← Chapters

ရှေးကျွန်

Vol. 109 Ch. 1502

ရှေးကျွန်

Vol. 109 Ch. 1502

နေရာတွင် လှဲလျောင်းနေသော အရှင်လင်းတန်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက ထ၍ ထိုင်သည်။ သူ၏ သုန်မှုန်နေသော အကြည့်က ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ သူသည် အင်ပါယာမီးပြင်းဖိုအပြင်ဘက်ရှိ ဝမ်လင်းကို မြင်နေရသည့်နှယ်။ သို့ပေမည့် ခုချိန်၌ သူသည် ဆီမရှိသည့်မီးအိမ်တစ်ခုလို ဖြစ်နေပေပြီ။

“ဒီအဘိုးအိုကို ဒီလိုစုတ်ပြတ်သပ်တဲ့ အခြေအနေမျိုး ရောက်အောင် လုပ်နိုင်ခဲ့တယ်။ မင်းဟာ အညတရတစ်ယောက် မဟုတ်လောက်ဘူး။ မင်း ဘယ်သူလဲ…”

အရှင်လင်းတန်၏ ခပ်ရှရှအသံသည် ထွက်ပေါ်လာ၏။ ထိုအသံက သူ၏အမုန်းတရားကို လှစ်ဟပေါ်လွင်စေသည်။

ဝမ်လင်းက တည်ငြိမ်လျက်သာ။ သူ၏အဖြေကတော့ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အင်ပါယာမီးပြင်းဖိုအတွင်းသို့ မြင့်တက်စေလိုက်ခြင်းတည်း။ အင်ပါယာမီးပြင်းဖို၏ သန့်စင်မွန်းမံခြင်းစွမ်းအားသည် မြင့်တက်လာကာ အတွင်းမှ နာကျင်စွာအော်သံများ ပဲ့တင်ထပ်လာ၏။

“မင်းက ဒီအဘိုးအိုကို သန့်စင်ပစ်ချင်တာလား။ မဖြစ်နိုင်ဘူးကွ။ မင်းကြောင့် ဒီအဘိုးအိုက ဒဏ်ရာအပြင်းအထန် ရထားပေမယ့် ငါဟာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့သူ။ ငါ့တာအိုနှလုံးသားဟာ ခိုင်မြဲတယ်။ ဒါ့ကြောင့် မင်း ငါ့ကို သန့်စင်ဖို့ မဖြစ်နိုင်ဘူး…” မြင့်မြတ်သောလင်းတန်က နှာခေါင်းရှုံ့လိုက်၏။ ဝမ်လင်း စကားမဆိုသည်ကို တွေ့သည့်အခါ သူက မျက်လုံးမှိတ်လျက် ဒဏ်ရာကုသသည်။

သူက ဝမ်လင်းသည် သူ့ကို အချိန်တိုအတွင်း မသန့်စင်နိုင်ဟု ကောက်ချက်ချထား၏။ သူသာ အနည်းငယ် ပြန်ကောင်းမွန်လာပါက ဒီထူးဆန်းသောမီးပြင်းဖိုကို ချိုးဖျက်ကာ လွတ်မြောက်နိုင်ပေမည်။ ဝမ်လင်းထံ၌ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သန့်စင်နိုင်သည့် ကျင့်ကြံမှုအဆင့် ရှိမနေသည် မဟုတ်လား။ မီးပြင်းဖို၏အကူအညီဖြင့်ပင် အချိန်အတော်ယူရနိုင်၏။

