← Chapters

ကျောက်ဖျာ၏လျှို့ဝှက်ချက်

Vol. 109 Ch. 1501

ကျောက်ဖျာ၏လျှို့ဝှက်ချက်

Vol. 109 Ch. 1501

ရပ်တန့်ခြင်းမန္တာန်ကို အရေးကြီးဆုံး အခိုက်အတန့်တွင်သာ အသုံးပြုရပေမည်။ လွယ်လွယ်နှင့် အသုံးပြု၍ မဖြစ်ပေ။ သို့မဟုတ်ပါက ပစ်မှတ်သည် ၎င်းမန္တာန်ကို သတိထားသွားနိုင်၏။ ၎င်းမန္တာန်သည် အသုံးပြုလိုက်သည်နှင့် တစ်ချီတည်း အောင်မြင်ရပေမည်။ ထို့အတွက်ကြောင့် ယင်းမန္တာန်ကို မထင်မှတ်သောအသေတိုက်ကွက်တစ်ခုဟုပင် ယူဆနိုင်သည်။ ရပ်တန့်ခြင်းမန္တာန်သည် ဝမ်လင်းနှင့် အတူတကွ ရှိခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင် ကျော်ခဲ့လေပြီ။ ၎င်းကို အသုံးပြုသည့် အကြိမ်တိုင်းတွင်လည်း ကြီးမားသောအကျိုး ဖြစ်ထွန်းစေခဲ့သည်သာ။ မြင့်မြတ်သောလင်းတန်က ဒဏ်ရာအပြင်းအထန် ရထားပေ၏။ ခုချိန်၌ အနီရောင်မြူက မြည်ဟိန်းလျက် ဝင်ပေါက်ဝကို ပြန်ဖာထေးနေစဉ် သူ၏ခန္ဓာကိုယ်သည် တုန်ရင်လို့နေသည်။ သည့်အပြင် ထိုမြူက သူ့ကိုလည်း ဝါးမြိုထားသေးသည်။

တန်ဖိုးအနည်းဆုံး၊ ရလဒ်အကြီးမားဆုံးရဖို့ ဟူသည်ကား ဝမ်လင်း၏ တိုက်ခိုက်ခြင်း စည်းမျဉ်းပင်။ မြင့်မြတ်သောလင်းတန် ဒဏ်ရာပိုမပြင်းထန်ခင်က သူသာ ကျောက်စိမ်းပြားကို ယူဆောင်ခဲ့ပါက ထိုသူသည် ချိုးဖျက် လွတ်မြောက်သွားနိုင်သေးသည် မဟုတ်လား။

ရပ်တန့်ခြင်းမန္တာန်သည်လည်း ထို့အတူသာ။ ထို့အတွက်ကြောင့် ဝမ်လင်းက တိုက်ခိုက်ခဲ့ကာ မြင့်မြတ်သောလင်းတန်၏ဒဏ်ရာကို အကန့်အသတ်ထိ ရောက်စေခဲ့သည်။ အရေးကြီးဆုံး အခိုက်အတန့်၌ သူက ကျောက်စိမ်းပြားကို ထုတ်ယူကာ ရပ်တန့်ခြင်းမန္တာန်ကို အသုံးချလိုက်ခြင်းတည်း။ မြူအတွင်းမှ ဟိန်းမြည်သံများသည် အချိန်အတော်အတန် ကြာပြီးနောက် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားသည်။

“ငါဟာ အတားအဆီးတွေနဲ့ ပတ်သတ်ပြီး မစိုးရိမ်ဘူး။ ဒါပေမဲ့ ဒီအတွင်းဘက်မှာ တာအိုစိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားတယ်။ အဲ့တော့ ဒီတာအိုစိတ်ဝိညာဉ်ဟာ အတော်လေး အစွမ်းထက်မှာပဲ။ မြင့်မြတ်သောလင်းတန်နဲ့ ဒီတာအိုစိတ်ဝိညာဉ် တိုက်ခိုက် ပလေ့စေ။ အဲ့ကျရင် ငါ့အတွက် အမြတ်ပဲ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အခုဖြစ်ပျက်ခဲ့သမျှသည် သူ၏အစီအစဉ်များသာ ဖြစ်လေ၏။ မြင့်မြတ်သောလင်းတန်သာ ဒဏ်ရာအပြင်းအထန် မရခဲ့ပါက တာအိုစိတ်ဝိညာဉ်မှာ ထိုသူ၏ ပြိုင်ဘက် မဟုတ်လောက်ပေ။

