တစ်ခုပဲ “
လုချန်ရှန်းက တအံ့တဩဖြင့် ပြန်ပြောလိုက်၏ “ အဲ့တာက တော်တော်လေးကို တန်ဖိုးကြီးတယ်လို့ ပြောချင်တာလား “
ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်ပြီး ၎င်းကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးကာ စကားထပ်ပြောနေတော့၏ “ ဒါပင်မဲ့ ငါတို့အရှေ့မှာ ရှိနေတဲ့ဟာက ပုံတူပွားထားတဲ့ဟာပဲ ဖြစ်ရမယ်။ တကယ့်အစစ်အမှန် ကျန်းဟိုင်စည်းတံဆိပ်က မြင့်မြတ်လက်နက်လေ။ ပုံတူပွားထားတဲ့ဟာကတောင် တော်တော်လေးကို တန်ဖိုးကြီးတယ် “
“ ငါတကယ် လိုချင်တယ်။ ငါ့ဆီမှာ ကိုင်စရာ လက်နက် မရှိဘူးလေ “
လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
မီးဖိုအတွင်းရှိ ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဒီကောင်က မြင်သမျှ ပစ္စည်းကောင်းတိုင်းကို လိုချင်နေတယ်ဆိုပင်မဲ့ လက်နက်မရှိတာကတော့ အမှန်ပဲ။
သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ စကားထပ်ပြောလိုက်သည် “ နေပါဦး။ မင်းက သူ့ကို သွားရိုက်ဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါက ဒီနေရာမှာ ဘာလုပ်နေရမှာလဲ “ထိတ်လန့်နေဖို့ လိုလို့လား။ အဲ့လက်နက်က ငါနဲ့ ရေစက်ပါတယ်လို့ မင်းမထင်ဘူးလား “
ရှောင်ဟေးမှာ ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
လူအုပ်ကြီးက အပြင်ဘက်တွင် စောင့်ဆိုင်းနေသော်လည်း ထိုအကောင်မှာ အဆိုပါ လူငယ်ကို အမှန်တကယ် သတ်ဖြတ်ချင်နေခဲ့သည်။ သူ၏ သတ္တိက မှတ်ကျောက်တင်ဖွယ်ကောင်းလှပေသည်။
သူက ထိုအကောင်၏ အစွမ်းကို မယုံကြည်ခြင်း မဟုတ်ဘဲ ထိုအကောင်က အလွန်တရာ မောက်မာလွန်းသည်ဟု ခံစားနေရရုံသာလျှင် ဖြစ်ပေသည်။
သို့ရာ၌ ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်မူ ထိုအကောင်က ထိုကဲ့သို့သော ကိစ္စများအား အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသည်ကို အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် သူသည် ဘာမှထပ်ပြောမနေတော့ပေ။
အကယ်၍ သူတို့ကသာ အပြင်ကမ္ဘာတွင် ရှိနေခဲ့မည်ဆိုပါက တစ်ချို့သော အရာများကို တွေးပူနေရမည်ဖြစ်သည်။ သို့သော် ဤနေရာတွင်မူ အစွမ်းအထက်ဆုံး ပညာရှင်အဖြစ် ဟွာရှုနယ်ပယ် အဆင့်၃ ကျင့်ကြံသူများသာ ရှိနေခဲ့သည်။
အကယ်၍ သူတို့က အနိုင်မရဘူးဆိုလျှင်တောင်မှ ထိုအကောင်၏ အမြန်နှုန်းကို အနည်းငယ်မျှသော လူနည်းစုကသာလျှင် အမှီလိုက်နိုင်လိမ့်မည် ဖြစ်သည်။
သူ့အား ဇဝေဇဝါ ဖြစ်သွားစေသည့် တစ်ခုတည်းသော ကိစ္စမှာ ထိုအကောင်က အထဲသို့ မည်ကဲ့သို့ ဝင်မလဲဆိုသည်ပင် ဖြစ်သည်။
ရှောင်ဟေးက တွေးတောစဥ်းစားနေစဥ် အချိန်မှာပင် လုချန်ရှန်း၏ ပတ်ပတ်လည်တွင် တာအိုစွမ်းအင်တစ်ခု စီးဆင်လာခဲ့ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုအကောင်မှာ အကာအရံကို တိုက်ရိုက်ထိုးဖောက်ကာ ထိုဧရိယာအတွင်း တိုးဝင်သွားခဲ့သည်။
“ မင်းရဲ့ တာအိုကားချပ်က ကောင်းကင်ဘုံကို ဆန့်ကျင်နေတာလား။ နတ်ပစ္စည်းတစ်ခုကတောင် အဲ့တာကို မတားနိုင်ဘူးပေါ့ “
ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ အဲ့တာက နတ်ပစ္စည်းတစ်ခုဆိုပင်မဲ့ သူ့ရဲ့ ကျင့်ကြံရေးက ဘယ်လောက်ရှိလို့လဲ။ သူက အဲ့တာစွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုတောင် မထုတ်လွှတ်နိုင်လောက်ဘူး။ ကြိုးစားကြည့်ဖို့အတွက် အဆင်ပြေပါတယ် “
“ အမှန်ပဲ “
ရှောင်ဟေးက ဘာမှထပ်မပြောတော့ပေ။
လူတစ်ဦးက ဟွာရှုနယ်ပယ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် နတ်တာအိုသို့ တက်လှမ်းနိုင်သော်လည်း ထိုနှစ်ခုအကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေခဲ့သည်။
အဆိုပါ အတားအဆီးကို ကျော်ဖြတ်နိုင်မှသာလျှင် နတ်တာအိုသို့ အမှန်တကယ် တက်လှမ်းနိုင်ပေလိမ့်မည်။
နတ်ဝိညာဥ် မရှိဘူးဆိုပါက လူတစ်ဦးက နတ်ပစ္စည်းတစ်ခု၏ စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။
စကားတပြောပြောဖြင့် လုချန်ရှန်းမှာ တောင်တန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
သူ၏ စိတ်စွမ်းအားက ထျန်းယုကိုပင် ထောက်လှမ်းနေခဲ့ပြီး ထိုစဥ် တိမ်ထုများထံမှ အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
“ မင်းက တော်တော်လေးကို ရဲတင်းတာပဲ။ ဒီအထိ ကျူးကျော်လာရဲနေတယ်ပေါ့။ ဒီအထိ ရောက်လာခဲ့တဲ့ လုပ်နိုင်စွမ်းကလည်း မင်းဆီမှာ နည်းလမ်းတစ်ချို့ ရှိတယ်လို့ မီးမောင်းထိုးပြနေတယ် “ ထျန်းယုက အေးအေးလူလူ ပြောဆိုလာခဲ့သည်။
လုချန်ရှန်းက အကာအရံကို ကျော်ဖြတ်လာသည့် အခိုက်အတန့်တွင် တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို သူသိရှိသွားခဲ့သည်။
သို့သော် သူသည် အလွန်ပင် ယုံကြည်မှုရှိနေခဲ့ကာ ၎င်းကို လျစ်လျူရှုထားခဲ့သည်။
လုချန်ရှန်းက သူ့ကို အေးအေးလူလူ ကြည့်နေခဲ့ပြီး လေထုအတွင်းသို့ ဖြည်းဖြည်းချင်း တက်သွားကာ ထျန်းယုအနားသို့ အေးအေးဆေးဆေး ချဥ်းကပ်သွားခဲ့သည်။
သူ၏ အနက်ရောင် ဝတ်စုံကိုပင် ချွတ်ကာ တစ်ဖက်လူကို အေးအေးလူလူ ငေးကြည့်နေခဲ့၏။
ထျန်းယုမှာလည်း တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။
သူ့အတွက် မွေးရာပါ ဝိညာဥ်နယ်ပယ်က ဘာမှဟုတ်မနေခဲ့ပေ။
သူက ထိုနယ်ပယ်တွင် ရှိနေခဲ့စဥ် အချိန်ကပင် ဟွာရှုနယ်ပယ် ပညာရှင်များကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ ယခုတွင်မူ သူက ဟွာရှုနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မွေးရာပါ ဝိညာဥ်နယ်ပယ်ကို မည်သို့မျှ ဂရုစိုက်မနေတော့ပေ။
၎င်းက မောက်မာခြင်း မဟုတ်ပေ။ ယုံကြည်မှုသာလျှင် ဖြစ်ပေသည်။ လုချန်ရှန်းကိုယ်တိုင်မှာလည်း သူ့ထပ်နယ်ပယ်နိမ့်သူများကို မည်သို့မျှ အရေးမစိုက်ပေ။
သို့ရာတွင် ရှောင်ဟေးမှာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့သည်။
သူက ဖြစ်နိုင်ခြေမျိုးစုံကို တွေးတောမှန်းဆထားသော်လည်း လုချန်ရှန်းဆိုသည့် အကောင်က ထျန်းယု အနားသို့ အေးအေးလူလူ ချဥ်းကပ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ မင်းက ဘာလုပ်ချင်နေတာလဲ “
ထျန်းယုက အေးအေးလူလူ ဖြစ်နေခဲ့ပြီး အကယ်၍ သင့်တော်သော ဖြေရှင်းချက် မပေးဘူးဆိုပါက လုချန်ရှန်းမှာ သေဆုံးသွားရတော့မည့်ပမာ ပြုမူပြောဆိုနေခဲ့သည်။