“ငါ မင်းကို မသန့်စင်နိုင်ဘူးလား…” ဝမ်လင်း၏မျက်လုံးထဲ၌ လှောင်ပြောင်ရိပ် ဖြစ်ပေါ်၏။ ထို့နောက် သူက ပိုများပြားသောရှေးဟောင်းနတ်ဘုရားစွမ်းအားကို အင်ပါယာမီးပြင်းဖိုအတွင်းသို့ မြင့်တက်စေသည်။ မီးပြင်းဖိုအတွင်း၌ ပိုများပြားသော စိတ်ဝိညာဉ်ပေါ်လာပြီး မုန်တိုင်းအသွင်ထိ ဖြစ်လာ၏။ ထိုစိတ်ဝိညာဉ်မုန်တိုင်းက ဟိန်းမြည်လျက် ရုတ်တရက် ဧရာမအရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသည်။ ထိုအရိပ်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ ထိုရှေးဟောင်းနတ်ဘုရားသည် အံ့ဖွယ်ထူးခြားလှသည့်ပုံပင်။ သူက လက်ထဲတွင် ဧရာမပုဆိန်ကြီးကို ကိုင်ထားသေး၏။ သူသည် ပုဆိန်ကို မြှောက်ကာ မြင့်မြတ်သောလင်းတန်ထံသို့ ခုတ်ပိုင်းချလိုက်လေသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေလျက် သူက ရှေးဟောင်းနတ်ဘုရားဘာသာစကားကို စတင် ရွတ်ဆိုသည်။ “အင်ပါယာမီးပြင်းဖို….ခုတ်ပိုင်းချက်ဆယ်ချက်နဲ့ ဒီကျွန်ကို သန့်စင်လိုက်…” ပုံရိပ်ယောင်အမှတ်အသားအရာများ ပေါ်လာကာ အင်ပါယာမီးပြင်းဖိုပေါ်သို့ ကျရောက်သည်။

မိုးကြိုးတုန်ဟည်းသံများသည် အင်ပါယာမီးပြင်းဖိုအတွင်း၌ ပဲ့တင်ထပ်သည်။ အနီရောင်ရှေးဟောင်းနတ်ဘုရားက သူ့ညာလက်ထဲရှိ ပုဆိန်ကို အောက်သို့ ပိုင်းချလိုက်သည်။ ၎င်းက မုန်တိုင်းကို ထွင်းဖောက်ကာ လင်းတန်၏ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။

“ဒီအဘိုးအိုဟာ မင်း ငါ့ကို ဘယ်လိုများ သန့်စင်မလဲ မြင်ချင်သေးတယ်…” မြင့်မြတ်သောလင်းတန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ သူ မျက်လုံးဖွင့်လာသည်။ သူက ပုဆိန်ထံသို့ မော့ကြည့်ကာ မာန်သွင်းလိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ့ရှေ့ရှိ ဧရာမရုပ်တုအရိပ်ထံသို့ လက်ညွှန်သည်။ ထိုရုပ်တုမှာ သူ အစေပိုင်းတွေတုန်းက ဆင့်ခေါ်ခဲ့သော မိစ္ဆာနတ်ဘုရားနှင့် အတူတူပင်။

ချက်ခြင်းပင် ထိုပုဆိန်က ရုပ်တုထံမှ တစ္ဆေအလင်းတန်းနှင့် ခပ်တိုက်တွေ့၏။ ကျယ်လောင်စွာ ပေါက်ကွဲသွားကာ ထို့နောက် ပုဆိန်သည် လွင့်ပါးသွားသလို ရုပ်တုလည်း ပျက်စီးသွားသည်။

