← Chapters

ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်။

Vol. 109 Ch. 1498

ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်။

Vol. 109 Ch. 1498

လူဝကျင့်ကြံသူက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖြစ်စေပြီး သူ့ဘေးပတ်လည်တွင် ပေသီးစေ့များသည် လှည့်ပတ်သည်။ သူသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပေသီးစေ့များသည် သူ၏ရှေ့တွင် ထူးဆန်းသောပုံရိပ်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။

ထိုပုံရိပ်သည် စစ်တုရင်ခုံနှင့်တူ၏။ ပေသီးစေ့များက စစ်တုရင်ခုံပေါ်ရှိ စုတုရင်အစိတ်အပိုင်းများအလား။

သူ့မျက်နှာသည် အလွန်တရာ အလေးအနက် ဖြစ်လာကာ မန္တာန်စရွတ်သည်။ ထိုသို့ ပြုလုပ်နေရင်း သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ချက်ခြင်းပင် စစ်တုရင်ခုံသည် အနီရောင်မြူများထံ ဦးတည်ဝင်သွားသည်။

၎င်းက ဖျပ်ခနဲအတွင်း အနီရောင်မြူနား ရောက်သွားပြီး မြူအတွင်းမှ ဟိန်းအော်သံများ ထွက်ပေါ်လာသည်။ မြူအစိတ်အပိုင်းတစ်ခုသည် ထိုးထွက်လာပြီး စစ်တုရင်ခုံကို ဝါးမြိုရန် တာဆူသည်။

ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်ကာ ထိုအနီရောင်မြူက ၎င်းကို ဝါးမြိုတော့မည့်အချိန်တွင် ယင်းစစ်တုရင်ခုံထံမှ ငါးရောင်စုံအလင်း တောက်ပလာ၏။ ပုံရိပ်ယောင်ပုံရိပ်တစ်ခုလည်း ထွက်ပေါ်လာသည်။ ၎င်းပုံရိပ်က ချိပ်ဟန်များ ဖြစ်စေပြီး လက်ဝါးဖြင့် အနီရောင်မြူထံ ရိုက်ချလိုက်သည်။

မမြင်ရသောအားတစ်ခု ပေါ်လာကာ အနီရောင်မြူကို နောက်ပြန်ကန်သွားစေသည်။ စစ်တုရင်ခုံသည် ဝါးမြိုမခံလိုက်ရပေ။ ထိုအဖြစ်ကို တွေ့သည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်လုံးများသည် ကျဉ်းမြောင်းကုန်သည်။ မြင့်မြတ်သောလင်းတန်၏ မျက်လုံးထဲတွင်လည်း ပျော်ရွှင်မှု အရိပ်အမြွက် ဖြစ်ပေါ်သည်။ ပညာတတ်သက်လတ်ပိုင်းလူတစ်ယောက်သာ အထင်သေးဟန် လှစ်ဟပေါ်နေ၏။ လူဝကျင့်ကြံသူသည် ဂုဏ်ယူမှု ပြည့်နေလျက် သူ့ညာလက်ကို ပင့်မြှောက်လိုက်လေ၏။ စစ်တုရင်ခုံက ၎င်းကို ပုံရိပ်ယောင်ပုံရိပ်က ဝန်းရံလျက် အနီရောင်မြူထံ နီးကပ်သွားလေတော့သည်။

ဝမ်လင်းသည် ထိုအခြင်းအရာများကို တည်ငြိမ်စွာ ကြည့်နေ၏။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်ပေါ်နေသည်။ လူဝကျင့်ကြံသူ၏ နည်းလမ်းမှာ အရည်အသွေးအချို့ ပိုင်ဆိုင်ထားသည်သာ။ ပေသီးခုံက ထူးကဲသောရတနာတစ်ခု ဖြစ်ရပေမည်။ ပေသီးစေ့များတွင်လည်း အတားအဆီးများစွာ ပါဝင်လေ၏။ ၎င်းတို့ ပေါင်းစပ်သွားသည့်အခါ အံ့အားသင့်ဖွယ် သက်ရောက်မှုကို ဖန်တီးနိုင်သည်။

