အခန်း ၃၇၂
Vol. 25 Ch. 372
အပိုင်း ( 372 )
လုံခြုံမှုအပြည့်
မြူခိုးများအတွင်းတွင် တစ်ခဏခန့် တိတ်ဆိတ်နေကာ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ကြောက်ဖို့ကောင်းတယ် “
သူကိုယ်တိုင်ကပင် ကျောချမ်းသွားခဲ့သည်။
လောင်လျူမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလာခဲ့သည် “ ဟုတ်တယ်။ တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ် “
သူက ၎င်းကို လူကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရလေသည်။ သူက ယခုမှသာ အပြင်ထွက်လာခဲ့ခြင်းဖြစ်ပြီး စတိုင်မထုတ်ရသေးခင် အချိန်မှာပင် အနက်ဝတ်လူတစ်စု ရောက်ရှိလာခဲ့ကာ ဓားများ ဝေ့ယမ်း၍ သူ့ကို တိုက်ခိုက်ကြောက်လန့်သွားစေခဲ့လေသည်။
ထို့အပြင် ထိုလူအားလုံးက ကောင်းစွာကြိုတင်ပြင်ဆင်လာခဲ့သည်။ လောင်လျူက ဟွာရှုနယ်ပယ် အဆင့်၁တွင်သာ ရှိနေခဲ့သော်လည်း သူ၏ ဓားဆန္ဒ ဖြစ်တည်ခြင်းကြောင့် ဟွာရှုနယ်ပယ် အဆင့်၃ ကျင့်ကြံသူကပင် ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် အဆုံးတွင် သူ၏ခြေထောက်တစ်ဖက် ကျိုးပဲ့ပျက်စီးသွားခဲ့သည်။ ၎င်းမှာ ထိုလူများက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သက်သေပြရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းဆီမှာ သတ္ထုစွမ်းအင် ရှိတယ်မလား။ သူတို့က မင်းကို ဘယ်လိုလုပ် လွှတ်ပေးလိုက်တာလဲ “
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက ထိုလူများက အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်အတွက် မည်သူ့ကိုမှ သက်ညှာလိမ့်မည် မဟုတ်ပေ။ သို့သော် လောင်လျူကမူ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
လောင်လျူမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ငါတို့ရဲ့ နောက်ဆုံးတစ်ကြိမ်က ဖလှယ်မှုကို ကျေးဇူးတင်ရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတကယ် သေသွားလောက်တယ် “
“ ဖလှယ်မှုတစ်ခုက မင်းရဲ့ အသက်ကို ကယ်နိုင်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ “
ရှောင်ဟေးမှာ ၎င်းက မည်ကဲ့သို့သော လှည့်ကွက်မျိုးလဲဆိုသည်ကို သိချင်သောကြောင့် ဝင်ရောက်မေးမြန်းနေတော့သည်။
သို့ရာတွင် လုချန်ရှန်းက သူ့ကို ငေးကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ သူက သေချင်ယောင်ဆောင်လိုက်တာ “
“ အို့ “
ရှောင်ဟေး သဘောပေါက်သွားပြီး လုချန်ရှန်း ကျင့်ကြံသည့် နည်းစနစ်ကို အမှတ်ရသွားခဲ့သည်။
ယခင်က လောင်လျူက သူ၏ စီနီယာအစ်ကိုများကို ဓားကျမ်းစာ သင်ပေးရန်အတွက် လုချန်ရှန်းမှာ သူ၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် အတွေးအမြင်များကို ဖလှယ်ပေးခဲ့ပြီး အဆိုပါ နည်းစနစ်မှာလည်း ၎င်းတို့အနက်တွင် ပါဝင်ခဲ့လေသည်။
