အဖြေ
Vol. 109 Ch. 1503
ဝမ်လင်း၏အမူအရာသည် အလွန်အလေးအနက် ဖြစ်နေ၏။ သူသည် အချိန်အတန်ကြာသည့်အထိ မင်သက်မိနေသည်။ သူ၏မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု ရှိလို့နေ၏။ သူ တွေ့မြင်သည့်အရာအပေါ် သူသည် မယုံကြည်ဝံ့၊ လက်မခံနိုင်ဘဲ ဖြစ်နေ၏။ သူက ထိုအရာသည် အစစ်အမှန်လား၊ အတုအယောင်လား မသိ ဖြစ်ရသည်။
“ကောင်းကင်ဘုံတာအို သေသွားခဲ့ပြီ…။ ကောင်းကင်ဘုံရဲ့တာအိုဟာ သေဆုံးခဲ့ပြီ…”
ဝမ်လင်းသည် ထိုအကြောင်းကို သူ၏နှစ်ပေါင်းနှစ်ထောင် ကျင့်ကြံမှုအတွင်း တစ်ကြိမ်ထက်မနည်း ကြားခဲ့ဖူး၏။ သူက ၎င်းအခြင်းအရာနောက်ကို လိုက်လံဖို့ရာ ကြိုးစားခဲ့ဖူး၏။ သို့သော် အဖြေ လုံးဝ မရခဲ့ပေ။ ၎င်းသည် ရှုပ်ထွေးလှသည်။ ဝမ်လင်း၏မျက်နှာသည် ဖြူရောနေလျက် သူသည် အင်ပါယာမီးပြင်းဖိုကို ကြည့်နေမိကာ အတွင်းရှိ တာအိုစိတ်ဝိညာဉ်ကို တွေ့မြင်သည်။
အလျင်အမြန် ပြန်ကောင်းမွန်နေသော ထိုတာအိုစိတ်ဝိညာဉ်သည် ဝမ်လင်း၏အကြည့်ကို သတိပြုမိဟန် တူ၏။ ၎င်းက ဟိန်းသံများ ထုတ်ဖော်သည်။ ၎င်း၏မျက်လုံးထဲမှလည်း ရန်လိုသောအကြည့် လှစ်ဟပေါ်သည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်စီးဆင်းခြင်းမန္တာန်ကနေ ဖြတ်၍ မြင်ခဲ့ရသော အရာအားလုံးသည် သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။ ထိုတာအိုစိတ်ဝိညာဉ် ရှင်သန်ခဲ့သည်မှာ ကြာလွန်းခဲ့ချေပြီ။ ထို့အတွက် အချိန်စီးဆင်းခြင်းအစွမ်းက သူ့ကို ထိုတာအိုစိတ်ဝိညာဉ်နှင့် ပတ်သတ်၍ အရာအားလုံးကို မပြသပေ။ ဝမ်လင်းက ထိုအချက်ကို သိသည်။ သူက ဒီတာအိုစိတ်ဝိညာဉ်နှင့် ပတ်သတ်၍ သဲလွန်စအချို့ကို ရှာဖွေမိချင်ရုံသာ။
သို့ရာတွင် အချိန်စီးဆင်းခြင်းမန္တာန် တာအိုစိတ်ဝိညာဉ်ကို လွှမ်းခြုံသွားသည့်အခါ ဆန်းကြယ်သောပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲမှုသည် ဒီရှေးအမိန့်သင်္ချိုင်းအတွင်း၌ ရှိနေတာကြောင့် ဖြစ်နိုင်ကောင်း၏။ သို့မဟုတ် သည်တာအိုစိတ်ဝိညာဉ်က ရိုးရှင်းသောရှင်သန်မှုတစ်ခု ရှိနေကာ ၎င်း၏ဘဝတွင် အစိတ်အပိုင်းနှစ်ခုသာ ရှိနေ၍လော။ သို့ရာတွင် ရလဒ်အားဖြင့် အချိန်သည် ဝမ်လင်း၏အကန့်အသတ်ကို ကျော်လွန်ကာ ပြန်ပြောင်းစီးဆင်းသည်။
