အခန်း ၃၇၀
Vol. 25 Ch. 370
အပိုင်း ( 370 )
ကောလဟာလများ
တိတ်ဆိတ်မှုသာလျှင် ပြန်လည်ကြီးစိုးသွားခဲ့သည်။
လုချန်ရှန်းက ထျန်းယု၏ ပိုင်ဆိုင်မှုများကို ကြည့်ရှုစစ်ဆေးနေခဲ့ကာ မည်သည့်လှည့်ကွက်(သို့) အမှတ်အသားမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူသည် တစ်ချို့တစ်ဝက်ကို ရှောင်ဟေးကို ပေးလိုက်ပြီး ကျန်ရှိနေသော အရာများကို သူ့အတွက် သိမ်းဆည်းထားကာ အသုံးမဝင်သည့် ပစ္စည်းများကို မျှဝေပေးလိုက်၏။
အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် သူသည် တင်ပျဥ်ခွေထိုင်ကာ ဝိညာဥ်ချီများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းနေတော့၏။ ဝိညာဥ်ကျောက်တုံး အမျိုးမျိုး နတ်စမ်းရည်နှင့် တစ်ခြားသော အရင်းအမြစ်အားလုံးက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။
ရှောင်ဟေးကမူ တလက်လက်တောက်ပနေသည့် ပစ္စည်းများကို ငေးကြည့်ကာ စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။ သူသည် ထျန်းယု၏ ကြွယ်ဝချမ်းသာမှုကို မှင်သက်မိသကဲ့သို့ လုချန်ရှန်းကိုပါ တအံ့တဩဖြစ်နေခဲ့သည်။
“ ငါသာ သူ့နောက်ကို လိုက်နေသရွေ့ ဘဝမှာ ဘာကိုမှ တွေးပူနေစရာ မလိုဘူးလို့ ခံစားနေရတယ် “
တစ်ခါတစ်ရံတွင် လုချန်ရှန်းက လူအများကို စိတ်ပျက်လက်ပျက်ဖြင့် အံတကြိတ်ကြိတ် ဖြစ်သွားစေတတ်သော်လည်း သူက သူ၏ လူများအတွက် မည်သို့မျှ တွန့်တိုမနေဘဲ ဤအချိန်အထိ သူ၏ အကြပ်အတည်းများကိုပင် ကူညီဖြေရှင်းပေးခဲ့လေသည်။
အချိန်များ ရွေ့လျားသွားကာ နောက်တစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။ ရှောင်ဟေးက ကြိုးစားပမ်းစား လေ့ကျင့်နေစဥ် အချိန်တွင် သူ့ဘေးနားရှိ လှုပ်ခတ်မှုကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့သည်။
လုချန်ရှန်း၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ မြင့်တက်လာခဲ့ပြီး သူ့ပတ်ပတ်လည်ရှိ ကျောက်တုံးများ ပြိုကွဲပျက်စီးသွားကာ တောင်တန်းများနှင့် ကမ္ဘာမြေမှာပင် အက်ကြောင်းများ ထသွားခဲ့သည်။
၎င်းတို့က များပြားကာ ဆက်တိုက်ပျံ့နှံ့နေခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အရှိန်အဝါမှာလည်း အံ့အားသင့်ဖွယ်ရာ အခြေအနေမျိုးအထိ ရောက်ရှိနေပြီဖြစ်ပြီး ဟင်းလင်းပြင်အတွင်းတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ထွက်လာကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကပါ မူမမှန်သော လှုပ်ခတ်မှုများကို ပြသလာခဲ့ပြီး ကြီးမားသော ကပ်ဘေးကြီးတစ်ခု ပေါ်ထွက်လာတော့မည်ဟု နိမိတ်ပြနေခဲ့လေသည်။
“ သူက ဟွာရှုနယ်ပယ်ကို အဆင့်တက်တော့မှာလား “
