ဒုတိယအဆင့်ကျောက်ဖျာ
Vol. 109 Ch. 1497
ထိုကျောက်ဖျာကိုးခုပေါ်တွင် ကျင့်ကြံသူကိုးယောက် ရှိနေ၏။ သူတို့အားလုံးသည် အမျိုးသားများ ဖြစ်သည်။ ခုနစ်ယောက်သည် အဘိုးအို၊ ကျန်နှစ်ယောက်ကမူ အသက်လေးဆယ်ပတ်လည်ခန့် ရှိမည်။ သူတို့၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်လျက် ရှိသည်။
သူတို့ ဝင်လာသည်နှင့် သည်ချိပ်ပိတ်နေရာထံသို့ သွေးနံ့ လှိုက်တက်လာ၏။
သူတို့၏ကျောက်ဖျာကိုးခုလုံးမှာလည်း သွေးဖြင့် စွန်းထင်းလို့နေ၏။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုကျောက်ဖျာများပေါ်တွင် စိတ်ဝိညာဉ်မြောက်များစွာ ရှိနေခြင်းပင်။ ထိုစိတ်ဝိညာဉ်များသည် ရှုံ့တွသောအမူအရာ ဖြစ်ပေါ်လျက် ငြီးတွားသံများကို ထုတ်လွှတ်နေသည်။
သူတို့ကိုးယောက်လုံးသည် အားမနည်းလှပေ။ ငါးယောက်မှာ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိကြ၏။ နှစ်ယောက်ကမူ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိသည်။ အဘိုးအိုများထဲမှ တစ်ယောက်က အလွန်မျက်စိဖမ်းစားနိုင်သူ ဖြစ်ပြီး သူ့တခေါင်းလုံးမှာ သွေးနီရောင်ဆံပင်များ ပြည့်နှက်လို့နေ၏။ သူ့ထံမှ အပူဇော်ခံမီးတောက် အရိပ်အမြွက်လည်း ထွက်ပေါ်လို့နေသည်။ သူသည် တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်ထားသော ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှားလေ၏။
သို့ရာတွင် သူက သည်မျှအောင်မြင်မှုကို ပြင်ပအကူအညီများစွာကြောင့် ရခဲ့တာ သိသာလေပ၏။ အပူဇော်ခံမီးတောက်များစွာ မရှိပါဘဲ သူ့အဖို့ နောက်ဆုံးခြေလှမ်းကို အောင်မြင်ဖို့မှာ မဖြစ်နိုင်ပေ။ သူ့ခန္ဓာကိုယ်ထံမှ ထည်ဝါမှုကို ထုတ်လွှတ်လျက် သူ့ထံ၌ မြင့်မားသောအဆင့်အတန်းတစ်ခု ရှိတာ ရှင်းလင်းနေသည်။
နောက်ဆုံးတစ်ယောက်မှာ ပညာတတ်ဟန် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်လေ၏။ လက်ထဲတွင်လည်း ယပ်တောင်တစ်လက် ကိုင်ထားသည်။ သူ့မျက်လုံးမှာ ကျဉ်းမြောင်းလျက် ရှိပြီး တလက်လက် တောက်ပနေသည်။ သူသည် တတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင်သာ ရှိသေးပေသည်။ ထို့ကြောင့် ထိုအုပ်စုတွင် နေရာတစ်ခု ယူထားသည့်အတွက် ထိုလူမှာ သာမန်တော့ မဟုတ်နိုင်ပေ။
လူတိုင်းကို ပို၍ တုန်လှုပ်စေသည်မှာ သူတို့၏အောက်ရှိ ကျောက်ဖျာများ ဖြစ်ကြသည်။ ထိုကျောက်ဖျာများသည် ပေတစ်သောင်းလောက် ကျယ်ပြောသည်။ တတိယအဆင့် ခြေတစ်ဝက်လှမ်းနေသော အဘိုးအို၏အောက်ရှိ ကျောက်ဖျာဆို ပေနှစ်သောင်းလောက် ကျယ်ပြောကာ အခြားကျောက်ဖျာများထက် နှစ်ဆ ရှိသည်။ ထိုအဘိုးအိုက ဝမ်လင်းတို့အုပ်စုကို တည်ငြိမ်စွာ ကြည့်နေ၏။
