အဆိပ်အိုကြီး(ဝါ)မြင့်မြတ်သောထိုက်ဟောင်
Vol. 109 Ch. 1504
ထိုခြင်သားရဲတစ်သိန်း၏ တဝီဝီအော်သံများသည် ဤလောကတွင် ပြည့်နှက်လာသည်။ ခြင်သားရဲခေါင်းဆောင်မှာ ဝမ်လင်း၏ခြင်သားရဲဘုရင်ပင်။ ခြင်သားရဲဘုရင် အလွန်တရာ သစ္စာရှိပြီး ဝမ်လင်းကို ၎င်း၏အဖေတစ်ယောက်ကဲ့သို့ သတ်မှတ်ထားပေသည်။
ပျံသန်းထွက်လာပြီးနောက် ခြင်သားရဲဘုရင်က ၎င်း၏ပါးစပ်ကြီးဖြင့် ဝမ်လင်းကို ပွတ်သပ်လာလေ၏။ ၎င်း၏မျက်လုံးတို့က ကြမ်းကြုတ်၍ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသော်လည်း ၎င်းက ဝမ်လင်းကိုမူ ၎င်း၏ပျော်ရွှင်မှုနှင့် တွယ်တာမှုကို ပြသနေလေသည်။
ဝမ်လင်းက ပြုံး၍ ခြင်သားရဲဘုရင်၏ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက အောက်ဘက်ရှိ သွေးမြစ်များထံသို့ လက်ညှိုးထိုးပြလိုက်သည်။
ခြင်သားရဲဘုရင်သည် ဟိန်းသံပြုလိုက်၏။ ခြင်သားရဲတစ်ကောင်သည် အောက်သို့ ဆင်းချသွားသည်။ ၎င်းက သွေးမြစ်ကို သောက်သုံးပြီးနောက် ၎င်း၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး မထင်မှတ်စွာဖြင့် တစ်ဆတိတိ ပိုကြီးမားလာလေသည်။
၎င်း၏ခန္ဓာကိုယ်ထံမှ သွေးအလင်းတောက်ပကာ ၎င်း၏အော်ရာသည် မြင့်တက်လာသည်။ ၎င်းက ခြင်သားရဲဘုရင်ကို ကြည့်ကာ ဟိန်းသံပေးလိုက်သည်။ ပတ်ဝန်းကျင်ရှိခြင်း ခြင်သားရဲတစ်သိန်းသည်လည်း ဟိန်းသံပြုကာ ခြင်သားရဲဘုရင်၏ဦးဆောင်မှုအောက်တွင် အောက်ဘက်သို့ တိုးဝင်လာတော့သည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက မြေပြင်တစ်ခုလုံး ခြင်သားရဲများနှင့် ဖုံးလွှမ်းနေသည်အား တွေ့နိုင်ပေမည်။
ဝမ်လင်းသည် သူ၏ရှေ့ရှိ သွေးမြစ်ကို လေ့လာနေသည်။ ၎င်းက ခြင်သားရဲများ၏ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်လေ၏။ ခြင်သားရဲတစ်သိန်းသည် သွေးများကို စုပ်ယူပြီးပါက ၎င်းတို့၏ တိုက်ပွဲစွမ်းအားသည် များစွာ တိုးတက်လာပေလိမ့်မည်။
သွေးကို စုပ်ယူပြီးနောက် ကြီးမားကာ ပိုကြမ်းကြုတ်လာသော ခြင်သားရဲများကို ကြည့်ရှုပြီးနောက် ဝမ်လင်းက ၎င်းတို့ကို ဆက်လက် အာရုံစိုက်မနေတော့ပေ။ သူက လှည့်၍ ရှေးဟောင်းနတ်ဘုရား၊ရှေးဟောင်းမိစ္ဆာနှင့် ရှေးဟောင်းနတ်ဆိုး အကြွင်းအကျန်တို့အား ကြည့်လိုက်၏။
ရှေးအမိန့်ကလန်သုံးခု။ ထိုကလန်ဝင်သုံးယောက်သည် လုံးဝ သေဆုံးနေကာ သူတို့၏ခန္ဓာကိုယ်များသာ ကျန်နေခဲ့တော့၏။