ရှောင်ဟေးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ဤကာလအတွင်းတွင် လုချန်ရှန်း၏ ကြီးထွားမှုက အလွန်တရာ မြန်ဆန်လွန်းနေခဲ့၏။ သူတို့၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုတွင် သူက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အဆင့်တက်ခါစသာ ရှိနေသေးပြီး သုံးနှစ်မပြည့်သေးခင် အချိန်မှာပင် မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၉ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ သူကသာ ဝူဝမ်ပင်လယ်တွင် တစ်နှစ်တိတိ ပိတ်မိမနေခဲ့ဘူးဆိုပါက သူက ဘယ်အဆင့်မျိုးထိ ရောက်ရှိနေလဲဆိုသည်မှာ မှန်းဆရ ခက်ခဲသွားမည် ဖြစ်သည်။
အကယ်၍ တစ်ကမ္ဘာလုံးကသာ အမှန်တရားကို သိရှိသွားပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။
ရှောင်းထျန်ချန်းသော်လည်းကောင်း ရှင်းယွင်(သို့) နတ်ဘုရားမ ဝမ်ရန်သော်လည်းကောင်း လျှပ်စီးကျီ ပိုင်ပိုင်ဟီနှင့် တစ်ခြားလူများမှာ အံ့ဖွယ်ကောင်းသည့် ပါရမီနှင့် အရည်အချင်းများကို ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ထားခဲ့ကြသည်။
ထိုလူများထပ် ပိုမိုအံ့ဖွယ်ကောင်းသည့် ကျင်းကျန့်နှင့် ထျန်းယုတို့ပါ ရှိနေသေး၏။
သို့သော် သက်ရှိသတ္တဝါတိုင်းက လုချန်ရှန်း၏ အရှေ့တွင် မှေးမှိန်သွားခဲ့သည်။
ရှောင်ဟေးသည် ဘေးတစ်ဖက်သို့ နောက်ဆုတ်သွားကာ လုချန်ရှန်းက အဆင့်တက်မည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်မှာပင် မည်သည့်ဖြစ်ရပ်မှ မပေါ်ထွက်လာခဲ့ပေ။
အရှိန်အဝါနှင့် စွမ်းအင်အားလုံး ပျောက်ကွယ်သွားကာ လုချန်ရှန်း၏ မျက်ဝန်းများ ပွင့်ဟလာခဲ့ကာ အရှေ့သို့ ငေးကြည့်နေတော့သည်။
“ မင်းက အဆင့်မတက်သေးဘူးလား “ ဟု ရှောင်ဟေးက မေးမြန်းလိုက်၏။
လုချန်ရှန်းက ခေါင်းခါပြလိုက်သည်။
“ ဒါက အဆင့်တက်ရမဲ့ နေရာမဟုတ်ဘူး “
သူက ထိုနယ်ပယ်သို့ တက်လှမ်းချင်သော်လည်း ဤနေရာတွင် ကပ်ဘေးကို ကျော်ဖြတ်ခြင်းမှာ အလွန်တရာ အန္တရာယ်များလွန်းလှသည်။ အကယ်၍ သူသာ ပစ်မှတ်အထားခံရမည်ဆိုပါက သူကံဆိုးမိုးမှောင်ကျသွားရပေလိမ့်မည်။
စကားပြောခဲ့ပြီးသည့်နောက်တွင် သူက ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ ချပ်ဝတ်တန်ဆာ၏ တောက်ပမှု မှိန်ဖျော့ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ဟေးက ထပ်မံ၍ မေးမြန်းနေတော့၏ “ မင်းဘယ်သွားမလို့လဲ “
“ အပြင်ထွက်ပြီး အဝတ်လဲမယ်လေ “
လုချန်ရှန်း လှုပ်ရှားကာ ရှောင်ဟေးက မီးဖိုအတွင်းသို့ ပြန်ဝင်သွားပြီး ထို့နောက်တွင် လုချန်ရှန်းမှာ အနက်ရောင်ဝတ်စုံကို ပြန်လည်ဝတ်ဆင်နေတော့သည်။
သို့ရာတွင် ထိုနေရာမှ သူထွက်လာသည်နှင့်တစ်ပြိုင်နက် ကြီးမားသော မြူထုကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
မြူခိုးများ ပျံ့လွင့်နေစဲဖြစ်သော်လည်း ယခင်ကထပ်ပင် ပိုမိုမြန်ဆန်နေပြီး ကုန်းမြေ၏ ကြီးမားသော ဧရိယာများကို ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။