သာမန်အတားအဆီးတစ်ခုသာ ဖြစ်နေပါက သူသည် အခွင့်အရေး ရကောင်းရနိုင်သည်။ သို့သော် ထိုသေးငယ်သောလှည့်ကွက်လေးများက သည်အနီရောင်မြူကိုမူ ချိုးဖျက်နိုင်မည် မဟုတ်ပါ။ မြူအတွင်းရှိ အတားအဆီးများက အလွန်ရှုပ်ထွေး၏။ မြူတွင် ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးသာမက အချိန်အတားအဆီးပါ ရောယှက်လို့နေသည်။ ထိုနှစ်ခု ပေါင်းစပ်ထားခြင်းသည် အလွန်တရာ အစွမ်းထက်လှသည်။

စစ်တုရင်ခုံသည် အနီရောင်မြူနှင့် နီးကပ်သွားခဲ့ပြီး အတွင်းသို့ ပျောက်ကွယ်သွားသည်။ မြူထံမှ ပြင်းထန်သောအော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း ဂရုတစိုက် ကြည့်နေကြစဉ် လူဝကြီး၏အမူအရာသည် ပြောင်းလဲသွားသည်။ သူ့မျက်နှာသည် ဖြူရောကာ သွေးအန်လိုက်ရချေ၏။ ကြည့်ရသည်မှာ သူ၏ရတနာသည် ဖျက်စီးခံလိုက်ရပေပြီ။ ၎င်းရတနာက သူ့မူလစိတ်ဝိညာဉ်နှင့် ချိတ်ဆက်နေကာ ထိုချိတ်ဆက်မှုသည် အခု ပြက်တောက်သွားခဲ့လေပြီ။ သူက ချက်ခြင်း နောက်ဆုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် နှစ်လှမ်းမျှ နောက်ဆုတ်လိုက်ရပြီးနောက် အနီရောင်မြူသည် အရူးအမူး မြင့်တက်လာပြီး ရှေ့သို့ ချဲ့ကားထွက်ကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ၎င်းက လူဝကျင့်ကြံသူကို အတွင်းသို့ ဆွဲချသွားတော့သည်။

သူ၏နာကျင်စွာ အော်သံသည် နားကျိန်းလုနီး ဖြစ်၏။ အရိုးကျိုးသံများကိုလည်း ကြားရကာ လူတိုင်း၏စိတ်သည် တုန်လှုပ်မိရသည်။ မြင့်မြတ်သောလင်းတန်သည်ပင် သုန်မှုန်နေ၏။ သူက ၎င်းကို ချိုးဖျက်ဖို့ နည်းလမ်းမရှိပါက အတင်းအကြပ် ဖွင့်လှစ်ရပေတော့မည်။ သို့သော်လည်း ထိုသို့လုပ်ခြင်းက အတွင်းရှိ တာအိုစိတ်ဝိညာဉ်ကို ထိခိုက်မှု အများကြီး ဖြစ်သွားနိုင်သည်။ ထိုသို့သာဆိုပါက သူ ဒီအတားအဆီးကို ဖွင့်လှစ်ဖို့ အားစိုက်ထုတ်ရတာ မထိုက်တန်တော့ပေ။

“ဒီအဘိုးအိုက ဒါကို မဖွင့်နိုင်ဘူး။ ဒီမှာ ရှိတဲ့ဘယ်သူကမှလည်း မလုပ်နိုင်ဘူးဆိုတော့ အတင်းအကြပ် ဖွင့်လှစ်ပြီး ဖျက်စီးပစ်ရတော့မယ်…” သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူက ရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းပညာတတ်က သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်၏။ “မြင့်မြတ်သောလင်းတန်။ ဒါကို အတင်းအကြပ် ဖွင့်လှစ်ဖို့ မကြိုးစားခင် ကျနော့်ကို ကြိုးစားကြည့်ခွင့်ပေးပါ။ ကျနော် ဒီအတားအဆီးကို လုံးဝ မဖွင့်လှစ်နိုင်ရင်တောင် အစိတ်အပိုင်းတစ်ခုခုကိုတော့ ချိုးဖျက်နိုင်လောက်မှာပါ။ အဲ့ကျရင် မြင့်မြတ်သောလင်းတန်က အတင်းအကြပ် ဖွင့်လှစ်ရင်တောင် အထဲက တာအိုစိတ်ဝိညာဉ်အပေါ် ထိခိုက်မှု နည်းပါးသွားနိုင်ပါတယ်…”

