တောင်ပင်လယ်များ၏ အရင်းအမြစ်
Vol. 100 Ch. 1395
စည်းက ရွှေတုန်းလျှိုအစီအစဉ်၏ အရေးအကြီးဆုံးအပိုင်း ဖြစ်သည်။
ကောင်းကင်ဘုံ ၃၃ ဘုံနှင့် တောက်ဖန်အပြင် တောင်ပင်လယ်လောကကို ဖိနှိပ်ထားသည့်အရာ နောက်တစ်ခုရှိသေးသည်... ပါရာဂွန်အင်မော်တယ်လောကကို တိုက်ခိုက်ခဲ့သော အင်အားစုနှစ်စုချန်ရစ်ခဲ့သည့် ထိုစည်းပင်။
ယင်းက သော့ချက်ဖြစ်ပြီး ထိုစည်း၏နာမည်က ... ကမ္ဘာပေါင်းမိုးဟူ၍ ဖြစ်သည်။ ၎င်းသည် တောင်ပင်လယ်လောကအတွင်း၌ မဟုတ်ဘဲ ကောင်းကင်ဘုံ ၃၃ ဘုံအပြင်၌ တည်ရှိ၏။ ထို့အပြင် ... အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ ရောက်ရှိလာမှုနှင့် ၎င်းနှင့်အတူပါလာသော ဖိအားကသာလျှင် ကိုယ်ယောင်ပျောက်နေသည့် ကမ္ဘာပေါင်းမိုးကို တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်ထဲတွင် ပေါ်လာစေနိုင်သည်။
ဤအချိန်က ရွှေတုန်းလျှို စောင့်နေခဲ့သော အခိုက်အတန့်ပင် ဖြစ်၏။
ထိုစည်းကို ဖွင့်ဖို့ ...... စောစောက ဖြစ်ခဲ့သည့်အတိုင်း အလွန်ကြီးမားသော မြေထုတစ်ခုမှ အားလှိုင်းကို လိုအပ်သည်။ ထိုမျှသာမက ကောင်းကင်ဘုံ ၃၃ ဘုံနှင့် အင်မော်တယ်နတ်ဘုရားလောက၏ အရှိန်အဝါနှစ်ခုလုံး ... မိစ္ဆာချီနှင့် ပေါင်းစည်းသွားဖို့ လိုသေးသည်။
ထိုစွမ်းအင်သုံးမျိုး၏ အတူတကွ ပေါင်းစည်းမှုက ကမ္ဘာပေါင်းမိုးအား အားနည်းစေနိုင်သည်။ ထိုသို့ဖြစ်စေဖို့ စွမ်းအင်သုံးမျိုးလုံး ရှိရမည်၊ တစ်မျိုးလေးပင် ကင်းမဲ့နေ၍မဖြစ်။ သို့သော် ၎င်းတို့အားလုံး၏ ပေါင်းစည်းမှုတစ်ခုတည်းဖြင့်မရ၊ မြေထုများ ဝင်တိုက်ရာမှ ဖြစ်ပေါ်လာသော အားလှိုင်းလည်း,ပါမှ ... အပေါက်တစ်ပေါက်ကို ဖွင့်ပေးနိုင်သည်။
ယင်းက လေဟုန်ခွင်းလောက သစ္စာဖောက်ခဲ့သော ရည်ရွယ်ချက်၊ သတ်ဖြတ်သူ မြေအပိုင်းတစ်ပိုင်းကို ဖြတ်ထုတ်ခဲ့သော ရည်ရွယ်ချက်ပင်။
၎င်းတို့အားလုံးသည် စည်းကို ဖွင့်ဖို့အတွက် မဖြစ်မနေ လိုအပ်၏။ ထောင့်စေ့အောင် အကွက်ချအစီအစဉ်ချထားဖို့လည်း လိုအပ်သလို၊ သင့်တော်သောစွမ်းအင်ပမာလည်း ပါဝင်ရသည်။ ကောင်းကင်ဘုံမြေထုအရေအတွက် မည်မျှလိုအပ်သလဲ၊ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ မြေအရွယ်အစားမည်မျှကို ခွဲထုတ်ရမည်လဲ အတိအကျတွက်ချက်ဖို့လည်း လိုသည်။
