ချန်ကမ်း၏ ပထမဆုံး လျှောက်တင်လွှာ
Vol. 12 Ch. 156
“ အစ်ကိုနတ်မင်း... ကျွန်တော် အတုမဲ့နတ်ဝိဇ္ဇာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ ”
“ အိုး... နဂါးဘုရင်ရဲ့ မျိုးနွယ်စွမ်းအားတွေ ပွင့်သွားတော့ ကျင့်ကြံခြင်းက တော်တော်လေးမြန်တာပဲ ”
အန်းရွှေမြို့ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းထဲတွင် ရုပ်တုနှစ်ရုပ်၏ စိတ်စွမ်းအားများသည် တစ်ရုပ်နှင့်တစ်ရုပ် အပြန်အလှန်ဆက်သွယ်နေကြသည်။
တုနတ်ဝိဇ္ဇာဂိုဏ်း အလယ်ကျွန်းသို့ မထွက်ခွာမီ လီချန်ရှို့သည် အောင်းရိကို ထပ်မံဆင့်ခေါ်လိုက်ပြီး နဂါးမျိုးနွယ်၏ အခြေအနေအကြောင်းကို စိုးရိမ်ဟန်ဖြင့် မေးခဲ့၏။
အောင်းရိသည် လီချန်ရှို့ကို တွေ့သောအခါ သူ၏ကျင့်ကြံခြင်းအဆင့် မြင့်လာပြီဖြစ်ကြောင်း စိတ်လှုပ်ရှားစွာပြောခဲ့၏။ သူ၏ ဆရာသည် သူ့အား ဉာဏ်အလင်းပွင့်သွားအောင် လုပ်ပေးခဲ့သည်ဟု ပြောလိုက်သောအခါ လီချန်ရှို့ ရင်ထဲခံစားသွားရ၏။
အောင်းရိသည် နဂါးမျိုးနွယ်အကြားတွင် အောင်နိုင်သူတစ်ဦးဖြစ်သည့်အပြင် ကျင့်ကြံခြင်းအဆင့်လည်း ချောချောမွေ့မွေ့ မြင့်တက်နေပေသည်။
လီချန်ရှို့က ပြုံး၍ ပြောလိုက်သည်။
“ အစ်ကို ရန်ကျောင်းတော်က ရှေးဟောင်းကျမ်းစာတွေမှာ ဖတ်ဖူးတာကတော့ ဉာဏ်အလင်းပွင့်မှုလွှဲပြောင်းခြင်းက တပည့်တွေကို ဉာဏ်အလင်းပွင့်မှု ရသွားအောင်လုပ်ပေးဖို့ပဲ။ ဒါပေမဲ့ ကျင့်ကြံသူတစ်ဦးရဲ့ ကျင့်ကြံခြင်းက သဘာဝအတိုင်းဖြစ်ပြီး တည်ငြိမ်ဖို့လိုတယ်။ အင်း... ညီလေးက ကျဲကျောင်းတော်ကဆိုတော့ ရန်ကျောင်းတော်က စံတွေနဲ့ တိုင်းတာစရာမလိုပါဘူး။ အစ်ကိုပြောတာတွေကို ညီလေး အာရုံထားနေစရာမလိုပါဘူး ”
အောင်းရိ၏ မျက်နှာထားသည် လေးနက်သွား၏။ သူက ဦးညွှတ်၍ ပြောလိုက်သည်။
“ အစ်ကိုနတ်မင်းပြောတာ မှန်ပါတယ်။ ကျွန်တော်ပိုပြီး ဂရုစိုက်ရပါမယ်... ”
လီချန်ရှို့နှင့် အောင်းရိသည် ဘုံကျောင်းများ၏ တိုးတက်မှုကိုဆွေးနွေးလိုက်ကြ၏။ လီချန်ရှို့သည် နဂါးမျိုးနွယ်၏ အခြေအနေကို မေးလိုက်၏။
သမုဒ္ဒရာလေးစင်းအတွင်းရှိ ပရမ်းပတာအခြေအနေများသည် မငြိမ်သက်သေးပေ။ သို့သော် နဂါးမျိုးနွယ်သည် သူ့တို့ကို နှစ်ပေါင်းများစွာ လက်အောက်ခံခဲ့သော ပင်လယ်မျိုးနွယ်ကိုမူ မတိုက်ခိုက်ခဲ့ပေ။ နဂါးမျိုးနွယ်သည် ထိုကိစ္စများ၏ နောက်ကွယ်တွင် မည်သူက ကြိုးကိုင်နေကြောင်းသိ၏။
သို့သော် နဂါးမျိုးနွယ်သည် သက်သေအထောက်အထား အတိအကျမရှာနိုင်ခဲ့ပေ။ သူတို့သည် ပြေငြိမ်းလိုက်၊ ဖိနှိပ်လိုက်၊ တဖန်ပြေငြိမ်းလိုက်ဖြင့်သာ လုပ်နေရလေသည်။
လီချန်ရှို့က ပြောလိုက်၏။
“ မကြာသေးခင်တုန်းက အစ်ကို နဂါးမျိုးနွယ်အတွက် အကျိုးရှိစေမယ့် နည်းလမ်းတစ်ခုကို တွေးမိထားတယ်။ ဒါပေမဲ့ အဲဒါက အစ်ကို့ရဲ့ အတွေးပဲဆိုတော့ အကောင်အထည်ဖော်ဖို့က မလွယ်သေးပါဘူး ”
အောင်းရိ အံ့အားသင့်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။
“ အစ်ကို့နောက်က ပညာရှင်က... ကျွန်တော်ကို အသိပေးလိုက်တာလား ”
“ အင်း ဟုတ်တယ်... အရှင်ရွှမ်းဒူပြောထားတာ ”
