သတ်ဖြတ်သူ၏ အခန်းကဏ္ဍ
Vol. 100 Ch. 1394
“ငါ့အစီအစဉ်အားလုံးက ဖန်မျိုးနွယ်စုရဲ့ .... နိဗ္ဗာနပြန်မွေးဖွားခြင်းကို ဗဟိုပြုထားတာ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ရွှေတုန်းလျှိုသည် ကြယ်တာရာကောင်းကင်၏အဆုံးကို မော့ကြည့်လိုက်ပြီး မျက်လုံးများ မီးဝင်းဝင်းတောက်လာ၏။
တစ်ချိန်တည်းမှာပင် ကြယ်တာရာကောင်းကင်၏အမြင့်ဆုံးအမှတ်မှာ ရုတ်တရက် ပုံပျက်ရှုံ့တွလာပြီး ကြယ်တာရာကောင်းကင်ပင် အရည်ပျော်ကျနေပုံရသည်။ ထို့နောက် ... ၎င်းမှာ အနောက်ရှိ အာကာပြင်ကျယ်စကြဝဠာကြီး၏ တစ်စိတ်တစ်ပိုင်းကို ဖော်ပြလျက် ကွဲထွက်သွားတော့သည်။
ဧရာမမြေထုကြီးတစ်ခုလည်း ... တဟုန်ထိုး ဝင်ရောက်လာလေသည်။
မြေထုကြီးသည် ဧရာမကြီးမားပြီး မြောက်များစွာသော တောင်များ၊ ပင်လယ်များဖြင့် ပြည့်နှက်နေ၏။ ၎င်းအရှေ့တွင် ၎င်းကို ဆွဲနေသော ဧရာမနေကြီးကိုးစင်း ရှိသည်။
ထိုမြေထုကြီးကား ... အင်မော်တယ်နတ်ဘုရားကမ္ဘာမှတစ်ပါး အခြားမဟုတ်ပေ။
ဤသည်မှာ ပါရာဂွန်အင်မော်တယ်လောကကို ဖျက်စီးခဲ့သည့် အဓိကအင်အားစုကြီးနှစ်စုထဲမှ တစ်စု ,.. အင်မော်တယ်နတ်ဘုရားလောက ဖြစ်ချေ၏။
ထိုနေကိုးစင်းအနက် တစ်စင်းစီက ပါရာဂွန်တစ်ဦး၏အရှိန်အဝါကို ထုတ်လွှတ်နေသည်။ မိုးထစ်ချုန်းသံကြီး ပဲ့တင်ထပ်နေပြီး ကြယ်တာရာကောင်းကင် အရည်ပျော်ကျလာကာ နဝမတောင်လည်း တသိမ့်သိမ့်တုန်ခါနေသည်။ သက်ရောက်နေသော ဖိအားလေးကတင် နဝမတောင်ကို ဖြိုလဲပစ်ရန် လုံလောက်၏။
တောင်ပင်လယ်ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသောအရာကို ငေးကြည့်ရင်း စိတ်နှလုံးချာချာလည်နေကြသည်။ မန်ဟိုလည်း ခေါင်းမော့၍ ကြယ်တာရာကောင်းကင်အား ကမောက်ကမဖြစ်နေစေသော ဧရာမမြေထုကြီးကို စိုက်ကြည့်သည်။
ထိုမြေထုကြီးပေါ်တွင် တည်ငြိမ်အေးချမ်းသောမျက်နှာသွင်ပြင်၊ သာမန်ရုပ်ရည်နှင့် လူတစ်ယောက်အား ဖော်ကျူးထားသော ဧရာမရုပ်တုကြီးတစ်ရုပ်ကို မြင်ရနိုင်သည်။ ထိုရုပ်တုမှ ထုတ်လွှတ်နေသည့်ဖိအားကား ဖော်ပြ၍ပင်မရပေ။
ရုပ်တုကို မြင်လိုက်လျှင်ချင်း မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤရုပ်တုကို သူ ရင်းနှီးနေသည်။ ၎င်းက ... အက်ရှလွန်ကျင့်ကြံသူတာအိုကောင်းကင်၏ ပါရာဂွန်မှော်ပန်းချီထဲမှ အနက်ဝတ်သတ်ဖြတ်သူနှင့် ချွတ်စွပ်တူနေလေသည်.... အကျင့်စရိုက်သာ ကွာခြားပုံရ၏။