မြင့်မြတ်သောလင်းတန်က သွေးအန်ထုတ်လိုက်ရ၏။ ထိုအခိုက်တွင် သူ့‌ွေးက သူ့ပတ်လည်တွင် ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်လင်း၏မျက်နှာသည်လည်း အနည်းငယ် ဖြူရောသွား၏။ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ တုံ့နှေးမနေဘဲ သူက အင်ပါယာမီးပြင်းဖိုထံသို့ လက်ညွှန်သည်။ နောက်ထပ် ပုဆိန်တစ်လက် ရှေးဟောင်းနတ်ဘုရားအရိပ်၏ လက်ထဲတွင် ပေါ်လာကာ အောက်သို့ ခုတ်ပိုင်းချ၏။ ဒုတိယပုဆိန်ချက် ကျရောက်မလာခင်မှာပင် ပိုများပြားသော စိတ်ဝိညာဉ်များသည် စုဝေးလာကာ နောက်ထပ်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ပေါ်လာပြန်သည်။ ထိုဒုတိယမြောက် ရှေးဟောင်းနတ်ဘုရား၏ လက်ထဲတွင်လည်း ပုဆိန်တစ်လက် ရှိနေပြီး ခုတ်ပိုင်းချသည်။ ထိုမျှနှင့် မပြီးသေးပေ။ နောက်ထပ် သုံးယောက်မြောက်၊လေးယောက်မြောက်ကနေသည် ရှစ်ယောက်မြောက်ထိ ရှေးဟောင်းနတ်ဘုရားများ ထပ်မံ ပေါ်လာသည်။ ထိုရှေးဟောင်းနတ်ဘုရား ရှစ်ယောက်လုံး၏ လက်ထဲတွင် ပုဆိန်တစ်လက်စီ ကိုင်ဆောင်ထားကြသည်။ ပုဆိန်များသည် တစ်ချက်တည်းဟုပင် ထင်ရကာ ပုံရိပ်အထပ်ထပ် ဖြစ်ပေါ်စေပြီး မြင့်မြတ်သောလင်းတန်ထံသို့ တိုးဝင်လာကြသည်။ “ငါ့အတွက် သန့်စင်လိုက်စမ်း…” ဝမ်လင်းသည် မာန်သွင်းလိုက်၏။ သူ၏မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်နေသည်။

အင်ပါယာမီးပြင်းဖိုအတွင်း၌ မိုးကြိုးတုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်နေ၏။ မြင့်မြတ်သောလင်းတန်၏ ပတ်လည်ရှိ ရုပ်တုကို ပထမဆုံးပုဆိန်ချက်က ထိမှန်သွားသည်။ ၎င်းက အပြင်းအထန်တုန်ယင်သွားသော်လည်း ပျောက်ကွယ်မသွားသေးပေ။

ဒုတိယပုဆိန်ချက်က မြန်ဆန်စွာ ရောက်လာ၏။

သုံးချက်မြောက်၊ လေးချက်မြောက်ကနေသည် ရှစ်ချက်မြောက် ပုဆိန်ချက်များသည် တစ်ချက်တည်းအဖြစ် ပေါင်းစပ်သွားသည့်နှယ် သက်ဆင်းလာသည်။ ရုပ်တုတသည် ထိုတိုက်ခိုက်မှုကို တောင့်မခံနိုင်တော့သည် ဖြစ်ရာ တစစီ ဖြစ်သွားလေ၏။ စွမ်းအင်လက်ကျန်များက ရုပ်တုကို ထွင်းဖောက်ပြီး မြင့်မြတ်သောလင်းတန်ထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

၎င်းစွမ်းအင်က မြင့်မြတ်သောလင်းတန်၏ ဦးခေါင်းပေါ်သို့ အံ့မခန်းနှုန်းဖြင့် ကျရောက်သွားသည်။

အင်ပါယာမီးပြင်းဖိုသည် တုန်ယင်ကာ မြင့်မြတ်သောလင်းတန်သည် သွေးအန်လိုက်ရ၏။ သူ့မျက်လုံးထဲတွင်လည်း တဒင်္ဂစိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်သည်။

ဝမ်လင်းသည် ထိုအခိုက်အတန့်ကို စောင့်နေခြင်းပင်။ မြင့်မြတ်သောလင်းတန်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည့်အခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးက ထူးဆန်းစွာ တောက်ပသည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီးနောက် သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “တာအိုမန္တာန်…အိပ်မက်တာအို…”

အင်ပါယာမီးပြင်းဖိုအတွင်း၌ မြင့်မြတ်သောလင်းတန်၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုမှာ ပိုအားကောင်းလာသည်။ သူ့တစ်ဘဝလုံး၏ မှတ်ဉာဏ်များသည် သူ့မျက်လုံးထဲတွင် တလက်လက် ဖြစ်ပေါ်နေသည်။