ဝမ်လင်းသည် ထိုအဘိုးအို၏အောက်ရှိ ကျောက်ဖျာကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။ သို့သော် သူက ငြိမ်သက်စွာသာ ဆက်ရှိနေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည်လည်း ငြိမ်သက်နေ၏။ သူတို့က ဝမ်လင်း၏ သန်မာမှုကို သတိပြုမိပြီး ဖြစ်ပေသည်။ ထို့အတွက် သူတို့သည် ဝမ်လင်းကို ဦးစီးဦးဆောင်ထားကာ စုဝေးနေကြသည်။
အဘိုးအို၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ သူသာမက ကျန်သည့်ရှစ်ယောက်ကလည်း သတ်ဖြတ်လိုစိတ်ဖြင့် လှမ်းကြည့်လာသည်။ ကြည့်ရသည်မှာ တိုက်ပွဲတစ်ခု အစပျိုးတော့မည့်ဟန်ပင်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ပညာတတ်သက်လတ်ပိုင်းလူက ရှေ့သို့ လှမ်းကာ ထိုအဘိုးအို၏နားထဲသို့ တစ်ခုခုကို ခပ်တိုးတိုး ပြောလိုက်သည်။ ထိုအဘိုးအို၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ မြေပြင်ထက်ရှိ ရှေးဟောင်းနတ်ဘုရားကျောပေါ်မှ ကျောက်ဖျာကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ဝမ်လင်းတို့ အုပ်စုထံ ဝေ့ဝိုက်ကျရောက်လာသည်။
“မင်း ဒီကိုလာခဲ့…” ထိုအဘိုးအိုသည် ဝမ်လင်းဘေးရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်ထံသို့ လက်ညှိုးထိုးလိုက်သည်။ ထိုသူမှာ ကျောက်ဖျာတစ်ခုကို လုယူခဲ့သော တစ်စုံတစ်ယောက် ဖြစ်၏။ အဘိုးအိုက သူ့ကို လက်ညှိုးထိုးလိုက်သည့်အခါ သူ့မျက်နှာသည် ဖြူရောသွားလေသည်။
ချီတုံချတုံ ဖြစ်နေသော်လည်း သူသည် မထွက်လာဝံ့ဘဲ မနေရဲချေ။ သူက လှမ်းထွက်လာပြီး အဘိုးအိုထံသို့ လက်နှစ်ဖက်ဆုပ်သည်။ ထို့နောက် သူက တလေးတစား ပြောလိုက်၏။ “ဂျူနီယာက မြင့်မြတ်သောလင်းတန်ကို နှုတ်ဆက်ပါတယ်…”
“အို…မင်းက ဒီအဘိုးအိုကို သိတာလား…” ထိုအဘိုးအို၏ မျက်နှာထက်တွင် မည်သည့်ဒေါသမှ ရှိမနေပေ။
၎င်းကျင့်ကြံသူက ခပ်သွက်သွက် ပြောလိုက်၏။ “မြင့်မြတ်သောလင်းတန်ဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ကျော်ကြားလှပါတယ်။ ဒါ့ကြောင့် ဂျူနီယာက သိနေရတာပါ…”
“ရှေးဟောင်းနတ်ဘုရားကျောပေါ်က ချိပ်ပိတ်မှုကို သွား ချိုးဖျက်လိုက်။ မင်း ဒါကို တစ်ဆယ်ရာခိုင်နှုန်း ချိုးဖျက်နိုင်ရင် မင်းကို အသက်ရှင်ခွင့်ပေးမယ်…” ထိုအဘိုးအိုက ဖြည်းဖြည်းချင်း ပြော၏။ သို့သော် သူ့စကားလုံးများထဲတွင် စွမ်းအားအပြည့်ပါက ငြင်းဆန်ရန် မဖြစ်နိုင်သည့်အလား။
ထိုကျင့်ကြံသူ၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားသည်။ ခဏအကြာတွင် သူက ခေါင်းညိတ်၏။ အသက်ဝဝရှုသွင်းလိုက်သည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မန္တာန်တစ်ခု စတင်ထုတ်ဖော်၍ ရှေးဟောင်းနတ်ဘုရားကျောပေါ်ရှိ ကျောက်ဖျာထံသို့ တိုးဝင်သွားလေသည်။
