← Chapters

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း ၃၇၅

Vol. 25 Ch. 375

အပိုင်း ( 375 )

သူတော်စင်က အဆင့်တက်နေတာလား

နောက်ရက်များအတွင်း၌ လူတိုင်းက ကျင့်ကြံရေးတွင်သာ ကိုယ့်ကိုကိုယ် နှစ်မြုပ်ထားခဲ့ကြသည်။

လုချန်ရှန်း၏ သင်ပြမှုကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် သူတို့အားလုံး ဉာဏ်အလင်းရသွားခဲ့ကြသည်။ ကူချန်ကျွင်း၏ နက်နဲရှုပ်ထွေးသော သင်ပြပေးမှုနှင့် ယှဥ်လိုက်သော် လုချန်ရှန်းပြောခဲ့သည့် အရာများက သူတို့နှင့် ပိုမိုသင့်လျော်နေပုံရပြီး သူတို့က အဆင့်ထိုးဖောက်မှု နောက်တစ်ခုကိုပင် ပြုလုပ်နိုင်တော့ပေမည်။

လုချန်ရှန်းကမူ ကူချန်ကျွင်းနှင့်အတူ နတ်ကောင်းကင်ဂိုဏ်းမှ ထွက်သွားခဲ့သည်။

တောင်ပိုင်းဒေသ၏ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ကူချန်ကျွင်းမှ သူ၏လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ ရုန်းအများအပြား ဖြစ်တည်လာကာ ဘက်ပေါင်းစုံသို့ ကျဆင်းသွားပြီး အစီအရင်အလံ ဆယ့်ရှစ်ခုက ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

သူသည် ဤတစ်နေရာတွင် တားမြစ်ချက်တစ်ခု တည်ဆောက်ကာ ၎င်းကို ကမ္ဘာလောကနှင့် ခွဲထုတ်လိုက်လေသည်။

ထို့နောက်တွင် လုချန်ရှန်းက ထိုနယ်မြေအတွင်းသို့ ဝင်သွားပြီး သဘာဝစွမ်းအင်များက ထိုနေရာကို ဖုံးလွှမ်းသွားကာ အရာရာတိုင်းကို ပျောက်ကွယ်သွားစေခဲ့၏။ ထိုအခိုက်အတန့်တွင် ဖိနှိပ်ထားသည့် တားမြစ်ချက်ကို ထုတ်လွှတ်လိုက်ရာ ကြီးမားသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

အဆုံးမဲ့ အရှိန်အဝါများ ကောင်းကင်ထက်သို့ ပျံ့နှံ့သွားပြီး သူသည် တင်ပျဥ်ခွေမထိုင်ဘဲ ကောင်းကင်ယံသို့ အေးအေးလူလူ မော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ အရှိန်အဝါမှာ ဖြည်းဖြည်းချင်း အားကောင်းလာခဲ့သည်။

လေပြင်းများ တိုက်ခတ်လာပြီး လုချန်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် တာအိုစွမ်းအင်များ ပြောင်းလဲသွားခဲ့သည်။ သူ၏ ကျင့်ကြံရေး နယ်ပယ်က မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ကျော်လွန်၍ ဟွာရှုနယ်ပယ်ကို စတင်၍ ထိုးဖောက်နေတော့လေသည်။

သူ့အနောက်တွင် တာအိုကားချပ်တစ်ခု အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီး လေပြင်းများနှင့်အတူ စာလိပ် ပွင့်ဟသွားကာ တလက်လက် တောက်ပလာခဲ့သည်။

တာအိုစွမ်းအင် အများအပြား စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတော့၏။

အုမ်း

တစ်ချိန်တည်းမှာပင် ကြီးမားသော မိုးကြိုးတိမ်တိုက်တစ်ခု လိပ်တက်လာခဲ့ပြီး ကောင်းကင်ပြင်တွင် စုစည်းသွားကာ ကောင်းကင်နှင့် သူရိန်နေမင်းတို့ကို အုပ်မိုး၍ တစ်ကမ္ဘာလုံးကို မည်းမှောင်သွားစေပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် စွမ်းအားတစ်ခု ချပြလာခဲ့သည်။

အလင်းတန်းများ လင်းလက်လာကာ ငွေရောင် အလင်းတန်းမှာ တိမ်တိုက်များကြားတွင် ကခုန်နေသည့် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ လည်ပတ်နေခဲ့သည်။

အရာအားလုံးက အဆုံးစွန်ဆုံးသော အခြေအနေမျိုးအထိ ဖိနှိပ်ခံလိုက်ရသည်။

အဆိုပါ ကောင်းကင်ဘုံ ကပ်ဘေးက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို မည်သူမှ မသိကြပေ။