ရွှေတုန်းလျှိုသည် ဤအခိုက်အတန့်လေးအတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြင်ဆင်ခဲ့ရ၏။ ကမ္ဘာပေါင်းမိုး၏အတိုင်းအတာကို အတိအကျသိရဖို့လေးအတွက် သူ့လူများကို ကောင်းကင်ဘုံ ၃၃ ဘုံအား တိုက်ခိုက်ခိုင်းခဲ့ရသည်၊ တောက်ဖန်ကို တိုက်ခိုက်ရင်းလည်း သေခိုင်းခဲ့ရသည်။
အဆုံးသတ်တွင် ဟိုတစ်စသည်တစ်စ ပြန့်ကြဲနေသော အချက်အလက်အားလုံး စုဝေးမိသည့်အခါ မေးခွန်းအတွက် အဖြေအတိအကျ ထွက်လာသည်။ ထို့အပြင် ယင်းက ရွှေတုန်းလျှိုအစီအစဉ်၏ ပထမအပိုင်းလေးမျှသာ ရှိသေး၏။
ရုတ်တရက် သူ့အသံက တောင်ပင်လယ်ကျင့်ကြံသူများ၏နားထဲတွင် ဟိန်းထွက်လာသည်။
“ငါ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ဂရုစိုက်ခဲ့တာက တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေလဲဆိုတာလည်း မဟုတ်ဘူး။ ငါတို့ နောက်ဆုံးအနိုင်ရဖို့လည်း မဟုတ်ခဲ့ဘူး” သူက ရေရွတ်သည်။ “အဲဒီအစားက ငါက ... တောင်ပင်လယ်လောကကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ပေးရမလဲ ဆိုတာပဲ ဂရုစိုက်ခဲ့တာ
“ဟိုးအစကတည်းက ငါ့အနေနဲ့ အလုပ်သုံးခုလုပ်ဖို့ လိုခဲ့တယ်။ ပထမအလုပ်က ... အင်မော်တယ်နတ်ဘုရားကမ္ဘာ ရောက်လာတဲ့အထိ စစ်ပွဲကို အချိန်ဆွဲထားဖို့။ အေး... သူတို့ အရင်ရောက်လာမယ်ဆိုတာလည်း ငါ သေချာခဲ့တယ်
“ဒုတိယအလုပ်က သူတို့ရောက်လာခဲ့အချိန်အထိ တောင်ပင်လယ်တွေရဲ့ အရင်းအမြစ်အစစ်အမှန်ကို ထိန်းသိမ်းထားဖို့။ အသက်ပေါင်းများစွာ စတေးရရင်တောင်မှ ဒီအခိုက်အတန့်အတွက် နောက်ဆုံးတိုက်ကွက်ကို လျှိုထားဖို့ အရေးကြီးတယ်
“အဲဒါကြောင့် တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူများစွာ ... စတေးခဲ့ကြရတယ်။ အနာဂတ်အတွက် အားလုံးပေးဆပ်ခဲ့ကြရတယ်။ မပေးဆပ်ရတဲ့သူ မရှိဘူး။ မင်းတို့အားလုံးရော၊ ငါရောပဲ။ အဲဒီစတေးမှုအားလုံးက ...... ငါ့အစီအစဉ်ရဲ့ ဒုတိယအပိုင်းကို အားဖြည့်ပေးဖို့ မရှိမဖြစ် လိုအပ်ခဲ့တယ်
“ဒီလောက်များတဲ့ဝှက်ဖဲတွေကို ကစားနေလို့ ငါ့ကို အပြစ်မတင်ကြပါနဲ့။ လူတိုင်းကို လှည့်စား၊ အားလုံးကို ဖုံးကွယ်ထားမှ ဖြစ်မှာမလို့ပါ
“ဒီစစ်ပွဲအတွက် ငါ လုပ်ရမယ့် တတိယအလုပ်မှာ ... တောင်ကောင်းကင်ဂြိုဟ်နဲ့ ဖန်မျိုးနွယ်စုက တစ်စိတ်တစ်ပိုင်းပါတယ်