“ အဲ့နည်းစနစ်က အရေးအကြီးဆုံး အခိုက်အတန့်မှာ ငါ့အသက်ကို ကယ်တယ်ပေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အရင်က ငါနားမလည်ခဲ့ဘူး “ ရှောင်ဟေးက စိတ်ခံစားချက်တို့ဖြင့် ပြောဆိုနေတော့သည်။
လုချန်ရှန်းက လှောင်ပြောင်လိုက်၏ “ ဟက် မင်းက အဲ့တာကို သင်ချင်နေတာမလား “
“ အင်းး “ ရှောင်ဟေးက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် အတော်လေး ရိုးသားနေခဲ့ပြီး ၎င်း၏ အသုံးဝင်မှုကို သိလိုက်ရချိန်တွင် ခေါင်းမာမာဖြင့် တင်းခံမနေတော့ပေ။
သူတို့နှစ်ဦးစလုံး စကားပြောနေကြတော့သည်။
သို့ရာတွင် လောင်လျူမှာ အံ့ဩမှင်သက်သွားကာ မအောင့်ထားနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ မင်းတို့နှစ်ကောင် ငါ့ရဲ့ ဒဏ်ရာတွေက တော်တော်လေးကို ပြင်းထန်တယ်လေ။ ငါ့ကို အရင်ဂရုမစိုက်သင့်ဘူးလား “
သူ့စကားကို ကြားလိုက်ရသောအခါတွင် သူတို့နှစ်ဦးသည် ဤနေရာတွင် လောင်လျူ ရှိနေသေးသည်ဆိုသည်နှင့် သူ၏ ဒဏ်ရာများက ဆိုးရွားသည်ဆိုသည်တို့ကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
သူ၏ ဒဏ်ရာများကို တည်ငြိမ်သွားစေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက စကားစပြောလိုက်သည် “ ငါတို့က ဒီနေရာမှာ ဆက်နေနေလို့ မရတော့ဘူး။ အရင်သွားကြတာပေါ့ “
လောင်လျူ၏ ပြောပြချက်အရ ဤဖြစ်ရပ်များကို နောက်ကွယ်မှ ထိန်းချုပ်နေသည့် တစ်စုံတစ်ဦး ရှိနေပြီး ဘာဆက်ဖြစ်လာမလဲဆိုသည်ကို မည်သူမှ သိနိုင်မည် မဟုတ်ပေ။
လုချန်ရှန်းက ယုံကြည်မှု အနည်းငယ် ရှိနေသော်လည်း သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်စုကို သူ၏ မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးဖြင့် ရင်ဆိုင်ရန် လုံလုံလောက်လောက် ယုံကြည်ချက် မရှိပေ။ ပြေးသင့်သည့်အချိန်ရောက်လျှင် သူပြေးမည် ဖြစ်သည်။ သူရဲကောင်းလုပ်နေမည်ဆိုပါက စောစောဂန့်သွားရလိမ့်မည်သာ။
ရှောင်ဟေးတစ်ဦးတည်းကသာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြောဆိုလာခဲ့သည် “ အပြင်ကမ္ဘာက ဇောက်ထိုးမိုးမျှော်ဖြစ်နေလောက်မှာကို ငါကြောက်မိတယ်။ ဘယ်သူကမှ ထုတ်မပြောကြပင်မဲ့ မင်းအသက်ရှင်နေသေးတာကို လူတော်တော်များများက သိနေတယ် “
ကူချန်ကျွင်းကြောင့်သာလျှင် လူတိုင်းက မသိချင်ယောင်ဆောင်ထားကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့က အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ကာ ဒုက္ခရှာနေကြမည် မဟုတ်ပေ။
“ အရင်ထွက်ကြည့်လိုက်ကြတာပေါ့ “
လုချန်ရှန်းက မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။ သူသည် သူ၏ အစစ်အမှန် အသွင်အပြင်ကို ပြန်လည်ပြောင်းလဲထားကာ ထွက်ပေါက်သို့ ဦးတည်သွားတော့သည်။
လူတိုင်း စောင့်ကြည့်နေစဥ် အချိန်တွင် ထိုလူများက သူ့ကို ပေါ်တင် တိုက်ခိုက်ရဲမည်လော။