သို့ရာတွင် ခုချိန်တွင်မူ ဝမ်လင်း၏ အကြံအစည်အတွက် အခြေအနေက အလွန်သင့်တော်နေပေသည်။

ဝမ်လင်း၏ညာမျက်လုံးထဲရှိ မိုးကြိုးသည် ပျံသန်းထွက်လာကာ ၎င်းနှင့်အတူ မိုးကြိုးအမှတ်အသားပါ ပါဝင်၏။ အနီရောင်မြူ၏ အထက်တွင် ၎င်းက မြောလွင့်ပြီး မိုးကြိုးတန်းများ ဆင်းသက်ကာ ပိုက်ကွန်တစ်ခုအလား ဖြစ်ပေါ်သည်။

မီးသည် သူ၏ဘယ်မျက်လုံးထံမှ ထိုးထွက်လာပြီး အနီရောင်မြူကို လောင်ကျွမ်းစေသော မီးပင်လယ်တစ်ခု ဖြစ်လာသည်။ ၎င်းက မိုးကြိုးနှင့်အတူ ပေါင်းစည်းကာ ပိတ်ဆို့မှုတစ်ခု ဖြစ်လာသည်။

ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သူ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များသည် လှည့်လည်ကုန်၏။ အင်ပါယာမီးပြင်းဖို ပေါ်လာကာ မြူကို ဝန်းရံသည်။

ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး အတားအဆီးတစ်ခုကို စေလွှတ်သည်။ ထို့နောက် အင်ပါယာမီးပြင်းဖိုသည် စတင် သန့်စင်သည်။ မြူကို ကြည့်နေလျက် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။ အင်ပါယာမီးပြင်းဖိုသည် တော်ဝင်ရှေးဟောင်းနတ်ဘုရားလက်နက်တစ်ခု ဖြစ်၏။ ၎င်းမှာ ခုခံခြင်းစွမ်းအားအပြင် သန့်စင်ရာ၌လည်း အသုံးပြုနိုင်သည်။ ဆေးလုံးများနှင့် ရတနာများကို သန့်စင်ခြင်းတော့ မဟုတ်ပေ။ ရှေးကျွန်များကို သန့်စင်ဖို့အတွက်သာ ဖြစ်လေ၏။ ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက မြူကို ထပ်မံ မကြည့်တော့ဘဲ တစ်ခုနှင့်တစ်ခု ချိပ်ပိတ်နေသော သစ်ရွက်နှစ်ရွက်ထံသို့ လှမ်းလျှောက်သွားသည်။ သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထိုသစ်ရွက်နှစ်ရွက်က သူ့ထံ ပျံသန်းလာလေ၏။

“မြင့်မြတ်သောလင်းတန်ဆီမှာ ဒီရှေးဟောင်းသစ်ရွက် ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ သူ ဒါကို ဘယ်နေရာကများ ရခဲ့တာလဲ…” ဝမ်လင်းက သစ်ရွက်နှစ်ရွက်ကို ပြန်ခွာလိုက်၏။ မြင့်မြတ်သောလင်းတန် ပိုင်ဆိုင်သောတစ်ခုကို ကိုင်ထားလျက် သူ၏နတ်ဘုရားအာရုံကို ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့်အတူ ၎င်းထံသို့ ပို့လွှတ်ကာ ၎င်းထံမှ နတ်ဘုရားအာရုံကို ပယ်ဖျက်လိုက်၏။ တကယ်တော့ သည်သစ်ရွက်ရတနာသည် ရှေးအမိန့်ရတနာတစ်ခု ဖြစ်၏။ ထို့ကြောင့် အပြင်လူများသည် ၎င်းကို အစစ်အမှန် မထိန်းချုပ်နိုင်ပေ။