ဝမ်လင်းက သူ့ညာလက်ဖြင့် ရှေးဟောင်းမိစ္ဆာကို ထိလိုက်၏။ သူ၏မူလစွမ်းအင်သည် လက်တစ်လျှောက် မြင့်တက်လာကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါသာ လုံးဝ မသေဆုံးသေးတဲ့ ရှေးဟောင်းမိစ္ဆာတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရှာနိုင်ခဲ့ရင် ငါ့ရှေးဟောင်းမိစ္ဆာကိုယ်ပွားဟာ လုံးဝ ပြီးပြည့်စုံဖို့ ဖြစ်လာနိုင်တယ်…”
နာရီဝက်ခန့်ကြာပြီးနောက် သွေးမြစ်ထဲတွင် သွေးတစ်စက်မှ မကျန်တော့သည့်အထိ ခမ်းခြောက်သွားလေတော့၏။ ဝမ်လင်းက သည်နေရာရှိ အရာအားလုံးကို ယူဆောင်သွားသည့်နှယ်။ ရှေးဟောင်းနတ်ဘုရား၏ ကျောပေါ်ရှိ ကျောက်ဖျာကိုပင် သူက ယူဆောင်ကာ သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်ပြီး ဖြစ်သည်။
သူ မြင့်မြတ်သောလင်းတန်ထံမှ လုယူခဲ့သော အဆင့်သုံးကျောက်ဖျာပေါ်သို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက လက်ဝေ့ယမ်းလိုက်သည်။ အရွယ်တစ်ဆတိတိ ကြီးမားလာသော ခြင်သားရဲတစ်သိန်းလုံးသည် သူ့ပတ်လည်တွင် လာရောက်ဝန်းရံကြကာ တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခုကို ဖြစ်စေတော့သည်။
သူ့အကြည့်က ခြင်သားရဲများကို ထွင်းဖောက်သွားပြီး ရှေးအမိန့်ကလန်ဝင်သုံးယောက်ထံသို့ ရောက်ာလ၏။ သူတို့သည် မရေမတွက်နိုင်သောနှစ်များစွာ ကြာပြီးသည့်အထိ အခုလိုကိုယ်နေဟန်ထားအတိုင်း ရှိလို့နေကြသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူတို့၏ခန္ဓာကိုယ်များကို မယူသွားဖို့ ရွေးချယ်လိုက်၏။ ထို့နောက် သူက လှည့်၍ အဆင့်သုံးကျောက်ဖျာနှင့်အတူ ကွယ်ဝှက်နေသော အက်ကြောင်းထံသို့ ဝင်ရောက် ပျံသန်းသွားလေတော့၏။
သည်ချိပ်ပိတ်ကုန်းမြေကနေ ထွက်ခွာလာပြီးနောက် ဝမ်လင်းရှေ့တွင် ပေါ်လာသည်မှာ သိပ်သည်းသောမြူထုတစ်ခု ဖြစ်နေ၏။ ခြင်သားရဲများကလည်း အော်မြည်နေကြကာ မြူများအတွင်း ရွှေ့လျားနေသည်ဖြစ်ရာ မြူများသည် တဝီဝီလှည့်ပတ်နေတော့၏။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားကြည့်၏။ သူ့စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာသည်။ ဒီသင်္ချိုင်း၏ အတွင်းနက်ပိုင်းသို့ ဝင်၍ရသည့် လမ်းကြောင်းကို ရှာဖွေပြီးနောက် သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ အဆင့်သုံးကျောက်ဖျာက ရှေ့သို့ အံ့မခန်းနှုန်းဖြင့် ရွှေ့လျားလေ၏။