နေကိုးစင်းလုံး တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်အတွင်းတွင် ပေါ်လာသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ ၎င်းတို့အနောက်ရှိ မြေထုကြီးအပေါ်၌ တပ်ဖွဲ့အလိုက်နေရာယူလျက် စစ်တိုက်ရန် စောင့်စားနေဟန်တူသော ကျင့်ကြံသူပေါင်းများစွာကို မြင်ရနိုင်သည်။
ဤမြေထုသည် မိုးနှင့်မြေအားလုံး၏ ဘုရင်ဖြစ်သည့်အလား၊ အဆုံးမဲ့အင်မော်တယ်ချီနှင့် မြင့်မြတ်သော နတ်ဘုရားစွမ်းအားတို့ဖြင့် ထိုဘုရင်ကို အသင်္ချေသောကမ္ဘာပေါင်းများစွာမှ ဦးညွှတ်ခံစားရသည့်အလား ... အရှိန်အဝါကြီးမားသောစွမ်းအင်က လေတွင် ပြည့်နှက်နေရာယူလာ၏။ အဆိုပါစွမ်းအင်က အာကာပြင်ကျယ်ကြီးကို ကိုင်လှုပ်၍ အချိန်ကို ပြောင်းလဲနိုင်သည်သာမက တည်ရှိမှုများကို ခြယ်လှယ်နိုင်လေသည်။ ၎င်းက မိုးနှင့်မြေ၏ မဟာတာအိုများကိုပင် အထင်သေးနိုင်၏။ ကြည့်ရခြင်းအားဖြင့် အာကာပြင်ကျယ်ကြီးပင်လျှင် ဤကမ္ဘာကို ကြောက်လန့်အောင် မလုပ်နိုင်မည့်ပုံရသည်။
ဤကမ္ဘာက .. ကြယ်တာရာကောင်းကင်ထဲရှိ အကြီးမားဆုံးအင်အားစု အလားပင်။
၎င်းနှင့် ယှဉ်လျှင် ကောင်းကင်ဘုံ ၃၃ ဘုံမှာ ဘာမှမဟုတ်တော့ပေ။
ရုတ်တရက် ထိုမြေထုကြီးမှ အေးစက်စက်အသံတစ်သံက တောင်ပင်လယ်လောကတစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။ “ပါရာဂွန်အင်မော်တယ်လောက၊ အဖိုးထိုက်ရတနာကို အပ်နှင်းလော့၊ သင်တို့အင်မော်တယ်အကြောတွေကို ဖျက်စီးကြပြီး အဆင့်နိမ့်လောကတစ်လောက ဖြစ်လာလော့။ ဒီစစ်ပွဲမှာ သင်တို့အတွက် မျှော်လင့်ချက်မရှိဘူး”
တခဏကြာသော် မယုံသင်္ကာဖြစ်နေသော်လည်း အတော်လေးကျေနပ်နေဟန်တူသော အမျိုးသမီးတစ်ယောက်၏အသံ ထွက်လာသည်။ “ဟင် ... အဲဒီအရှိန်အဝါက .. မိစ္ဆာလား”
မန်ဟိုက တဟီးဟီးရယ်လိုက်ငိုလိုက်ဖြင့် အင်္ကျီလက်စကို ခါလိုက်ပြီး အပေါ်ရှိ မြေထုကြီးကို မော့ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများမှာ ပို၍ပင်နီရဲနေတော့သည်။ သူသည် နှုတ်ခမ်းပါးနားသပ်လိုက်ပြီး သူ့ထံမှ ဒေါသအခိုးအငွေ့တို့ စထွက်လာသည်။
“မင်းတို့တွေရော ပျော်ကြပြီလား အခု” သူက ခပ်တိုးတိုး ရေရွတ်သည်။ “စိတ်ချမ်းသာသွားပြီလား”
ဧရာမမြေထုကြီးဆင်းသက်လာမှုက တောင်ပင်လယ်ကျင့်ကြံသူများကို မန်ဟို့ကိစ္စကြောင့် အံ့ဩမှင်သက်နေရာမှ စိတ်နှင့်ကိုယ်ပြန်ကပ်သွားစေသည်။ ကြောက်မက်ဖွယ်မြေထုကြီးက သူတို့ကို ဖိအားကြီးအား ခံစားရစေ၏။ ကျင့်ကြံသူများမှာ ချက်ချင်းပင် စိတ်ပျက်လက်မှိုင်ကျသွားကြပြီး တစ်ချိန်တည်းမှာပင် အပြင်သူစစ်တပ်သည် လျင်မြန်စွာ ဆုတ်ခွာ၍ ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