သူ့ရှေးဟောင်းနတ်ဘုရားအော်ရာကို သစ်ရွက်ပေါ်သို့ ချန်ရစ်လိုက်ပြီးနောက် ဝမ်လင်းက ၎င်းတို့ကို သေချာ သိမ်းဆည်းလိုက်၏။ ထိုရတနာသည် သူ့အတွက် အတော်လေးကို အသုံးဝင်ပေ၏။ အချို့ကိစ္စများတွင် ၎င်းသည် ရပ်တန့်ခြင်းမန္တာန်နှင့်ပင် ယှဉ်၍ရသည်။ ဝမ်လင်းက ဝေ့တိုက်ကြည့်လိုက်ရင်း သူ၏အကြည့်သည် ပေနှစ်သောင်းခန့်အနီရင့်ရောင်ကျောက်ဖျာထံသို့ ကျရောက်သွားသည်။ ဖျပ်ခနဲ သူက ထိုကျောက်ဖျာပေါ်တွင် ပေါ်လာသည်။

“ဒီအရင်တုန်းက မြင့်မြတ်သောလင်းတန်က ဒါကို ဒုတိယအဆင့်ကျောက်ဖျာလို့ ပြောခဲ့တယ်။ သူက ဒါကို အဓိပ္ပာယ်မရှိဘဲ ပြောခဲ့မှာ မဟုတ်ဘူး။ ဒီကျောက်ဖျာရဲ့ အသုံးဝင်ပုံက ဘာလဲတော့ ငါလည်း မသိဘူး…” ဝမ်လင်းသည် မျက်မှောင်ကြုတ် ဒူးထောက်ချကာ ၎င်းကို စတင်စူးစမ်းတော့သည်။

ခဏအကြာတွင် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူက သဲလွန်စအချို့ကို မြင်သည်။

ကျောက်ဖျာမျက်နှာပြင်ပေါ်တွင် အနီရင့်ရောင်သွေးများအောက်၌ မျဉ်းလိုင်းများစွာ ရှိနေ၏။ ဝမ်လင်းက အကြည့်တစ်ချက်ဖြင့်ပင် သည်အရာများကို သိရှိလိုက်သည်။ ယင်းတို့သည် ကျင့်ကြံသူများ၏ မျက်ခုံးကြားတွင် ပေါ်ထွက်ခဲ့သော နံပါတ်အမှတ်အသားများပင်။ သူတို့သည် ကျောက်ဖျာများအတွင် တိုက်ခိုက်ခဲ့ချိန်က ကျင့်ကြံသူများ သေဆုံးခဲ့သည်တောင်မှ နံပါတ်များသည် ပျောက်ပျက်မသွားခဲ့ဘဲ ထိုအစား ၎င်းတို့သည် စာလုံးများအဖြစ်သို့ ပြောင်းကာ လွင့်ဝဲကျန်ခဲ့၏။

ဝမ်လင်းက ထိုအဖြစ်က စဦးဆုံး မြင်ခဲ့ရချိန်တုန်းက လျှို့ဝှက်ချက်ကို သဘောမပေါက်ခဲ့ပေ။ သို့သော် ခုချိန်တွင် သူက ဒီကျောက်ဖျာကို စူးစမ်းပြီးခဲ့လေရာ အရာအားလုံးကို နားလည်သွားခဲ့လေပြီ။

“ဒီနံပါတ်စာလုံးတွေက ကျောက်ဖျာတွေကို အဆင့်မြင့်ပေးနိုင်တယ်…” ဝမ်လင်းသည် အောက်ငုံ့ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုကျောက်ဖျာပေါ်တွင် အမှတ်အသားပေါင်း (၅၈၉)ခု ရှိလို့နေ၏။

သည်နေရာတွင် ကျင့်ကြံသူ ဆယ်ယောက်ကျော် သေဆုံးခဲ့ရာ သူတို့ သေသွားခဲ့သော်လည်း သူတို့၏နံပါတ်စာလုံးများကမူ နေရာတွင်ပင် လွင့်မြောတည်ရှိနေသေး၏။

မြင့်မြတ်သောလင်းတန်နှင့် ပညာတတ်သက်လတ်ပိုင်းလူတို့က ရတနာအတွက် ပူပန်နေသည့်အတွက် သူတို့အဖို့ ၎င်းတို့ကို စုစည်းရန် အချိန်မရှိခဲ့ပေ။

ဝမ်လင်း၏မျက်လုံးထဲ၌ တစ်ချက် လင်းလက်သွား၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ထိုစာလုံးများက သူ့ထံ ပျံသန်းလာသည်။ ၎င်းတို့ကို ကြည့်ရှုပြီးနောက် သူက ယင်းတို့အား သူ့အောက်ရှိ ကျောက်ဖျာပေါ်သို့ နေရာချလိုက်သည်။