ထို့အပြင် အကယ်၍ သူတို့က တိုက်ခိုက်ခဲ့မည်ဆိုလျှင်တောင် သူတို့ကသာလျှင် ကံဆိုးသူမောင်ရှင် ဖြစ်သွားရပေလိမ့်မည်။ သူ၏ ယုံကြည်မှုက ကူချန်ကျွင်းတစ်ဦးတည်းထံမှ ရရှိလာခဲ့ခြင်း မဟုတ်ပေ။
မကြာခင် အချိန်မှာပင် သူတို့က ထွက်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထွက်ပေါက်ကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက်တွင် အင်အားစု အသီးသီးက သတ်ဖြတ်လိုစိတ်တို့ဖြင့် တလက်လက် တောက်ပနေသော မျက်ဝန်းများနှင့် သူတို့ကို စိုက်ကြည့်နေခဲ့ကြသည်။
အထူးသဖြင့် အထက်နယ်မြေမှ လူများဖြစ်ပြီး သူတို့၏ အမူအရာများမှာ အလွန်တရာ မည်းမှောင်နေလျက်ရှိသည်။
ရွှေနဂါးမျိုးနွယ်စု၏ ကျင်းကျန့်အသတ်ခံလိုက်ရပြီး ဝမ်ထျန်သားတော်ကိုးပါးအနက်မှ တစ်ဦးမှာလည်း ထူးဆန်းစွာ သေဆုံးသွားခဲ့သည်။ အပြာရောင် ဝိညာဥ်မျိုးနွယ်စုမှ လန်လင်း၏ ရှေးဦးဝိညာဥ်မှာလည်း ပြိုကွဲပျက်စီးကာ ပြန်ကောင်းလာမည့် အရိပ်အယောင်ကို မမြင်ရပေ။ မည်သည့်အကြောင်းအရင်းကြောင့် ထိုကဲ့သို့ ဖြစ်သွားရလဲဆိုသည်ကို မည်သူမှ ရှာမတွေ့ခဲ့ပေ။
လန်ချန်းကပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ သူက လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် ချုံခိုအတိုက်ခံခဲ့ရပြီး သူ၏ မျိုးနွယ်စုဝင်များက အသက်ကို စတေး၍ တိုက်ခိုက်ကာ သူ့ကို ထွက်ပြေးလွတ်မြောက်သွားစေခဲ့ပြီး ကျန်နေခဲ့သည့် လူများမှာ လုံးဝအပြတ်ရှင်းခံလိုက်ရာ တစ်ဦးတစ်လေမှ ရှင်သန်မနေခဲ့ပေ။
လန်ချန်းကိုယ်တိုင်က ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ဝက် ဖြတ်တောက်ခံလိုက်ရကာ နတ်ဆေးလုံးကို မှီခိုထားသောကြောင့်သာ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းက ရှောင်ထျန်ချန်းကို အံ့ဩတကြီး ဖြစ်သွားစေခဲ့သည်။ သူက ဟွာရှုနယ်ပယ် ကျင့်ကြံရေးကို မပိုင်ဆိုင်ထားသောကြောင့် လန်ချန်းနောက်သို့ လိုက်ကာ လျှို့ဝှက်နယ်မြေအတွင်းသို့ မဝင်ခဲ့ပေ။ ထို့ကြောင့် သူက ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည်။
ထျန်းရီမြင့်မြတ်နယ်မြေမှာလည်း စိတ်ခံစားချက်တို့ဖြင့် ဂဏာမငြိမ်ဖြစ်နေလျက်ရှိသည်။
ကောင်းကင်ဘုံ အကယ်ဒမီမှာလည်း ကြီးကြီးမားမား ဆုံးရှုံးခဲ့ပြီး လူတိုင်း အပြတ်ရှင်းခံရလုနီးပါး ဖြစ်ခဲ့ကာ အနည်းငယ်မျှသာ ရှင်သန်နိုင်ခဲ့သည်။
လူတစ်ဦးချင်းစီတိုင်း၏ မျက်ဝန်းများမှာ သွေးအလား နီရဲနေခဲ့သည်။
သူတို့အားလုံးက လူသတ်သမားကို ရှာဖွေချင်နေခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူတို့အားလုံးက လုချန်ရှန်းကို မြင်တွေ့လိုက်ရသည်။