“မင်းရဲ့ ပါရမီဟာ ကောင်းမွန်လှတယ်။ ဒါ့ကြောင့် ငါ မင်းကို လင်းတန်ကလန်ရှိ ခေါ်သွားမယ်။ မင်း ဘာကိုပဲ အောင်မြင်မှုရရ ဒါက မင်းရဲ့ ကိုယ်ပိုင်ကံပဲ။ ငါ့နာမည်ကို မှတ်ထားပါ။ ငါဟာ ဝမ်လင်းပဲ…” ခပ်ရေးရေးလူငယ်တစ်ယောက်က သူ့ရှေ့တွင် ဒူးထောက်နေသော ဆယ်ကျောက်သက်တစ်ယောက်ကို အထက်ပါအတိုင်း ပြောလိုက်ခြင်းပင်။

“တဘဝလုံး ဒီနာမည်ကို ကျနော် မှတ်မိနေပါ့မယ်…” ထိုဆယ်ကျော်သက်၏ မျက်လုံးထဲတွင် ပြတ်သားမှုနှင့် ကျေးဇူးတင်စိတ်တို့ ပြည့်နှက်နေ၏။

“မင်းဟာ ငါ့လင်းတန်ကလန်ဝင် မဟုတ်ပေမယ့်လည်း ငါ့လင်းတန်ကလန်ရဲ့ ရေစက်ပါပြီး မင်းဟာ ပါရမီရှိလှတယ်။ ဒီအဘိုးအိုက မင်းကို ကလန်အမှတ်အသားတစ်ခု ပေးလိုက်မယ်။ သေချာ ဂရုစိုက်ပါ…” ဝတ်စုံနက်အဘိုးအိုသည် ဖြူရောနေ၏။ သူ့ရင်ဘက်တွင်လည်း သွေးကွက်ကြီး ရှိနေသည်။ သူ၏ဒဏ်ရာများသည် ပြင်းထန်ကာ သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးလို့နေ၏။ ခုချိန်တွင် သူသည် သေခါနီး ဖြစ်နေပေပြီ။

သူ့ရှေ့တွင်မူ သက်လတ်ပိုင်းလူတစ်ယောက် ဒူးထောက်နေ၏။ ထိုသူ၏နာမည်မှာ လင်းတန်ပင်။

“ဆရာရဲ့ နာမည်အစစ်အမှန်ဟာ ဝမ်လင်းပဲ…”

“ဝမ်လင်း…” ထိုသူ မင်သက်နေ၏။ သူသည် ဝမ်လင်း ဟူသော ဒီနာမည်ကို ရင်းနှီးနေပေ၏။

ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အဘိုးအိုတစ်ယောက်သည် အလျင်အမြန် ထွက်ပြေးနေ၏။ သူ့မျက်နှာသည် ဖြူရောလျက်ရှိကာ သွေးအန်ထုတ်နေရသည်။ သူ့နောက်ကို လူသုံးယောက် လိုက်လံလာ၏။

“ဖြစ်နိုင်တာက ငါ လင်းတန်ဟာ ဒီနေ့ သေရတော့မှာလား…” ထိုအဘိုးအို၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်လာ၏။

သူ့နောက် လိုက်လံလာသော လူသုံးယောက်သည် ရုတ်တရက် နီးကပ်လာ၏။ သူတို့၏မန္တာန်များသည် နဂါးသုံးကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနဂါးများ နီးကပ်လာချိန်၌ ယင်းအဘိုးအိုသည် နာကျင်စွာပြုံးမိ၏။ သူက ထိုသူတို့ကို သတ်ရန် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဟန်ပြင်လိုက်၏။