“ ကမ္ဘာငယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားမှာလား “ ရှောင်ဟေးမှာ တွေးတွေးဆဆ ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ ခေါင်းတခါခါ ဖြစ်နေခဲ့သည်။
သူ့ကို အံ့အားသင့်စေသည့် တစ်ခုတည်းသော အရာမှာ အနက်ဝတ်လူများကို ထပ်မံ၍ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ထျန်းယုအသတ်ခံခဲ့ရပြီးနောက်မှာပင် ထိုလူများက ဤနေရာတွင် ရှိနေသေးပြီး လုချန်ရှန်း၏ ခြေရာလက်များ ရှာဖွေခြင်းကို လက်မလျှော့ကြသေးပေ။ သူတို့၏ စိတ်ပိုင်းဖြတ်မှုက အတော်ပင် အားကောင်းလွန်းလှသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် သူက ထိုအဖွဲ့နှင့် ထပ်မံ၍ ပူပေါင်းနေတော့ပြန်သည်။
သူသည် မြူခိုးများ အတွင်းသို့ လွတ်လွတ်လပ်လပ် ဖောက်ဝင်သွားပြီး သွေးစီးကြောင်းများ ချန်ရစ်ထားလိုက်သည်။
တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ၏ မြှင့်တင်ပေးမှုကြောင့် သူက ပိုမိုအစွမ်းထက်သွားခဲ့သည်။ သူက ဟွာရှုနယ်ပယ်သို့ အချိန်မရွေး အဆင့်တက်နေနိုင်ပြီဖြစ်သောကြောင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားက ပိုမိုထူးခြားနေခဲ့သည်။
ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်များက သူ့ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပေ။ ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်နှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် သူက အရှေ့သို့ ပြေးတက်သွားကာ တိုက်ခိုက်ရဲခဲ့သည်။
ချပ်ဝတ်တန်ဆာက အလွန်တရာ ထူးခြားကာ တိုက်ခိုက်လာသည့် မှော်စွမ်းအား တစ်ချို့တစ်ဝက်နှင့် တိုက်ခိုက်မှုများကို သူ့အတွက် တားဆီးပိတ်ဆို့နိုင်စွမ်းရှိနေခဲ့သည်။ ၎င်းကို အားကိုး၍ သူက ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်များကိုပင် ပစ်မှတ်ထားနေတော့သည်။
ထိုလူက ကောင်းကင်ဘုံ အကယ်ဒမီ၏ လူဖြစ်ပြီး သူသည် တစ်ဖက်လူကို အငိုက်ဖမ်းကာ ပြင်ဆင်ချိန်မရအောင် ချောင်းတိုက်ခဲ့လေသည်။
တစ်ဖက်လူက သတိဝင်သွားကာ သူနှင့်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း သူ၏ ရိုက်သတ်ခြင်းကိုသာ ခံလိုက်ရလေသည်။ ထို့ကြောင့် ရှောင်ဟေးပင် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
ဖြစ်စဥ်က ရှုပ်ထွေးသော်လည်း အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။
တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာက အလွန်တရာ အားကောင်းသော်လည်း သူကိုယ်တိုင်က ပိုမိုအားကောင်းနေခဲ့သည်။ သူတို့က တစ်ဦးကိုတစ်ဦး ပံ့ပိုးကူညီနေခဲ့ပြီး သူသည် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူကို တိုက်ရိုက်သတ်ဖြတ်လိုက်သည်။