ထိုအဖြစ်က ဝမ်လင်းကို တုန်လှုပ်သွားမိစေ၏။ သို့သော် သူက တည်ငြိမ်အောင်နေပြီး သည်အချိန်စီးဆင်းမှုကို မရပ်တန့်စေပေ။ သူက အချိန်သည် ဒီတာအိုစိတ်ဝိညာဉ်ပေါ်တွင် အရူးအမူး ပြန်ပြောင်းစီးဆင်းနေသည်အား ခွင့်ပြုထားလိုက်သည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက ပထမဆုံးအပိုင်းကို မြင်၏။ ထိုစိတ်ဝိညာဉ်သည် တလျှံလျှံတောက်ပကာ မျက်စိကျိန်းစူးလောက်ပြီး ၎င်း၏အတွင်းသို့ မြင်ရဖို့ကို ခက်ခဲစေသည်။
ထိုအလင်းသည် တောက်ပနေရင်း တာအိုစိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထိုအလင်းသည် ကျိန်းစပ်လှသော်လည်း ဝမ်လင်းကမူ သူ၏ကျင့်ကြံမှုအဆင့်ကြောင့် အလင်းအတွင်းဘက်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုတွေ့မြင်လိုက်ရသည့်အရာက ဝမ်လင်း၏အမူအရာကို ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားစေခြင်းပင်။ သူက ဦးခေါင်းအရွယ်အစားခန့် ရွှေရောင်ဆေးလုံးတစ်လုံးက ၎င်းအလင်းအတွင်း၌ မြန်ဆန်စွာ လှည့်ပတ်နေသည်ကို မြင်သည်။ ထိုအလင်းသည် ယင်းဆေးလုံးထံမှ ထွက်ပေါ်နေခြင်း ဖြစ်လေ၏။ ဒီတာအိုစိတ်ဝိညာဉ်မျိုးက မည်သို့သောအရာမျိုး ဖြစ်နေသနည်း။
၎င်းမှာ ဆေးလုံးတစ်လုံး ဖြစ်သည်မှာ ရှင်းလင်းနေ၏။ တာအိုစိတ်ဝိညာဉ်ဟုခေါ်သောအရာက ဆေးလုံး၏စိတ်ဝိညာဉ်မျှသာ။ သို့ပေမည့် ထိုအဖြစ်က ဝမ်လင်းကို သတိလွတ်သွားလုနီးနီးထိ ဖြစ်သွားစေဖို့ရာ မလုံလောက်သေးပေ။ သူ့ကို အမှန်အကန် တုန်လှုပ်စေသည်မှာ နောက်ထပ် အဖြစ်အပျက်ပင်။ အချိန်သည် ထပ်မံ ပြန်ပြောင်းစီးဆင်းကာ လျှပ်တပြတ်အတွင်း ထိုဆေးလုံးသည် စတင်ပုံပျက်လာရာကနေ အမည်မသိကြယ်အဖွဲ့အစည်းကြီးတစ်ခုကို လှစ်ဟပေါ်ထွက်လာစေသည်။ ထိုကြယ်အဖွဲ့အစည်းသည် ပြင်ပနယ်မြေလည်းမဟုတ်၊ အတွင်းနယ်မြေလည်း ဟုတ်မနေပေ။ ၎င်းသည် အချိန်အတွင်း၌ ၎င်းဘာသာတည်ရှိသည့်ပုံ ရ၏။ ၎င်းကြယ်အဖွဲ့အစည်းထံမှ ပေးစွမ်းနေသော ရှေးဟောင်းအော်ရာသည် နှိုင်းယှဉ်ဆိုရပါမူ အတွင်းနယ်မြေနှင့်အပြင်နယ်မြေ(ရှေးဟောင်းကြယ်အဖွဲ့အစည်း)တို့ကို ကလေးသာသာ ဟုထင်ရသော ခံစားမှုကို ပေးစွမ်းပေလိမ့်မည်။