“တောင်ကောင်းကင်ဂြိုဟ်မှာ တောင်ပင်လယ်ကျင့်ကြံသူတွေ ချိုးဖျက်လို့မရတဲ့ စည်းတစ်ခု ချခံထားရတယ်။ တောင်ပင်လယ်ကျင့်ကြံသူတွေ ဖျက်စီးမရတဲ့အတွက် အဲဒါကို ဖျက်စီးဖို့ အပြင်သူတွေကို အသုံးချဖို့ လိုအပ်ခဲ့တယ်။ တောင်ကောင်းကင်ဂြိုဟ်ဟာ.... တောင်ကောင်းကင်တံခါးလို့လည်း ေခါ်တာ မမေ့ကြနဲ့.... တောင်ပံတွေကို လှုပ်ရှားပေးနိုင်တဲ့ စွမ်းအားက ဖန်ရှုံ့ဖုန်းနဲ့ သူ့ဇနီးနှစ်ယောက်တည်းဆီက လာတာမဟုတ်ဘူး။ တောင်ပံတစ်ချက်ခတ်တိုင်း ဝိညာဉ်စွမ်းအားအများကြီး ခမ်းသွားမှာ။ အဲဒီဝိညာဉ်တွေက ... တိုက်ပွဲကျသွားတဲ့ တောင်ပင်လယ်ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းရဲ့ ဝိညာဉ်တွေပဲ။ သူတို့သေဖို့ လိုအပ်ခဲ့တယ်။ အင်မော်တယ်နတ်ဘုရားကမ္ဘာရောက်မလာခင် သေကိုသေဖို့ လိုခဲ့တယ်။ သူတို့သေတာ နောက်ကျသွားရင် စွမ်းအားစုပ်ယူပြီး တောင်ပံခတ်ဖို့ အချိန်လောက်မှာမဟုတ်တော့ဘူး” ရွှေတုန်းလျှို၏အသံတွင် ပူဆွေးမှုတို့ ပြည့်နှက်နေ၏။ ပူဆွေးမှုက သူ့မျက်ဝန်းများ၌ပင် ထင်ဟပ်နေလေသည်။
“တောင်းပန်ပါတယ်... မင်းတို့အားလုံးကို ဖုံးကွယ်ထားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကတော့ .. တောင်ပင်လယ်လောကရဲ့ အသက် ၉၉ ရာခိုင်နှုန်းပဲ။ ငါတို့အောင်မြင်ရင် တောင်ပင်လယ်လောကဟာ ဒီစစ်ကြီးကနေ ထွက်ပြေးပြီး လွတ်မြောက်ရာသို့ ပျံသန်းသွားနိုင်မယ်
“ငါတို့မအောင်မြင်ရင်တော့ ... ငါ့တာအိုကို ဖျက်စီးပြီး မသေမချင်း ငါ တိုက်ခိုက်ပေးမယ်” ရွှေတုန်းလျှိုက အင်္ကျီလက်စကို ခါလိုက်သည်။ ကြယ်တာရာကောင်းကင်၌ အပေါက်ဖွင့်လာသည့်အခါ အပြင်သူစစ်တပ်မှာ မှင်သက်နေကြပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အစွမ်းထက်ပညာရှင်များမှာ ချက်ချင်း သတိကပ်သွားကြသည်။ ထို့နောက် ရွှေတုန်းလျှိုသည် သူ၏လက်နှစ်ဖက်လုံးကို ခေါင်းပေါ်မြှောက်လိုက်၏။
“တောင်ပင်လယ်လောက နိုးထလော့” စကားလုံးများ သူ့နှုတ်မှ ထွက်သွားလျှင်ချင်း မိုးနှင့်မြေကို ဖြိုခွင်းဖျက်စီးပစ်နိုင်သော စွမ်းအားတစ်ရပ်သည် ရွှေတုန်းလျှိုထံမှ ပေါ်ထွက်လာ၏။ သူ့အစီအစဉ်၏ ဒုတိယပိုင်း ... စတင်လေပြီ။
သူ့စွမ်းအားများ ပေါ်ထွက်လာပြီး သူ့အသံ ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်နေစဉ် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ဖိနှိပ်နေသော ဖိအားက ... ပြိုကွဲနေသည့် နဝမတောင်ကို ရုတ်တရက် တဂျုန်းဂျုန်းမြည်သံများ ထုတ်လွှတ်စေလျက် ကြယ်တာရာကောင်းကင်ထဲတွင် အကောင်းအတိုင်း ပေါ်လာစေသည်။