ဝမ်လင်းသည် ရှေ့သို့ ဆက်တိုးလာရင်း ထိတ်လန့်တကြားအော်သံများ မြူအတွင်းတွင် ပဲ့တင်ထပ်လို့နေ၏။ မြူထုအတွင်း၌ လူသားအသွင်သားရဲမြောက်များစွာ ရှိလို့နေ၏။ သို့ရာတွင် ယင်းတို့သည် ခြင်သားရဲများကြောင့် အပိုင်းပိုင်းဖြစ်ကုန်ကြကာ ဝမ်လင်းနားသို့ပင် ကပ်မလာနိုင်ကြချေ။
သွေးနံ့သည် ဝမ်လင်းကို ဝန်းရံလျက် သူက ရှေ့သို့ တည်ငြိမ်စွာ ဆက်သွားနေသည်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက လူသုံးဆယ်ခန့် ကျင့်ကြံသူအုပ်စုတစ်ခုနှင့် တွေ့၏။ အဆင့်နှစ်ကျောက်ဖျာကို ပိုင်ဆိုင်ထားသောသူကလွဲ၍ ကျန်သည့်လူတိုင်းမှာ ပေတစ်သောင်းသာကျယ်ပြောသော ကျောက်ဖျာကိုသာ ပိုင်ဆိုင်ထားကြသည်။
သူတို့၏ကျောက်ဖျာများသည် မြန်ဆန်စွာ သွားနေရင်း သူတို့က အတော်လေး ဂရုစိုက်နေကြ၏။ သို့ရာတွင် သူတို့မှာ လူသားအသွင်သားရဲများ၏ ဝန်းရံခြင်းကို ခံရဆဲဖြစ်ကာ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင် ရုန်းကန်နေရသည်။
သွေးလွှမ်းသောတိုက်ပွဲအတွင်း မြူများသည် မြင့်တက်ကာ ခြင်သားရဲကြီးတစ်ကောင်က တဟုန်ထိုး ထိုးထွက်သွား၏။ ၎င်း၏အကြည့်က ကျင့်ကြံသူများကို ဝန်းရံထားသော လူသားအသွင်သားရဲတစ်သောင်းနီးပါးထံသို့ အေးစက်စက် ကျရောက်သွားသည်။
ထိုခြင်သားရဲ၏ပုံပန်းသွင်ပြင်က ချက်ခြင်းပင် သည်နေရာရှိ ကျင့်ကြံသူသုံးဆယ်၏ အာရုံကို ဖမ်းစားသွားနိုင်သည်။
“ဒါက ဘယ်လိုသားရဲမျိုးလဲ…”
“သားရဲအသစ်တစ်ကောင် ပေါ်လာပြန်ပြီလား…”
သူတို့သည် အလန့်တကြား ဖြစ်ကုန်ကြရင်း ရုတ်တရက် ရပ်တန့်သွား၏။ သူတို့၏မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်လာသည်။ သူတို့ကို ကြောက်လန့်သွားစေသည်မှာ ပထမဆုံးခြင်သားရဲပေါ်လာပြီးနောက် နောက်ထပ်မရေမတွက်နိုင်သော ခြင်သားရဲများစွာက မြူအတွင်းမှ တရကြမ်း ထိုးထွက်လာခြင်းကြောင့်ပင်။
ထိုခြင်သားရဲအုပ်စုကြီး၏နောက်တွင် ပေသုံးသောင်းခန့်ကျယ်ပြောသော ဧရာမကျောက်ဖျာကြီးတစ်ခု ပေါ်လာ၏။ ထိုကျောက်ဖျာပေါ်တွင် ဝမ်လင်းသည် ထိုင်နေ၏။ သူက သူတို့ကို အေးစက်စက် စိုက်ကြည့်နေသည်။
“အဆင့်သုံးကျောက်ဖျာ…” အဆင့်နှစ်ကျောက်ဖျာပေါ်တွင် ထိုင်နေသော အဘိုးအို၏ မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားမိလေ၏။
