အစ်ကိုကြီး မသွားခင် လင်းအယ်၏ တောင်းဆိုမှု
Vol. 12 Ch. 155
ဒေါင်...
အရုဏ်တက်အချိန်တွင် ဂိုဏ်းတွင်းမှ ခေါင်းလောင်သံ ထပ်မံမြည်လာ၏။
ယခင်တစ်ခေါက်က စုဝေးခဲ့သော တောင်အသီးအသီးမှ တပည့်လေးဆယ့်ရှစ်ယောက်သည် တိမ် သုံးဆယ့်နှစ်စင်း စီး၍ ပိုင်ဖန်ခန်းမစီသို့ အရပ်မျက်နှာအသီးအသီးမှ သွားနေကြသည်။
ထိုအထဲတွင် တာအိုစုံတွဲ ဆယ့်ခြောက်ခန့်ပါ၏။
တုနတ်ဝိဇ္ဇာဂိုဏ်း၏ မျိုးဆက်သစ် တပည့်ခေါင်းဆောင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သော လီချန်ရှို့သည် ထိုကိစ္စကို ထူး၍တွေးမနေတော့ပေ။
ထိုကိစ္စသည် ဂိုဏ်းတွင် သာမန်ဓလေ့တစ်ခုဖြစ်သဖြင့် သူ့အနေဖြင့် ရိုးနေပြီဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပိုင်ဖန်ခန်းမ၌ တပည့်များ စုဝေးသည့်အခါတိုင်း ဂိုဏ်းတူအစ်မ ယန်အာတစ်ယောက် မောင်လေးကျိကျိဟု ခေါ်နေသံကို သူ လေလှိုင်းအသံဖမ်းအတတ်မှတဆင့် အကြိမ်များစွာ ကြားခဲ့ရ၏။ သူ့နှလုံးသားထဲတွင် မည်သည့် တံလျပ်မှ မရှိတော့ပေ။
ဤအကြိမ်တွင် သူ ကိုယ်တိုင်သွား၍ ကြည့်ရပေတော့မည်။ အပူအပင်မဲ့ နတ်ဝိဇ္ဇာဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများသည် အရှင်ရွှမ်းဒူနှင့် လဘိုးဘိုးတို့ကြောင့် ရှုပ်ထွေးနေပြီဖြစ်သည်။
အကောင်းဘက်မှကြည့်ရလျှင် ကျောင်းတော်သုံးကျောင်းလက်အောက်ရှိ မြောက်မြားစွာသော ဂိုဏ်းများထဲတွင် ရန်ကျောင်းတော်လက်အောက်ရှိ ဂိုဏ်းမှ တပည့်များသည် အချောဆုံး၊ အလှဆုံးများဖြစ်လာပေလိမ့်မည်။
မိခင်၊ ဖခင်သည် ရုပ်ရည်ချောမောလျှင် သားသမီးလည်း ချောမောမည်ဟူသော သဘောတရားပင်။
အမှန်တွင် တာအိုဂိုဏ်းများ၏ ဝါအကြီးဆုံး အစ်ကိုကြီးသည် ရန်ကျောင်းတော်၏ တိုးတက်ကြွယ်ဝမှုအတွက် စိုးရိမ်ပူပန်နေခြင်းပင်။ ထို့ကြောင့် မည်သို့ပင်ဖြစ်လာစေကာမူ လီချန်ရှို့ ဝင်နှောင့်ယှက်၍ မရပေ။
လီချန်ရှို့သည် အရှင်ရွှမ်းဒူနှင့် နောက်ဆုံးအကြိမ်စကားပြောခဲ့စဉ်က ရန်ကျောင်းတော်တွင် တပည့်များ များလာစေရန် တာအိုလက်တွဲဖော်များကို တိုးပွားလာအောင်လုပ်၍ မျိုးဆက်သစ်လေးများကို မွေးထုတ်ပေးရန် အလိုရှိသည်ဆိုလျှင် သိပ်၍အရာထင်မည်မဟုတ်ဘဲ ကြိုးပမ်းမှု၏ တစ်ဝက်လောက်သာ ပြန်၍ အကျိုးခံစားရမည်ဖြစ်ကြောင်း အသိပေးခဲ့၏။
အရှင်ရွှမ်းဒူသည် သူ၏ အကြံပြုချက်လေးကု လက်ခံ၊ လက်မခံကို သူ မသိပေ။
ထိုအချိန်မှစ၍ လီချန်ရှို့သည် အရှင်ရွှမ်းဒူကို အထက်တန်းကျကာ ယောက်ျားဆန်သည့် ဂုဏ်ပုဒ်တစ်ခု ပေးထားလိုက်လေသည်။ လူသားမျိုးနွယ်၏ အသက်အကြီးဆုံး လူပျိုသိုးကြီး ဟူသတည်း။
အရှင်ရွှမ်းဒူသည် နတ်ဘုရားမ နွီဝါး ပထမဦးဆုံးဖန်ဆင်းခဲ့သော လူသားဟု ဆိုကြ၏။