နဝမတောင်ကား ဘာမှမဖြစ်ခဲ့သလို မားမားမတ်မတ် ရပ်တည်နေ၏။ နတ်ရေကန်အတွင်းရှိ ရွှမ်းဝူလိပ်ကြီးက ဟိန်းလိုက်သော်လည်း ဤတစ်ကြိမ်တွင် အသံသာ ထွက်နေခြင်းမဟုတ်။ ၎င်းကား စွမ်းအားတို့ကို ထုတ်ဖော်လျက် ကန်ထဲမှ ပျံထွက်လာလေပြီ။
တစ်ချိန်တည်းမှာပင် အဋ္ဌမတောင်၊ သတ္တမတောင်၊ ဆဋ္ဌမတောင်၊ ပဉ္စမတောင်.....စစ်ပွဲအတွင်း ဖျက်စီးခံခဲ့ရသော တောင်အားလုံးသည် ပြင်းထန်သောစွမ်းအင်တို့ကို ထုတ်လွှတ်လျက် ကြယ်တာရာကောင်းကင်ထဲ၌ ပကတိအတိုင်းပေါ်လာ၏။
ပထမတောင်ပေါ်လာသောအခါ တောင်ကိုးလုံးစလုံး မြင်လိုက်ရချေပြီ။ စောစောက ဖျက်စီးခံ့ရသည်မှာ ပုံရိပ်ယောင်များမျှသာ ဖြစ်သည့်အလား ၎င်းတို့သည် ပွန်းပဲ့ရာလေးပင် မထင်ပေ။ ဤသည်ကား ရွှေတုန်းလျှို၏အစီအစဉ်.... တောင်ပင်လယ်ကျင့်ကြံသူများသာမက အပြင်သူများကိုပါ အရူးလုပ်ခဲ့သော အစီအစဉ်ဖြစ်သည်။
တောင်ပင်လယ်လောကကား အမှန်တကယ် ဖျက်စီးခံခဲ့ရပေ။
ထို့နောက် ပထမတောင် ပေါ်လာသည်။ ထို့နောက် ဒုတိယတောင်၊ တတိယတောင် အစရှိသဖြင့် ပင်လယ်ရှစ်စင်းလုံး ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့်တုန်နေသော အဆုံးမဲ့စွမ်းအားတို့ဖြင့် ပြည့်နှက်လျက် ပေါ်လာခဲ့သည်။ အပြင်သူများမှာ မှင်သက်နေကြပြီး သူတို့မျက်စိသူတို့ မယုံနိုင်ကြတော့ပေ။
သို့သော် ပင်လယ်တစ်စင်းတော့ ပျောက်နေသည် ... နဝမပင်လယ်။ ၎င်းသည် အမှန်တကယ် သစ္စာဖောက်ခဲ့၍ ယခုတွင် အပြင်သူစစ်တပ်ထဲ၌ စိတ်မသက်သာရှိနေလေသည်။
အနှစ်သာရ ၈ ခုပါရာဂွန်၏မျက်နှာမှာ အလွန်တရာ အရုပ်ဆိုးနေသည်။
ဘေးရှိ မျောက်တောက်ဖန်၏မျက်လုံးများကတော့ ထိတ်လန့်အံ့ဩမှုတို့ဖြင့် လင်းလက်တောက်ပနေသည်။ “အခုမှပဲ ယုတ္တိရှိတော့တယ်။ ဟိုတောင်ကို ငါ့တုတ်နဲ့ ဖျက်စီးခဲ့တုန်းက ဘာကြောင့်တောင်တွေ ဒီလောက်အားနည်းနေတာလဲ သိချင်နေတာ။ လက်စသတ်တော့ ဒီလိုကိုး။ ဟော့ဒီက ငါကတော့ တောင်ပင်လယ်လောကက အားနည်းလိုက်တာလို့ တွေးနေခဲ့တာ။ လခွမ်း... အမှန်ဲနဲ့ နီးတောင်မနီးစပ်ဘူး”
တောက်ဖန်က ညာလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ အရူးလုပ်ခံခဲ့ရသောခံစားချက်က သူ့မျက်လုံးများကို သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာစေသည်။