မြင့်မြတ်သောလင်းတန်က လှည့်၍ ထိုသက်လတ်ပိုင်းပညာတတ်ကို ကြည့်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။ “မင်း သေချာ ဂရုစိုက်ပါ…”

သက်လတ်ပိုင်းပညာတတ်က ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူက သူ့လက်ထဲရှိ ယပ်တောင်ကို ခေါက်၍ မြူထံသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာသည်။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေသည်။ သို့သော် သူက စတင်စိတ်ဝင်စားလာ၏။ မည်သူမျှ သတိမပြုမိဘဲ သူ့အောက်တွင်လည်း အတားအဆီးများစွာ ပိုပို ဖြစ်ပေါ်လာသည်။

ပညာတတ်သက်လတ်ပိုင်းလူက မြူထံသို့ ချဉ်းကပ်လာ၏။ ခဏကြာပြီးနောက် သူ့ညာလက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ တစ်ခုခုကို တွက်ချက်ဟန် ပြုသည်။ သူ၏မျက်လုံးထဲတွင်လည်း ကောက်ချက်ချဆင်ခြင်မှုများ ပြည့်လာ၏။ ခဏအကြာတွင် သူ့ညာလက်ကို ရှေ့သို့ ရွှေ့လျားစေကာ ပုံရိပ်များအထပ်ထပ် ဖြစ်စေလျက် အနီရောင်မြူထံသို့ ကျရောက်သွားသည်။

အနီရောင်မြူထံမှ တုန်ဟည်းသံများ ထွက်ပေါ်လာ၏။ ထိုအသံများ ပဲ့တင်ထပ်နေရင်း အနီရောင်မြူသည် လက်တစ်ဖက်အသွင်ပြောင်းကာ သက်လတ်ပိုင်းပညာတတ်လူထံ တိုးဝင်လာသည်။ သို့ပေမည့် သူသည် ၎င်းကို မတည်ရှိသည့်အလား လှုပ်ရှား၏။ သူ့လက်ဖြင့် နောက်ထပ်ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ရှေ့သို့ ညွှန်လိုက်ပြန်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထိုသက်လတ်ပိုင်းလူက မည်သည့်နေရာသို့ လက်ညွှန်လိုက်မှန်း မသိရပေ။ အနီရောင်မြူသည် တုန်ယင်လာကာ သူ့ရှေ့မရောက်ခင် ပျက်စီးသွားသည်။

ထိုမြင်ကွင်းသည် မြင့်မြတ်သောလင်းတန်၏မျက်လုံးကို လက်ခနဲ ဖြစ်သွားစေ၏။

လင်းတန်၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သက်လတ်ပိုင်းပညာတတ်လူက အမှန်ပင် ကျွမ်းကျင်မှုအချို့ ပိုင်ဆိုင်ထားပေ၏။ အတားအဆီးအပေါ် သူ၏ကျွမ်းကျင်မှုသည် သူ့ရှေ့က လူများ၏ အထက်တွင် ရောက်နေသည်။

ထိုလူ၏နဖူးထက်တွင် ချွေးပြန်နေပြီ။ သို့သော် သူ့အမူအရာကမူ တည်ငြိမ်လို့နေ၏။ ဖျပ်ခနဲ သူက နဂါးတစ်ကောင်အလား ရွှေ့လျား၍ အနီရောင်မြူကို လှည့်ပတ်သည်။ သူ့လက်ကမူ မရပ်တန့်ဘဲ ချိပ်ဟန်များကို ဆက်တိုက် ဖြစ်စေကာ အနီရောင်မြူထံသို့ လက်ညွှန်သည်။ မြူအတွင်းမှ ဟိန်းသံများ ပိုကျယ်လောင်လာ၏။

ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ သူက နှာခေါင်းရှုံ့လိုက်၏။ ထိုသက်လတ်ပိုင်းလူသည် သူ့ကိုယ်သူ ကောင်းစွာ ကွယ်ဝှက်ထားသော်လည်း သူ အတားအဆီးကို ချိုးဖျက်ရန် လှုပ်ရှားလိုက်သည်နှင့် ဝမ်လင်းက သူ၏ရည်ရွယ်ချက်အမှန်ကို ဖြတ်မြင်သွားပေပြီ။