သူက လုချန်ရှန်း၏ အဖြေကို စောင့်ဆိုင်းနေခဲ့သည်။
သို့ရာ၌ စောင့်ဆိုင်းနေသည့် ကာလအတွင်းတွင် သူ၏ မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
သူသည် လုချန်ရှန်း၏ လက်အတွင်းတွင် ဝံပုလွေစွယ်တစ်ချောင်း ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ၎င်းက သူ့ထံသို့ တဟုန်ထိုး ပြေးတက်လာခဲ့လေသည်။
ဘုမ်းးး
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး စွမ်းအင်လှိုင်းများက သစ်ပင်ပန်းပင်များကို ခါရမ်းသွားစေခဲ့၏။
ထျန်းယုမှ သူ၏ လက်ကို မြှောက်လိုက်ရာ သူ၏ လက်မောင်းတွင် လက်အိတ်တစ်ခု ဖြစ်တည်လာခဲ့ပြီး ဝံပုလွေစွယ်၏ တိုက်ခိုက်မှုကို ခုခံသွားခဲ့သည်။
သူ၏ မျက်ဝန်းများအတွင်းတွင် မယုံကြည်နိုင်ဖြစ်နေသည့် အရိပ်အငွေ့များ ရှိနေခဲ့သည်။
သူသာလျှင် မဟုတ်ဘဲ ရှောင်ဟေးကပါ နေရာမှာတင် အံ့ဩမှင်သက်သွားခဲ့သည်။
လုချန်ရှန်းက ဤနေရာသို့ ရောက်လာချိန်တွင် သူက ဖြစ်နိုင်ခြေမျိုးစုံကို စဥ်းစားထားခဲ့သော်လည်း ထိုအကောင်က စကားတစ်ခွန်းမှ မပြောဘဲ တစ်ဖက်လူကို တန်းတိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထျန်းယုမှာလည်း တိုက်ကွက်ကြောင့် မိန်းမောသွားခဲ့သည်။
သူသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကဲ့သို့သော လူတစ်ဦးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။ အကယ်၍ သူတို့က ရန်သူများဖြစ်နေမည်ဆိုလျှင်တောင်မှ အနည်းဆုံးအနေဖြင့် အနည်းငယ်မျှ အော်ပြောသင့်ပေသည်။
သို့သော် ထိုလူမှာ မည်သည့်ကျင့်ဝတ်ကိုမှ မပြသခဲ့ပေ။
ထိုလူက သူ့အနားသို့ တိုးလာခဲ့ကာ ဘာမှမပြောဘဲ ဝံပုလွေစွယ်ဖြင့် တိုက်ရိုက်တိုက်လာခဲ့လေသည်။
ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ စွမ်းအားက အတော်ပင် အားကောင်းနေသောကြောင့် လက်အိတ်ပင် ကြေမွသွားခဲ့သည်။
သူတုံ့ပြန်နိုင်သည့် အချိန်တွင် လုချန်ရှန်းက ချက်ချင်းလှုပ်ရှားလာခဲ့ပြန်သည်။ ဝံပုလွေစွယ်က လေထုနှင့်အတူ ကခုန်နေကာ သူ၏ဦးခေါင်းဆီသို့ ထပ်မံ၍ ဦးတည်သွား၏။
“ ခွေးသူတောင်းစား “
ထျန်းယုက ဒေါသတကြီး ဟိန်းဟောက်၍ သူ၏လက်ကို မြှောက်လိုက်ရာ မှော်စွမ်းအားများ မြင့်တက်ပေါက်ထွက်လာကာ အရှေ့သို့ တိုးဝင်သွားတော့သည်။
ဘမ်းးး
အသံတစ်သံ ဟိန်းထွက်လာခဲ့ပြီး စွမ်းအားများ နှစ်ဖက်စလုံးက ပေါက်ထွက်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ထျန်းယုကပါ တုံ့ပြန်လာနိုင်ခဲ့သည်။ သူ၏ မျက်ဝန်းများအတွင်းတွင် မောက်မာမှုနှင့်အတူ သတ်ဖြတ်လိုစိတ်များ စွန်းထင်းနေခဲ့သည်။
တစ်ဖက်လူက ဟွာရှုနယ်ပယ်တွင်သာ ရှိနေသေးသောကြောင့် ပြဿနာ မည်မျှရှာနိုင်မည်နည်း။
သို့သော် သူ၏ အတွေးများ လျင်မြန်စွာ လွင့်စင်သွားခဲ့သည်။
စွမ်းအားနှစ်ခု တိုက်မိသွားချိန်တွင် ဝံပုလွေစွယ်က ပြိုင်ဘက်၏ လက်ကို ပြိုကွဲသွားစေပြီး သူ၏ ခန္ဓာကိုယ်နှင့် နီးကပ်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လာခဲ့သည်။