ထိုအမည်မသိကြယ်အဖွဲ့အစည်းတွင် မရေမတွက်နိုင်သော ကျင့်ကြံခြင်းဂြိုဟ်များစွာ ရှိနေ၏။ အကြည့်တစ်ချက်ဖြင့်ပင် လူတစ်ယောက်သည် လောင်ကျွမ်းနေသောဂြိုဟ်ကိုးလုံးကို မြင်ရနိုင်၏။ ထိုဂြိုဟ်များထံမှ မီးသည် ကြောက်မက်ဖွယ်ကောင်းကာ တလျှံလျှံအလင်းကို ပေးစွမ်းသည်။ ယင်းဂြိုဟ်များသည် ထိုကျယ်ပြောသောဟင်းလင်းပြင်အတွင်းရှိ နေမင်းများအလား။ ခုနစ်ရောင်စုံပုံရိပ်တစ်ခုက ကြယ်များကို ဖြတ်သန်း၍ ရွှေ့လျားလို့နေ၏။ ထို့နောက် သူက လက်မြှောက်လိုက်သည်။ သူ၏ညာလက်ညှိုးပေါ်တွင် အစိမ်းရောင်လက်စွပ်တစ်ကွင်း ရှိလို့နေသည်။
သူ ညာလက်ကို ဝေ့ယမ်းလိုက်၏။ ဂြိုဟ်ကိုးလုံး (ဝါ) နေမင်းကိုးခုထဲမှ တစ်ခုသည် အရူးအမူး တုန်ခါလာပြီး ခုနစ်ရောင်စုံဝတ်ရုံနှင့်ပုဂ္ဂိုလ်ထံသို့ တိုးဝင်လာ၏။
အဆုံးမဲ့အကွာအဝေးသည် ချက်ခြင်းပင် ချိုးဖျက်ခံလိုက်ရသည့်နှယ်။ အပူလှိုင်းသည် ဟင်းလင်းပြင်ကိုပါ တုန်ရီစေသည်။ ထိုစဉ် ခုနစ်ရောင်စုံဝတ်ရုံနှင့်ပုံရိပ်က သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကျန်သည့်နေမင်းရှစ်စင်းမှာလည်း တိုးဝင် နီးကပ်လာချေ၏။
ထိုသူ၏ရှေ့တွင် နေကိုးစင်းသည် အတူတကွ ရိုက်ချလာရာ အတိုင်းမသိပေါက်ကွဲမှုတစ်ခုကို ဖြစ်စေသည်။ ထိုကြယ်အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးတော့မည့်အလား။
အချိန်မည်မျှ ကြာသွားမှန်းမသိ ပြီးနောက် နေကိုးစင်းသည် စတင်ပေါင်းစပ်၏။ ပြိုလဲပျက်စီးမှုများ ဆက်တိုက်ဖြစ်နေရင်း ယင်းတို့သည် သေးသထက် သေးလာသည်။ နေကိုးစင်းသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။ ထို့နောက် ခုနစ်ရောင်စုံဝတ်ရုံနှင့်ပုံရိပ်က ခုနစ်ရောင်စုံစွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်သည်။ တစီစီအသံများ ထွက်ပေါ်လာကာ ရွှေရောင်ဆေးလုံးတစ်လုံး ပေါ်လာချေသည်။ ပြင်းထန်သောမီးတောက်က ၎င်း၏ပတ်လည်တွင် လောင်ကျွမ်းလျက် ရှိသည်။