ဝမ်လင်းအောက်ရှိ ကျောက်ဖျာသည် ရပ်တန့်သွားသည်။ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။ ဘေးပတ်လည်ရှိ ခြင်သားရဲတစ်သိန်းသည် စိတ်လှုပ်ရှားစွာ ဟိန်းသံများ ပေးလျက် လူသားအသွင်သားရဲများထံသို့ တရကြမ်း တိုးဝင်သွားကြလေသည်။ ယင်းတို့သည် အရူးအမူး သတ်ဖြတ်မှုကို စတင်ကြရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏စိတ်အား လှုပ်ခါစေကုန်သည်။
လူသားအသွင်သားရဲများသည် ကျင့်ကြံသူများအတွက်သာ အကျိုးရှိစေသည်မဟုတ် ခြင်သားရဲများအတွက်လည်း အတူတူပင်။
လေပြင်းတစ်ခုအလား ခြင်သားရဲဆယ်ကောင်ကျော်က လူသားအသွင်သားရဲတစ်ကောင်ကို တိုက်ခိုက်၏။ သွေးလွှမ်းသောတိုက်ပွဲ ဖြစ်ပွားလေပြီ။ ကျင့်ကြံသူ သုံးဆယ်က စောင့်ကြည့်နေမိ၏။ ထိုတိုက်ခိုက်မှုသည် တခဏသာ ကြာသည်။ သို့သော် ခြင်သားရဲတစ်သိန်းတွင် တစ်သောင်းကလည်း သေဆုံးသွားကြ၏။ သို့ပေမည့် လူသားအသွင်သားရဲများထံမှ အသက်ဓာတ်အားကို ခွဲဝေရရှိပြီးသည့်နောက် ကျန်သည့်ခြင်သားရဲများက ပို၍ပင် သန်မာလာကြသည်။
လူသားအသွင်သားရဲတစ်သောင်းကို ချက်ခြင်းလိုလို သတ်ဖြတ်ပြီးနောက် ခြင်သားရဲများက ပျောက်ကွယ်မသွားကြသေး။ သူတို့က သည်နေရာတွင် ပိတ်မိနေသော ကျင့်ကြံသူသုံးဆယ်ထံသို့ ရန်လိုသောအကြည့်ဖြင့် စိုက်ကြည့်၏။
ကြည့်ရသည်မှာ ဝမ်လင်းက လက်ညွှန်လိုက်ပါက ၎င်းတို့သည် ချက်ခြင်း ထိုးထွက် တိုက်ခိုက်ကြပေမည်။
“မင်းတို့ကို ဒီသားရဲတွေ ဖျက်စီးရာမှာ ငါ ကူညီပေးခဲ့တယ်။ ဒါ့ကြောင့် ငါ့ကို အဆင့်နှစ်ကျောက်ဖျာ ပေးပါ…” ဝမ်လင်း၏အေးစက်စက်အကြည့်က အဆင့်နှစ်ကျောက်ဖျာပေါ်ရှိ အဘိုးအိုပေါ်သို့ မြဲမြံစွာ ကျရောက်သွားသည်။
ထိုအဘိုးအို၏အမူအရာသည် သုန်မှုန်သွား၏။ သူက တစ်ခုခုကို တွက်ချက်နေသည့်နှယ်။ ခဏအကြာတွင် သူသည် စကားတစ်ခွန်းမှ မဆိုဘဲ ထိုကျောက်ဖျာပေါ်ကနေ ခုန်ဆင်းသွားသည်။ တစ်ချိန်တည်းမှာပင် ထိုကျောက်ဖျာက ဝမ်လင်းထံ ချဉ်းကပ်လာ၏။ ခြင်သားရဲများသည် ဘေးဖယ်ပေးကာ လမ်းရှင်းပေးကြသည်။
ဝမ်လင်း၏အကြည့်က ထိုကျောက်ဖျာပေါ်သို့ ဝေ့ဝိုက်ကျရောက်သွားသည်။ ၎င်းကျောက်ဖျာပေါ်တွင် စာလုံးပေါင်း(၃၁၂)ခု ရှိလို့နေ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ အဆင့်နှစ်ကျောက်ဖျာသည် တုန်ခါသွားသည်။ ထိုစာလုံးအားလုံးသည် ပျံသန်းလာကာ ဝမ်လင်း၏အဆင့်သုံးကျောက်ဖျာပေါ်သို့ ကျရောက်လာလေ၏။
စာလုံးများ ဆုံးရှုံးသွားသော အနှီကျော်ကဖျာသည် တုန်ယင်လျက် နောက်ဆုံးတွင် ပျက်စီးသွားတော့သည်။