အစတွင် ထျန်းယုက များများဂရုမစိုက်သော်လည်း ထိတွေ့သွားသည့်နောက်တွင် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး ပြိုကျသွားသည့်အလား ခံစားသွားခဲ့ရသည်။
ထိုအခိုက်အတန့်အတွင်းမှာပင် တောင်တန်းဒေသတစ်ခုလုံး ရေပြင်ညီဖြစ်သွားခဲ့ပြီး အဆုံးမဲ့ အလင်းတန်းများ ကခုန်နေကာ မိုးကြိုးပင်လယ်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
လုချန်ရှန်းက မိုးကြိုးပင်လယ်အကြားတွင် မတ်တပ်ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးကာ ကြီးစိုးမှု အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
“ မင်းက ဘယ်သူလဲ “
ထျန်းယုက စကားထပ်ပြောလာခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင် သူ၏လေသံမှာ အလွန်တရာ လေးနက်နေခဲ့သည်။
လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။
သူ၏လက်ကို မြှောက်လိုက်ရာ ကြီးမားသော မိုးကြိုးပင်လယ်ကြီး လှုပ်ခတ်လာခဲ့ပြီး လက်သီးဆုပ်အဖြစ် အသွင်ပြောင်းကာ သူ့ဆီသို့ ပြေးဝင်သွားခဲ့သည်။
ထျန်းယုမှာလည်း စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။ လက်ဟန်များကို ဆက်တိုက်ပြုလုပ်လိုက်ရာ အံ့ဖွယ်ကောင်းသည့် မှော်စွမ်းအားများ ပေါက်ထွက်လာကာ အရှေ့သို့ ပြေးထွက်သွားတော့သည်။ ၎င်းက ဟင်းလင်းပြင်ကို လှုပ်ရမ်းသွားစေခဲ့သည်။
အလင်းတန်းပေါင်းများစွာ လိမ်ယှက်လာပြီး ကျန်ရှိနေသည့် စွမ်းအားများ မပျောက်သေးသော်လည်း ၎င်း၏ မြင့်တက်လာမှုက အန္တရာယ်ကြီးမားနေခဲ့သည်။
သို့သော် လုချန်ရှန်းက ထိုနေရာကို ဖြတ်သန်းသွားပြီး သူ၏ ခန္ဓာကိုယ်မှ မိုးကြိုးများ ဖြာထွက်လာခဲ့ကာ ထပ်မံ၍ တိုက်ခိုက်နေတော့သည်။
ထျန်းယုမှာ စိတ်ဂဏာမငြိမ် ဖြစ်သွားခဲ့သည်။
ပြိုင်ဘက်က နီးကပ်လာခဲ့ပြီး တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့လေသည်။
ထိုစဥ် သူ၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာခဲ့ပြီး ထိတွေ့ခဲ့ပြီးသည့်နောက်တွင် ကြောက်မက်ဖွယ်ရာ အသံပေါင်းစုံ ဆက်တိုက်ပေါ်ထွက်နေခဲ့သည်။
သူသည် ပြိုင်ဘက်က ထိုမျှလောက် သန်မာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့အား ထိုအခြေအနေအထိ တိုက်ခိုက်နိုင်သည့် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်ဦး ………..
အစတွင် ပြိုင်ဘက် မိုးကြိုး၏ ကာကွယ်မှုကို ရရှိထားခဲ့သော်လည်း ထိပ်တိုက်ရင်ဆိုင်နေသည်နှင့်အမျှ လုချန်ရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးထိုးချက်များ ကျဆင်းသွားခဲ့သည်။ သို့သော် မည်သည့်မှော်စွမ်းအားမှ ပါဝင်မနေခဲ့ပေ။
သူ၏မျက်ဝန်းများအတွင်းတွင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
“ မင်းက ငါ့ကို မင်းရဲ့ ရုပ်ခန္ဓာနဲ့ တကယ်ကြီး ယှဥ်တိုက်နေတယ်ပေါ့ “
သူ၏ ချပ်ဝတ်တန်ဆာ တောက်ပနေသော်လည်း ပြိုင်ဘက်ထံမှ မည်သည့်စွမ်းအင်(သို့) အကာအကွယ်ကိုမှ မမြင်တွေ့ရဘဲ ရုပ်ခန္ဓာသပ်သပ်ဖြင့်သာ ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ အတွေးများ အေးခဲတောင့်တင်းသွားခဲ့သည်။
--
………………………………………………………………………………………………………………………………………