သူက လျှို့ဝှက်နယ်မြေအတွင်းမှ ဆောင့်ကြွားဆောင့်ကြွားဖြင့် ထွက်လာခဲ့ပြီး လူတိုင်းကို မြင်တွေ့လိုက်ရသောအခါတွင် နှုတ်ဆက်ရန် မမေ့ခဲ့ချေ “ အို့ အားလုံး ဒီမှာ ရှိနေကြတာပဲ။ ခင်ဗျားတို့က ဒီနေရာမှာ လူစုနေပြီးတော့ ဘာလုပ်နေကြတာလဲ “
သူ့ကို မြင်လိုက်ရသောအခါတွင် ထိုလူများက အံ့ဩသွားပုံမရချေ။
ထိုလူများက သတင်းကို ကြိုတင်ရရှိထားခဲ့သည့်ပုံပင်။
ရှောင်ဟေးကမူ လေးလေးစားစား ဖြစ်နေသော အမူအရာဖြင့် အခြေအနေကို ငေးကြည့်နေခဲ့သည်။ ဤကဲ့သို့သော အချိန်မျိုးမှာပင် ထိုအကောင်က ထိုလူများကို သိသိလျက်ဖြင့် မေးခွန်းထုတ်နေခဲ့လေသည်။
ထိုအကောင်မှာ အင်အားစုကြီးများကို အလေးထားပုံ မရချေ။
သို့သော် အောက်ဘက်ရှိ မြေပြင်ကို မြင်တွေ့လိုက်ရသောအခါတွင် သူသဘောပေါက်သွားခဲ့သည်။
ထိုနေရာတွင် ကူချန်ကျွင်းက လက်ပိုက်၍ မတ်တပ်ရပ်နေလျက်ရှိပြီး သူ့အနားတွင် မည်သူမှ ရှိမနေခဲ့ပေ။ သူက ထွက်ပေါက်ကို တိတ်တဆိတ်ငေးကြည့်နေပြီး မည်သူကမှ သူ့အနားသို့ မကပ်ရဲကြပေ။
သူ၏ တည်ရှိမှုကပင် ကြီးမားသော ဟန့်တားနိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းက ဆရာဟု ချိုသာစွာ အော်ခေါ်၍ လောင်လျူနှင့် ရှောင်ဟေးကို သူ့ဆီသို့ တိုက်ရိုက်ဦးဆောင်သွားတော့သည်။
သူက ကူချန်ကျွင်းကို ဤနေရာအကြောင်း မပြောပြခဲ့သော်လည်း သူ၏ ဆရာဖြစ်သူက ဤနေရာသို့ လာဖို့များသည်ဆိုသည်ကို သိရှိနေခဲ့သည်။
စိတ်လှုပ်ရှားဖွယ်ကောင်းသော နေရာများ ပေါ်လာပါက လုချန်ရှန်းဆိုသည့်အကောင်က ရှေ့ဆုံးက ရောက်နေပြီဖြစ်ပြီး ကူချန်ကျွင်းမှာလည်း ၎င်းကို နေသားကျနေခဲ့ပြီ ဖြစ်သည်။
မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မသိသော်လည်း သူသည် ဆရာဖြစ်သူကို မြင်လိုက်ရသောအခါတွင် လုံခြုံမှုအပြည့်ရှိသည်ဟု ခံစားလိုက်ရသည်။
ကူချန်ကျွင်းက သူ့ကို ငေးကြည့်ကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
“ အင်း “
လူတိုင်းက ၎င်းကို ငေးကြည့်နေခဲ့ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ အထူးသဖြင့် ကောင်းကင်ဘုံ အကယ်ဒမီဖြစ်ပြီး သူတို့မှာ ဆိုးရွားသော အသီးတစ်လုံးကို စားလိုက်ရသည့်ပမာ စိတ်မသက်မသာ ဖြစ်သွားကြသည်။
မြင်တွေ့ရသလောက်အရဆိုပါက ကူချန်ကျွင်းက လုချန်ရှန်း အသက်ရှင်နေသည်ဆိုသည်ကို သိနေပုံရပြီး ယခင်က ကောင်းကင်ဘုံ အကယ်ဒမီတွင် ပြုလုပ်ခဲ့သည့် ခြိမ်းခြောက်မှုနှင့် အပြုအမူများက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည့်ပုံပင်။
၎င်းကို တွေးမိသွားသောအခါတွင် သူတို့အားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။
သူတို့အားလုံးက ထိုဆရာတပည့် နှစ်ဦး၏ ဆော့ကစားခြင်းကို ခံခဲ့ရလေသည်။
သို့ပေမည့် ထိုကိစ္စကို မည်သူက မေးခွန်းမထုတ်ရဲကြသကဲ့သို့ အီးပင် မပေါက်ရဲကြပေ။ ထိုလူနှစ်ဦးကို စိတ်ခံစားချက်တို့ဖြင့် တိတ်တဆိတ် ငေးကြည့်နေရုံသာ တတ်နိုင်ကြ၏။