ထိုအခိုက်အတန့်၌ သက်လတ်ပိုင်းပညာတတ်လူက ရုတ်တရက် မာန်သွင်းအော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ လှုပ်ရှားနေရာကနေ ရပ်တန့်သွားပြီး အနီရောင်မြူထံသို့ သူ့လက်နှစ်ဖြင့် ခပ်ကြမ်းကြမ်း ဖိချလိုက်သည်။ “မြင့်မြတ်သောလင်းတန်…ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ။ အပူဇော်ခံမီးတောက်စွမ်းအားကို အသုံးပြုပေးပါ။ ဒါဆိုရင် ငါ့အနေနဲ့ ဒီအတားအဆီးရဲ့ တစ်ဝက်ကို ချိုးဖျက်နိုင်ပြီ…”

သူ့အသံသည် အလျင်လိုနေ၏။ မြင့်မြတ်သောလင်းတန်ကလည်း ထိုလူ့ကို အတော်လေး ယုံကြည်သည့်ပုံ ရ၏။ သူက တွေဝေမနေဘဲ ရှေ့သို့ လှမ်းလိုက်သည်။ ထို့နောက် သူ့ညာလက်ကို မြှောက်လိုက်ရာ အပူဇော်ခံမီးတောက်စွမ်းအင်သည် သူ့လက်ဝါးတွင် စုဝေးသည်။ ထို့နောက် သူက အနီရောင်မြူထံသို့ ရိုက်ချလိုက်သည်။ အပူဇော်ခံမီးတောက်စွမ်းအင်နှင့် ပြုလုပ်ထားသော လက်ဝါးချက်သည် ထိုးထွက်ကာ အနီရောင်မြူပေါ်သို့ မြန်ဆန်စွာ ကျရောက်သွား၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ဖြစ်ပေါ်သွားပြီး အနီရောင်မြူတစိတ်တပိုင်းသည် ပျောက်ကွယ်သွားသည်။ သို့ပေမည့် မြင့်မြတ်သောလင်းတန်၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာသည်။ မြူသည် ကြမ်းတမ်းနေကာ ချက်ခြင်းပင် ဖြူရောနေသော သက်လတ်ပိုင်းလူကို ဝါးမြိုပစ်ရန် ပါးစပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။

မြူအတွင်း၌ နာကျင်စွာအော်သံများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ထိုအနီရောင်မြူက မြင့်မြတ်သောလင်းတန်၏ အပူဇော်ခံမီးတောက်လက်ဝါးကိုပါ ဝါးမြိုသွားသည်။ အတွင်းမှ အဖျက်အစီးအော်မြည်သံ တစ်ခု ထွက်ပေါ်လာလေ၏။ ထိုအဖြစ်က သည်ချိပ်ပိတ်ဧရိယာကို အပြင်းအထန် တုန်ခါသွားစေသည်။ ချက်ခြင်းပင် ထိုအဖျက်အစီးအော်ရာသည် ရုတ်တရက် မုန်တိုင်းအသွင် ဖြစ်ပေါ်သည်။ အနီရောင်မြူကြောင့် ဖြစ်ပေါ်သော မုန်တိုင်းသည် အလွန်မြန်ဆန်စွာ ရွှေ့လျား၏။ ထိုအဖြစ်က သည်လောကကို စတင် ပျက်စီးလာစေသည်။

နှေးသည့် ကျင့်ကြံသူအချို့ဆို သူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးကုန်၏။ မြင့်မြတ်သောလင်းတန်၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူက ထိုမုန်တိုင်းထံမှ အန္တရာယ်ကို ခံစားမိ၏။ သူက ချက်ခြင်းပင် နောက်ဆုတ်ကာ ပေနှစ်သောင်းလောက်ကျယ်ပြန့်သော ကျောက်ဖျာပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူသာမက လူတိုင်းသည်လည်း နောက်ဆုတ်ကြသည်။ နှေးကွေးသော အချို့ကတော့ အနီရောင်မြူ၏ ဝါးမြိုခြင်း ခံလိုက်ရသည်။ ဝမ်လင်းကလည်း အမြန်ဆုံးနောက်ဆုတ်၏။ အရှင်လင်းတန်ထက်ပင် သူက ပိုမြန်သေးသည်။ သက်လတ်ပိုင်းပညာတတ်လူ ဝါးမြိုခံရခါနီးတွင် သူ့ခြေထောက်အောက်တွင် စုစည်းထားသော အတားအဆီးများကို မြေပြင်ထက်သို့ ထိုးထွက်စေလိုက်သည်။ ထို့နောက် သူက တုံ့နှေးမနေဘဲ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