ရန်ကျောင်းတော်၏ မှတ်တမ်းများအရ ထိုအချိန်က အရှင်ထိုက်စန့်လောင်ကျွင်းသည် အာဒိကပ္ပခရမ်းရောင်ချီကို ရရှိနေပြီးဖြစ်ပြီး ရုပ်အလောင်းသုံးလောင်းထံမှ တာအိုကို လက်ခံရရှိခဲ့သည်ဟု သိရ၏။ သို့ရာတွင် သူသည် ထိုစဉ်က တန်ခိုးရှင်ဖြစ်လာရန် အတန်ငယ်လိုပေသေးသည်။ အရှင်ထိုက်စန့်လောင်ကျွင်းသည် နတ်ဘုရားမနွီဝါး လူသားများအား ဖန်ဆင်းနေသည်ကို မကြာခဏဆိုသလို သွားကြည့်တတ်သည်ဟုဆို၏။ သူသည် အတန်ငယ်တွက်ချက်ပြီးသောအခါ လူသားမျိုးနွယ်၏ ကံကြမ္မာသည် ထူးခြားကောင်းမွန်ပြီး သူနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေကြောင်း သိခဲ့ရ၏။
ထို့ကြောင့် သူသည် ရန်ကျောင်းတော်ကို တည်ထောင်ကာ လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့ခြင်းပင်။ ထို့အတွက် သူသည် ကောင်းကင်တာအိုထံမှ ကုသိုလ်များရရှိခဲ့ပြီး တန်ခိုးရှင်တစ်ပါးဖြစ်လာခြင်းပင်။
သူသည် တန်ခိုးရှင်ဖြစ်လာပြီးနောက် ယနေ့ခေတ်တွင် အရှင်ရွှမ်းဒူဟု ခေါ်နေကြသည့် လူတစ်ဦးကို ရွေးချယ်ကာ သူ၏ တန်ခိုးအာဏာကို ဖော်ပြရန် သူ့အား ခွန်းလွန်တောင်သို့ ခေါ်သွားပြီး တာအိုတရားများကို သင်ကြားပေးခဲ့လေသည်။
ထို့ကြောင့် အရှင်ရွှမ်းဒူ၏ “ ဝါအကြီးဆုံး အစ်ကိုကြီး ”ဟူသော ဂုဏ်ပုဒ်သည် အကျိုးအကြောင်း ဆီလျော်ကာ ထိုက်ထိုက်တန်တန် မျှမျှတတ ရရှိထားခြင်းဟု ဆိုနိုင်၏။
အဟမ်း... ထိုအရာသည် ဟာသသာ။
အရှင်ရွှမ်းဒူသည် တာအိုဂိုဏ်းများ၏ ဝါအကြီးဆုံး အစ်ကိုကြီးအဖြစ် ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်ကြောင်းကို လီချန်ရှို့ သိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့ပြင် အရှင်ရွှမ်းဒူသည် သူ၏အစွမ်းကို အခြားသူများ၏ရှေ့တွင် နှစ်ကြိမ်မျှ ထုတ်ဖော်ပြသခဲ့ပြီး ထိုသို့ထုတ်ဖော်ပြသခဲ့သည့် အချိန်တိုင်းတွင်လည်း အရှင်ထိုက်စန့်လောင်ကျွင်း၏ အမည်ဂုဏ်သတင်းကို ပို၍မြင့်မားစေခဲ့သည်ချည်းသာဖြစ်သည်။
လီချန်ရှို့သည် ရန်ကျောင်းတော်၏ သမိုင်းကို အသေးစိတ်မှတ်တမ်းတင်ထားသည့် မှတ်တမ်းများကို ဖတ်ရှုထားပြီးဖြစ်သည်။
ရှေးခေတ်မှ ဒုတိယ စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီးအတွင်း၌ မြေနတ်ဝိဇ္ဇာများ၏ ဘိုးဘေးဖြစ်သော မဟာနတ်ဝိဇ္ဇာကျန်းယွမ်၏ ရွာငါးရွာဘုံကျောင်းအရှေ့တွင် အရှင်ရွှမ်းဒူသည် သူ၏ခေါင်းအထက်တွင် ရွှမ်ဟွမ်လင်လုံဘုံကျောင်းကို ထားကာ လူသားများကို သတ်ဖြတ်၍ စုန်းကဝေသတ်ဖြတ်ဓားကို ပြုလုပ်ချင်နေသော အရှေ့မိစ္ဆာဧကရာဇ် ထိုက်ယိနှင့် ရင်ဆိုင်ခဲ့၏။
တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး မိစ္ဆာဧကရာဇ်ရှုံးနိမ့်သွားခဲ့လေသည်။
အရှင်ရွှမ်းဒူသည် လူသားမျိုးနွယ်၏ မျိုးဆက်အချို့ကို ကာကွယ်ပေးခဲ့ပြီး တန်ခိုးရှင်၏ အစွမ်းကို ဖော်ထုတ်ပြသနိုင်ခဲ့လေသည်။ ထို့ကြောင့် ရွှေခေတ်ရောက်နေသော မိစ္ဆာများသည် လူသားမျိုးနွယ်ကို မဆင်မခြင် အပြစ်မပြုဝံ့ကြတော့ပေ။
