← Chapters

ထိရောက်မှု

Vol. 109 Ch. 1506

ထိရောက်မှု

Vol. 109 Ch. 1506

ဝမ်လင်း ပတ်လည်ရှိ ကျင့်ကြံသူတစ်ရာနီးပါးသည် တုန်လှုပ်ကုန်ကြသည်။

ဝမ်လင်းက လူအုပ်ကြား ဖြတ်သန်းလာ၏။ မည်သူကမျှ သူ့ကို မတားဆီးဝံ့ကြပေ။ သူက တာအိုသခင်မြောင်ယင်၏ ငယ်သားကို ဖမ်းဆီးပြီးသလို သူ၏သိမ်မွေ့ဆန်းကြယ်မီးမှာလည်း ခြောက်ချားဖွယ်ကောင်းသည် မဟုတ်လား။

ထိုကျင့်ကြံသူများကို ပို၍ တုန်လှုပ်စေသည်မှာ သခင်ငါးပါးထဲမှ တစ်ယောက်ဖြစ်သူ တာအိုသခင်မြောင်ယင်၏ တိုက်ချက်တစ်ခုက ထိုလူက ဟန့်တားလိုက်နိုင်ပြီး ဒဏ်ရာပင် မရသွားခြင်းပင်။

ထိုအချက်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။

“သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူ…”

“သူဟာ သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူ ဖြစ်နေရုံတင် မကဘူး။ သခင်ငါးပါးထဲက တစ်ယောက်ရဲ့ တိုက်ခိုက်မှုကတောင် သူ့ကို မသတ်နိုင်ဘူး…”

“သတ်နိုင်ဖို့ မဆိုနဲ့အုံး။ သူဟာ တစ်စက်လေးတောင် ဒဏ်ရာ ရမသွားဘူး…”

“သူက မူလစွမ်းအင်ကို အသုံးပြုပြီး မန္တာန်ထုတ်ဖော်လိုက်တာ ရှင်းနေတာပဲ။ သူဟာ တတိယအဆင့် မဟုတ်ရင်တောင် သူဟာ ခြေတစ်လှမ်းပဲ လိုလောက်တော့တယ်…”

“သူ ဘယ်သူလဲ…”

ခြင်သားရဲများသည်လည်း ဆင်းသက်လာကြ၏။ သူတို့သည် မနှေးပေ။ ဝမ်လင်း၏ လုပ်ဆောင်ချက် ခြင်သားရဲများ၏ရောက်ရှိလာမှုက ထိုကျင့်ကြံသူအားလုံး တိုက်ခိုက်နေခြင်းကိုပါ ရပ်တန့်သွားစေသည်။

ကောင်းကင်ထက်ရှိ မုန်တိုင်းသည် ကျယ်လောင်စွာ မြည်ဟိန်းနေ၏။ ဝမ်လင်းသည် အေးစက်စက်စိုက်ကြည့်နေနရင်း ကျယ်လောင်စွာ ပေါက်ကွဲမှု ဖြစ်သည်။ ဧရာမလက်တစ်စုံက ထိုမုန်တိုင်းကို ဖမ်းဆုပ် ဆုတ်ဖြဲလိုက်သည့်နှယ်။ ထိုမုန်တိုင်း ပျက်စီးသွားပြီး ပုံရိပ်နှစ်ခုသည် တစ်ယောက်ထံမှတစ်ယောက် မြန်ဆန်စွာ ဆုတ်နေကြသည်။

ညာဘက်သို့ ဆုတ်သွားသည့်သူမှာ အဆိပ်အိုကြီး ဖြစ်၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ရှိနေလျက် သူက ရယ်မောလိုက်သည်။ “ကောင်းတယ်။ မင်းက ဟိုငှက်အိုကြီးရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ မင်းက သခင်ငါးပါးထဲက တစ်ပါးရဲ့ ငယ်သားမိန်းကလေးကိုတောင် သူ့ရှေ့မှာတင် ဖမ်းဆီးရဲတယ်။ ဒီလိုသတ္တိ၊ ပြတ်သားမှုကြောင့် မင်းဟာ တကယ်ပဲ အရည်အချင်းရှိတဲ့သူပဲ…”

“မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် ငါ ပေးခဲ့တဲ့ အဆိပ်ဟာ အချည်းနှီး မဖြစ်တော့ဘူးပေါ့…” ထိုအဘိုးအိုသည် ထိုသို့ပြောနေရင်း ပြုံး၏။ သူက ဝမ်လင်းသည် သာမန်မဟုတ်သည်ကို သတိပြုမိ၏။ သူတို့နှစ်ယောက်သာ ပူးပေါင်းလိုက်ပါက…။

ဘယ်ဘက်သို့ ဆုတ်သွားသူမှာ တာအိုသခင်မြောင်ယင်ဖြစ်သော လူငယ်ပင်။ သူက ဝမ်လင်းကို လေထဲကနေ ငုံ့ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

“သိပ်ကောင်းတယ်…” ထိုအပြုံးသည် အလွန်တရာ အေးစက်နေ၏။ ဝမ်လင်းကို တစ်ချက်ကြည့်ပြီးနောက် သူက အဆိပ်အိုကြီးထံ ကြည့်လိုက်သည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပေတစ်သောင်းအစိမ်းရောင်မြွေတစ်ကောင် ပေါ်လာ၏။ ထိုမြွေသည် စတင်ရုန်းကန်ကာ တရှူးရှူးအသံ ပြုသည်။

တစ်ချက် ညှစ်ချေလိုက်ရာ ထိုအစိမ်းရောင်မြွေထံမှ ညီးတွားသံများ ထွက်ပေါ်လာရင်း ၎င်း၏ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။ ထို့နောက် ၎င်းက ဦးခေါင်းအရွယ်ဆေးလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲကာ တာအိုသခင်မြောင်ယင်၏ရှေ့တွင် လွင့်မြောနေချေသည်။

လေထဲ၌ မွှေးရနံ့များ ပြည့်လာ၏။ ထိုအနံ့က သင်၏သွေးစီးဆင်းမှုကိုပါ မြန်ဆန်အောင် လုပ်ပေးနိုင်ပြီး စိတ်ကိုလည်း ကြည်လင်စေနိုင်သည်။

“အဆိပ်အိုကြီး…မင်းဟာ ဒီသင်္ချိုင်းထဲမှာ ငါ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒီတော့ ဆက်တိုက်နေရင် ဘာမှ မထူးဘူး။ ဒီအရှင်က မင်းရဲ့ တာအိုစိတ်ဝိညာဉ်ကို လုယူခဲ့မှတော့ ဒါကို ငါ မင်းရှိ ပြန်ပေးလိုက်မယ်…”

“ငါတို့ကြားက ကိစ္စ အဆုံးသပ်သွားပြီ။ မင်း အခု ထွက်သွားနိုင်ပြီ…။ ဘယ်လိုလဲ…”

သူ့စကားအဆုံးသပ်သွားသည့်နောက်တွင် အဆိပ်အိုကြီး၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ ထိုစကားက အခုအခြေအနေကို ပြောင်းလဲသွားနိုင်ပေ၏။

သခင်ငါးပါးလုံးသည် အလွန်ဉာဏ်များကြသူများပင်။ သူတို့အားလုံးက နှစ်ပေါင်းသောင်းချီ ကျင့်ကြံခဲ့သူများ မဟုတ်လား။ ထို့အတွက် မည်သူကမျှ အရူးမဟုတ်ကြပေ။ အကြည့်တစ်ချက်ဖြင့်ပင် သူက ဝမ်လင်းနှင့် အဆိပ်အိုကြီးတို့ ပူးပေါင်းသွားနိုင်သည့် အနေအထားရှိနေသည်ကို သတိပြုမိပေ၏။ ထို့အတွက် သူက ချက်ခြင်းပင် တာအိုစိတ်ဝိညာဉ်ကို လက်လွှတ်ကာ ထိုကဲ့သို့ မပူးပေါင်းနိုင်ရန် အက်ကြောင်းကြီးတစ်ခု ဖြစ်စေလိုက်ခြင်းပင်။