အနှစ်သာရ ၈ ခု ပါရာဂွန်၏မျက်နှာမှာ လွန်စွာလေးနက်နေပြီး သူ့မှာ စိတ်သက်သာရသွားသည်။ သူ့အနေဖြင့် မန်ဟိုနှင့် တိုက်ခိုက်လိုစိတ် အမှန်တကယ် မရှိတော့ပေ။ မန်ဟိုက အိပ်မက်ဆိုးကြီးသဖွယ် ဖြစ်၍ မြေထုကြီး ရောက်လာသည့်အခါ သူ့မှာ အတိုင်းမသိဝမ်းသာသွားတော့၏။
တောက်ဖန်၏တုံ့ပြန်မှုတော့ မတူ။ သူ့မျက်လုံးများက ထူးဆန်းစွာ တောက်ပနေပြီး သူသည် ခါးမကိုင်းဘဲ မတ်မတ်ရပ်နေ၏။ တကယ်တမ်း သူ့မျက်လုံးထဲတွင် မနှစ်မြို့မှုတို့ ပေါ်လွင်နေသည်။
ဤအခိုက်အတန့်တွင် ရွှေတုန်းလျှိုက တဟားဟား အော်ရယ်လိုက်သည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာ ဆင်းသက်လာနေစဉ် ၎င်း၏ထောင့်စွန်းတစ်ခုက တောင်ပင်လယ်လောက၏ကြယ်တာရာကောင်းကင်အတွင်း လုံးလုံးလျားလျား ရောက်ရှိလာသည့်အခါ ရွှေတုန်းလျှို၏မျက်လုံးများသည် လင်းလက်သွား၏။
သူ့ရယ်သံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် သူက ရုတ်တရက် စကားပြောလိုက်သည်။
“မင်း ငါ့အပေါ် တိုက်ကွက်တစ်ကွက် အကြွေးတင်ထားတယ်။ အခု အဲဒီမြေထုရဲ့ အဲဒီထောင့်ကို ပိုင်းဖြတ်လိုက်” ရွှေတုန်းလျှို၏အသံ မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ကြယ်တာရာကောင်းကင်၏ထိပ်ဆုံး၊ တောင်ပင်လယ်လောကအတွင်း ဝင်နေသော မြေထုကြီး၏ထောင့်အနားလေးမှာတင် အနက်ဝတ်အရိပ်တစ်ခု ပေါ်လာသည်။
သူသည် ဝေဝါးနေသဖြင့် သူ့မျက်နှာကို ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ သို့သ်ော သူ ပေါ်လာလျှင်ချင်း ကြောက်မက်ဖွယ်အသတ်အဖြတ်အငွေ့များက မိုးနှင့်မြေကို လှုပ်ခတ်ရင်း အလိပ်လိပ်ဖြာထွက်လာသည်။ ဧရာမမြေထုကြီးပင်လျှင် တုန်ခါစပြုလာ၏။
အနက်ဝတ်လူက သူ့လက်ကို တည်ငြိမ်အေးဆေးစွာ မြှောက်ပြီးနောက် ဧရာမမြေထုကြီးကို ပိုင်းချလိုက်သည်။
သူ သုံးလိုက်သည့် နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များ၏ သဘာဝက ထူးခြားသလို၊ ၎င်းတို့ကို သုံးပင်သုံးလိုက်ရဲ့လား မပြောတတ်ပေ။ အမှန်တွင် သူက လက်ကလေးဖြင့် သာမန်ကာလျှံကာ ပိုင်းချလိုက်သယောင် ထင်ရသည့်တိုင် မြေထုတစ်ခုလုံးမှာတော့ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အထိတ်တလန့် အော်ဟစ်ကုန်ကြပြီး ပါရာဂွန်တစ်ဦးပင်လျှင် ခုခံဖို့ ခက်ခဲမည့် အကာကွယ်ယန္တရားများအား ထုတ်လွှတ်လိုက်ကြ၏။ အမှန်တွင် ထိုအကာအကွယ်များကြောင့်သာ ဤမြေထုကြီးသည် အာကာပြင်ကျယ်ကြီးကို ဖြတ်လျက် ခရီးနှင်လာနိုင်ခဲ့ခြင်းဖြစ်ပေသည်။