စာလုံးများသည် ထိုကျောက်ဖျာပေါ်သို့ ကျရောက်သွားပြီး မကြာခင်မှာပင် ပေါင်းစပ်သွားသည်။ ဆယ့်တစ်ခုမြောက်စာလုံး ပေါင်းစပ်ပြီးနောက် အနှီကျောက်ဖျာသည် အပြင်းအထန် လှုပ်ခါလာသည်။

အတောမသပ်အမှုန့်များသည် အဘက်ဘက်ကနေ ထွက်ပေါ်ကာ ထိုကျောက်ဖျာနှင့် ပေါင်းစပ်သည်။ ကျောက်ဖျာသည် စက်ဝန်းတစ်ပတ်လည် ကြီးမားလာသည်ဟု ထင်ရ၏။ အမှုန့်သည် လေဟာနယ်ကို ထွင်းဖောက်ကာ သည်ကျောက်ဖျာနှင့် အဆုံးအစမဲ့စွာ ပေါင်းစပ်သည်။

ကျောက်ဖျာသည် တဖြည်းဖြည်း ကြီးမားသထက် ကြီးမားလာကာ ပေနှစ်သောင်းသုံးထောင်၊ နှစ်သောင်းငါးထောင်ကနေသည် သုံးသောင်းထိ ရောက်လာပြီးမှ ရပ်တန့်သွားသည်။ ၎င်း၏အရောင်မှာလည်း အနီရောင့်ရောင် မဟုတ်တော့ဘဲ ခရမ်းရောင် ဖြစ်လာသည်။ ဖျပ်ခနဲ ကြည့်ပါက ၎င်းသည် ကုန်းမြေအငယ်စားလေးတစ်ခုနှင့်ပင် တူသေး၏။ ဝမ်လင်းကို အံ့အားသင့်သွားစေသည်က ကျောက်ဖျာ ကြီးထွားလာတာ မဟုတ်ပေ။ ၎င်းက အသက်ဓာတ်ရလာသည့်ဟန် ပေါ်ခြင်းသာ ဖြစ်၏။ ၎င်းက ပေသုံးသောင်းထိ ရောက်လာသည့်အခါ အော်ရာတစ်ခုသည် ဝမ်လင်း၏ခြေထောက်မှ တစ်ဆင့် သူ့ထံသို့ ဝင်ရောက်လာ၏။ မှတ်ဉာဏ်များ ဝမ်လင်းစိတ်ထဲတွင် ပေါ်လာသည်။ သူ ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် ယင်းမှတ်ဉာဏ်များသည် သူ၏အစိတ်အပိုင်း ဖြစ်လာသည်။

ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ မြေပုံတစ်ခု သူ့ရှေ့မှောက်တွင် ချက်ခြင်း ပေါ်လာသည်။ ထိုမြေပုံသည် ကြီးမားလွန်း၏။ သို့သော် အနက်ရောင်မြူများဖြင့် ကာဖုံးထားသည်။ နေရာသုံးခုကိုသာ အနက်ရောင်မြူများနှင့် မခြုံလွှမ်းထားပေ။ ထိုနေရာသုံးခုက မြေပုံ၏ သုံးဆယ်ရာခိုင်နှုန်းကို နေရာယူထားလေ၏။

သေချာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းက သူ ရှိနေသောနေရာကို တွေ့သွားသည်။ သည်နေရာကို မီးကုန်းမြေဟု ခေါ်ကာ မြေပုံပေါ်တွင် ဖော်ပြထားသော ဧရိယာသုံးခု ရှိနေပြီး သည်လိုနေရာမျိုး သုံးနေရာ ရှိသည့်အသွင်ပင်။ သူက ရှေးအမိန့်သင်္ချိုင်းအတွင်းနက်ပိုင်းထံသို့ ဦးတည်သော လမ်းကြောင်းတစ်ခုကိုလည်း မြင်၏။

သူ့စိတ်သည် တုန်ယင်နေမိသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ မျက်လုံးဖွင့်လာချိန်၌ မင်သက်သွားမိသည်။ ခုချိန်၌ သည်ချိပ်ပိတ်ကုန်းမြေတွင် မရေမတွက်နိုင်သော အက်ကြောင်းများစွာ ရှိလို့နေဆဲသာ။ ထိုအက်ကြောင်းများသည် အတော်လေး ထူးဆန်းလို့နေ၏။

သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားကာ ရှေ့သို့ တစ်လှမ်းလှမ်းပြီး သည်ကျောက်ဖျာပေါ်ကနေ ထွက်ခွာလိုက်သည်။ သူ ထွက်ခွာလိုက်သည်နှင့် သူ တွေ့မြင်ခဲ့သော အက်ကြောင်းများက ပျောက်ကွယ်သွားလေ၏။

သူ ကျောက်ဖျာပေါ်သို့ ပြန်ဆုတ်လိုက်သည့်အခါတွင်မူ ထိုအက်ကြောင်းများသည် သူ့အမြင်တွင် ထပ်မံပေါ်လာပြန်သည်။

“ဒီကျောက်ဖျာက ထူးဆန်းလိုက်တာ…” ဝမ်လင်းသည် စဉ်းစားနေ၏။ သို့သော် သူသည် အကြောင်းရင်းကို မတွေးမိနိုင်ဘဲ ရှိသည်။ သူက ဒီရှေးအမိန့်သင်္ချိုင်းနှင့် ပတ်သတ်၍ စိတ်ကူးအကြံတစ်ခုခုတော့ ခပ်ဝါးဝါး ရှိထားသည်။ ထိုကျောက်ဖျာများသည် အရာအားလုံး ဖြစ်ပေ၏။ “ဒီကျောက်ဖျာဟာ အခု တတိယအဆင့်မှာ ရှိနေသင့်တယ်။ ငါသာ ဒါကို ဒီထက်အဆင့်မြင့်ရင် ဖြစ်နိုင်တာက မြေပုံပါ ပေါ်လာရုံတင် မဟုတ်ဘဲ ပိုအသုံးဝင်တဲ့ စွမ်းရည်တွေပါ ရလာနိုင်လောက်တယ်…” ဝမ်လင်းသည် စဉ်းစားနေ၏။ ခဏအကြာတွင် သူ့အကြည့်က အင်ပါယာမီးပြင်းဖိုပေါ်သို့ ကျရောက်သွားသည်။

မိုးကြိုးနှင့်မီးက မီးပြင်းဖိုအတွင်း၌ ရှိနေလျက် မြူသည် သန့်စင်ခြင်း ခံနေရသည်။ မြူက ပေတစ်သောင်းကနေ ရှစ်ထောင်ထိ ကြုံ့သွားခဲ့ကာ ဆက်၍လည်း ကြုံ့နေဆဲပင်။

နှာခေါင်းရှုံ့ကာ ဝမ်လင်းက အင်ပါယာမီးပြင်းဖို အပြင်ဘက်တွင် ထိုင်ချလိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်များကိုလည်း ဖြစ်ပေါ်စေသည်။ အတားအဆီးများသည် အင်ပါယာမီးပြင်းဖိုကို ထွင်းဖောက်သွားကာ အနီရောင်မြူပေါ်သို့ ကျရောက်သွားသည်။