ခုချိန်၌ ဝမ်လင်း၏ကျောက်ဖျာပေါ်တွင် စာလုံးပေါင်းကိုးရာကျော် ရှိလာပေပြီ။ ခရမ်းရောင်သည် ပိုရင့်လာ၏။ နက်လုနီးပါးပင်။ ၎င်းက အဆင့်လေးကျောက်ဖျာအဖြစ်သို့ တိုးတက်တော့မည့် အရိပ်အယောင် ပြသလာသည်။
“အဆင့်သုံးပဲ ရှိနေတုန်းလား။ အဆင့်လေး ဖြစ်ဖို့ ဘယ်လောက်များများ ထပ်လိုမလဲ ငါ သိချင်မိတယ်။ သိတော့ မလိုလောက်တော့ပါဘူး…” ဝမ်လင်းသည် ထိုကျင့်ကြံသူများကို အရေးစိုက်မနေတော့ဘဲ အဝေးသို့ မြန်ဆန်စွာ ပျံသန်းသွားတော့၏။
ကျင့်ကြံသူများကို ဝန်းရံထားသော ခြင်သားရဲများကလည်း ဝမ်လင်းဘေးနားသို့ ပြန်ရောက်လာကြ၏။ ယင်းတို့သည် အကွာအဝေးတစ်ခုထံ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ကျင့်ကြံသူသုံးဆယ်၏အမူအရာသည် ဝမ်လင်းထွက်သွားသောနေရာကို ကြည့်လျက် သုန်မှုန်နေတော့၏။
ထိုအုပ်စုထဲမှ သက်လတ်ပိုင်းလူတစ်ယောက်က မကျေမချမ်း ပြောလာ၏။ “ကျိုးကုန်း…ဒီသားရဲတွေက ထူးဆန်းပေမယ့် ငါတို့သာ စုပေါင်းခုခံရင် ငါတို့ လွတ်မြောက်နိုင်တယ်…”
“ဒီလူဟာ အဆင့်သုံးကျောက်ဖျာကို ပိုင်ဆိုင်ထားတယ်။ သူက ဘယ်လိုလုပ် အားနည်းပါ့မလဲ။ သူ့မှာ ကြမ်းကြုတ်တဲ့သားရဲတွေပါ ရှိနေသေးတယ်။ ဒါ့ကြောင့် ငါတို့ အလျင်စလို လုပ်ရင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ်။ ဒါဆို မတန်တော့ဘူး…”
အဆင့်နှစ်ကျောက်ဖျာကို ပိုင်ဆိုင်ခဲ့သောအဘိုးအိုက ခေါင်းယမ်း၍ ပြောလိုက်၏။
သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်သွား၏။ သူက တစ်ခုခု ပြောရန် ပြင်လိုက်စဉ် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
ဝမ်လင်းသည် သိပ်ဝေးဝေးသို့ မရောက်သေးခင်မှာ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာ၏။ သူက သူ့နောက်ဘက်မှ ကျင့်ကြံသူအုပ်စုထံသို့ ကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားသည်။ သူ့ပတ်လည်ရှိ ခြင်သားရဲများသည်လည်း တုန်ယင်လျက် နောက်ဆုတ်ကြ၏။ သူတို့၏ စူးရှရှအော်မြည်သံများထဲတွင် ထိတ်လန့်မှုတို့ ပြည့်နှက်လာလေသည်။
ထိုကျင့်ကြံသူအုပ်စုအောက်ရှီ မြူသည် အရူးအမူး မြင့်တက်လာကာ ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ခဏအကြာတွင် ပေတစ်သိန်းခန့်ထူထဲသော လက်မောင်းတစ်ဖက်က ထိုမြူအတွင်းမှ ရုတ်တရက် ထိုးထွက်လာ၏။