သို့သော် ယခုတော့ ၎င်းတို့မှာ အစွမ်းအစမရှိကြတော့သည့်အလား အနက်ဝတ်လူ၏တိုက်ကွက်ကို မခုခံနိုင်ကြပေ။ ချက်ချင်းပင် တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်အတွင်း ရောက်နေခဲ့သော မြေထု၏ထောင့်စွန်းပေါ်၌ ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်သွားသည်။
အက်ကြောင်းသည် ကျယ်သထက် ကျယ်လာရင်း ချောက်နက်ကြီးဖြစ်လာ၏။ တောင်တွေပြို၍၊ ပင်လယ်တွေ ကွဲထွက်ကုန်ကာ၊ လွင်ပြင်များ စိစိညက်ညက် ကြေကုန်သည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံတိုင်းထက် များစွာ ကြီးမားသော ထိုမြေအစွန်းမှာ ခွဲထုတ်ခံနေရသကဲ့သို့ ပင်မမြေထုကြီးထံမှ ကွဲထွက်စပြုလာသည်
မြေထုကြီးကား ... ကွဲထွက်နေချေပြီ။
တစ်ကမ္ဘာလုံး လုံးလုံးလျားလျား တုန်ခါနေ၏။
အပြင်သူများမှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး အနှစ်သာရ ၈ ခု ပါရာဂွန်လည်း မျက်လုံးကြီးပြူး၍ မယုံကြည်နိုင်စွာ ကြည့်နေသည်။ တောက်ဖန်ပင်လျှင် အမွှေးများထောင်လာသည့်တိုင်အောင် ထိတ်လန့်သွား၏။
မန်ဟိုတစ်ယောက်သာ မတူညီစွာ တုံ့ပြန်သည်။ သူ့မျက်ဝန်းထဲရှိ ဒေါသမီးတောက်များက တဟုန်းဟုန်းတောက်နေပြီး သူက တဟားဟား အော်ရယ်တော့သည်။
ထိုပိုင်းဖြတ်မှုသည် မြေထုကြီး၏အပိုင်းတစ်ပိုင်းလုံးကို ခွဲထုတ်ခဲ့ရာ တောင်ပင်လယ်လောက၏ ကျင့်ကြံသူများသာမက ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင်သူများလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
အင်မော်တယ်နတ်ဘုရားလောကသားများမှာတော့ ကြက်သေသေနေကြ၏။ ယခုလိုအရာမျိုးမှာ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၍ သူတို့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
ပြတ်ထွက်သွားသော မြေအပိုင်းမှာ ပျံသန်းနိုင်စွမ်းမရှိတော့၍ တောင်ပင်လယ်လောကအပေါ် ပြုတ်ကျလာသဖြင့် တဂျုန်းဂျုန်းမြည်သံကြီးများ ကြားလာရသည်။ ထိုမြေအပိုင်းပေါ်ရှိ ကျင့်ကြံသူများက မဆိုင်းမတွ ပျံထွက်ကုန်ကြပြီး တစ်ချိန်တည်းမှာပင် အနက်ဝတ်လူလည်း ထွက်ခွာဖို့ လှည့်လိုက်၏။
တစ်ချိန်လုံး သူက စကားတစ်ခွန်းမပြောခဲ့သလို၊ မည်သူမှလည်း သူ့မျက်နှာကို မမြင်ခဲ့ကြပေ။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှာ ပေါ်လာလျှင်ချင်း တိုက်ခိုက်ဖျက်စီးခံလိုက်ရ၍ ဒေါသူပုန်ထသွားကြသည်။
“ဒီတိုင်းထွက်သွားနိုင်မယ်ထင်လား” သူ့ထံ ပြေးဝင်လာသော လူရိပ်ဆယ်ခုကျော်ထဲမှ တစ်ယောက်က လှမ်းအော်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုလူရိပ်များအနက် ကိုးယောက်က နေအတွင်းထဲရှိ လူများဖြစ်ပြီး တစ်ဖွဲ့လုံး ပါရာဂွန်စွမ်းအားကို ထုတ်ဖော်ထားကြ၏။