ထိုစဉ်က အရှင်ရွှမ်းဒူသည် တန်ခိုးရှင်၏တပည့်ဖြစ်လာသည်မှာ နှစ်ပေါင်း( ၁၂၉,၆၀၀ ) နှစ်သာရှိသေး၏။ သို့ပေသည့် သူဖော်ပြခဲ့သော စွမ်းအားသည် အရှေ့မိစ္ဆာဧကရာဇ်ထက်ပင် သာလွန်ခဲ့ပေသည်။
အရှင်ရွှမ်းဒူ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့သည့်အချိန်မှာ ရှေးခေတ်မှ တတိယ စုန်းကဝေ-မိစ္ဆာ စစ်ပွဲကြီးအတွင်းတွင် ဖြစ်သည်။ ထိုအချိန်တွင် လူသားမျိုးနွယ်သည် ပြန်လည်တိုက်ခိုက်နေပြီဖြစ်သည်။
ထိုစဉ်က စုန်းကဝေမျိုးနွယ်မှ ပညာရှင်များသည် သူတို့အစွမ်းရှိသမျှသုံးကာ တိုက်ခိုက်ခဲ့သဖြင့် မိစ္ဆာခုံရုံးများမှ ပညာရှင်များအားလုံးသည် သေဆုံးခဲ့ပြီဖြစ်သည်။ သို့သော် မိစ္ဆာခုံရုံးများသည် မပြိုလဲသွားသေးပေ။ များစွာမတိုးတက်သေးသော လူသားမျိုးနွယ်မှ ပညာရှင်များသည် ထိုအခွင့်အရေးကို အသုံးချ၍ မိစ္ဆာများကို ပြင်းပြင်ထန်ထန် တိုက်ခိုက်ခဲ့လေသည်။
ထိုတိုက်ပွဲအတွင်း အရှင်ရွှမ်းဒူ ရောက်ရှိလာခဲ့၏။
သူသည် စွမ်းအားကြီးရတနာတစ်ပါးဖြစ်သော ထိုက်ကျိပန်းချီကားကို စီးနှင်းကာ ခေါင်းပေါ်တွင် ရွှမ်ဟွမ်လင်လုံဘုံကျောင်းကို ခေါင်းပေါ်တွင် ထား၍ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူသည် အာကာသဓားကို ကိုင်၍ မိစ္ဆာခုံရုံးများအတွင်းသို့ တစ်ဦးတည်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူသည် အရှေ့မိစ္ဆာဧကရာဇ် ထိုက်ယိကို အပြင်အထန်ဒဏ်ရာရသွားအောင် တိုက်ခိုက်လိုက်ပြီး မူလအမြုတေရတနာဖြစ်သော အရှေ့ဧကရာဇ်ခေါင်းလောင်းအတွင်းသို့ ထည့်ပိတ်ကာ ဟွင်းသွမ်းပင်လယ်အတွင်းသို့ ပို့ခဲ့လေသည်။ သူသည် မိစ္ဆာမျိုးနွယ်၏ ဧကရာဇ်တစ်ပါးဖြစ်သော အရှေ့မိစ္ဆာဧကရာဇ်ထိုက်ယိကို ခေါင်းလောင်းအတွင်းမှ မထွက်နိုင်အောင် ပိတ်ထားနိုင်ခဲ့လေသည်။
တိုက်ပွဲအတွင်းတွင် လူသားမျိုးနွယ်သည် ကံကိုယုံ၍ ဆူးပုံနင်းခဲ့ခြင်းပင်။
သူတို့သည် မိစ္ဆာခုံရုံးများကို ဖြိုလှဲနိုင်ပြီး လောကကြီး၏ ဇာတ်လိုက်များ ဖြစ်လာကာ ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံရနိုင်သကဲ့သို့ ထပ်မံ၍ မျိုးတုန်းလုမတတ်လည်း ဖြစ်သွားနိုင်ပေသည်။
နောက်ဆက်တွဲကိစ္စများသည် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့လေသည်။ အရှင်ရွှမ်းဒူသည် သူ၏ အစွမ်းကိုထပ်မံပြသရန် အခွင့်အရေးကောင်းကောင်း မရခဲ့တော့ပေ။
တဖြည်းဖြည်းဖြင့် အာဒိကပ္ပလောကအတွင်း သူ၏အမည်ကို ထုတ်ဖော်ပြောသူ ရှားလာလေတော့သည်။
ထိုလူသားသည် လူသားမျိုးနွယ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ကာကွယ်ပေးခဲ့လေသည်။ သူသည် ရန်ကျောင်းတော်မှ ဝါအကြီးဆုံး အမည်မဲ့ အစ်ကိုလည်းဖြစ်လေသည်။
လက်ရှိတွင် သူသည် သာမန်အသွင်အပြင်ဖြင့် တာအိုရသေ့ငယ်တစ်ပါးပင်။ သူသည် ‘ ရန်ကျောင်းတော်၏ မျိုးဆက်သစ် မွေးထုတ်ရေး အစီအစဉ် ’ကို နှစ်သောင်းချီ အားထုတ်လုပ်ဆောင်ခဲ့၏။