မန်ဟို့ရယ်သံက ရုတ်တရက် ရပ်သွားပြီး ငိုသံလည်း မကြားရတော့ပေ။ သူသည် ပုံမှန်အခြေအနေ ပြန်ရောက်သွားသည့်အလား ကောက်ကာငင်ကာ တိတ်ဆိတ်သွား၏။ သို့သော် နီရဲမြဲနီရဲဆဲဖြစ်သော သူ၏မျက်လုံးများက ... ယခုမှစ၍ သူသည် အင်မော်တယ်မဟုတ်တော့ဘဲ ... မိစ္ဆာတစ်ကောင်ဖြစ်သွားပြီဟု သက်သေထူနေတော့သည်။
သူက သူသိသော တောင်ပင်လယ်လောကထက်ပင် ပို၍အသက်ဝင်နေသယောင် ထင်ရသော တောင်ပင်လယ်လောကအသစ်ကို ကြည့်လိုက်သည်။ ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ၎င်းကို ဖန်ဆင်းခဲ့သူ ပါရာဂွန်ကိုးတံဆိပ်၏ ဩဇာကြီးမားသောသဘာဝနှင့် ပြီးပြည့်စုံစွာ သဟဇာတဖြစ်နေသည့်အလား အဆုံးမဲ့နက်ရှိုင်းနေ၏။
ဤဖြစ်ရပ်က အံ့ဩစရာကောင်းသော်လည်း တခဏတွေးပြီးနောက် မန်ဟိုမှာ ခန့်မှန်း၍ရသည့်အတိုင်းအတာထဲမှာပင် ရှိကြောင်း နားလည်လိုက်သည်။
သို့သော် ယခုထက်ထိ မပြီးသေးပေ။
တောင်ပင်လယ်လောက၏အရင်းအမြစ်များက ဤအထိသာ တတ်နိုင်ခြင်းမဟုတ်။ ပျက်စီးသွားသော နေနှင့်လည်း ပြန်ပေါ်လာ၍ မန်ဟိုမှာ သူ့တွင် ရှိသော လေးမှာ... အဖိုးထိုက်ရတနာအစစ်မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
နေပြန်ပေါ်လာသောအခါ လေးပုံရိပ်က နေထံ ပြန်ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ ထိုမျှသာမက လထံမှ ခိတိဂဗ္ဗရရှိခဲ့သော အဖိုးထိုက်ရတနာလည်း ထိုနည်းတူ လဆီ ပြန်သွားသည်။
နေနှင့်လသည် အဆုံးမဲ့သောရောင်စဉ်များကို ဖြန့်ကျက်လျက် ကြယ်တာရာကောင်းကင်အား တောက်ပလင်းထိန်လာစေ၏။
တောင်ပင်လယ်လောက၏ အသက်ရှင်ကျန်ခဲ့သော ကျင့်ကြံသူများမှာ ကြက်သေသေကုန်ကြသည်။ နောက်ဆုံးတော့ လောကအပေါ် သက်ရောက်နေသော ဖိအားမှာ မခံနိုင်တော့သည့်အလား ပေါက်ကွဲထွက်သွားသည်။ တဝုန်းဝုန်းမြည်ဟည်းသံများ ကြားနေရစဉ် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ ပေါ်လာ၏။ အချိန်သံသရာ ပြောင်းလဲနေသကဲ့သို့ ဧရာမအခေါင်းကြီးတစ်ခေါင်းက အင်မော်တယ်အရောင်အဝါတို့ဖြင့် လင်းလက်တောက်ပနေလျက် မြောက်တက်လာသည်။ ၎င်းသည် ဖြေးညင်းစွာ ပွင့်လာပြီး အတွင်းထဲမှ ခြောက်ကပ်နေသောလက်တစ်ဖက်က အခေါင်းအနားကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် အဘိုးအိုတစ်ဦး ထလာလေသည်။
ချက်ချင်းပင် အနှစ်သာရ ၈ ခု ပါရာဂွန်တစ်ဦး၏အရှိန်အဝါ ပေါ်ထွက်လာရာ အပြင်သူစစ်တပ်အတွင်းမှ ပင့်သက်ရှိုက်သံများ ဆူညံသွားသည်။ အပြင်သူများ၏ အနှစ်သာရ ၈ ခု ပါရာဂွန်မှာ မျက်လုံးပြူးနေပြီး တောက်ဖန်၏ သူငယ်အိမ်များ ကျဉ်းမြောင်းနေသည်။