သူတို့ ချဉ်းကပ်လာသည့်အခါ အနက်ဝတ်လူက မျက်မှောင်ကြုတ်၍ တုံ့ခနဲ ရပ်သည်။ ထို့နောက် သူသည် ခေါင်းလှည့်လိုက်ရာ သူ့မျက်နှာကို ပါရာဂွန်အဆင့်ပညာရှင်များ မြင်တွေ့သွား၏။ ၎င်းက သတ်ဖြတ်သူမှတစ်ပါး အခြားမဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ပါရာဂွန်များမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ချာချာလည်သွားကြတော့သည်။ သူတို့အားလုံး ပင့်သက်ရှိုက်လျက် မယုံနိုင်ဖြစ်နေသော အမူအရာများဖြင့် တုံ့ခနဲ ရပ်သွားကြပြီး အထိတ်တလန့် ရေရွတ်မိလိုက်ကြ၏။
"ခေါင်းဆောင်ကြီး”
“ဘယ်... ဘယ်လို... ခေါင်းဆောင်ကြီးလား”
“ခေါင်းဆောင်ကြီးပဲ" သူတို့၏ အံ့အားသင့်နေသောအော်သံများ အင်မော်တယ်နတ်ဘုရားကမ္ဘာတစ်လျှောက် ဟိန်းထွက်သွားသည့်အချိန်မှာပင် လူရိပ်များစွာ ထွက်ပေါ်လာပြီး ထိုဧရိယာသို့ ဦးတည်လာကြသည်။ ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်အကုန်စုံသော်လည်း အားလုံးက အတိုင်းထက်အလွန် အစွမ်းထက်ကြ၏။
သတ်ဖြတ်သူက သူတို့ကို ကြည့်ရုံသာ ကြည့်ပြီးနောက် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။
"ဒီအခွင့်အရေးလေးတစ်ခုက အောင်မြင်မလား။ ရှုံးနိမ့်မလား ဆုံးဖြတ်ပေးလိမ့်မယ်" ရွှေတုန်းလျှိုက အင်္ကျီလက်စကို ခါရမ်းပြီး ကောင်းကင်ဘုံ ၃၃ ဘုံမှ လက်ကျန်မြေထုများရှိရာသို့ လှမ်းကြည့်ကာ ပြောသည်။ "လေဟုန်ခွင်း အခုအချိန်မှ မလှုပ်ရှားရင် မင်းဘယ်အချိန် လှုပ်ရှားတော့မလဲ"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အနှစ်သာရ ၈ ခု ပါရာဂွန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသလို စစ်တပ်ထဲရှိ အပြင်လူပညာရှင်များလည်း အလားတူပင်။ လေဟုန်ခွင်းက သစ္စာဖောက်တစ်ဦး ဖြစ်နိုင်သည်ဟု သူတို့သိထားခဲ့၍ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သို့သော် ရွှေတုန်းလျှို၏စကားသံက ယုံကြည်ချက်အပြည့်ရှိနေသယောင်ပင်။
ထိုစဉ် ကောင်းကင်ဘုံ (၃၃) ၊ ကောင်းကင်ဘုံ (၃၂) ၊ ကောင်းကင်ဘုံ (၃၁) ... ကျန်ရှိသေးသော ကောင်းကင်ဘုံမြေထုအားလုံး တဝုန်းဝုန်း မြည်လာပြီး .... ပြုတ်ကျလာနေသည့် အင်မော်တယ်နတ်ဘုရားမြေအပိုင်းထံ ရွေ့လျားသွားကြသည်။