ဖျပ်ခနဲအတွင်း ထိုကျင့်ကြံသူသည် ရှေးဟောင်းနတ်ဘုရားရှေ့သို့ ရောက်သွားပြီး အနီရောင်မြူများနှင့် ပြည့်နှက်နေသော ကျောက်ဖျာကြီးကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူသည် အံတင်းတင်းကြိတ်ကာ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ အရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်က ညာလက်ဖြင့် မြူထံသို့ ချက်ခြင်း ရိုက်ချလိုက်သည်။ မြူသည် ဟိန်းမြည်သွားကာ ချက်ခြင်းလိုလို ပါးစပ်ပေါက်ကြီးအသွင် ပြောင်းသည်။ ၎င်းက အံ့မခန်းအရှိန်ဖြင့် ထိုကျင့်ကြံသူထံ တိုးဝင်လာပြီး သူ့အား ဝါးမြိုလိုက်တော့သည်။
သူ့အတွက် ရှောင်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ နာကျင်စွာသာ အော်ဟစ်လိုက်ရ၏။ ထိုကျင့်ကြံသူသည် ဝါးမြိုခြင်းခံရပြီး မြူအတွင်းသို့ ဆွဲခေါ်ခံလိုက်ရသည်။ သူ၏ အဆက်မပြတ်အော်သံများက လူတိုင်းကို တုန်လှုပ်သွားစေသည်။ “ဒါက တကယ့်ကို တာအိုစိတ်ဝိညာဉ်ပဲ။ ဘယ်အဆင့်လဲတော့ ငါ မသိဘူး…” တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်ထားသော ထိုအဘိုးအိုသည် ပျော်ရွှင်သွား၏။ သူက ခြေတစ်လှမ်း လှမ်းကာ အနီရောင်မြူနား ရောက်သွားသည်။ သူက သူ့ညာလက်ကို ထိုမြူထံသို့ ဝေ့ယမ်းလိုက်လေ၏။
သူ၏လက်ကျရောက်ခါနီးတွင် မြူထံမှ ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ မြူသည် တဝီဝီလှည့်ပတ်လျက် မိစ္ဆာအရိပ်တစ်ခု ဖြစ်ပေါ်လာကာ အနီရောင်မြူအချို့ကို ထွေးထုတ်သည်။ ထိုမြူသည် အလွန်မြန်၏။ ၎င်းက ချက်ခြင်းပင် အဘိုးအိုထံ တိုးဝင်လာသည်။ ပေါက်ကွဲသံတစ်ချက် ဖြစ်ပေါ်ကာ ထိုအဘိုးအို၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ သူက နောက်ဘက် ပေရာချီထိ ချက်ခြင်း ဆုတ်ပြီးမှ ရပ်တန့်လိုက်သည်။
“အနည်းဆုံး…အဆင့်ခြောက်ပဲ။ ကံမကောင်းစွာနဲ့ ဒီအပေါ်မှာ အတားအဆီးတစ်ခု ရှိနေတယ်…”
“ဒါဟာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးပဲ…” တတိယကောင်းကင်ဘုံဒုက္ခအဆင့် သက်လတ်ပိုင်းပညာတတ်၏ မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူ စကားပြောလိုက်စဉ် ခုနစ်ယောက်ထဲမှ နောက်ထပ်သက်လတ်ပိုင်းလူတစ်ယောက်သည်လည်း မျက်မှောင်ကြုတ်သွား၏။ သူသည်လည်း သဲလွန်စအချို့ကို မြင်သည့်ပုံပင်။
မြင့်မြတ်သောလင်းတန်က ကျောက်ဖျာပေါ်ရှိ အနီရောင်မြူကို ကြည့်၍ ပြောလိုက်သည်။ “ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးလား…ဒီအဘိုးအိုက အတားအဆီးတွေနဲ့ ပတ်သတ်ပြီး များများစားစား မသိထားဘူး။ မင်း ဒါကို ချိုးဖျက်နိုင်ဖို့ ဘယ်လောက် ယုံကြည်မှု ရှိလဲ….”