“မင်းက ဒီတာအိုစိတ်ဝိညာဉ်ကို မလိုချင်ဘူးလား။ ငါ မင်းကို ပေးလိုက်မယ်။ ဝမ်လင်း ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နဲ့ ယှဉ်ရင် ဒါဟာ ဘာမှ မဟုတ်တော့ဘူး..."” တာအိုသခင်မြောင်ယင်က တည်ငြိမ်စွာပင် အဆိပ်အိုကြီး၏ ရွေးချယ်မှုကို စောင့်နေသည်။

ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ သူသာ အပြင်ဘက်မှာဆို သည်တာအိုသခင်မြောင်ယင်နှင့် ဆုံပါက ချက်ခြင်း ထွက်သွားမည်သာ။ သူတို့နှစ်ယောက်ကြား၏ ကွာဟမှုက ကြီးမားလှသည် မဟုတ်လား။ သို့ပေမည့် သည်နေရာတွင် ဝမ်လင်းက သူ့ကိုယ်ပိုင်ထင်မြင်ချက်အပေါ် သေချာနေ၏။ တာအိုသခင်မြောင်ယင်သည် သခင်ငါးပါးထဲမှ တစ်ယောက် ဖြစ်သော်လည်း သည်နေရာတွင် သူ့အနေဖြင့် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်ခွန်အားကိုသာ ထုတ်ဖော်နိုင်ပေသည်။

သူ့အဖို့ အနိုင်ရနိုင်ရန် အခွင့်အရေး လုံးဝ မရှိသော်လည်း တာအိုသခင်မြောင်ယင်က သူ့ကို သတ်နိုင်ဖို့မှာလည်း အလွန်တရာခက်ခဲမည်သာ။

သို့ရာတွင် အရေးကြီးဆုံးအချက်က ဝမ်လင်းထံ၌ ရှေးကျွန်ရှိနေခြင်းပင်။

အဆိပ်အိုကြီးက မျက်လုံးကစားကာ အနည်းငယ် စဉ်းစားလိုက်၏။ သူက ပြုံးလိုက်သည်။ သူက ဝမ်လင်းကို ကြည့်ပင်မကြည့်ဘဲ ပြောလိုက်၏။ “တာအိုစိတ်ဝိညာဉ်ကို ပေးလိုက်။ ဒီအဘိုးအို ထွက်သွားမယ်…”

တာအိုသခင်မြောင်ယင်က စကားမဆိုပေ။ သူက အဆိပ်အိုကြီးကို ကြည့်၍သာနေ၏။

“ဒီအဘိုးအိုက ငါ့ရဲ့ အပူဇော်ခံမီးတောက်ကို အသုံးပြုပြီး ဒီတာအိုစိတ်ဝိညာဉ်ရတာနဲ့ ငါ ထွက်သွားပြီး ပြန်လှည့်မလာဘူးလို့ ကျိန်ဆိုတယ်…” အဆိပ်အိုကြီးသည် တာအိုသခင်မြောင်ယင်စောင့်နေသည့်အရာကို နားလည်သည့်ဟန် တူသည်။ သူက ချက်ခြင်းပင် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ထူဆန်းသောစာလုံးတစ်လုံး ပျံသန်းထွက်လာ၏။

လူတစ်ယောက်၏အပူဇော်ခံမီးတောက်ဖြင့် သစ္စာဆိုခြင်းသည် တတိယအဆင့်ကျင့်ကြံသူများကြား သင့်တော်သောနည်းလမ်းတစ်ခု ဖြစ်ပေ၏။ လက်ဝေ့ယမ်းလိုက်ရာ မီးစာလုံးသည် တာအိုသခင်မြောင်ယင်ထံသို့ ပျံသန်းသွားလေတော့သည်။