ကူချန်ကျွင်းကမူ အစီအရင် အပြင်ဘက်တွင် မတ်တပ်ရပ်နေကာ အဝေးမှစောင့်ကြည့်နေခဲ့သည်။ အရာအားလုံး ပိတ်ဆို့ခံထားရသောကြောင့် သူကိုယ်တိုင်ကပင် အတွင်းရှိ အခြေအနေကို မမြင်နိုင်ခဲ့ပေ။ သို့သော် ထိုနေရာမှ ပေါ်ထွက်လာသည့် စွမ်းအင်လှိုင်းတို့မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ဂျိန်းးးးးး

ကြောက်မက်ဖွယ်ရာ အသံတစ်သံ ဟိန်းထွက်လာခဲ့ကာ ကောင်းကင်နှင့် ကမ္ဘာမြေ လှုပ်ရမ်းသွားပြီး မိုးကြိုးပင်လယ်တစ်စင်း ဆင်းသက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုနေရာမှ အဆုံးမဲ့ ဆူညံသံများ ပေါ်ထွက်လာခဲ့ပြီး အစီအရင်အလံ ဆယ့်ရှစ်ခုစလုံး လင်းလက်တောက်ပသွားကာ တဝီဝီအော်မြည်သံများ ထုတ်လွှတ်၍ အဝေးသို့ ပျံ့လွင့်သွားသည့် အက်ကြောင်းများကို ဖန်တီးနေခဲ့သည်။

တောင်တန်းများနှင့် မြစ်ချောင်းများ လှုပ်ရမ်းသွားပြီး ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ပင် ပွင့်ထွက်သွားခဲ့သည်။ ၎င်းက အစသာလျှင် ရှိနေသေးသည်။ သို့သော် ၎င်းမှာ ကောင်းကင်ဘုံ ကပ်ဘေး၏ ဖိအားကို တောင့်မခံနိုင်တော့ပေ။

၎င်းက ရှားပါး ကောင်းကင်ဘုံ ကပ်ဘေးဖြစ်ပြီး ကူချန်ကျွင်းကပင် တအံ့တဩဖြစ်သွားကာ အကြည့်များ လေးနက်သွားခဲ့သည်။

သူသည် သူ၏ တပည့်ငယ်လေးက ထိုမျှလောက် ပါရမီကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာ၌ လုချန်ရှန်းက လေထုအတွင်းတွင် မျောလွင့်နေပြီး သူ၏ တာအိုကားချပ် ပျောက်ကွယ်သွားပြီဖြစ်ကာ ကောင်းကင်ဘုံ ကပ်ဘေးအား သူ၏ ရုပ်ခန္ဓာကို အသုံးပြု၍ ရင်ဆိုင်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် အစကတည်းက သူ၏ အသွေးအသားနှင့် အရေပြားတို့ စုတ်ပြတ်သပ်သွားကာ သွေးများ ပန်းထွက်လာခဲ့၏။

ထိုအခိုက်အတန့်တွင် ရွှေရောင်ကြာပန်းတို့ပါ ဘေးတစ်ဖက်တစ်ချက်စီတွင် ပွင့်လန်းလာကာ အဆုံးမဲ့ စင်ကြယ်မှုတို့ဖြင့် ပြည့်နှက်သွားစေခဲ့၏။

ထိုအခိုက်အတန့်တွင် အင်မော်တယ် အလင်းတန်းက သူ၏ ပတ်ပတ်လည်တွင် အမှန်တကယ် လည်ပတ်လိမ်ယှက်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပင်လယ်အတွင်းတွင် နစ်မြုပ်နေပြီဖြစ်ပြီး သူ၏ အရေပြားနှင့် အသွေးအသားတို့ စုတ်ပြတ်သပ်သွားကာ သွေးများ နေရာအနှံ့လွင့်စင်သွားပြီး သူ၏ အရိုးများပင် ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

“ ဒီဟာကြီးက ငါ့ကို အသေသတ်နေတာလားဟ “

လုချန်ရှန်းက အော်ဟစ်ဟိန်းဟောက်နေတော့၏။ သူသည် ယခုတွင် မည်သို့မျှ ကပ်စီးနဲမနေတော့ဘဲ ဆေးအမြောက်အများကို ဆက်တိုက်မျိုချနေတော့သည် သူ၏အသက်ကို ထိန်းသိမ်းခြင်းက အရေးကြီးလှပေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကြွယ်ဝသော အသက်အဆီအနှစ်များ တိုးဝင်လာခဲ့ပြီး သူ၏ အသွေးအသားများ ပြန်ကောင်းမွန်သွားကာ ထပ်မံ၍ စုတ်ပြတ်ပွင့်ထွက်သွားခဲ့ရပြန်သည်။