ရှေးဟောင်းစိတ်ဝိညာဉ် အတားအဆီးအပြင် ဝမ်လင်းက ကျန်သည့်အတားအဆီးများတွင်လည်း ကျွမ်းကျင်၏။ သူက အနီရောင်မြူအတွင်းရှိ အတားအဆီးများကို ဆက်တိုက်အားနည်းသွားအောင် လုပ်နေရင်း မြူ၏အပေါ်ဆုံးအလွှာသည် ပျောက်ကွယ်သွားခဲ့လေပြီ။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ပေတစ်ထောင်ခန့်အနီရောင်မြူသာ ကျန်တော့ပြီး ကျောက်ဖျာကို သယ်ဆောင်ထားသော ရှေးဟောင်းနတ်ဘုရား၏အသွင် ပေါ်ထွက်လာ၏။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပညာတတ်သက်လတ်ပိုင်းလူ၏ ကျောက်စိမ်းပြားသုံးခုသည် ထိုးထွက်သွားသည်။ ယင်းတို့က အင်ပါယာမီးပြင်းဖိုကို ထွင်းဖောက်ကာ မြူအတွင်း တိုးဝင်လျက် ၎င်းမြူ၏လှုပ်ရှားမှုကို ရပ်တန့်စေသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ ရုတ်တရက် သူက မတ်တပ်ထရပ်သည်။ သူ့ညာလက်ဖြင့် အင်ပါယာမီးပြင်းဖိုပေါ်သို့ ဖိချကာ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ထိုးထွက်လာသည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ထိုးထွက်လာကာ ဧရာမလက်တစ်စုံအသွင် ဖြစ်ပေါ်သည်။ ထိုလက်နှစ်ဖက်က မြူအတွင်း တိုးဝင်ကာ ကြမ်းတမ်းစွာ ဆုတ်ဖြဲ၏။ မြူသည် ဆုတ်ဖြဲဖွင့်ဟ ခံလိုက်ရကာ အတွင်းရှိ အမှန်တရားအခြေအနေကို လှစ်ဟပေါ်စေသည်။ ဝမ်လင်း သေချာမကြည့်ရခင်မှာပင် ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းအော်သံတစ်ခု ပဲ့တင်ထပ်လာကာ ထိုးထွက်လာသည်။ ၎င်းက ဝမ်လင်းကို ထောက်လှမ်းနိုင်စွမ်း ရှိသည့်ပုံ ရ၏။ ၎င်းသည် ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်းက ချီလင်သားရဲနှင့်တူသော တာအိုစိတ်ဝိညာဉ်က အင်ပါယာမီးပြင်းဖိုထံ ဝင်ဆောင့်ကာ နောက်ပြန်လွင့်သွားသည်ကို အေးစက်စက် ကြည့်နေ၏။ ၎င်း၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများ ပြည့်နှက်လျက် ရှိသည်။ သိသာသည်မှာ ၎င်းသည် မြင့်မြတ်သောလင်းတန်နှင့် ခက်ခက်ခဲခဲ တိုက်ပွဲဆင်နွှဲထားသည့်နှယ်။

သို့ပေမည့် ၎င်း၏မျက်လုံးထဲရှိ ကြမ်းကြုတ်မှုက တစ်စက်လေးပင် လျော့နည်းမသွား။ ၎င်းက နောက်ဆုတ်နေရင်း ဆက်လက်၍ ဟိန်းသံများ ထုတ်ဖော်သည်။

သူ၏နောက်တွင်မူ အလောင်းတစ်လောင်း ရှိနေ၏။ ထိုအလောင်းမှာ သွေးအလိမ်းလိမ်း ဖြစ်နေသော မြင့်မြတ်သောလင်းတန်ပင်။ အင်ပါယာမီးပြင်းဖိုက ဝမ်လင်း၏ အပိုင်ဖြစ်၏။ ထို့ကြောင့် သည်အတွင်း၌ မြင့်မြတ်သောလင်းတန်အနေဖြင့် ပုန်းကွယ်နေဖို့ နည်းလမ်း မရှိနိုင်ပေ။ ဝမ်လင်းက မြင့်မြတ်သောလင်းတန် မသေသေးသည်ကို မြင်သည်။ ထိုအစား သူ၏မူလစိတ်ဝိညာဉ်က ကွယ်ဝှက်နေကာ မြန်ဆန်စွာ ပြန်ကောင်းမွန်နေ၏။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး အင်ပါယာမီးပြင်းဖိုထံသို့ ညွှန်လိုက်သည်။ တစ္ဆေများ ပေါ်လာပြီး တာအိုစိတ်ဝိညာဉ်ကို အဝေးသို့ ခေါ်ဆောင်ကာ ထိုနေရာတွင် မြင့်မြတ်သောလင်းတန်တစ်ယောက်သာ ကျန်ခဲ့လေတော့သည်။

“သေချင်ယောင် ဆောင်မနေနဲ့။ ငါ မင်းကို သတ်ဖို့ အစီအစဉ် မရှိဘူး။ သေသွားတဲ့လင်းတန်ထက် ငါဟာ တတိယအဆင့်ရှေးကျွန်တစ်ယောက်ကို ပိုလိုချင်တယ်…” ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရား ကြယ်ခြောက်လုံးသည် လှည့်ပတ်နေလျက် သူ၏အသံသည် ဟိန်းထွက်နေသည်။ ရှေးဟောင်းနတ်ဘုရားစွမ်းအင်သည် မီးပြင်းဖိုအတွင်းသို့ သွန်းလောင်းပေးနေရင်း သူက ရက်စက်လှသော ကျွန်သန့်စင်ခြင်းဖြစ်စဉ်ကို စတင်၏။

***

All Chapters