ထိုဆေးလုံးသည် ဝမ်လင်း တွေ့မြင်ခဲ့ဖူးသော ဆုံးလုံးပင်။ ထိုအခြင်းအရာကို တွေ့မြင်လိုက်ရပြီးနောက် ဝမ်လင်းသည် ရုတ်တရက် ထကာ တုန်လှုပ်ဟန် ဖြစ်ပေါ်သည်။ သူ့ကိုတုန်လှုပ်စေသည်မှာ ထိုဆေးလုံးကို နေကိုးစင်းကနေ သန့်စင်ထားခြင်း ဟူသောအချက်အပြင် ထိုခုနစ်ရောင်စုံဝတ်ရုံနှင့်လူ၏ အဆင့်အတန်းပုံရိပ်ပင်။ ဝမ်လင်းသည် ထိုလူ၏ပုံပန်းသွင်ပြင်ကို မမြင်ရနိုင်သော်လည်း ထိုလူသည် လောဘကြီးထံမှ သူ ယူဆောင်ခဲ့သော ရုပ်တုနှင့် အတူတူသာ ဖြစ်သည်ကို သိလိုက်၏။
ရုပ်တု၏ ညာလက်ညှိုးပေါ်တွင် လက်စွပ်မရှိနေသည့်အချက်တစ်ခုသာ ကွာခြားသည်။ ထိုရုပ်တုသည် လောဘကြီး ဒီရှေးအမိန့်သင်္ချိုင်းကနေ ရလာခဲ့သော တစ်စုံတစ်ခုလည်း ဖြစ်သေး၏။ အခုလည်း ဝမ်လင်း သည်ရှေးအမိန့်သင်္ချိုင်းထဲ ဝင်လာချိန်၌ သည်လူ့ကို ထပ်မံ တွေ့မြင်ရပြန်ပြီ။ ထိုအဖြစ်က သူ့ကို ထရပ်မိစေပြီး တုန်လှုပ်မှုကြောင့် သူ၏အမူအရာကို ပြောင်းလဲသွားစေသည်။ သို့သော် ထိုမျှဖြင့် သူ့ကို နောက်ဆုတ်မိစေဖို့ရာ မလုံလောက်သေးပေ။ အံ့မခန်းကြောက်ရွှံ့မှုနှင့် မယုံကြည်မှုတို့က သူ့ကို နောက်ဆုတ်စေခဲ့ခြင်းသာ။ ထိုစိတ်ဆန္ဒတို့သည် ခုနစ်ရောင်စုံဝတ်ရုံနှင့်လူ ဆေးလုံးကို ကိုင်ထားရင်း ပြောခဲ့သော စကားကြောင့် ဝမ်လင်းထံ၌ ဖြစ်ပေါ်လာခြင်းသာ။ ထိုစကားမှာ… “ တာအိုဆေးလုံးနဲ့ ကောင်းကင်ဘုံတာအိုကို မြှင့်တင်ဖို့ဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခု မဟုတ်သေးဘူး။ ငါ နောက်ထပ်နည်းလမ်းတစ်ခုကို ရှာရမယ်…။ ငါ လုယူခဲ့တဲ့ ကောင်းကင်ဘုံတာအိုကို မြန်မြန်ကြီးထွားလာနိုင်ဖို့အတွက် ငါ နောက်ထပ် နည်းလမ်းတစ်ခု ရှာရမယ်…” ဟူ၍ ဖြစ်၏။
ထိုစကားသည် ဝမ်လင်း၏စိတ်ကို တုန်ရီသွားစေခဲ့ကာ သူသည် အချိန်စီးဆင်းခြင်းမန္တာန်ကို ဆက်မထိန်းသိမ်းနိုင်တော့ဘဲ ဖြစကာ ယင်းစီးဆင်းမှုသည် ရပ်တန့်သွားလေသည်။ မယုံကြည်နိုင်မှုနှင့် ကြောက်ရွှံ့မှုက သူ့ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည့်အထိပင်။ ထိုတုန်လှုပ်မှုက သူ့ကို ပျက်စီးပြိုလဲသွားဖို့ရာ လုံလောက်နေ၏။ “ ကောင်းကင်ဘုံတာအိုကို မြှင့်တင်ဖို့၊ ကောင်းကင်ဘုံတာအိုကို မြှင့်တင်ဖို့၊ ကောင်းကင်ဘုံတာအိုကို မြှင့်တင်ဖို့…” ထိုစကားက ဝမ်လင်း၏နားထဲတွင် ရူးချင်စရာကောင်းအောင် ပဲ့တင်ထပ်နေတော့သည်။ အချိန်အတန်ကြာပြီးနောက်မှ ဝမ်လင်းသည် သူ၏တုန်လှုပ်မှုကို ဖိနှိပ်ကာ အသက်ဝဝရှုသွင်းလိုက်မိသည်။