ထိုစာလုံးကို ယူဆောင်ပြီးနောက် မြောင်ယင်က စိတ်အေးသွား၏။ သူက သူ့လက်ထဲရှိ ဆေးလုံးကို ပစ်ပေးလိုက်သည်။

အဆိပ်အိုကြီးက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ဆေးလုံးကို သိမ်းဆည်းလိုက်သည်။ သူက ပြုံး၍ ဝမ်လင်းကို တစ်ချက် ကြည့်သည်။ ထို့နောက် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။ သူက ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအတွင်းသို့ ခြေလှမ်းဝင်သွားချိန်တွင် ဝမ်လင်းသည် ရုတ်တရက် ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

ဝမ်လင်း ကောင်းကင်ထက်သို့ ပျံသန်းသွားခိုက်တွင် မိုးကြိုးအမှတ်အသားသည် သူ၏ရှေ့တွင် ပေါ်လာကာ တာအိုသခင်မြောင်ယင်ထံသို့ တိုးဝင်လာတော့သည်။ တာအိုသခင်မြောင်ယင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ၏မျက်လုံးထံမှ ရက်စက်လိုဟန်အကြည့် လှစ်ဟပေါ်သည်။ သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူနှင့် တိုက်ခိုက်သည့်အခါ ပထမဆုံးလုပ်ရမည့်အရာမှ လူတစ်ယောက်သည် သူ၏စိတ်ခံစားမှုများကို ချိပ်ပိတ်ထားဖို့ ဖြစ်လေ၏။

သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ဝေ့ယမ်းလိုက်၏။ လှပသောအမျိုးသမီးပုံရိပ်ယောင်တစ်ခုနှင့်အတူ အပူဇော်ခံမီးတောက်များ ထွက်ပေါ်လာတော့သည်။ သူမက ကျောက်စိမ်းဓားတစ်လက်ကို ကိုင်ဆိုင်ထားကာ ဝမ်လင်းထံသို့ ထိုးစိုက်လိုက်သည်။

ဓားစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းလှကာ မိုးကြိုးအမှတ်အသားထံ တိုးဝင်လာတော့၏။

ဖျပ်ခနဲအတွင်း ဓားစွမ်းအင်သည် မိုးကြိုးအမှတ်အသားနှင့် ထိပ်တိုက်တွေ့ရာ ကျယ်လောင်စွာတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဓားစွမ်းအင်သည် မိုးကြိုးအမှတ်အသားအတွင်းသို့ ရိုက်ချသည်မဟုတ်။ သို့သော် အမျှင်တန်းထောင်ချီအဖြစ် ပိုင်းထွက်သွား၏။

မိုးကြိုးအမှတ်အသားသည် ချက်ခြင်း ပျက်စီးသွားသည်။ ဝမ်လင်းက သွေးအန်လိုက်ရပြီး စိုးရိမ်တကြီး နောက်ဆုတ်လိုက်ရသည်။ သူက အားနည်းသွားသည့်နှယ်။

တာအိုသခင်မြောင်ယင်က လိုက်လံရန် ဟန်ပြင်၏။ သို့သော် ထိုအခိုက်မှာ သူ့နောက်တွင် အနက်ရောင်လေပြင်းတစ်ခု မွှေနှောက်တိုက်ခတ်လာ၏။ သူ့နောက်ရှိ လောကသည် ရုတ်တရက် တွန့်ခေါက်သွားကာ ဧရာမအရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်က လက်ဝါးအသွင် ဖြစ်ပေါ်ကာ ငါးညှီနံ့ကို ပေးလျက် မြောင်ယင်ထံ တိုးဝင်လာချေသည်။

ထိုလက်ဝါးပေါ်လာသည်မှာ ရုတ်ချည်းဆန်လှ၏။ ၎င်းက ချက်ခြင်း သူ့ထံ နီးကပ်လာသည်။ သူ့အမူအရာသည် ပြောင်းလဲသွား၏။ သူက ဝမ်လင်းနောက် လိုက်လံမည်ကို လက်လွှတ်လိုက်သည်။ သည့်နောက် သူက ချိပ်ဟန်တစ်ခု ဖြစ်စေရာ ခရမ်းရောင်မြူတိမ်များ ပေါ်လာ၏။ ရှေးဟောင်းဒိုင်းတစ်လက်သည် ထိုမြူအတွင်းမှ ထိုးထွက်လာသည်။

ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ ထိုလက်ဝါးနက်က ဒိုင်းပေါ်သို့ ကျရောက်သွားလေ၏။ တစီစီအသံများ ထွက်ပေါ်လာကာ ဒိုင်းပေါ်၌ မရေမတွက်နိုင်သောအက်ရာများ ပေါ်လာသည်။ သို့သော် ၎င်းက ပျက်စီးမသွားသေးပေ။ သို့ပေမည့် ၎င်းသည် နောက်ပြန်ကန်သွားကာ တာအိုသခင်မြောင်ယင်ထံ ဝင်ဆောင့်သွားသည်။

တာအိုသခင်မြောင်ယင်သည် သွေးအန်လိုက်ရပြီး နောက်သို့ အလျင်အမြန် ဆုတ်သည်။

သို့ရာတွင် သူ နောက်ဆုတ်နေစဉ် ဝမ်လင်း၏အားနည်းဟန်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ သတ်ဖြတ်လိုစိတ် လင်းလက်ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်သွေးအလင်းတစ်ခု ပေါ်လာ၏။ သွေးဓားသည် တာအိုသခင်မြောင်ယင်ထံ တဟုန်ထိုး ဝင်ရောက်သွားလေသည်။

“ငါ သူ့ရဲ့ အပူဇော်ခံမီးတောက်တွေအားလုံး လိုချင်တယ်…” ဝမ်လင်းသည် ထိုးထွက်လာရင်း တည်ငြိမ်စွာ ပြောသည်။

“ငါ သူ့ရဲ့ ခန္ဓာကိုယ်ကို ငါ့စိတ်ဝိညာဉ် အပိုင်စီးဖို့အတွက် လိုချင်တယ်…” ရှေးအသံတစ်ခု ပဲ့တင်ထပ်သည်။

တာအိုသခင်မြောင်ယင်က ဝမ်လင်းကို အလေးမထားပေ။ သူ့ရှေ့မှ ဒိုင်းသည် ပျံသန်းထွက်လာကာ ထိုဧရာမလက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။ သူ၏မျက်လုံးထဲတွင်လည်း ဒေါသတို့ ပြည့်လာလျက် သူက အော်ဟောက်လိုက်သည်။ “အဆိပ်အိုကြီး…မင်းက ကတိဖျက်တာလား…”

“ဟာသပဲ…။ ဒီအဘိုးအိုဟာ အမြဲတမ်း ကတိတည်တယ်။ မင်းက ငါ့ရတနာကို တစ်ကြိမ်လုယူခဲ့ပြီးပြီးဆိုတော့ ဒုတိယအကြိမ်၊ တတိယအကြိမ်လည်း ရှိလာနိုင်တယ်။ ငါက ဒီလိုမျိုး ဘယ်အဖြစ်ခံနိုင်ပါ့မလဲ…” ရယ်မောနေရင်း အဆိပ်အိုကြီး၏ပုံရိပ်သည် လက်ဝါးနက်အတွင်း၌ တဖျပ်ဖျပ် ဖြစ်ပေါ်သည်။

“ဒီကျင့်ကြံသူလေးဟာ ဟိုငှက်အိုကြီးရဲ့ ဂျူနီယာတစ်ယောက်ပဲ။ အဲ့ငှက်အိုကြီးဟာ ငါနဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်။ ဒီတော့ ငါက သူ့ကို ဘယ်လိုလုပ် ထားခဲ့နိုင်ပါ့မလဲ။ မင်းရဲ့ခန္ဓာကိုယ်ဟာ ငါ့အပိုင်ပဲ…” အဆိပ်အိုကြီးက ထိုသို့ ပြောရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။ လက်ဝါးပေါ်ရှိ လက်သည်းငါးချောင်းသည် ချိုးဖျက်ကာ အနက်ရောင်အခိုးငွေ့ဖြင့် ပြုလုပ်ထားသော ဓားငါးလက်အဖြစ်သို့ ပြောင်းလဲသည်။ ၎င်းတို့သည် အလွန်တရာ ထက်ရှသည်။ ယင်းဓားငါးလက်သည် တာအိုသခင်မြောင်ယင်ထံသို့ တရှိန်ထိုး ဝင်ရောက်လာတော့သည်။