“အင်မော်တယ်ရှေးဟောင်း” အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ရှေးဆန်သောအသံတစ်သံက ပြောသည်။ ခေါင်းတလားအတွင်း၌ ရပ်နေသော အဘိုးအိုသည် ပါရာဂွန်အင်မော်တယ်လောက၌ ကိုးတံဆိပ်ပြီးလျှင် ဒုတိယအင်အားကြီးမားသည့် အင်မော်တယ်ရှေးဟောင်းမှတစ်ပါး အခြားမဟုတ်ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနှစ်သာရ ၈ ခုအဆင့်ဖြစ်သော်လည်း အနှစ်သာရ ၉ ခုအဆင့်နှင့် အင်မတန် နီးကပ်နေချေပြီ။
ထိုသို့ဖြစ်ပျက်နေစဉ် တာအိုဆရာအစည်းအရုံးသုံးခုထဲမှ ကိုးပင်လယ်နတ်လောကက နတ်တံခါးဝများစွာကို ဆင့်ခေါ်နေသည်။ တံခါးများပွင့်လာသည့်အခါ ရှေးဆန်သော အသတ်အဖြတ်အငွေ့များကို ထုတ်လွှတ်လျက် အညိုရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်များ ထွက်လာသည်။ သူတို့ကား နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သော်လည်း ယခုတွင် နိုးလာ၍ တဖြည်းဖြည်း ထွက်လာနေကြသည့်အလားပင်။
ဒါဇင်ပေါင်းများစွာကို မြင်ရနိုင်ပြီး တစ်ဦးတစ်ယောက်ချင်းစီက အင်ပါယာသခင်အဆင့်ဖိအားကို ဖြန့်ကျက်ထားသည်။ ထိုရှေးဆန်သော ကမ္ဘာဦးအရှိန်အဝါကို ဝမ်ယိုချိုင်နှင့် အင်ပါယာသခင်အဆင့် တက်ခဲ့သည့် ရွေးချယ်ခံများပင် မယှဉ်နိုင်ပေ။
ထို့နောက် မြင့်မြတ်သောရေစီးဓားဂူ။ ဓားတစ်ကုေဋက တဂျုန်းဂျုန်းမြည်သံများကို ထုတ်လွှတ်လျက် တောင်ပင်လယ်လောကို လှည့်ပတ်သွားသည်။ ဓားတစ်လက်စီတွင် ပါရာဂွန်အင်မော်တယ်လောက၏ စစ်ပွဲတုန်းက ကျဆုံးသွားခဲ့သော ကျင့်ကြံသူများ၏ ဝိညာဉ်များဖြစ်သည့် ... ရှေးဟောင်းဝိညာဉ်တစ်ခုစီ ပါရှိသည်။
သူတို့သည် အိပ်နေခဲ့ကြသော်လည်း ယခုတော့ နိုးလာကြလေပြီ။
ဤမျှနှင့်မပြီးသေး။ တောင်ပင်လယ်လောက ထစ်ချုန်းမြည်ဟည်းနေစဉ် လင်းလက်တောက်ပနေသော ဝတ်ပြုကျောင်းသုံးကျောင်းနှင့် ကျမ်းစာစွမ်းအား ပေါ်လာသည်။ ဤသည်မှာ မဟာကျမ်းဆရာသုံးပါး၏ ဝတ်ပြုကျောင်းများဖြစ်သလို၊ ဂန္တဝင်ကျမ်းသုံးကျမ်း၏ မူလအစလည်း ဖြစ်၏။
ဤအခိုက်အတန့်မှာပဲ အံ့မခန်းလိလိစိတ်ဆန္ဒတစ်ခုက ကြယ်တာရာကောင်းကင်ကို စိုးမိုးလျက် ဖြာထွက်လာသည်။ ၎င်းကား တောင်ပင်လယ်လောက၏ စိတ်ဆန္ဒမှတစ်ပါး အခြားမဟုတ်ပေ။ လောက၏စိတ်ဆန္ဒသည် စစ်ပွဲကြီးစကတည်းက တစတစ အားနည်းသွားခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။ သို့သော် ယခုတွင် ၎င်းက ပို၍အားအင်ကြီးမားစွာ ပြန်လည်ဖြစ်တည်လာခဲ့ချေပြီ။ ဤသည်ကား တောင်ပင်လယ်များ၏ စစ်မှန်သော မူလစိတ်ဆန္ဒဖြစ်၏။