“ကောင်းကင်ဘုံတာအိုဆိုတာ ဘာလဲ…။ ဒီတာအိုစိတ်ဝိညာဉ်ဟာ ကောင်းကင်ဘုံတာအိုကို အစာကြွေးဖို့ တကယ်ကို အသုံးပြုတာလား။ ခုနစ်ရောင်စုံဝတ်ရုံနှင့်လူကရော ဘယ်သူလဲ… ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာ…”
ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပြည့်နှက်လာ၏။
သူ ပို၍ သိလာလေလေ အရာရာသည် သာ၍ ဆန်းကြယ်အံ့ဖွယ်ဖြစ်နေသည်ဟု ခံစားမိလေပင်။ ဝမ်လင်းသည် ဝိုးတဝါးခံစားချက်ကို ရနေ၏။ သို့သော် သူက အရာအားလုံးကို နားမလည်နိုင် ဖြစ်ရသည်။ သူသည် နေရာတွင်ပင် ရပ်နေရင်း သူ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာသည်။
“ကောင်းကင်ဘုံတာအိုရဲ့ သွေး…။ ရှေ့ဖြစ်ဟောသူဟာ မိုးကောင်းကင်ဘုံနယ်မြေမှာတုန်းက ကောင်းကင်ဘုံတာအိုရဲ့သွေးကို ရဖို့အတွက် အရာအားလုံးကို ပြုလုပ်ခဲ့တယ်။ အဇူရာနဂါးနတ်အင်ပါယာကလည်း သူဟာ ကောင်းကင်ဘုံတာအိုရဲ့သွေးကို မြိုချခဲ့တယ်လို့ ပြောခဲ့ဖူးတယ်…”
“ကောင်းကင်ဘုံတာအိုမှာ သွေးရှိတယ်။ ဒီတော့ ဒါကို ဒီဆေးလုံးနဲ့ မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဒါဆိုရင် ကောင်းကင်ဘုံတာအိုဆိုတာ ဘာဖြစ်မလဲ…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ စိုက်ကြည့်ကာ စဉ်းစားနေ၏။
“ဖြစ်နိုင်တာက ကောင်းကင်ဘုံတာအိုဟာ ရတနာတစ်ခုလား၊ ဒါမှမဟုတ် ဆေးလုံးတစ်လုံးလား၊ ဒါမှမဟုတ် ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်လား…” ဝမ်လင်း၏အမူအရာသည် ရှုပ်ထွေးဟန် ပေါက်နေ၏။ သူသည် အလုံးစုံကောင်းကင်၌ မြေအောက်သားရဲကို တွေ့မြင်ခဲ့သည့်အချိန်အား ပြန်အမှတ်ရလိုက်သည်။ ထိုသားရဲသည် အလွန်ကြီးမားကာ ၎င်း၏အတွင်း၌ တခြားလောကတစ်ခုကို ပိုင်ဆိုင်ထားသည်။ ဝမ်လင်းသည် နေရာတွင်ပင် သုန်မှုန်စွာ ရပ်နေလျက် သူ့စိတ်သည် တုန်လှုပ်နေရာကနေ တဖြည်းဖြည်း ပြန်ကောင်းမွန်လာသည်။ သူက သူ၏သံသယများကို သူ့စိတ်အတွင်းနက်ပိုင်း၌ မြှုပ်နှံ့ထားလိုက်၏။ ထိုအခိုက်အတန့်တွင် အင်ပါယာမီးပြင်းဖိုအတွင်း၌ အဆင့်လေးတာအိုစိတ်ဝိညာဉ်သည် အတော်လေး ပြန်ကောင်းမွန်လာခဲ့ပေပြီ။ ၎င်း၏ဟိန်းသံများက လေပြင်းများအလား။