ထိုအခိုက်အတန့်လေးတွင် ညင်သာသောအလင်းတစ်ခုက လေဟာနယ်တွင် ပေါ်လာကာ သူ့ထံ တိုးဝင်လာသော လူသုံးယောက်ထံသို့ လက်ဝေ့ယမ်းလိုက်သည်။ ထိုလူသုံးယောက်သည် သွေးအန်ကာ နောက်သို့ အလန့်တကြား ဆုတ်သွားလေ၏။

“မင်းကို ကယ်တင်ပေးလိုက်တဲ့သူဟာ ဝမ်လင်းပဲ…”

ထိုအဘိုးအိုသည် သေခြင်းတရားကနေ လွတ်လာခါစမှာပင် ထိုအသံကို ကြားလိုက်ရသည့်အခါ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ရှိလာသည်။

“လာပြန်ပြီ…ဒီဝမ်လင်းပဲ…”

အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် လင်းတန်ကလန်တွင် ဆံဖြူအဘိုးအိုတစ်ယောက် ရှိနေ၏။ သူသည် သေအံမူးမူး ဖြစ်နေ၏။

“ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်…ပဥ္စမကောင်းကင်ဘုံ ဒုက္ခ…။ ငါ့ကျင့်ကြံမှုအဆင့်ဟာ ဒီမှာတင် အဆုံးသပ်တော့မှာပါလား…” ထိုအဘိုးအိုက မချိပြုံးပြုံးကာ သူ့ပါးစပ်ထောင့်မှ သွေးတို့ကို သုတ်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်တော့သည်။

သို့ရာတွင် သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်မှာပင် သူသည် ထူးဆန်းသောလောကတစ်ခုအတွင်း ဝင်ရောက်သွားသည့်ပုံပင်။ ထိုနေရာသည် လုံးဝ မပီဝိုးတဝါး ဖြစ်နေပြီး သူ့အနေဖြင့် အရာရာကို မမြင်ရဘဲ ရှိသည်။ သူ ရှင်းရှင်းလင်းလင်း မြင်ရသည့် တစ်ခုတည်းသောအရာမှာ ပုံရိပ်တစ်ခု၏နောက်ကျောကိုသာ ဖြစ်သည်။

“ငါ့ ကျေးကျွန်ဖြစ်လာရင် ငါက မင်းရဲ့ တာအို ပြီးပြည့်စုံသွားအောင် လုပ်ပေးမယ်…” အေးစက်စက်အသံတစ်သံ ပဲ့တင်ထပ်၏။

“မင်း ဘယ်သူလဲ…” အဘိုးအို၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။

“ဝမ်လင်း…” ထိုပုံရိပ်က လှည့်လာ၏။ သူ၏မျက်လုံးတစ်စုံသည် လျှပ်စီးတန်းအလား ထိုအဘိုးအိုထံ ကျရောက်လာသည်။ သူ၏ပုံပန်းသွင်ပြင်မှာ ဝမ်လင်းအတိုင်းပင်။ အဘိုးအို၏ စိတ်သည် တုန်ရီသွား၏။ ပုံမှန်အားဖြင့် သူ၏ စိတ်ခွန်အားဖြင့်ဆို သူသည် တုန်လှုပ်မိမည် မဟုတ်ပေ။ သို့သော် ဝမ်လင်း ဟူသော နာမည်က သူ လင်းတန်ကလန်ကို စဝင်ခဲ့သည့်အချိန်ကစ၍ သူ့တဘဝလုံး အတူရှိနေခဲ့၏။ သူ့အား ကလန်အမှတ်အသား ပေးအပ်ခဲ့သော သူ၏ကျေးဇူးရှင်ဆရာ၏ နာမည်မှာလည်း ဝမ်လင်း ဖြစ်သည်ဟု ပြောခဲ့သည်။

သူ အသက်အန္တရာယ် ရင်ဆိုင်ရတိုင်း သူ့အား ကယ်တင်ပေးသော လူကလည်း သူ့ကိုယ်သူ ဝမ်လင်းဟုသာ ပြောခဲ့သည်။ ထိုအဖြစ်အပျက်အားလုံးသည် သူ့အတွက် အိပ်မက်တစ်ခုလိုပင်။ “မင်းသာ သဘောတူရင် မင်းဟာ လင်းတန် မဟုတ်တော့ဘူး။ မင်းရဲ့ နာမည်အသစ်ဟာ ရှေးကျွန် ဖြစ်လာလိမ့်မယ်…”