တာအိုသခင်မြောင်ယင်က နောက်သို့ အမြန်ဆုတ်၏။ သူ့နောက်တွင်လည်း သွေးဓား ပေါ်လာသည်။ သူက သွေးဓား သို့မဟုတ် ဝမ်လင်းကို သိပ်အလေးမစိုက်ပေ။ သူက အများဆုံးမှ ဝမ်လင်းသည် သူ့ကို အနှောက်အယှက်လေးလောက်သာ ပေးနိုင်သည်ဟု တွေးထား၏။ သူ၏ရန်သူအစစ်အမှန်မှာ သူ့ရှေ့ရှိ အဆိပ်အိုကြီးသာ ဖြစ်သည်ဟု တွေးထားသည်။

လက်သည်းငါးခု ပျံသန်းလာသည်ကို တွေ့မြင်သည့်အခါ သူက သူ့ရှေ့ကိုသာ အထူးအာရုံစိုက်ထား၏။ ဒိုင်းပေါ်သို့ သူ၏စွမ်းအားများကို ပိုမိုသွန်းလောင်းပေးနေရင်း အဆုံးမဲ့ခရမ်းရောင်အခိုးအငွေ့များ ပေါ်လာပြီး ခရမ်းရောင်ပင်လယ်တစ်ခုအလား ဖြစ်လာသည်။

“ဂျူနီယာဝမ်လင်း…ဒီအရှင်အတွက် ထွက်သွားစမ်း။ ဒီအရှင်မှာသာ အချိန်ရခဲ့ရင် မင်းကိုလာ သတ်မယ်…” သူသည် နောက်ဆုတ်နေရင်း သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင်ပင်လယ်ထံမှ ပုံရိပ်ယောင်တစ်ခု လှမ်းလျှောက်ထွက်လာသည်။ ထိုပုံရိပ်သည် ပေတစ်ထောင်မြင့်မားကာ သူ၏ခန္ဓာကိုယ်မှာ ခရမ်းရောင်ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသည်။ သူက သုံးမြှောင့်ခရင်းခွကို လက်ထဲ၌ ကိုင်ထားသေး၏။ သူ ပေါ်လာသည့်နောက် သူ့မျက်လုံးသည် လင်းလက်ကာ ဝမ်လင်းနှင့်သွေးဓားထံသို့ တိုးဝင်လာတော့သည်။

တာအိုသခင်မြောင်ယင်သည် ဝမ်လင်းနှင့်အရှင်စစ်မိုတို့ကြား တိုက်ပွဲကို မမြင်ခဲ့ရပေ။ သူက ရှေးအမိန့်သင်္ချိုင်းထံသို့ ထွက်လာရန် စိတ်စောနေခဲ့ပြီး မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ဖြစ်ပျက်ခဲ့သော သတင်းများကိုလည်း သိရှိရန် လုံးဝ မကြိုးစားခဲ့ပေ။

သူသာ အရာအားလုံးကို သိနေခဲ့ပါက သူသည် ဝမ်လင်းကို အခုလိုမျိုး အထင်သေးနေလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူ့နောက်တွင် ရောက်နေသူမှာ သတ်ဖြတ်သူနတ်ဘုရား ဖြစ်နေသည်မလား။ မြင့်မြတ်သောလင်းတန်ကို သန့်စင်ခဲ့ပြီး စွမ်းအားများစွာ တိုးတက်လာသော ရှေးဟောင်းနတ်ဘုရားဝမ်လင်း ဖြစ်နေသည် မဟုတ်လား။