လီချန်ရှို့သည် ထိုသို့အတွေးနက်နေစဉ်မှာပင် ပိုင်ဖန်ခန်းမရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
လီချန်ရှို့သည် အရှင်ရွှမ်းဒူအား သူပေးထားသော ဂုဏ်ပုဒ်အကြောင်းကို မည်သူ့ကိုမှ မပြောဝံ့ပေ။
တုနတ်ဝိဇ္ဇာဂိုဏ်း အလယ်ကျွန်းသို့သွားရန် နှစ်ဝက်လိုပေသေးသည်။ ထိုတပည့်လေးဆယ့်ရှစ်ယောက်ကို တစ်နှစ်လျှင်တစ်ကြိမ် စုဝေးရန် ခေါ်နေရာမှ သုံးလလျှင်တစ်ကြိမ် ပြောင်းလဲခေါ်ခဲ့၏။
အလယ်ကျွန်းနှင့် အရှေ့ကျွန်းရှိ ဓလေ့များအရ ထိုကဲ့သို့သော တွေ့ဆုံပွဲမျိုးတွင် တပည့်ငယ်များသည် သေချာပေါက် လက်ရည်စမ်းယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တပည့်များ၏ အသက်သည် ငယ်ရွယ်သော်လည်း ကျင့်ကြံခြင်းအဆင့်မြင့်နေပြီး၊ စွမ်းရည်များ မြင့်မားနေလေလေ သူတို့၏ ဂိုဏ်းသည် ပို၍ ဂုဏ်တက်လေလေပင် ဖြစ်သည်။
ယုံချင်ရွှမ်းယာသည် အသက်ငယ်ငယ်ဖြင့် တာအိုပေါင်းစည်းခြင်း အဋ္ဌမအဆင့်သို့ ရောက်နိုင်ခဲ့သော တပည့်တစ်ဦးဖြစ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ခြင်းနှင့် မှော်စွမ်းရည်အသုံးပြုခြင်းတို့တွင်လည်း တော်လေသည်။ ထို့ပြင် ရုပ်ရည်လည်း ချောမောလှပ၏။ သူမသည် ကောင်းကင်ပြစ်ဒဏ်ခံယူကာ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းရတော့မည် သူတစ်ဦး ဖြစ်သည်။ သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂုဏ်သတင်းကို တက်စေမည်ဖြစ်သည်။ လီချန်ရှို့မှာမူ အသက်နှစ်ရာရှိတော့မည့်သူတစ်ဦးဖြစ်သော်လည်း တာအိုပေါင်းစည်းခြင်း တတိယအဆင့်သာရှိသေးသော တပည့်တစ်ဦးအဖြစ် ဟန်ဆောင်ထား၏။ သို့သော် သူ၏ ရုပ်ရည်သည် မဆိုးပေ။ မန္တန်အစီအရင်အတတ်နှင့် ကိုယ်ယောင်ဖျောက်အတတ်မှလွဲလျှင် သူ၏ကျန်စွမ်းရည်များသည် သာမန်သာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးလေ့ရှိသော တပည့်ငယ်တစ်ဦးသာ ဖြစ်သည်။
သူသည် ထိုတွေ့ဆုံပွဲတွင် ဝင်ရောက် လက်ရည်စမ်းရမည် မဟုတ်ပေ။
ထို့ကြောင့် လီချန်ရှို့သည် ထိုအချက်ကို အခွင့်ကောင်းယူ၍ ကိစ္စဝိစ္စများကို ပြုလုပ်ရမည့် တာဝန်ကို ယူခဲ့ခြင်းပင်။
တပည့်များကို စုဝေး၍ ဆွေးနွေးသည့်အခါတိုင်း လီချန်ရှို့သည် သူ၏အမြင်ကို ထုတ်မပြောခဲ့ပေ။ သူသည် သူ၏ ပြောနေကျ စကားကြီး သုံးခွန်းကိုသာ ပြောခဲ့လေသည်။
“ ညီမယုံချင်ပြောတာ မှန်ပါတယ် ”
“ ညီမလေးယုံချင်ပြောတာ သဘာဝကျပါတယ် ”
“ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေကို ကျွန်တော်မှတ်သားထားပါမယ် ”
လီချန်ရှို့သည် ပို၍ တည်ငြိမ်လာပြီး သာမန်ဆန်လာမည်ဖြစ်သည်။ သူသည် ဉာဏ်အလင်းပင် ပွင့်သွားနိုင်သည်အထိ တည်ငြိမ်ခဲ့၏။