သူ၏ အဖြူရောင် ဝတ်စုံမှာ သွေးတို့ဖြင့် ရဲရဲတောက်နေပြီဖြစ်ပြီး သူ့အနောက်တွင် တားအိုကားချပ်တစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်သွားဘဲ အရှေ့သို့သာ ထပ်မံ၍ ပြေးတက်သွားခဲ့သည်။

ဆွစ်ရှ်

ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် အဆုံးမဲ့ ဆူညံသံတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ အစီအရင်က ဤနေရာရှိ လှုပ်ခတ်မှုကို မဖုံးကွယ်ထားဘဲ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားစေခဲ့သည်။ ဟင်းလင်းပြင်အတွင်းတွင် ကြာပန်းများစွာ ပွင့်လန်းလာခဲ့ပြီး ကောင်းကင်ဘုံ ကပ်ဘေးအတွင်းတွင် သားရဲပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။

အလွန်ဝေးကွာနေသော်လည်း အင်အားစုတော်တော်များများက ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ မူမမှန်သော လှုပ်ရှားမှုများကို အာရုံခံမိသွားကြသည်။

ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများကလည်း တောင်ပိုင်းဒေသ၏ ပြောင်းလဲမှုများကို အာရုံခံမိသွားခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး ဖိနှိပ်ခံလိုက်ရပြီး ဆက်တိုက်ဆင့်ကဲပြောင်းလဲနေကာ ကပ်ဘေးအလင်းတန်းများ ပေါ်ထွက်လာကာ ကောင်းကင်ပြင်ကို လင်းထိန်သွားစေခဲ့၏။

“ ဘာတွေဖြစ်နေတာလဲ။ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ကပ်ဘေးအလင်းတန်းမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ “ ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲတစ်ဦးက တအံ့တဩဖြင့် လွှတ်ခနဲ ပြောမိသွားခဲ့သည်။

“ တစ်ယောက်ယောက်က ကပ်ဘေးကို ကျော်ဖြတ်နေတာပဲ။ ကြည့်ရသလောက်အရဆိုရင်တော့ အဲ့တာက ဟွာရှုနယ်ပယ်ကပ်ဘေးပဲ။ ဒါပင်မဲ့ ဟွာရှုနယ်ပယ်ကပ်ဘေးက ကောင်းကင်တစ်ခုလုံးကို ဘယ်လိုလုပ် ဖုံးလွှမ်းနေရတာလဲ “

သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ဟွာရှုနယ်ပယ် ကောင်းကင်ဘုံကပ်ဘေးက ထိုကဲ့သို့ မဖြစ်သင့်ပေ။ ၎င်းက တောင်ပိုင်းဒေသနှင့် အလွန်တရာ ဝေးကွာနေပြီး ကောင်းကင်ဘုံ အကယ်ဒမီကပင် ကပ်ဘေးအလင်းတန်းများကို မြင်တွေ့နေခဲ့ရသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။

“ အဲ့လိုလှုပ်ခတ်မှုမျိုးကို ဘယ်လိုလူမျိုးက ဖြစ်ပေါ်စေခဲ့တာလဲ “

သူတို့၏ စိတ်နှလုံးသားများ လှုပ်ရမ်းသွားကာ လူများ ပိုမိုစိတ်ဝင်စားသွားကာ ကောင်းကင်ထက်သို့ မော့ကြည့်နေကြတော့သည်။

လူတစ်ချို့မှာ နတ်ပစ္စည်းများကိုပင် အသုံးပြု၍ ထိုမြင်ကွင်းကို ထောက်လှမ်းကြည့်ရှုခဲ့ကြလေသည်။ သို့သော် အဆုံးမဲ့ မိုးကြိုးလျှပ်စီးများက အရာရာတိုင်းကို ဖုံးအုပ်ထားသည်ကိုသာ မြင်တွေ့လိုက်ကြရသည်။ အစီအရင်၏ ကာကွယ်မှုကြောင့် အတွင်းရှိ အခြေအနေများကို မည်သူမှ မမြင်နိုင်ခဲ့ပေ။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ကျယ်ပြန့်သော ကောင်းကင်နှင့် ကမ္ဘာမြေမှတစ်ပါး မည်သည့်အရာကိုမှ မမြင်ခဲ့ရပေ။