ထိုအခိုက်အတန့်တွင် အပြာရောင် ဝိညာဥ်မျိုးနွယ်စုက အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။ ကိုယ်တစ်ခြမ်း စုတ်ပြတ်သပ်နေသည့် လန်ချန်းကပင် အမုန်းတရားတို့ဖြင့် လက်သီးတဆုပ်ဆုပ် ဖြစ်နေခဲ့သည်။
လုချန်းရှန်းကြောင့်သာ မဟုတ်ဘူးဆိုပါက လန်လင်းက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရလိမ့်မည်နည်း။
သူ၏ မျက်လုံးများ နီရဲနေကာ ထိုအကောင့်ကို အရှင်လတ်လတ် ဝါးစားချင်နေခဲ့သည်။ သို့သော် သူ့ဘေးနားတွင် ရှိနေသည့် လူတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
“ မလုပ်နဲ့ “
“ သူ့ကြောင့် ငါ့ညီမက အဲ့လိုဖြစ်သွားရတာ။ ငါ ………. “
တစ်ဖက်လူက ပြန်ပြောလိုက်၏ “ လက်ရှိအခြေအနေအရတော့ စကားမပြောတာက အကောင်းဆုံးပဲ။ စကားပြောလိုက်ပြီဆိုတာနဲ့ ငါတို့က သူ့ကို လုပ်ကြံဖို့ ဝိုင်းတိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စက ပေါ်သွားလိမ့်မယ် “
“ အဲ့တော့ ဘာဖြစ်လဲ “ လန်ချန်း၏ အကြည့်များ အေးစက်နေကာ ဒေါသကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့သွားသည့်ပုံပင်။
“ ကူချန်ကျွင်းကို ရန်စလို့ မရဘူး။ အခုလက်ရှိ အချိန်မှာပေါ့ “
၎င်းက အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏ လေသံမှာ အလွန်တရာ လေးနက်နေခဲ့သည်။ ၎င်းမှာ ယွမ်ထင်က သူတို့ကို ပေးခဲ့သည့် အကြံဉာဏ်ဖြစ်သည်။ အောက်နယ်မြေ၌ နတ်ဘုရားနယ်ပယ်တွင် ရှိသည့် လူတစ်ဦးက ဘာကိုဆိုလိုလဲဆိုသည်ကို လူတိုင်းက ကောင်းစွာသိရှိနေခဲ့သည်။
အဆုံးတွင် လန်ချန်းက အဖျောင်းဖျခံလိုက်ရကာ စိတ်တည်ငြိမ်သွားခဲ့သည်။
သူတို့ဘေးနားတွင် ရှိနေသည့် ထျန်းရီမြင့်မြတ်နယ်မြေမှာလည်း သူတို့ချွေးများကို သုတ်နေတော့လေသည်။ သူတို့၏ သူတော်စင်က ကံကောင်းထောက်မ၍ ရှင်သန်နိုင်ခဲ့ပြီး အကယ်၍ လန်ချန်းက ထိုကဲ့သို့ သွားအော်လိုက်မည်ဆိုပါက မည်သည့်အရာများ ဖြစ်လာလိမ့်မည်နည်း။
အကယ်၍ သူတို့ကသာ လုချန်ရှန်းကို ချုံခိုတိုက်ရန် ပြုလုပ်ခဲ့သည့် အနက်ဝတ်လူ အစီအစဥ်ကို မတော်တဆ စကားကျွံသွားမည်ဆိုပါက တစ်ကမ္ဘာလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားပေလိမ့်မည်။
အရပ်မျက်နှာ ရှစ်ခုစလုံး တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် ကူချန်ကျွင်းမှာ မျက်တောင်ခတ်ချင်စိတ်ပင် မရှိတော့ချေ။ သူသည် လူတိုင်းကို လျစ်လျူရှုကာ လုချန်ရှန်းနှင့် သူ၏ အပေါင်းအဖော်နှစ်ဦးကို ခေါ်ဆောင်၍ လူတိုင်း၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ဤနေရာရှိ လေထုမှာ ပိုမိုသက်တောင့်သက်တာ ရှိသွားခဲ့သည်။ သို့သော် လူတစ်အုပ်မှာ ထွက်ပေါက်ကို ငေးကြည့်ကာ လက်လျှော့လိုစိတ် မရှိသေးပေ။
ယနေ့၏ တိုက်ပွဲက ပြီးဆုံးသေးပုံမရချေ။
--
………………………………………………………………………………………………………………………………….