သက်လတ်ပိုင်းပညာတတ်က အနည်းငယ် ချီတုံချတုံဟန်ဖြင့် ပြောလိုက်သည်။ “နှစ်ဆယ်ရာခိုင်နှုန်းပါ…”
မြင့်မြတ်သောလင်းတန် မျက်မှောင်ကြုတ်သွား၏။ “နှစ်ဆယ်ရာခိုင်နှုန်းလား…”
ဝမ်လင်းသည် ထိုအဖြစ်သနစ်ကို တည်ငြိမ်စွာ စောင့်ကြည့်နေ၏။ သူက သည်ကို ရောက်ကတည်းက ထိုအနီရောင်မြူပေါ်ရှိ အတားအဆီးကို သတိပြုမိခဲ့ပြီးပင်။ ထိုအတားအဆီးသည် အမှန်ပင် ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး ဖြစ်နေ၏။ သို့သော် ၎င်းပေါ်တွင် တခြားအတားအဆီးများကိုလည်း ရောနှောလို့ထားသည်။ ၎င်းကို ချိုးဖျက်ရန် မလွယ်ကူပေ။ သူက ဆက်လက် ငြိမ်သက်နေပြီး ထိုကိုးယောက် ၎င်းအတားအဆီးကို မည်သို့ချိုးဖျက်မည်အား မြင်ချင်နေ၏။
မြင့်မြတ်သောလင်းတန်က မျက်မှောင်ကြုတ်၍ စဉ်းစားနေစဉ် အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်က ရှေ့ထွက်လာသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “မြင့်မြတ်သောလင်းတန်…ငါ့အနေနဲ့ ဒါကို ချိုးဖျက်ဖို့ ယုံကြည်မှု အတော်အသင့် ရှိပါတယ်။ ဒါကို ချိုးဖျက်ပြီးရင်သာ…”
သူ့စကားအဆုံးမသပ်ခင် သူက မြင့်မြတ်သောလင်းတန်ကို ကြည့်လိုက်သည်။
မြင့်မြတ်သောလင်းတန်က ပြောလိုက်၏။ “မင်းသာ ဒီအတားအဆီးကို ချိုးဖျက်နိုင်ခဲ့ရင် တာအိုစိတ်ဝိညာဉ်ကလွဲလို့ တခြားရတနာတွေကိုလည်း ရစေရမယ်။ ဒါ့အပြင် ဟိုကျောက်ဖျာတွေပေါ်က ကျင့်ကြံသူလေးတွေရဲ့ ရတနာအများစုကိုလည်း မင်း ယူနိုင်တယ်…”
ထိုအစိမ်းရောင်ဝတ်စုံနှင့် အဘိုးအို၏မျက်လုံးသည် ကျေနပ်မှုဖြင့် ပြည့်သွား၏။ သူက ပြောလိုက်သည်။ “စိတ်ချပါ။ ဒီအဘိုးအိုက ငယ်စဉ်တည်းက အတားအဆီးတွေကို လေ့လာခဲ့တာ။ တခြားမဆိုနဲ့အုံး။ ဒီအဘိုးအို မချိုးဖျက်နိုင်တဲ့ အတားအဆီးဆိုတာ မရှိဘူး။ ရောင်းရင်းကျင့်ကြံသူ ရှောင်ကျင့်တောင်မှာ ငါ့ပြိုင်ဘက် မဟုတ်ဘူး…”
သူ့အကြည့်သည် ပညာတတ်သက်လတ်ပိုင်းလူထံသို့ ကျရောက်သွား၏။ ထိုပညာတတ်က ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာကော ပြောတာ မှန်ပါတယ်။ ငါဟာ စီနီယာနဲ့ ယှဉ်ရင် နောက်ကောက်ကျမှာပါ…”
အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက ရယ်မောကာ ဂုဏ်ဝင့်စွာ ပြောလိုက်၏။ “အတားအဆီးတွေဟာ အစီအရင်တွေရဲ့ ဇစ်မြစ်ပဲ။ ဒီအဘိုးအိုက နှစ်ပေါင်းတစ်သောင်းနီးပါး ဒီအရာတွေကို လေ့လာခဲ့ပြီး မဟာလမ်းကြောင်းကို မြင်ခဲ့တယ်။ ငါဟာ အတားအဆီးတွေကို ချိုးဖျက်နိုင်တဲ့ နည်းလမ်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် မြူထဲက အတားအဆီးဟာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးနဲ့ မတူဘူး။ ဒီအဘိုးအိုဟာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး ဆိုတဲ့ နာမည် တစ်ခါမှ မကြားဖူးဘူး…”
ထိုသို့ ပြောပြီးနောက် သူက အနီရောင်မြူထံသို့ ဦးတည်ဝင်သွားသည်။ သူ ၎င်းနှင့် ပေဒါဇင်ချီအကွာသို့ ရောက်လာသည့်အခါ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေပြီး နောက် ဝေ့ယမ်းလိုက်ပြီး အတားအဆီးအလင်းများ တဖျပ်ဖျပ် လင်းလက်သွားစေသည်။
တခဏအကြာတွင် ဧရာမစာလုံးတစ်လုံး ပေါ်လာ၏။ ထိုစာလုံးမှာ အတားအဆီးများစွာကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ၎င်းက တောက်ပလေ၏။ ၎င်း၏အဟုန်က အနီရောင်မြူများကို ကြုံ့သွားစေနိုင်စွမ်း ရှိပြီး အနီရောင်မြူအတွင်းမှ ဟိန်းအော်သံများပါ ရပ်တန့်သွားစေ၏။ လေပြင်းတစ်ခု တိုက်ခတ်လိုက်သည့်အလား ထိုအနီရောင်မြူသည် အနည်းငယ်ပင် နောက်ဆုတ်သွားရသည်။
အဘိုးအိုသည် ပို၍ ဂုဏ်ယူလာကာ မာန်သွင်းလျက် ရှေ့သို့ လက်ညွှန်လိုက်သည်။ ထိုစာလုံးက အနီရောင်မြူထံသို့ တိုးဝင်သွားလေ၏။
“ဒီအဘိုးအိုက…” ထိုအဘိုးအိုသည် မာန်သွင်းအော်ဟစ်လျက် စာလုံးက အနီရောင်မြူထံ ဦးတည်သည်။ သို့ပေမည့် သူ့စကား မဆုံးခင်မှာပင် အနီရောင်မြူသည် ပါးစပ်ပေါက်ကြီးတစ်ခုအဖြစ် ထပ်ပြောင်းလဲကာ မြန်ဆန်စွာ လှုပ်ရှားပြီး ၎င်းအဘိုးအိုနှင့်အတူ စာလုံးကို ဝါးမြိုပစ်သွားလေသည်။
သူ၏ အပြီးမသပ်သွားသော စကားလုံးများ နာကျင်စွာအော်သံများ ဖြစ်လာတော့၏။
မြင့်မြတ်သောလင်းတန်၏မျက်နှာသည် နက်မှောင်သွား၏။ သူသည် ဤမျှ ယုံကြည်မှု ပြည့်နေသော ထိုအဘိုးအိုသည် အခုလို ရလဒ်မျိုးဖြင့် အဆုံးသပ်သွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ဝမ်လင်းဘေးရှိ ကျင့်ကြံသူတစ်ယောက်ထံမှ တခစ်ခစ်ရယ်သံ ထွက်ပေါ်လာ၏။ ထိုရယ်သံသည် လူဝကျင့်ကြံသူထံမှ ထွက်ပေါ်လာခြင်းပင်။ သူ့ရယ်သံကြောင့် မြင့်မြတ်သောလင်းတန်၏အကြည့်က သူ့ထံ ချက်ခြင်း ရောက်လာစေ၏။