သက်ရောက်နေသော ဖိအားက တောင်ပင်လယ်လောကရှိ အပြင်သူအားလုံးကို ချာချာလည်သွားစေပြီး သွေးအန်လိုက်ရစေသည်။ ကျင့်ကြံအဆင့်မည်မျှပင်ဖြစ်စေ၊ အားလုံး အလန့်တကြား ဆုတ်ခွာလိုက်ကြရသည်။
အထူးသဖြင့် အနှစ်သာရ ၈ ခုပါရာဂွန်နှင့် တောက်ဖန်တို့နှစ်ယောက်လုံး အံ့ဩမဆုံးတော့ပေ။
“ဒါက... ဒါ....” အနှစ်သာရ ၈ ခုပါရာဂွန်မှာ ဆွံ့အနေသည်။ သို့ထိတိုင် တောင်ပင်လယ်လောက၏ အရင်းအမြစ်များမှာ အင်မတန် ပေါများလွန်း၍ ဆက်လက်ပေါ်ထွက်လာနေဆဲပင်။
ပထမပင်လယ်ရေများ တဗွမ်းဗွမ်း လှုပ်ခတ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပင်လယ်ကြမ်းပြင်ထဲမှ ဧရာမဘီလူးကြီးတစ်ကောင် ထလာ၏။ ၎င်းသည် ဧရာမကြီးမားပြီး ၎င်း၏ခန္ဓာကိုယ်တွင် တဖျတ်ဖျတ် လက်နေသော အဖြူရောင်သင်္ကေတများ ဖုံးလွှမ်းနေ၏။ မိုးနှင့်မြေမှာ ၎င်းအရှေ့တွင် ခစားနေရသည့်အလား ထင်ရပြီး အားလုံးအထဲ သတိပြုစရာအကောင်းဆုံးမှာ ၎င်း၏မျက်နှာထက်၌ မျက်လုံးသုံးလုံး ရှိနေခြင်းပင်။
၎င်းက လက်ဆန့်တန်း၍ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်ရာ ပထမတောင်မှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ထိုအလင်းတန်းထဲတွင် ဧရာမစစ်ပုဆိန်ကြီးတစ်လက် ရှိနေ၏။ ဘီလူးကြီးက စစ်ပုဆိန်ကြီးကို ကိုင်ဆွဲလျက် မာန်သွင်းဟိန်းဟောက်လိုက်သည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှ တအံ့တဩအော်သံများ ထွက်လာ၏။ “သုံးမျက်ရှင်နတ်ဘုရား”
သုံးမျက်ရှင်နတ်ဘုရားမျိုးနွယ်စုသည် ပါရာဂွန်အင်မော်တယ်လောကကို မပုန်ကန်ခဲ့သော အဆင့်နိမ့်လောကအနည်းစုထဲမှ တစ်စု ဖြစ်၏။ သူတို့၏အတိုက်အခိုက်စွမ်းရည်က အင်မတန်သန်မာပြီး သူတို့က အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားမျိုးနွယ်စုနှင့် သွေးချောင်းစီးတိုက်ခိုက်ခဲ့ဖူးလေသည်။
တောင်ပင်လယ်လောက၏ အရင်းအမြစ်များ ပေါ်ထွက်လာနေသည်... မိုးနှင့်မြေသည် မှေးမှိန်ကျသွားပြီး ကြယ်တာရာကောင်းကင်မှာလည်း တဝုန်းဝုန်းလှုပ်ခတ်လျက်ရှိကာ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေတော့၏။