အရာအားလုံး ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လုချန်ရှန်းက နားမလည်နိုင်ဖြစ်သွားစေသည့် တစ်ခုတည်းသော အရာမှာ အနက်ဝတ်လူ အရေအတွက်က ကြီးကြီးမားမား တိုးတက်လာခြင်းပင် ဖြစ်သည်။
“ ဘာတွေဖြစ်နေတာတုန်းဟ “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးမှာလည်း နားမလည်နိုင်ဖြစ်နေခဲ့သည်။
“ ထျန်းယုသေသွားလို့များလား “
ယခုလက်ရှိ အချိန်တွင် ၎င်းက ထင်မြင်ယူဆချက်တစ်ခုသာ ဖြစ်နေခဲ့သည်။
၎င်းကို အတည်ပြုရန်အတွက် လုချန်ရှန်းက ထျန်းရီမြင့်မြတ်နယ်မြေ၏ လူတစ်ဦးကို ဖမ်းလိုက်ပြီး အချိန်ကုန် လေကုန်ခံမနေဘဲ ထိုလူ့ကို တိုက်ရိုက်ချုပ်နှောင်ကာ ဝိညာဥ်ရှာဖွေခြင်းကို ပြုလုပ်နေတော့သည်။
သူတို့က သူ့ကို သတ်ဖြတ်ရန် ရောက်လာခဲ့ဖြစ်သောကြောင့် မည်သို့မျှ သနားညှာတာနေရန် မလိုအပ်ပေ။
သို့သော် ရလဒ်မှာ လုချန်ရှန်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
သူ၏ အမူအရာကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက စကားထပ်ပြောလာတော့၏ “ အကြောင်းပြချက်ကို ရှာတွေ့ပြီလား “
“ သူတို့တွေက အဲ့လောက်တောင် အရှက်မဲ့နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ ဘာဖြစ်တာလဲ “
“ သူတို့က ပေါက်ကရတွေ လျှောက်ပြောနေကြတယ် “
“ ဘာတွေ ပြောနေကြလို့လဲ “ ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်၏ “ ထျန်းယုရဲ့ သေဆုံးမှုက ငါနဲ့ဆိုင်တယ်လို့ ပြောနေကြတာ။ အခုဆိုရင် ကောင်းကင်ဘုံ အကယ်ဒမီနဲ့ အင်အားစု တော်တော်များများက အတူတူ လှုပ်ရှားလာကြပြီ။ ဝမ်ထျန်စံအိမ်ကလည်း အစိမ်းရောင် အလင်းတန်းနဲ့လူကို ရှာတွေ့ရင် နတ်ပစ္စည်းတစ်ခု ပေးမယ်လို့ ဆုကြေးထုတ်ထားတယ် “
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး တစ်ခဏခန့် ငေးကြည့်နေကြပြီး ရှောင်ဟေးမှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ ပြီးတော့ရော “
လုချန်ရှန်းက ဒေါသတကြီး ပြန်ပြောလိုက်သည် “ သက်သေအထောက်အထား မရှိဘဲ အဲ့လို ကောလဟာလတွေကို ဖြန့်နေတာက အသရေဖျက်နေတာပဲ မဟုတ်ဘူးလား “
“ အဲ့တာက အသရေဖျက်တာလား “
ရှောင်ဟေးက သူ့ကို ငေးကြည့်နေတော့လေသည်။ ဟုတ်ပါ့မလား။ အဲ့တာက အမှန်တရား မဟုတ်ဘူးလား။ မင်းက ထျန်းယုကို သတ်ခဲ့တာလေဟ။
“ ဒီနေ့ခေတ်မှာ သက်သေအထောက်အထားတွေကို မလိုအပ်တော့ဘူးလား။ သူ့ကို ဘာသက်သေမှ မကျန်ဘဲ သတ်နိုင်ဖို့အတွက် ငါတော်တော်ကြီးကို ကြိုးစားအားထုတ်ခဲ့ရတာလေ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါက သူ့ကို လူရှေ့မှာ ပေါ်တင်သတ်လိုက်မှာပေါ့ဟ “
“ မင်းက ဖောက်ဝင်သွားနိုင်လို့လား “
ရှောင်ဟေးမှာ မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ တုံ့ပြန်လိုက်သည်။
လုချန်ရှန်းမှာ အံ့ဩမှင်သက်ကာ ဆွံ့အသွားခဲ့သည်။