ထိုမြူအောက်တွင် ဧရာမဘီလူးကြီးတစ်ကောင် ရှိနေသည့်အလား။ သူ၏လက်ချောင်းများက တောင်များကဲ့သို့ပင်။ ယင်းတို့သည် ချက်ခြင်းပင် ထိုကျင့်ကြံသူများကို ဝန်းရံသွားလေ၏။ သူတို့၏အမူအရာများသည် အကြီးအကျယ်ပြောင်းလဲကုန်သည်။ သို့သော် သူတို့က ပုန်းကွယ်ဖို့ပင် အချိန်မရလိုက်ဘဲ ထိုလက်ကြီးက သူတို့အား ဖမ်းဆုပ်သွားတော့သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ သူတို့အောက်ရှိ ကျောက်ဖျာများသည်ပင် ပျက်စီးကုန်၏။ မရေမတွက်နိုင်သော ကျောက်စကျောက်နများ ပြန့်ကြဲကာ ထိုဧရာမလက်ကြီး၏ ဖမ်းယူခြင်းကို ခံရသည်။
ထို့နောက် ထိုလက်က မြန်ဆန်စွာ ပြန်ဆင်းသွားပြီး မြူအတွင်း ပျောက်ကွယ်သွားလေ၏။
အဖြစ်အပျက်သည် မြန်ဆန်လွန်း၏။
အချိန်အတန်ကြာပြီးနောက် မြူများသည် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ဝမ်လင်းသာ သူကိုယ်တိုင် ထိုအဖြစ်သနစ်ကို မမြင်ရပါက မည်သူကမျှ သည်နေရာတွင် ကျင့်ကြံသူသုံးဆယ်ဟာ ခုလေးတင် ရှိခဲ့သည်ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ့မျက်လုံးထဲတွင်လည်း အေးစက်မှုတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုဧရာမလက်ကြီးက သူ့စိတ်ကိုပါ တုန်ယင်စေခဲ့ပြီး သူ့အား ထိုလက်ထံမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် အလားတူသော အော်ရာတစ်ခုကိုလည်း ခံစားမိစေသည်။ သို့ပေမည့် ၎င်းက ရုတ်တရက် ပေါ်လာပြီးနောက် မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွား၏။ ဝမ်လင်းအဖို့ ထိုအော်ရာကို သေချာစမ်းစစ်ဖို့ရာ အချိန်မရလိုက်ပေ။
သို့ပေမည့် သူက ထိုလက်၏ဖမ်းဆုပ်မှုစွမ်းအားမှာ ခုခံနိုင်ဖို့ မဖြစ်နိုင်သည်ကို တွေ့မြင်၏။
“ရှေးအမိန့်သင်္ချိုင်းပြစ်ဒဏ်ပေးတဲ့အရာ…” ဝမ်လင်း၏မျက်လုံးထဲမှ အေးစက်မှုသည် ပျောက်ကွယ်သွားသည်။ သည်နေရာက ပို၍သာ၍ ဆန်းကြယ်ကာ မခန့်မှန်းနိုင်အောင် ဖြစ်လာလေ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ မြူအတွင်း ပိုသတိထားကာ သွားလာတော့၏။ သူသည် သူ့စိတ်ထဲရှိ မြေပုံအတိုင်း ရှေ့သို့ မြန်ဆန်စွာ ဆက်သွားသည်။
“ဒီမြေပုံသာ မှန်ခဲ့ရင် ရှေ့မှာ နောက်ထပ် ချိပ်ပိတ်နေရာတစ်ခု ထပ်ရှိနေတယ်။ အဲ့နေရာဟာ ပွင့်ခဲလှတယ်။ အဲ့မှာ နောက်ထပ် အဆင့်လေးတာအိုစိတ်ဝိညာဉ်တစ်ခုလည်း ရှိနေတယ်။ ငါသာ အဲ့နေရာကို ရောက်ခဲ့ရင် ငါ သွားနေတဲ့ မှန်တဲ့ ဦးတည်ချက်လို့ ဆိုလိုတာပဲ။ ဒါဆိုရင် ငါဟာ ဒီသင်္ချိုင်းရဲ့ အတွင်းနက်ပိုင်းထဲ သွားနိုင်ပြီ…”