သို့ရာ၌ ထိုနေရာတွင် ကပ်ဘေးစွမ်းအင်များ ကောင်းကင်ထက်သို့ ထောင်တက်နေလျက်ရှိ၏။

“ မွေးရာပါ ဝိညာဥ်နယ်ပယ်ကနေ ဟွာရှုနယ်ပယ်ကို အဆင့်တက်တာက ဒီလိုကပ်ဘေးကြီးတစ်ခုကို ဆွဲဆောင်နိုင်တယ်ပေါ့။ အဲ့တာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ “

သူတို့အားလုံး မယုံကြည်နိုင် ဖြစ်သွားကြသည်။

လူတိုင်းငေးမောကြည့်ရှုနေစဥ် အချိန်မှာပင် နတ်ဘုရားတောင်ထွတ်သခင် ရောက်ရှိလာခဲ့ပြီး ဖြည်းဖြည်းချင်း စကားပြောနေတော့သည်။

“ အဆင့်တက်နေတာက မဟာတောရိုင်း နန်းတော်ရဲ့ အဲ့ဒီသူတော်စင်ဖြစ်နေမှာကို ငါကြောက်မိတယ် “

“ မဟာတောရိုင်း နန်းတော်လား “

စကားတစ်ခွန်းက လူတိုင်းကို လှုပ်နှိုးလိုက်ပုံရ၏။ သူမှတစ်ပါး မည်သူက ထိုကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည်နည်း။

“ အမှန်ပဲ “

“ သူကလွဲရင် ဘယ်သူက အဲ့လိုလုပ်နိုင်မှာလဲ “

လူအုပ်ကြီးမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

အစတွင် စုံစမ်းစစ်ဆေးရန်အတွက် လူတစ်ချို့ စေလွှတ်ရန် တွေးထားခဲ့ကြသော်လည်း သူတို့၏ လက်များကို ဝေ့ရမ်းကာ စကားထပ်ပြောနေကြတော့သည် “ သူတို့ကို ပြန်ခေါ်လိုက်။ သွားဖို့ မလိုတော့ဘူး “

အကယ်၍ အဆိုပါ သူတော်စင်သာ ဖြစ်နေမည်ဆိုပါက ထိုကဲ့သို့သော စုံစမ်းစစ်ဆေးခြင်းက သူ့ကို ရန်စမိသည့်အလား ဖြစ်သွားစေလိမ့်မည်။ ယခုလက်ရှိအချိန်တွင်လည်း အရာအားလုံး နောက်ကျသွားပေလိမ့်မည်။ နယ်မြေတစ်ခုက အလွန်တရာ ကြီးမားလွန်းလှပြီး ကပ်ဘေးကို ကျော်ဖြတ်ခြင်းက ထိုမျှလောက် ကြာရှည်လိမ့်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အထက်နယ်မြေ၏ လူတို့မှာ လေးနက်နေသော အမူအရာများဖြင့် ထိုမြင်ကွင်းကို စစ်ဆေးကြည့်ရှုနေခဲ့ကြသည်။

“ ဘယ်လိုပါရမီရှင်မျိုးက အဲ့ပုဂ္ဂိုလ်ကို ယှဥ်နိုင်မှာလဲ “ အပြာရောင် ဝိညာဥ်မျိုးနွယ်စုဝင်တစ်ဦးက မေးမြန်းလာခဲ့၏။

ရွှေနဂါးမျိုးနွယ်စုဝင်တစ်ဦးက ပြန်ပြောလိုက်သည် “ ငါတို့ မျိုးနွယ်စုရဲ့ အတောက်ပဆုံး ပါရမီရှင်ကတောင် ယှဥ်နိုင်လောက်မှာ မဟုတ်ဘူး “

သူတို့၏ အမူအရာများ ပြောင်းလဲသွားကာ ၎င်းကို လက်ခံလိုစိတ် ရှိပုံမရပေ။

သို့ရာတွင် ဝမ်ထျန်စံအိမ်၏ လူများက ခေါင်းတခါခါဖြင့် စကားဝင်ပြောနေတော့သည် “ အတွေးလွန်နေဖို့ မလိုပါဘူး။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ပင်လယ်တွေကလည်း ရွှံ့ဗွက်တစ်ခုသာသာပါပဲ။ အခုလက်ရှိ ကောင်းကင်နဲ့ မြေပြင်က အဲ့နှစ်တွေကလို မဟုတ်တော့ဘူး။ သူက ဒီနေ့ခေတ်နဲ့ မသက်ဆိုင်ဘူး။ သူ့ရဲ့ နည်းစနစ်တွေက ကောင်းကင်ဘုံကို ဘယ်လောက်ပဲ ဆန့်ကျင်နေနိုင်ပါစေ။ သူက အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး “

“ အဲ့လိုကိုး “

တစ်ခြားလူများမှာ တစ်ခုခုကို နားလည်သွားသည့်ပမာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည်။