အနီရောင်မုန်တိုင်းသည် ဒီရေအလားပင်။ ၎င်း၏ဖျက်စီးခြင်းအော်ရာက ကောင်းကင်ကိုပါ ဆုတ်ဖြဲသည်။ လူတိုင်းသည် စတင် လွတ်မြောက်ရန် ကြိုးစားပြီး ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်အက်ကြောင်းထံသို့ တရကြမ်း တိုးဝင်သွားသည်။ လူတိုင်းသည် ပျောက်ကွယ်သွားကြပြီး အနီရောင်မုန်တိုင်း၏ ဝါးမြိုခြင်းကို လူဆယ်ယောက်ကျော် ခံလိုက်ရသည်။ ဝမ်လင်းအပါအဝင် ဆယ့်တစ်ယောက်မပြည့်သော လူများကတော့ ဟင်းလင်းပြင်အက်ကြောင်းများအတွင်း လွတ်မြောက်သွားကြသည်။ ခုချိန်၌ အနီရောင်မြူသည် သည်လောကတွင် ပြည့်နှက်လာကာ အကြားအဟပ်ပင် မကျန်တော့ပေ။

အချိန်အတန်ကြာပြီးနောက် မြူသည် တဝီဝီစတင် လှည့်လည်ပြီး ရှေးဟောင်းနတ်ဘုရားကျောပေါ်ရှိ ကျောက်ဖျာပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားသည်။ ခုချိန်၌ ကောင်းကင်သည် အနီရင့်ရောင် ဖြစ်နေကာ ဟင်းလင်းပြင်အက်ကြောင်းများလည်း လုံးဝ ပျောက်ကွယ်သွားကာ သည်နေရာ၏ ဝင်ပေါက်ကို ချိပ်ပိတ်လိုက်တော့သည်။

မြူထံမှ ဟိန်းအော်သံများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝတိတ်ဆိတ်သွားသည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ နာရီဝက်ခန့်ကြာပြီးနောက် လူတစ်ယောက်သည် မြူထဲမှ လှမ်းလျှောက်ထွက်လာ၏။ ထိုလူသည် လူတိုင်းသေပြီဟု ထင်ထားသော သက်လတ်ပိုင်းပညာတတ်လူ ဖြစ်နေသည်။ သူ့ပါးစပ်ထောင့်တွင် ဂုဏ်ယူဟန်အပြုံးတစ်ခု တွဲခိုနေသည်။

“သူဟာ မြင့်မြတ်သောလင်းတန် ဖြစ်နေတော့ရော ဘာဖြစ်သေးသလဲ…။ ဘယ်သူကမှ ငါ သဘောကျတဲ့ ရတနာကို မယူနိုင်ဘူးကွ။ လှည့်ကွယ်လေးနဲနဲနဲ့ လူတိုင်းကို ကန်ထုတ်လိုက်နိုင်ပြီ။ အခု ဒီထဲမှာ ငါ ပိုင်ဆိုင်မယ့် တာအိုစိတ်ဝိညာဉ်တစ်ခုပဲ ရှိတယ်…”

သူသည် အရူးအမူး ရယ်မောနေရင်း သူ့မျက်နှာထက်ရှိ ဂုဏ်ဝင့်မှုသည် ပိုပီပြင်လာသည်။ သူက မြူကို လောဘအပြည့်ဖြင့် ကြည့်သည်။ ထို့နောက် နှုတ်ခမ်းသပ်ကာ လက်ဝေ့ယမ်းလိုက်သည်။ ကျောက်စိမ်းပြားအပိုင်းအစကိုးခုသည် သူ၏လက်ထဲတွင် ပေါ်လာသည်။

“ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး၊ အချိန်အတားအဆီး။ ငါက ဒီအတားအဆီးနှစ်ခုကို မဖွင့်လှစ်နိုင်ပေမယ့် သူတို့ရဲ့ လုပ်ဆောင်မှုကို စက္ကန့်နှစ်ဆယ်လောက် ဟန့်တားထားနိုင်တယ်…”

သက်လတ်ပိုင်းပညာတတ်လူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားအပိုင်းအစကိုးခုသည် တစ္ဆေအလင်းတန်းတစ်ခုကို ထုတ်လွှတ်သည်။ ယင်းတို့က စက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်လျက် အနီရောင်မြူထံ တိုးဝင်သွားသည်။ ဟိန်းမြည်သံများ ပိုပြင်းထန်လာ၏။ သို့‌သော် ခဏအကြာတွင် ဟိန်းမြည်သံများသည် ကျောက်စိမ်းပြားများထံမှ တစ္ဆေအလင်းတန်းကြောင့် ရပ်တန့်သွားလေ၏။ သက်လတ်ပိုင်းပညာတတ်က ကျောက်စိမ်းပြားကြောင့် ဖြစ်ပေါ်လာသော စက်ဝန်းထဲသို့ ခြေချလိုက်၏။ ထို့နောက် သူ့လက်ဖြင့် ရပ်တန့်သွားသော အတားအဆီးများကို ဖွင့်လှစ်ရန် ဆုတ်ဖြဲသည်။ သူ့မျက်လုံးသည် လောဘနှင့် ပြည့်နှက်နေ၏။ သူက အတားအဆီးကို ဆုတ်ဖြဲ ဖွင့်လှစ်ရန် ခြေလှမ်းဖို့ ပြင်လိုက်သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ အလန့်တကြားအော်သံတစ်ခုသည် လောကတွင် ပဲ့တင်ထပ်သည်။ “မဖြစ်နိုင်ဘူး။ အသက်ဝင်နေတဲ့ အတားအဆီးတစ်ခု ရှိနေသေးတာပဲ။ ငါ အတားအဆီးအားလုံးကို ရပ်တန့်စေခဲ့ပြီးပြီး မဟုတ်လား…”

သက်လတ်ပိုင်းလူက အလျင်အမြန် နောက်ပြန်ဆုတ်လိုက်သည်။ သူ့မျက်နှာသည် သွေးအလိမ်းလိမ်းဖြစ်ကာ သူ့ခန္ဓာကိုယ်သည် အလျင်အမြန် ယိုယွင်းပျက်စီးသည်။ မျက်စိတစ်မှိတ်အတွင်း ခြေလှမ်းသုံးဆယ်ခန့် ဆုတ်ပြီးနောက် သူသည် အလောင်းကောင်တစ်ကောင် ဖြစ်သွားသည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ မျက်စိတစ်မှိတ်အတွင်း စက္ကန့်နှစ်ဆယ် ကုန်လွန်သွားသည်။ ကျောက်စိမ်းပြားထံမှ တစ္ဆေအလင်းသည် မြန်ဆန်စွာ လွင့်ပျောက်သွားသည်။ အနီရောင်မြူသည် ထပ်မံအသက်ဝင်မည့် အရိပ်အယောင် ပြသလာသည်။ သိပ်မကြာခင်တွင် ၎င်းသည် ထပ်မံ အသက်ဝင်လာတော့၏။

ဆယ့်ငါးမိနစ်ခန့် မြန်ဆန်စွာ ကုန်လွန်သွားသည်။ အလောင်းကောင်က မျက်လုံးပြန်ဖွင့်လာ၏။ သူ့ပုံပန်းသွင်ပြင်သည် သက်လတ်ပိုင်းပညာတတ်တစ်ယောက်အသွင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။

“ကြည့်ရတာ ဒီနေရာထဲ ဘယ်သူမှ ချောင်းမြောင်းမနေတဲ့ပုံပဲ…” သက်လတ်ပိုင်းပညာတတ်လူ၏ မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူက အနီရောင်မြူထံသို့ လှမ်းလျှောက်သွားတော့သည်။

***

All Chapters