လီချန်ရှို့သည် “ သူ၏ဒဏ်ရာများမှ ပြန်သက်သာလာပြီးနောက် ” ထိုအခြေအနေကို အကြိမ်များစွာ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ သူသည် အကြီးအကဲများကို လိမ်၍ ဖုံးကွယ်ထား...အဟမ်း... သူသည် ကိစ္စများကို ကိုင်တွယ်ရာတွင် ပို၍ကျွမ်းကျင်လာခဲ့လေသည်။ သူသည် နောင်တွင် ကောင်းကင်ဘုံခုံရုံးများ၌ တာဝန်ထမ်းဆောင်ရာတွင် အသုံးဝင်မည့် အတွေ့အကြုံများစွာ ရခဲ့ပေပြီ။
လီချန်ရှို့သည် ထိုကိစ္စနှင့် ပတ်သက်၍ သူ၏ စွမ်းရည်အကန့်အသတ်ကို သိ၏။
သူသည် တောင်အသီးအသီးမှ နတ်ဝိဇ္ဇာအလောင်းအလျာလေးများ၊ ထူးချွန်သောတပည့်များနှင့် ခပ်ခွာခွာသာ နေခဲ့လေသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အတော်လေး ရင်းနှီးကြပြီး ကိုယ့်အုပ်စုနှင့်ကိုယ်သာ စကားပြောဆိုနေကြ၏။
လက်ရှိတွင် လီချန်ရှို့၏ ဂိုဏ်းတွင်းဟန်ဆောင်မှုသည် တတိယအဆင့်ကို ရောက်လာပေပြီ။
ပထမအဆင့်မှာ လျှို့ဝှက်ချက်မရှိသူတစ်ယောက်ကဲ့သို့ မထင်မရှားနေရန်ဖြစ်သည်။ သို့သော် သူသည် လစဉ်အသုံးစရိတ်အနည်းငယ်နှင့် တာအိုပစ္စည်းသိုလှောင်ခန်းရှိ စွန့်ပစ်ထားသည့် ပစ္စည်းပုံထဲကိုမွှေနှောက်၍သာ အသုံးဝင်မည့်ပစ္စည်းများရှာဖွေနိုင်သည်ဖြစ်ရာ သူ့တွင် အဖိုးတန်ပစ္စည်းများရနိုင်သည့် အရင်းအမြစ်သိပ်မရှိခဲ့ပေ။
ဒုတိယအဆင့်မှာ အလယ်အလတ်အဆင့် နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးအဖြစ် ဟန်ဆောင်၍ သူ့ကိုယ်သူ အနည်းငယ်ပေါ်လွင်လာအောင် လုပ်ခြင်းပင်။ သို့သော် ကိစ္စတော်တော်များများကို ပို၍ အကျိုးသင့်အကြောင်းသင့်ဖြစ်အောင် လုပ်နိုင်ပေသေးသည်။
တတိယအဆင့်မှာကား ဥပမာကောင်းများအတိုင်း နှိမ့်ချတတ်ပြီး တည်ငြိမ်ကာ ပြဿနာမရှာတတ်သည့် လက်ထောက်တပည့်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူရန်ဖြစ်သည်။
ယနေ့တွင် တပည့်လေးဆယ့်နှစ်ယောက်သည် ပိုင်ဖန်ခန်းမ ထောင့်တစ်နေရာတွင် စုဝေးကြပြန်လေသည်။ သူတို့သည် စနစ်တကျ အစီအရီ ထိုင်နေကြ၏။
ယုံချင်ရွှမ်းယာနှင့် ဂိုဏ်းမှ ထိပ်တန်းတပည့်ရှစ်ဦးတို့သည် ရှေ့ဆုံးအတန်းရှိ တရားထိုင်ဖျာများပေါ်တွင် ထိုင်နေကြ၏။ လီချန်ရှို့သည် ထောင့်တစ်နေရာတွင် ထိုင်နေပြီး အကြီးအကဲများ သူ့အားခိုင်းမည့် ကိစ္စလေးများကို နာခံရန် အသင့်ပြင်ထားလေသည်။
ဤအကြိမ်သည်လည်း ယခင်အကြိမ်များနှင့် အတူတူပင် ဖြစ်သည်။
ဂိုဏ်းအတွင်းရေးကိစ္စများကို တာဝန်ယူရသော ပထမဆုံးအကြီးအကဲဖြစ်သည့် အကြီးအကဲကောသည် ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲအချို့နှင့်အတူ ရောက်ရှိလာလေသည်။ သူတို့သည် တပည့်များနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး ကြင်ကြင်နာနာ ပြုံးလိုက်ကြ၏။
အကြီးအကဲကောသည် နွေးထွေးစွာ ပြောလိုက်၏။
“ မင်းတို့ ပြင်ဆင်တာတွေ ဘယ်လိုအခြေအနေရှိပြီလဲ။ ထုတ်လိုက်ကြပါ... ”
“ ဟုတ်ကဲ့ပါ ”