ဤမြင်ကွင်းက တောင်ပင်လယ်ကျင့်ကြံသူများ၏နှလုံးသားကို တုန်ရီသွားစေသည်။ အပြင်လူစစ်တပ်ထဲမှ ပင့်သက်ရှိုက်သံများကို ကျယ်လောင်စွာ ကြားလိုက်ရ၏။ အနှစ်သာရ ၈ ခုပါရာဂွန်မှာ ဒေါသူပုန်ထသွားပြီး မျောက်တောက်ဖန်ပင်လျှင် အံ့အားသင့်နေသည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှ တန်ခိုးရှင်များ၏တုံ့ပြန်မှုလည်း ထိုနည်းတူဖြစ်ပြီး သူတို့က ဖြစ်တော့မည့်အရာကို တားဖို့ ကပျာကယာ လှုပ်ရှားကြသည်။ သို့သော် သတ်ဖြတ်သူ၏တိုက်ကွက်က ထိုမြေအစွန်းပိုင်းကို ပိုင်းဖြတ်ရုံသာ ပိုင်းဖြတ်ခဲ့ခြင်းမဟုတ်။ အင်မော်တယ်နတ်ဘုရားလောကသားများ အပြင်မထွက်နိုင်အောင် ယာယီဟန့်တားပေးထားသည့် ချုပ်နှောင်စွမ်းအားတစ်မျိုးလည်း ပါရှိခဲ့လေသည်။
ထိုအခိုက်အတန့်မှာပဲ ကောင်းကင်ဘုံများက အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ပြတ်ထွက်လာခဲ့သော မြေအပိုင်းအား ၀င်တိုက်လိုက်ကြတော့သည်။ မိုးနှင့်မြေကို တုန်လှုပ်စေနိုင်သည့် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးများ ပဲ့တင်ထပ်သွားစဉ် မြေအပိုင်းကား အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။ တစ်ဆက်တည်းမှာပင် ကောင်းကင်ဘုံများလည်း ပျက်စီးပြာကျသွားသည်။
အဆိုပါထိတိုက်မှုက ထိုမြေအပိုင်း၏ အင်မော်တယ်ချီအားလုံးကို တောင်ပင်လယ်လောကအတွင်းသို့ ပို့လွှတ်ခံလိုက်ရစေသည်။ ထိုအင်မော်တယ်ချီမှာ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်လောက်အောင် အလွန်တရာအင်အားကြီးမား၏။ ပျက်စီးသွားသော ကောင်းကင်ဘုံမြေထုများမှလည်း ထိုအင်မော်တယ်ချီနှင့် ပေါင်းစည်းသွားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွားစေသည်။
အင်မော်တယ်ချီနှင့်အရှိန်အဝါ ပေါင်းစည်းသွားသည်နှင့်တစ်ပြိုင်နက် လေပြင်းတစ်ချက်က ကြယ်တာရာကောင်းကင်ကို ပိုင်းခြမ်း၍ ၎င်းအနောက်ရှိ အာကာပြင်ကျယ်ကြီးကို ဖော်ပြလိုက်သည်။
အမှန်တကယ် အရေးကြီးသည်က ...ဤအရာ.... ။ မြေထုများမှ ထုတ်လွှတ်ပေးမည့် အားလှိုင်းပင် ဖြစ်သည်။
ထစ်ချုန်းသံများ၏အလယ်တွင် ဧရာမအပေါက်ကြီးတစ်ပေါက် ပွင့်လာ၏။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်မှာ တုန်ခါလာပြီး အပြင်သူများမှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။ အနှစ်သာရ ၈ ခုပါရာဂွန်မှာ အံ့အားသင့်နေပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အစွမ်းထက်ပညာရှင်များက မယုံကြည်နိုင်စွာ အော်လိုက်ကြ၏။
"သူတို့တွေ စည်းကို ဖွင့်ပြီး ထွက်ပြေးဖို့ လုပ်နေကြတာပဲ"
ထိုအပေါက်က ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖွင့်ပေးလိုက်လေပြီ။