သို့ရာတွင် ထိုတာအိုစိတ်ဝိညာဉ်သည် ဝမ်လင်း၏ရှေ့တွင် ဆန်းကြယ်မှု ရှိမနေတော့ပေ။ ဆေးလုံးစိတ်ဝိညာဉ်တစ်ခုကများ။ “မင်းဟာ နေကိုးစင်းကနေ သန့်စင်ထားရင်တောင်မှ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့နောက်မှာ မင်းရဲ့စွမ်းအားအတော်များများ ဆုံးရှုံးခဲ့ပြီးပြီး။ မင်းက ကံကောင်းလို့ ကောင်းကင်ဘုံတာအို မြှင့်တင်ဖို့အတွက် အသုံးမပြုခံခဲ့ရဘူး။ ဒီတော့ အဲ့အစား ငါက မင်းကို အသုံးပြုပေးမယ်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက နှုတ်ခမ်းသပ်လိုက်သည်။ သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေ၏။ ထို့နောက် သူသည် ဆေးလုံးကို ကြည့်ကာ လက်ဝေ့ယမ်းလိုက်၏။ အင်ပါယာမီးပြင်းဖိုသည် တုန်ယင်လာကာ အတွင်း၌ မီးသည် မြင့်တက်လာ၏။ စိတ်ဝိညာဉ်မုန်တိုင်းတစ်ခု ရိုက်ခတ်ကာ တာအိုစိတ်ဝိညာဉ်၏ ကုသမှုကို နှောက်ယှက်သည်။ ဝမ်လင်းသည် စတင် သန့်စင်လေပြီ။ သူက အင်ပါယာမီးပြင်းဖိုအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ခြေချလိုက်၏။ တုန်ဟည်းသံများ မီးပြင်းဖိုအတွင်းမှ ထွက်ပေါ်နေရင်း အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေသည်။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပေပြီ။ မီးပြင်းဖိုထံမှ မွှေးရနံ့တစ်ခုနှင့်အတူ အဖြူရောင်အခိုးအငွေ့မြောက်များစွာ ထွက်ပေါ်လာသည်။ ထိုအဖြူရောင်အခိုးအငွေ့များသည် အခုထိ မပျက်စီးသေးသော သွေးမြစ်များနှင့် ပေါင်းစပ်သည်။
ဝမ်လင်း၏ပုံရိပ်သည် ထိုအဖြူရောင်အခိုးအငွေ့များအတွင်းမှ ထွက်ပေါ်လာ၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အင်ပါယာမီးပြင်းဖိုသည် ပျောက်ကွယ်သွားပြီး သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်အတွင်းသို့ ပြန်ရောက်ရှိသည်။
သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဦးခေါင်းအရွယ်ရွှေရောင်ဆေးလုံးတစ်လုံးသည် သူ၏ရှေ့တွင် ပေါ်လာ၏။ ၎င်းက ဝမ်လင်းရှေ့တွင် မြောလွင့်နေသည်။ သူက ၎င်းကို စူးစိုက်ကြည့်နေ၏။ ယင်းဆေးလုံးသည် လောင်ကျွမ်းနေသောနေတစ်စင်းအလား။ ဝမ်လင်းက ထိုဆေးလုံးအတွင်းမှ စွမ်းအားကို ခံစားမိ၏။ သူသာ ၎င်းကို အတင်းအကြပ် ဝါးမြိုဖို့ ကြိုးစားလိုက်ပါက သူ၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် ပေါက်ကွဲသွားလိမ့်မည်ဟု ခံစားမိသည်။ ထို့အတွက် ဝမ်လင်းက ၎င်းကို မဝါးမြိုပေ။ သို့သော်ငြားလည်း ထိုအစား သူက ရှိုက်သွင်းလိုက်လေ၏။ ဆေးလုံးထံမှ မီးတောက်များ ထွက်ပေါ်လာပြီး ဝမ်လင်း၏နှာခေါင်းအတွင်းသို့ ရှိုက်သွင်းခံရသည်။
သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ မီးစွမ်းအားသည် သူ့ကိုယ်တွင်း၌ လှိုင်းထန်လာသည်။ ထိုအဖြစ်က သူ၏ညာမျက်လုံးထဲတွင် မီးကို မထင်မှတ်စွာ ပေါ်လာစေသည်။ ၎င်းသည် မိုးကြိုးအမှတ်အသားအတွင်းရှိ မသန့်စင်မှုများကို လောင်ကျွမ်းပစ်ပြီး ပို၍ အစစ်အမှန် ဖြစ်လာစေသည်။
“သိမ်မွေ့ဆန်းကြယ်မီးဟာ တာအိုမီး ဖြစ်တယ်။ ငါ့တာအိုမီးကို တောက်လောင်စေလိုက်တာနဲ့ မိုးကြိုးနဲ့မီးအနှစ်သာရတွေဟာ လုံးဝ ပြီးပြည့်စုံသွားလိမ့်မယ်။ ဒါပေမဲ့ ဒီဆေးလုံးမှာ စိတ်ဝိညာဉ်တစ်ခု ကင်းမဲ့နေသေးတယ်။ ဒီတော့ စတေးမှုတစ်ခု လိုအပ်လိမ့်မယ်…။ ဒါပေမဲ့ ငါဟာ ဒါကို ဖြည်းဖြည်းချင်း စုပ်ယူနေရင်းနဲ့ ပိုကောင်းမွန်လာလိမ့်မယ်…”
ဝမ်လင်းသည် အကြိမ်အနည်းငယ် ရှိုက်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲရှိ မီးသည် မြင့်တက်လာကာ သက်တောင့်သက်သာခံစားမှု သူ့ထံ၌ ပြည့်နှက်လာသည်။ သူက သူ၏အောက်ရှိ သွေးမြစ်များကို ငုံ့ကြည့်လိုက်သည်။
“လူသားအသွင်သားရဲတွေ ဒီနေရာမှာ မွေးဖွားလာတဲ့အချက်ဟာ ဒီသွေးမြစ်တွေနဲ့ အများကြီး ပတ်သတ်လိမ့်မယ်။ သွေးမြစ်တွေဟာ အစောပိုင်းတုန်းက အနီရောင်မြူကြောင့် ကွယ်ပျောက်မသွားခဲ့ဘူး။ ဒါ့ကြောင့် ဒီမြစ်တွေဟာ သာမန်မဖြစ်နိုင်ဘူး…”
ဝမ်လင်းသည် သူ၏ညာလက်ကို ချက်ခြင်း ဝေ့ယမ်းလိုက်၏။ သူ၏သိုလှောင်နေရာလွတ် ပွင့်ဟလာသည်။ ထိုသိုလှောင်နေရာလွတ်အဟထဲမှ ကျယ်လောင်သောတုန်ဟည်းသံများ စူးစူးရှရှ ထွက်ပေါ်ကာ မရေမတွက်နိုင်သော ခြင်သားရဲများ ထိုးထွက်လာချေသည်။
***