တပည့်များသည် တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်လိုက်ကြ၏။ သူတို့တစ်ဦးချင်းစီသည် သူတို့၏ ဆံထိုး၊ လက်စွပ်၊ ခါးပတ်နှင့် ကျောက်စိမ်းပြား စသည့်ပုံစံရှိသော သိုလှောင်ဓမ္မရတနာများအတွင်းမှ နှစ်ပေကျယ်သော သစ်သားသေတ္တာလေးများကို ထုတ်လိုက်ကြလေသည်။ ထို့နောက်သူတို့သည် ပန်းချီကားလိပ် တစ်လိပ်စီထုတ်လိုက်ကြ၏။
သူတို့သည် ပန်းချီကားလိပ်များကို ဖြန့်လိုက်ရာ ပြွတ်သိပ်စွာရေးသားထားသော စာကြောင်းများကိုသာ မြင်လိုက်ရ၏။
အကြီးအကဲကောက ပြောလိုက်သည်။
“ ရွှမ်းယာ.. စစ်ကြည့်လိုက်ပါ။ သူတို့ ‘ တပည့် စည်းမျဉ်း ’ကို သုံးဆယ့်ခြောက်ကြိမ် ကူးရေးထားလားဆိုတာ ကြည့်ကြည့်ပါ ”
“ ဟုတ်ကဲ့... ”
ယုံချင်ရွှမ်းယာသည် လေးလေးနက်နက်ပြန်ဖြေလိုက်၏။ သူမသည် ထရပ်လိုက်ပြီး ရှေ့နောက် လျှောက်ကာ သူမနှင့် မျိုးဆက်တူတပည့်များ၏ “ အိမ်စာ ”ကို စစ်ဆေးလိုက်လေသည်။
ခေတ္တကြာပြီးနောက် ယုံချင်ရွှမ်းယာတင်ပြလိုက်၏။
“ သူတို့ အကြိမ်ပြည့်အောင် ကူးခဲ့ပါတယ် ”
“ ကောင်းပြီ ”
အကြီးအကဲကော ခပ်ဖြည်းဖြည်းခေါင်းညိတ်၍ ပြောလိုက်သည်။
“ ဒီ ‘ တပည့် စည်းမျဉ်း ’ ထဲမှာပါတဲ့ အကြောင်းအရာတွေက တော်တော်လေးကောင်းတယ်။ မင်းတို့တွေ အခြေအနေအမျိုးမျိုးနဲ့ ကြုံတွေ့လာရင် ဘယ်လို့ တုံ့ပြန်နိုင်မယ်ဆိုတဲ့ အကြောင်းတွေ အများကြီးပါတယ်။ အဲ့တော့ ဒီစည်းမျဉ်းတွေကို အချိန်တိုင်းမှတ်သားထားကြပါ။ နောက်သုံးလနေရင် မင်းတို့က ဂိုဏ်းချုပ်၊ အကြီးအကဲတွေ၊ တာဝန်ရှိသူတွေနဲ့အတူ အလယ်ကျွန်းမှာရှိတဲ့ ရွှေနန်းတော်ဂိုဏ်းကို သွားရတော့မယ်။ ငါ အရင်ကပြောပြီးသားအကြောင်းတွေကို ပြန်မပြောတော့ဘူး။ ဒီနေ့ ငါတို့ အရင်တစ်ခေါက် အစည်းအဝေးမှ ရပ်ခဲ့တဲ့ နေရာကနေပြီးပဲ ဆက်ကြတာပေါ့။ အကြီးအကဲ တပည့်တွေကို ‘ တပည့် စည်းမျဉ်း ’ရဲ့ နောက်ဆုံးသုံးခန်းကို ရှင်းပြလိုက်ပါ ”
ထို့နောက် တပည့်များသည် ခေါင်းငုံ့၍ နာခံလိုက်လေသည်။ အကြီးအကဲများသည် တစ်ဦးပြီးတစ်ဦး ‘ တပည့် စည်းမျဉ်း ’၏ နောက်ဆုံးသုံးခန်းကို အသေးစိတ်ရှင်းပြလိုက်ကြ၏။
လီချန်ရှို့ ဆွံ့အသွား၏။
ဂိုဏ်းသည် ကျောင်းတော်သုံးကျောင်းတွေဆုံပွဲကို မည်မျှအလေးထားကြောင်း သူတွေ့ကြုံခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအရာသည် သူ၏ အတွေ့အကြုံသာဖြစ်သည်။ ထိုကိစ္စကို လွန်လွန်ကဲကဲ အဓိပ္ပာယ်ကောက်နေရန် မလိုပေ။
လီချန်ရှို့ စိတ်အပျက်ဆုံးကိစ္စမှာ အကြီးအကဲများသည် သူတို့ကို ရှင်းပြပြီးသောအခါ နားလည်သလို ပြန်၍ သုံးသပ်ရေးသားခိုင်းခြင်းပင်။
အရေးကြီးဆုံးအချက်မှာ သူသည် မေးခွန်းများကို မဖြေသဖြင့် မကြာမကြာ အဆူခံရခြင်းဖြစ်သည်။ ထိုကိစ္စများကို ကျော်လွှားရန် သူ့အတွက် လွန်စွာခက်ခဲနေလေသည်။
*****
ချုံတောင်လေးပေါ်ရှိ ဝိညာဉ်သားရဲမွေးမြူရေးခြံဘေးမှ စံအိမ်အတွင်းတွင်...