ရှောင်ဟေးမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ မင်းက အဲ့လူတွေကိုလည်း အပြစ်တင်လို့မရဘူးလေ။ မင်းရဲ့ ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်းကိုပဲ အပြစ်တင်သင့်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် တစ်ခြားလူတွေက ဘာကိစ္စ မင်းရဲ့ ကောလဟာလတွေကို လိုက်ဖြန့်နေမှာလဲ။
ကူချန်ကျွင်းကို မစော်ကားရဲသဖြင့် ဝမ်ထျန်စံအိမ်၏ လွှမ်းမိုးမှုကို ချေးငှားအသုံးပြုကာ သာမန်သာ ဖြစ်ပေသည်။ သူတို့က ကံကောင်းနေခဲ့ပြီး အမှန်တရားကို မှန်းဆမိသွားရုံသာ ဖြစ်သည်။
သို့ရာတွင် ထျန်းယုက လုချန်ရှန်းကို တွက်ချက်ရန် ကြိုးပမ်းခဲ့သောကြောင့် သေဆုံးသွားရသည်ဆိုသည့် ကောလဟာလများလည်း ပျံ့နှံ့နေခဲ့သည်။
သူက လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့သောကြောင့် လူတိုင်းတွင် ထင်မြင်ယူဆချက်မျိုးစုံ ရှိနေခဲ့လေသည်။
လုချန်ရှန်းမှာ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် ထပ်မံ၍ ထွက်ခွာသွားပြီး သိပ်မကြာခင် အချိန်မှာပင် ထိုလူများနှင့် ထပ်မံ၍ ဆုံတွေ့ခဲ့ရပြီး ထိုလူများက သင်ခန်းစာရသွားကာ တစ်ကိုယ်တော် မနေဘဲ အုပ်စုဖွဲ့၍နေနေကြသည်ကို မြင်တွေ့လိုက်ရသည်။
အဖွဲ့တစ်ခုချင်းစီတိုင်းထံတွင် ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်တစ်ဦး ရှိနေခဲ့ပြီး တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ၏ အကူအညီနှင့်ဆိုလျှင်တောင်မှ သူမည်သို့မျှ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
အဲ့လူတွေက ငါ့ကို အုပ်စုဖွဲ့ပြီး တိုက်ချင်နေတာတော့ မဟုတ်ဘူးမလား။
သူသည် မနေနိုင်တော့ဘဲ တန်ပြန်တိုက်ခိုက်မည့် အစီအမံများကို စတင်၍ တွေးတောစဥ်းစားနေတော့သည်။ သို့သော် သူသည် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။
ယခင်က အုပ်စုဖွဲ့၍ သွားလာနေခဲ့သည့် အနက်ဝတ် လူအုပ်ကြီးကို ယခုတွင် ဟိုတစ်စဒီတစ်စသာ မြင်တွေ့ရတော့လေသည်။ သူက လှည့်ပတ်သွားလာနေခဲ့သော်လည်း နှစ်ရက်တိတိ မည်သူ့ကိုမှ မမြင်ခဲ့ရပေ။
“ ဘာတွေဖြစ်နေတာလဲ။ သူတို့က လက်လျှော့သွားပြီလားဟ “ လုချန်ရှန်းမှာ တွေးတွေးဆဆ ဖြစ်သွားခဲ့သည်။
ထိုလူအားလုံးက ရက်ပိုင်းအတွင်းမှာပင် ပျောက်ကွယ်သွားသည့်အလား ဖြစ်နေခဲ့သည်။
သူသည် ထိုလူများက မြူခိုးများ မရောက်ရှိသေးသည့် နေရာများဆီသို့ ဆုတ်ခွာသွားသည်ဟု ထင်နေခဲ့ဖူးသည်။ သို့သော် သူက မည်သူ့ကိုမှ ရှာမတွေ့သေးပေ။
သူသည် ဟွာရှုနယ်ပယ် ကျင့်ကြံသူတစ်စုကိုသာလျှင် မြင်တွေ့ခဲ့ရသည်။
“ ကျောချမ်းစရာ ကောင်းလွန်းတယ် “
တစ်ချို့သော အကြောင်းပြချက်များကြောင့် လုချန်ရှန်းမှာ မြူခိုးများ အတွင်းတွင် နေနေရင်းဖြင့် ခြောက်ခြားဖွယ်ကောင်းသည့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။
--
…………………………………………………………………………………………………………………………………………..