ထိုအသံ ပဲ့တင်ထပ်လာသည့်အခါတွင် ဝိုးတဝါးလောကသည် ပျက်စီးသွားသည်။ ထိုအဖြစ်က လင်းတန်၏မှတ်ဉာဏ်များအားလုံးကို ပွင့်ဟသွားစေသည်။ အင်ပါယာမီးပြင်းဖိုအတွင်း၌ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ အသိစိတ်ပြန်ဝင်လာ၏။

သို့ရာတွင် သူ၏မျက်လုံးထဲတွင်မူ စိတ်ရှုပ်ထွေးမှု ရှိနေဆဲသာ။

သူ အသိစိတ်ဝင်လာသည့် အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားရှစ်ပါးသည် တစ်ယောက်နှင့်တစ်ယောက်ထပ်ကာ ကိုးယောက်မြောက်ရှေးဟောင်းနတ်ဘုရား ဖြစ်လာသည်။ ဆယ်ချက်မြောက်ပုဆိန်ခုတ်ပိုင်းချက်က မြင့်မြတ်သောလင်းတန်ထံသို့ ကျဆင်းလာ၏။ ၎င်းက သူနှင့် ပေတစ်ရာပင် မလိုတော့သည့်အချိန်၌ သူက စိတ်ရှုပ်ထွေးမှုကနေ ရုန်းကန်ကာ ခုခံရန် ဟန်ပြင်သည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် အင်ပါယာမီးပြင်းဖိုအတွင်း၌ အေးစက်စက်အသံတစ်သံ ပဲ့တင်ထပ်သည်။ “မင်းဟာ လင်းတန်လား။ ရှေးကျွန်လား…” မြင့်မြတ်သောလင်းတန်က တုန်ယင်သွား၏။ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှု အတိုင်းမသိ ဖြစ်ပေါ်သည်။ သူက လှမ်းအော်၏။ “မင်း ဘယ်သူလဲ…”

“ငါဟာ ဝမ်လင်းပဲ…” ဝမ်လင်းသည် အင်ပါယာမီးပြင်းဖိုအပြင်ဘက်တွင် မောပန်းသည့်ဟန်ပန်နှင့် ရှိနေ၏။ သူ၏ အသံက အင်ပါယာမီးပြင်းဖိုအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာရင်း လင်းတန်၏စိတ်အတွင်း၌ မိုးကြိုးသံများအလား ပြောင်းလဲသွားသည်။ ခုချိန်၌ လင်းတန်ကြားနေရသည့် အရာအားလုံးမှာ ဝမ်လင်း ဟူသော အမည်သာ ဖြစ်နေတော့၏။ ထိုစဉ် ပုဆိန်ချက်က သူ့ခေါင်းပေါ်သို့ ကျရောက်လာ၏။ ပုဆိန်က သူ့နဖူးထက်တွင် စက်ဝန်းအမှတ်အရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် သူ့မျက်လုံးသည် မှိန်ဖျော့ကာ လဲကျသွားတော့သည်။ မီးပြင်းဖိုအတွင်းရှိ စိတ်ဝိညာဉ်မုန်တိုင်းက သူ့အား ခေါ်ဆောင်သွားလေသည်။