ထိုလူဝ ကျင့်ကြံသူက ဝမ်လင်းကို ကျော်ကာ ရှေ့သို့ အနည်းငယ် လှမ်း၍ မြင့်မြတ်သောလင်းတန်ထံသို့ လက်နှစ်ဖက်ဆုပ်သည်။ သူ့မျက်နှာမှာ ပြုံးနေ၏။ သူက ပြောလိုက်သည်။ “ဂျူနီယာရှုဖုက မြင့်မြတ်သောလင်းတန်ကို နှုတ်ဆက်ပါတယ်။ ဂျူနီယာဟာ ဒီအတားအဆီးကို ချိုးဖျက်ဖို့ အနည်းငယ် ယုံကြည်မှု ရှိပါတယ်။ ပြီးတော့ ဂျူနီယာဟာ ဒီကို ရောက်နေတဲ့သူတွေနဲ့ ဘာမှ မပတ်သတ်ပါဘူး။ ငါတို့က အတူတကွ ဒီကို အပို့ခံလိုက်ရရုံပါ။ ဂျူနီယာ့မှာ စီနီယာ့ကို ပြောမယ့် လျှိုဝှက်ချက်တစ်ခု ရှိတယ်။ ဒီမှာရှိတဲ့ အုပ်စုထဲမှာ တစ်ယောက်ဟာ သိမ်မွေ့ဆန်းကြယ်…”
“မင်း ဒီမြူထဲက အတားအဆီးကို ချိုးဖျက်နိုင်တယ်ဆိုရင် မင်း အသက်ရှင်ခွင့်ရမယ်။ မင်းရဲ့ ရတနာတွေကိုပါ ပေးရင် မင်းအနေနဲ့ ငါ့နောက် လိုက်ခွင့် ပြုမယ်…” မြင့်မြတ်သောလင်းတန်က ထိုလူဝ၏စကားများကို ဖြတ်ပြောလိုက်၏။ သူသည် လျှို့ဝှက်ချက်ကို စိတ်မဝင်စားပေ။ သူ လိုချင်သည်မှာ အတားအဆီးအတွင်းရှိ တာအိုစိတ်ဝိညာဉ်ကိုသာ ဖြစ်၏။
“စိတ်ချပါ….။ ငါ ဒီအနီရောင်မြူကို လေ့လာကြည့်ခဲ့ပြီးပြီး။ ငါဟာ ဒါကို ချိုးဖျက်ဖို့ တစ်ရာရာခိုင်နှုန်း မသေချာပေမဲ့ စီနီယာရဲ့ အကူအညီနဲ့ဆို ငါ့အနေနဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်…”
ထိုလူဝသည် ပျော်နေ၏။ သူက နောက်လှည့်ကာ ဝမ်လင်းထံသို့ အေးစက်စက် ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်တွင်လည်း လှောင်ပြောင်လိုဟန် တွဲခိုကာ သူသည် အနီရောင်မြူထံသို့ တိုးဝင်သွားလေ၏။ သူသည် မြူနှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်သည်။ သူသည် အပြည့်အဝ သတိထားနေ၏။ သူ့လက်ကို ပေသီးခုံပေါ်တွင် အလျင်အမြန် လှုပ်ရှားနေ၏။ ထို့နောက် ပေသီးခုံသည် ပျက်စီးသွားလေသည်။
ပေသီးစေ့များသည် ပျံသန်းထွက်လာကာ အတားအဆီးဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသည်။ ထို့နောက် လူဝကျင့်ကြံသူက အသက်ဝဝရှုသွင်းကာ အနီရောင်မြူအတွင်းသို့ တိုးဝင်သွား၏။
“သေချင်နေတာပဲ…” ဝမ်လင်းက ထိုလူဝကို ကြည့်၍ စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူသည် ယပ်တောင်တစ်လက် ကိုင်ထားသော ပညာတတ်သက်လတ်ပိုင်းလူထံသို့ မော့ကြည့်လိုက်ရာ ထိုသူ၏ အထင်သေးဟန်အကြည့်ကို မြင်လိုက်သည်။
“ဒီလူဟာ တတိယကောင်းကင်ဘုံဒုက္ခအဆင့်မှာပဲ ရှိသေးပေမယ့် ဒီလူတွေနဲ့ ရောနှောနေနိုင်စွမ်း ရှိတယ်။ ဆိုလိုတာက သူဟာ အလွန်အကင်းပါး ဉာဏ်များတဲ့သူပဲ ဖြစ်ရမယ်။ ဖြစ်နိုင်တာက သူလည်း ဒီမြူထဲက အရာကို လိုချင်နေတာပဲ…”
ဝမ်လင်း၏စိတ်သည် နတ်ဆိုးဆန်၏။ သူ့ခြေထောက်အောက်တွင် အတားအဆီးတစ်ခု ပေါ်လာလေသည်။
***