“ လင်းအယ်... မင်းတကယ် အလယ်ကျွန်းကို မသွားချင်ဘူးလား ”
ကျိုးကျိုးသည် အရက်အိုးကိုကိုင်၍ ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင် ထိုင်လိုက်၏။ သူမသည် အပြင်ရှိ တောအုပ်ကို ကြည့်လိုက်ပြီး လေးလေးနက်နက်မေးလိုက်သည်။
ဘေးတွင် ပန်းကန်ခွက်ယောက်များ ရှင်းလင်းနေသော လင်းအယ်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“ လင်းအယ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါသေးတယ်။ လင်းအယ် ဂိုဏ်းမှာပဲနေပြီး အေးအေးချမ်းချမ်းပဲ ကျင့်ကြံပါမယ် ”
“ မကြာသေးခင်တုန်းက မင်းကို တွေ့ဆုံပွဲကို လိုက်ခိုင်းဖို့ ထောက်ခံပေးမယ့် အကြီးအကဲတစ်ဦး ရောက်လာတယ်မလား။ မင်းဘာလို့ သူ့ကို ငြင်းလိုက်ရတာလဲ ”
လင်းအယ် ပြုံး၍ မည်သို့မှ ပြန်မပြောလိုက်တော့ပေ။ သူမသည် သူမ၏အပြစ်အကြွင်းအကျန်များကို ဖယ်ရှားလိုက်ပြီး ဝိညာဉ်စမ်းရေအနည်းငယ်ကို ဆင့်ခေါ်ကာ သူမ၏လက်ကို ဆေးကြောလိုက်လေသည်။
ကျိုးကျိုး ဆက်၍မမေးတော့ပေ။ သူမသည် ကုတင်ပေါ်တွင် လှဲ၍ သမ်းဝေလိုက်ပြီး ပြတင်းပေါက်အပြင်ရှိ ရှုခင်းများကို ဆက်ကြည့်နေ၏။
ကျိုးကျိုးသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ တက်ရမည်ဖြစ်၍ အကြီးအကဲများသည် သူမ၏ အပြုအမူ၊ အပြောအဆိုများကို ဆင်ခြင်ရန် သတိပေးထား၏။
ထို့ကြောင့် ကျိုးကျိုးသည် အပြင်ထွက်သောအခါတွင် သူမ၏ ပုံမှန် ဘွင်းဘွင်းရှင်းရှင်း နေတတ်သော အကျင့်ကိုပြင်၍ လေးလေးနက်နက် နေရမည်ဖြစ်သည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပြောင်းလဲခဲ့၏။
သူမ၏ လေးနက်သော မျက်နှာထားတွင် ညှိုးငယ်မှု အရိပ်အယောင်အချို့ ရှိနေလေသည်။ သူမ၏ နက်ရှိုင်းသောအကြည့်သည် သူမ၏ နှစ်တစ်ထောင်အလှကို လှစ်ဟပြသနေ၏။
ထိုအခိုက်တွင် သူမသည် ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင် လှဲကာ အရက်အိုးအတွင်းမှ အရက်တစ်ငုံသောက်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ နက်နဲသောကိုယ်ရောင်ကိုယ်ဝါများ ထွက်နေ၏။
စိတ်ဝင်စားဖွယ်ကောင်းသည့် ဂိုဏ်းတူတူလေး လီချန်ရှို့ကို မတွေ့ခင်က သူမသည် အမြဲပင် ထိုကဲ့သို့ ကြော့ရှင်းနေခဲ့၏။ သို့သော် နောက်တွင် သူမသည် များစွာအလိုလိုက်ခံရသဖြင့် အမှန်ပင် အတော်လေး ပျော်ပျော်ရွှင်ရွှင်နေခဲ့မိလေသည်။
လင်းအယ်သည် သစ်သီးပွဲလေးကို သယ်၍ စံအိမ်အတွင်းသို့ ပြန်ဝင်လာ၏။ သူမသည် သူမ၏ ပန်းထိုးဖိနပ်လေးကို ချွတ်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး အပြင်ရှိ ရှုခင်းကို ကြည့်လိုက်လေသည်။
လင်းအယ်သည် အတန်ကြာတွေးတောပြီးနောက် သူ့အစ်ကိုကြီးထံမှ မလိုအပ်သောပြဿနာအချို့ကို လျှော့ချပေးရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် လင်းအယ်က တီးတိုးပြောလိုက်၏။
“ ဆရာဒေါ်လေးကျိုး... တကယ်လို့ လင်းအယ်ရဲ့ အစ်ကိုကြီး ထောင့်မှာတစ်ယောက်တည်းထိုင်နေရင်... ”
ကျိုးကျိုးက ပြောလိုက်၏။
“ မပူပါနဲ့... အဲ့လိုမျိုးဖြစ်နေရင် ငါ့သူ့ဆီသွားပြီး စနောက်လိုက်ပါမယ် ”
“ မဟုတ်ဘူးလေ...အဲ့လိုဖြစ်နေရင် အစ်ကိုကြီးကို လျစ်လျူရှုထားလိုက်ပါလို့ ပြောမလို့ပါ ”
လင်းအယ် သက်ပြင်းချ၍ ပြောလိုက်သည်။
“ လင်းအယ်ရဲ့ အစ်ကိုကြီးက အပြင်မှာဆိုရင် ရှက်တတ်ပြီး အရေလည်း လုံးဝမထူးဘူး။ တကယ်လို့ မိန်ကလေးတစ်ယောက် သူ့နားကပ်လာရင် လူတိုင်းက ကြည့်နေမယ်လို့ပဲ ထင်နေတာ... ”
“ အဲ့လိုလား... ”
ကျိုးကျိုးသည် မြောက်ကျွန်းသို့သွားခဲ့စဉ်က လီချန်ရှို့၏ ထူးဆန်းသော ရောဂါကို ရုတ်တရက် ပြန်အမှတ်ရသွား၏။