အင်ပါယာမီးပြင်းဖို၏ အပြင်ဘက်တွင် ဝမ်လင်းက ပို၍ ပင်ပန်းလာ၏။ သို့သော် သူ့မျက်လုံးထဲတွင် ကျေနပ်ပျော်ရွှင်မှု အရိပ်အယောင် ရှိနေသည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်၏။ အင်ပါယာမီးပြင်းဖိုမှတစ်ဆင့် ဝမ်လင်းက သူ၏အိပ်မက်တာအိုကို အသုံးချကာ လင်းတန်၏စိတ်ကို ရှုပ်ထွေးအောင် လုပ်ခဲ့ခြင်းပင်။ ထိုအဖြစ်က သူ့ကို လင်းတန်ပေါ်၌ သူ့အမှတ်အသားကို ချန်ရစ်စေနိုင်ခဲ့သည်။ သို့ရာတွင် သူက အချိန်တစ်ခုတော့ သန့်စင်ရပေဦးမည်။ လင်းတန်ကို အသုံးမပြုခင်တွင် အတားအဆီးတော်တော်များများကို သူ့အပေါ်၌ အသုံးပြုထာရမည် ဖြစ်သည်။

“ကံမကောင်းစွာနဲ့ ချွတ်ယွင်းချက်တော်တော်များများ ရှိနေသေးတယ်။ ဒါပေမဲ့ အချိန်ဟာ အကန့်အသတ် ရှိနေတယ်။ ဒါ့ကြောင့် ဒီလောက်ပဲ ငါ လုပ်နိုင်အုံးမှာ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အင်ပါယာမီးပြင်းဖိုအတွင်းရှိ လောကသည် စတင် ပြောင်းလဲလာသည်။ ၎င်းထဲ၌ တိမ်စိုင်များ ပြည့်လာ၏။ သို့သော် ထိုတိမ်စိုင်များသည် မကြာခင်တွင်ပင် လွင့်ပါးကာ တခြားလောကတစ်ခုကို လှစ်ပေါ်လာစေ၏။ ထိုနေရာတွင် ဝမ်လင်းက တာအိုစိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားတာ ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်က မီးတောက်များနှင့် လောင်ကျွမ်းလျက် ဟိန်းအော်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ၎င်း ရရှိခဲ့သော ဒဏ်ရာများကလည်း မြန်ဆန်သောနှုန်းဖြင့် ပြန်ကောင်းမွန်နေသည်။

ထိုအချက်ကို ထောက်ရှု၍ ၎င်းသည် အရင်တိုင်း ပြန်ကောင်းမွန်လာဖို့ အချိန်သိပ်လိုတော့မည် မဟုတ်ပေ။ ဝမ်လင်းက ထိုတာအိုစိတ်ဝိညာဉ်သည် မည်သည့်အရာမှန်း မသိပေ။ သူက သည်လိုအရာမျိုးကို ခုမှ ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပင်။ သူက ၎င်းက လျှင်မြန်စွာ ပြန်ကောင်းမွန်နေသည်ကို တွေ့မြင်သည့်အခါ မျက်မှောင်ကြုတ်သွားမိ၏။

“ဒီတာအိုစိတ်ဝိညာဉ်က အတိအကျဆို ဘယ်လိုအရာ ဖြစ်နေမလဲ ငါ မြင်ချင်မိတယ်…”

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ကျောက်တံခါးတစ်ချပ်သည် အင်ပါယာမီးပြင်းဖိုအတွင်း၌ ပေါ်လာ၏။ ထိုတံခါးသည် လေကောင်းကင်ဘုံနယ်မြေမှ တံခါးချပ်သာ။ ၎င်းက ဝမ်လင်း၏မူလမန္တာန် ဖြစ်သည့် အချိန်စီးဆင်းခြင်းမန္တာန်ဆိုလည်း ဟုတ်၏။

အချိန်သည် ပြန်ပြောင်းစီးဆင်းနေ၏။ ဝမ်လင်းက တံခါးအတွင်းရှိ တာအိုစိတ်ဝိညာဉ်ကို ရှင်းလင်းစွာ မြင်နေရသည်။

ခဏအကြာတွင် ဝမ်လင်း၏အမူအရာသည် ပြောင်းလဲသွား၏။ သူက နောက်သို့ပင် ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။

“ဒါ…ဒါက မဖြစ်နိုင်ဘူး…”

All Chapters