သူတို့၏ နားလည်မှုများအရ အဆိုပါ သူတော်စင်ကသာလျှင် ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်ကို ဆွဲဆောင်နိုင်လေသည်။

သူတို့၏ အတွေးနှင့် မှန်းဆချက်များ မှန်ကန်နေခဲ့သည်။ ၎င်းက အဆိုပါ သူတော်စင်တစ်ဖြစ်လဲ လုချန်ရှန်း၏ ကောင်းကင်ဘုံ ကပ်ဘေးဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် ကောင်းကင်ဘုံ ကပ်ဘေး၏ စွမ်းအင်များ ကမ္ဘာမြေအတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။ ထိုဒေသတစ်ခုလုံးကို မိုးကြိုးစွမ်းအင်များ ဖုံးလွှမ်းသွားကာ လူများကို အထိတ်တလန့်ဖြစ်စေ၍ နောက်ဆုတ်သွားစေခဲ့၏။ သူတို့သည် အနားသို့ ကပ်မိသွားပါက ကပ်ဘေးနှင့် ရင်ဆိုင်ရမည်ကို အလွန်တရာ ကြောက်ရွံ့နေခဲ့သည်။

လုချန်ရှန်းကမူ ကောင်းကင်ဘုံကပ်ဘေးကို ကြံ့ကြံ့ခံ၍ ရင်ဆိုင်နေလျက်ရှိ၏။ သူ့နောက်ကျောရှိ တာအိုကားချပ်မှာလည်း မှိန်ဖျော့ဖျော့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး သွေးများ စီးထွက်နေသေး၏။

သို့သော် သူ၏မျက်ဝန်းများ တလက်လက် တောက်ပနေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူက ဟွာရှုနယ်ပယ်သို့ ရောက်ရှိသွားကာ ထိုနယ်ပယ်၏ အစွမ်းအထက်ဆုံး လူများအနက်မှ လူတစ်ဦးဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အတွင်းအပြင် အသွင်ပြောင်းခြင်းကို ခံယူနေရပုံရ၏။ သူသည် ကောင်းကင်ဘုံ ကပ်ဘေးကို အသုံးချကာ သူ၏ ရုပ်ခန္ဓာကို ပြုပြင်မြှင့်တင်ရန်အတွက် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကိုပင် သိမ်းဆည်းထားခဲ့သည်။ သူ၏ မှော်စွမ်းအားနှင့် ရှေးဦးဝိညာဥ်နှစ်ခုလုံး ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

လုချန်ရှန်းက မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏လက်ကို မြှောက်လိုက်ရာ ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဝိညာဥ်ချီများ သူ့ထံသို့ အရူးအမူး တိုးဝင်လာခဲ့ပြီး နတ်စမ်းချောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားကာ ဒဏ်ရာများကို ကုသပေးနေတော့သည်။

ကူချန်ကျွင်းကလည်း ၎င်းကို ခံစားမိနေခဲ့ကာ အသာအယာ ပြုံးနေတော့သည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။

မကြာခင် အချိန်မှာပင် လုချန်ရှန်း၏ ဒဏ်ရာများ ပျောက်ကွယ်သွားကာ သူ၏ ခွန်အားများ ပြည့်ဝသွားပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ကူချန်ကျွင်းသည် အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်ကာ အစီအရင်အလံများကို ရုတ်သိမ်းရန် ပြင်လိုက်သည်။ သို့သော် ထိုစဥ် လုချန်ရှန်းက အစီအရင်အတွင်းမှ တဟုန်ထိုး ပြေးထွက်လာခဲ့လေသည်။

သူသည် စကားတစ်ခွန်းမှမပြောဘဲ အဝေးသို့ ပြေးထွက်သွားကာ အမြင်အာရုံအတွင်းမှ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကူချန်ကျွင်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကာ အစီအရင်အလံကို သိမ်းဆည်း၍ သူ့အနောက်သို့ ပြေးလိုက်သွားတော့သည်။ မိုင်တစ်သောင်းအကွာ၌ လုချန်ရှန်းထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ထွက်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေတို့ကို ထပ်မံ၍ လှုပ်ခတ်သွားစေခဲ့ပြန်သည်။

သူ့ထံမှ ပေါ်ထွက်လာသည့် အရှိန်အဝါမှာ ကောင်းကင်နှင့် ကမ္ဘာမြေကို ပိုင်းဖြတ်ချင်သည့်အလား ဖြစ်နေခဲ့သည်။

“ ဓားကပ်ဘေး “

--

……………………………………………………………………………………………………………………………………..

All Chapters