လင်းအယ်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ကျိုးကျိုးကို မေးခွန်းအချို့ ဆက်မေးလိုက်၏။ ကျိုးကျိုးသည် သူမဘာသာ ရေရွတ်လိုက်ပြီး စိတ်ပါလက်ပါ သဘောတူလိုက်၏။
တွေ့ဆုံပွဲသို့ သွားရာတွင် သူမ၏ဆရာ အရှင်ဝမ်ချင်းလည်းလိုက်ပါမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ဟိုဒီလျှောက်သွားနေ၍ ရမည်မဟုတ်ပေ။
***
“ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲက အလယ်ကျွန်းက ရွှေနန်းတော်ဂိုဏ်းမှာ ကျင်းပမှာ... အောင်းရိ... ”
“ ကျွန်တော်ရှိပါတယ် ”
ရွှေနတ်လိပ်ကျွန်းပေါ်ရှိ ရတနာရေကန်ဘေးတွင် တုတ်ခိုင်သန်မာ၍ သက်လတ်ပိုင်းအရွယ်ရှိသော တာအိုရသေ့တစ်ပါးသည် အောင်းရိ၏ ရှေ့တွင် ရပ်နေလေသည်။
ထိုတာအိုရသေ့သည် ဖြောင့်မတ်သော မျက်နှာထားရှိလေသည်။ သူ၏ မျက်နှာထားသည် ဒေါသထွက်နေပုံလည်း မပေါ်သလို ခြိမ်းခြောက်လိုသည့်ပုံလည်း မပေါ်ပေ။ သူ၏ အငွေ့အသက်သည် သိမ်မွေ့သူတစ်ဦးဟု ထင်ရပြီး စကားပြောလျှင်လည်း ခပ်ဖြည်းဖြည်းသာ ပြောလေသည်။
သူကား နတ်ဝိဇ္ဇာခုနှစ်ပါး၏ ခေါင်းဆောင်ဖြစ်သော အောင်းရိ၏ဆရာ တိမ်မည်းနတ်ဝိဇ္ဇာပင်။
အောင်းရိက မေးလိုက်၏။
“ ဆရာက ကျွန်တော့်ကို အဲ့ပွဲ သွားတက်စေချင်လို့လား ”
“ ဟုတ်တယ် ”
တိမ်မည်းနတ်ဝိဇ္ဇာက ပြန်ဖြေလိုက်၏။ သူက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ ဒီတစ်ခေါက် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲက တာအိုဂိုဏ်းတွေရဲ့ ကံတရားနဲ့ ပတ်သက်နေတယ်။ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။ မင်းငါ့အစား သွားတက်ရမယ်။ ဒါက မင်းရဲ့ဟာပဲ... ”
တိမ်မည်းနတ်ဝိဇ္ဇာသည် ကျောက်စိမ်းလိပ်ခွံလေးတစ်ခုကို ထုတ်၍ သူ့တပည့်၏ လက်ထဲသို့ ထည့်လိုက်၏။
“ ကျောင်းတော်သုံးကျောင်းက ရင်းမြစ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတာပဲ။ အဲဒါက တန်ခိုးရှင် မကြာခဏပြောလေ့ရှိတဲ့ စကားပဲ။ တန်ခိုးရှင်က ငါတို့ကျောင်းတော်နဲ့ ချန်ကျောင်းတော်ကြားမှာ ဘာပဋိပက္ခမှ မရှိစေချင်ဘူး... ”
“ ဒါကိုမှတ်ထားပါ... မင်း တစ်ခုခုကို ဆွေးနွေးဖို့လိုလာပြီဆိုရင် ဒီပစ္စည်းကို မင်းလက်ထဲမှာကိုင်ထားပါ။ အဲဒီလိုဆို ငါ အဲဒါကို အာရုံခံနိုင်လိမ့်မယ် ”
“ ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ ”
အောင်းရိက လေးလေးစားစား ပြန်ပြောလိုက်၏။
တိမ်မည်းနတ်ဝိဇ္ဇာသည် ပြုံး၍ အောင်းရိ၏ခေါင်းကို ပုတ်လိုက်လေသည်။
သန့်စင်သော စွမ်းအင်တန်းတစ်တန်းသည် အောင်းရိ၏ ဦးခေါင်းအတွင်းသို့ စီးဝင်သွား၏။ အောင်းရိသည် သူ၏နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်မှုကဲ့သို့ ခံစားမှုတစ်ခုကို ခံစားလိုက်ရလေသည်။ သူ၏ လက်ရှိ ကိုယ်ရောင်ကိုယ်ဝါအဆင့်သည် ဖြည်းဖြည်းချင်း တိုးတက်လာပြီး သူ၏ကိုယ်တွင်းရှိ မျိုးနွယ်အစွမ်းများသည် တလိပ်လိပ်ထလာလေတော့သည်။
သူ၏ဆရာ တိမ်မည်းနတ်ဝိဇ္ဇာသည် သူ၏ဦးခေါင်းကိုကိုင်၍ မှော်အစွမ်းများကို သူ့ကိုယ်တွင်းသို့ သွင်းပေးနေခြင်းပင်။
သူသည် ဉာဏ်အလင်းပွင့်သွားပြီး သူ၏ ကိုယ်ပိုင်တာအိုကို ဖန်တီးလိုက်၏။
ခေတ္တမျှကြာသောအခါ အောင်းရိသည် ကျောက်စိမ်းလိပ်ခွံလေးကိုကိုင်၍ ရတနာရေကန်အတွင်းသို့ ပြန်ဝင်ရောက်သွား၏။
တိမ်မည်းနတ်ဝိဇ္ဇာသည် ပြုံး၍ လေနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။ သူရောက်ရှိလာမှု၊ ထွက်ခွာသွားမှုများကို ရွှေနတ်လိပ်ကျွန်းပေါ်ရှိ အခြားချီကျင့်ကြံသူများသည် သိပင်မသိခဲ့ချေ။
နေ့ဝက်ကြာပြီးနောက် ကျောက်ကုန်းမင်သည် တိမ်ဖြူတစ်အုပ်ကို စီးနင်း၍ ရွှေနတ်လိပ်ကျွန်းဆီသို့ အလျင်အမြန်လာနေလေသည်။