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ အမျိုးသမီးလည်း ရှိနေတယ်။ ငါဟာ သူမအပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့တဲ့အတွက် သူမလည်း ရှေ့မှာ ရှိနေတယ်လို့ ခံစားမိနိုင်တယ်။ သူမဟာ ငါ့အတွက် အတော်လည်း အသုံးတည့်တယ်။ ငါ သူမကို ရှာရမယ်။ သူမဟာ နှစ်ကြိမ်တိုင်တိုင် ဘယ်လိုများ မသေခဲ့လဲ ငါ သိအောင် လုပ်ရမယ်။ ငါသာ ဒီစွမ်းအားကို ရခဲ့ရင်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက ရှေ့သို့ ပိုမြန်ဆန်စွာ ဆက်သွားသည်။
ဝမ်လင်းနှင့် အတော်အလှမ်းဝေးသောနေရာတွင် ချိပ်ပိတ်မြေတစ်ခု ရှိနေ၏။ ခုချိန်၌ ၎င်းနေရာတွင် သွေးလွှမ်းသောတိုက်ပွဲ ဖြစ်ပွားနေသည်။ သုန်မှုန်သောထိုလောကအတွင်း၌ ပုံရိပ်နှစ်ခုသည် တိုက်ခိုက်နေကြကာ ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်နေ၏။
သူတို့နှစ်ယောက်၏အောက်ဘက်တွင်လည်း ကျင့်ကြံသူတစ်ရာနီးပါးသည် အသေအကြေတိုက်ခိုက်နေကြသည်။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည်လည်း သတ်ဖြတ်လိုစိတ်အပြည့် ရှိနေလျက် သူမ၏ ပတ်လည်တွင် ဒဏ်ရာရထားသော သို့မဟုတ် သေသွားသော ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေပေသည်။
“မြောင်ယင်…မင်းက ဒီအဘိုးအိုရဲ့ တာအိုစိတ်ဝိညာဉ်ကို လုယူရဲတယ်လား…။ ဒီအဘိုးအိုရဲ့ မူလခန္ဓာကိုယ်ဟာ အသံပင်လယ်ထဲသွားပြီး သတ်ဖြတ်မှုတွေလုပ် မင်းရဲ့မူလခန္ဓာကိုယ်နဲ့ အသေအကြေ တိုက်ခိုက်ပစ်မယ်…”
“အဆိပ်အိုကြီး မင်းက ဒီကို မင်းရဲ့ စိတ်ဝိညာဉ်အပိုင်းအစနဲ့ လာခဲ့တာ။ ငါကတော့ ငါ့ရဲ့ ကိုယ်ပွားနဲ့ ရောက်လာခဲ့တာ။ မင်းက ငါ့ ပြိုင်ဘက် မဟုတ်ဘူး။ ငါ မင်းရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို သတ်ပစ်လိုက်တဲ့အခါ မင်းက အသံပင်လယ်ကို သွားရဲအုံးမှာလား။ အဆင်အခြင်မဲ့လိုက်တာ။ ဉာဏ်နည်းလိုက်တာ…”
(ဘာသာပြန်သူမှတ်ချက်…အဆိပ်အိုကြီးကို မြင့်မြတ်သောထိုက်ဟောင်ဟုလည်း ခေါ်၏။ )
“မင်းရဲ့ စိတ်ကလည်း ထူးဆန်းသေးတယ်။ ဒါ့ကြောင့် ပြိုလဲကုန်းမြေကနေ မထွက်နိုင်တဲ့ ဟိုငှက်အိုကြီးကလွဲလို့ မင်းမှာ ဘယ်မိတ်ဆွေမှ မရှိဘူး။ ဒီနေရာက ဘယ်သူကမှလည်း မင်းကို ကူညီပေးချင်မှာ မဟုတ်ဘူးကွ။ ဒါ့ကြောင့် မင်းက ဒီအရှင်ဆီကနေ တာအိုစိတ်ဝိညာဉ်ကို ဘယ်လိုများ ပြန်လုယူမလဲ…”
***