သွေးဓားသည် အော်မြည်သံပေးလျက် သုံးမြှောင့်ခရင်းခွနှင့် ထိပ်တိုက်တွေ့သည်။ လောက၌ ထိုသွေးဓားကို ဟန့်တားနိုင်သည့်အရာ မရှိလုနီးပါးအလား။ ၎င်းက ခရင်းခွနှင့်ပုံရိပ်တို့ကို ထွင်းဖောက်သွား၏။ ထို့နောက် တာအိုသခင်အိပ်မက်ပြာထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုရုတ်တရက် ပြောင်းလဲမှုက တာအိုသခင်မြောင်ယင်၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သူ့အဖို့ ရှောင်ရန် နောက်ကျလွန်းသွားခဲ့ပေပြီ။ အဆိပ်အိုကြီး၏ ဓားသွားအလား လက်သည်းငါးခုကလည်း နီးကပ်လာနေသေးသည်။

ထိုကဲ့သို့ အန္တရာယ်အခိုက်အတန့်တွင် တာအိုသခင်မြောင်ယင်က သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး မာန်သွင်းလိုက်၏။ သူ့ကိုယ်ပေါ်တွင် ကြေးခွံများ ပေါ်လာသည်။ ထိုကြေးခွံများသည် ခရမ်းရောင်ရှိပြီး တောက်ပနေ၏။ ချက်ခြင်း သူ့တစ်ကိုယ်လုံးကို ကြေးခွံများ ဖုံးလွှမ်းသွားသည်။

လက်သည်းငါးခုက ဒိုင်းနှင့် တွေ့ဆုံကာ ကျယ်လောင်စွာ မြည်ဟိန်း၏။ ဒိုင်းသည် အပိုင်းပိုင်းဖြစ်သွားပြီး လက်သည်းများသည် မြောင်ယင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာ သွေးဓားကလည်း သူ့ခန္ဓာကိုယ်ထံ တိုးဝင်၏။

သည်ချိပ်ပိတ်မြေတွင် ကောင်းကင်တုန်လှုပ်ဖွယ်အသံ ပဲ့တင်ထပ်ကုန်၏။ တုန်ခါလှိုင်း ပျံ့နှံ့သွားရင်း ဧရာမအက်ကြောင်းအဟတစ်ခုသည် သည်ချိပ်ပိတ်မြေတွင် ပွင့်ဟလာပြီး အပြင်ဘက်မှ မြူများ တရကြမ်း တိုးဝင်လာတော့သည်။

တုန်ဟည်းသံများ ဖြစ်ပေါ်နေရင်း တာအိုသခင်မြောင်ယင်သည် သွေးအန်လိုက်ရသည်။ သူ့ရင်ဘက်သည် သွေးအလိမ်းလိမ်းဖြစ်နေပြီး အဆိပ်ငွေ့များ ပြည့်နေသည်။ သွေးဓားကလည်း သူ့ရင်ဘက်ကို ထွင်းဖောက်သွားပြီးနောက် ဝမ်လင်းထံ ပြန်ရောက်လာသည်။

“အသံအနှစ်သာရ၊ ရေအနှစ်သာရ၊ အသံလှိုင်းဖျက်စီးခြင်းတာအို…” တာအိုသခင်မြောင်ယင်သည် နောက်သို့ အလျင်အမြန် ဆုတ်နေ၏။ သူက သူ ဝမ်လင်းကို လျှော့တွက်ကာ အထင်သေးမိသည်ကို ဝန်ခံရပေမည်။ ခုချိန်၌ သူက စူးရှရှရယ်မောလိုက်လေ၏။

သို့ပေမည့် တာအိုသခင်မြောင်ယင်သည် ဝမ်လင်းက သူ၏အစွမ်းထက်ဆုံးရိုက်ချက်အတွက် ကြိုပြင်ဆင်ထားသည်ကိုမူ မသိထားပေ။

***

All Chapters