လီချန်ရှို့သည် ခေတ္တမျှတွေးတောလိုက်ပြီး စိတ်မဆုံးဖြတ်နိုင်သည့် မျက်နှာထား,ထားလိုက်သည်။
“ မပူပါနဲ့ အစ်ကို ဒီအကြောင်းကို သေချာပြန်စဉ်းစားပြီးမှ ညီလေးရိကို ပြောပြပါမယ် ”
“ ကျေးဇူးတင်ပါတယ် အစ်ကိုနတ်မင်း ”
အောင်းရိ ရှက်ရွံ့နေပုံပေါ်၏။ သူထပ်မံ ဦးညွတ်လိုက်ပြီး တာအိုအရိုအသေပေးလိုက်လေသည်။ နဂါးလေး၏ မျက်နှာတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များနှင့် ပြည့်နေလေသည်။
လူသားမျိုးနွယ်သည် အမှန်ပင် ဆန်းကြယ်သောမျိုးနွယ်ပင်။ ထိုမျိုးနွယ်အထဲတွင် ရှူးသိုးသိုးမျက်နှာထားဖြင့် အကြင်နာကင်းမဲ့သော အကြီးအကဲများလည်း ရှိသလို တည်ငြိမ်၊ ခံ့ညား၊ ယဉ်ကျေး၊ သိမ်မွေ့၊ သူရဲကောင်းဆန်ကာ ကြင်နာသော အစ်ကိုနတ်မင်းကဲ့သို့ လူကြီးလူကောင်းများလည်း ရှိပေသေးသည်။ လောကကြီး၏ ဇာတ်လိုက်ကျော်များသည် ထိုသူများကဲ့သို့ ဖြစ်နိုင်ပေ၏။
လီချန်ရှို့ က မေးလိုက်သည်။
“ ညီလေးရဲ့ ဆရာက ညီလေးကို ဉာဏ်အလင်းဖွင့်ပေးလိုက်တာဆိုတော့ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို သွားတက်ခိုင်းမလို့လား ”
“ ဟုတ်ပါတယ် ”
အောင်းရိသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး သူ၏ဆရာ တိမ်မည်းနတ်ဝိဇ္ဇာသည် သူ့ကို ကျောက်စိမ်းလိပ်ခွံလေးပေးခဲ့ပုံကို လီချန်ရှို့ကို ပြောပြလိုက်၏။
လီချန်ရှို့သည် ထိုအကြောင်းအရာကို နားထောင်လိုက်ပြီးနောက် ပုံမှန်အတိုင်းမေးလိုက်သည်။
“ အဲ့တွေ့ဆုံပွဲကို ရွှေနတ်လိပ်ကျွန်းကလူတွေ အများကြီးတက်မှာလား ”
အောင်းရိ၏ မျက်နှာထားသည် အတန်ငယ် ထူးဆန်းသွားပြီး ပြောလိုက်သည်။
“ အစကတော့ ဆရာဦးလေး၊ ဆရာဒေါ်လေးနဲ့ ဂိုဏ်းတူအစ်ကို ဆယ့်နှစ်ယောက်..ဆယ့်သုံးယောက်လောက်ပဲ တွေ့ဆုံပွဲကို သွားဖို့လုပ်ထားတာပါ။ ဒါပေမဲ့ အပြင်ဂိုဏ်းတော်က ဆရာဦးလေးကျောက် ရွှေနတ်လိပ်ကျွန်းကို ရောက်လာပြီး ကျွန်တော်တို့ကို ပြောခဲ့တယ်။ သူက ကျောင်းတော်သုံးကျောင်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်နိုင်ဖို့ အဲ့တွေ့ဆုံပွဲကို လူများများလွှတ်ဖို့ ကျွန်တော်တို့ကို ပြောတယ်။ အခု ကျွန်းက လူ သုံးရာကျော်..လေးရာလောက် အလယ်ကျွန်းကို အတူသွားကြလိမ့်မယ်။ ပြီးတော့ ကောင်းကင်ဧကရာဇ်ဆယ်ပါးထဲက ခြောက်ပါးလည်း အဲ့ပွဲကို တက်မယ်လို့ပြောသံကြားတယ် ”
လီချန်ရှို့ ဆွံအသွားသည်။
‘ ဒါက... ကျွန်းတွေကြားက တိုက်ပွဲမို့လို့လား... ’
‘ တွေးကြည့်တော့မှ ငါ့ကိုလည်း အဲ့တွေ့ဆုံပွဲကို သွားဖို့ တန်ခိုးရှင်က ညွှန်ကြားထားတာပဲ ’
‘ ကြည့်ရတာ တန်ခိုးရှင်က သူ့ရဲ့ အသက်နှစ်ရာတောင်မပြည့်သေးတဲ့ တပည့်လေးကို ကျဲကျောင်းတော်နဲ့ ချန်ကျောင်းတော်ကြားက တိုက်ပွဲကို တားခိုင်းချင်နေတာလား... ’
‘ မဟုတ်လောက်ပါဘူး... ’
‘ ဘယ်လိုလုပ် တန်ခိုးရှင်က အဲ့လိုမျိုးတွေးမှာလဲ... ’
‘ အာ... ပြောလို့တော့မရသေးဘူး ’
သူသည် တွေ့ဆုံပွဲမှနေ၍ အချိန်မရွေး ရှောင်ပြေးနိုင်ရန် ပြင်ဆင်ထားရပေမည်။ အကယ်၍ အခြေအနေဆိုးဝါးလာပါက သူသည် ချက်ချင်းထွက်ပြေးမည်ဖြစ်သည်။
အောင်းရိက ဆက်ပြောလိုက်၏။
“ ပြီးတော့ ကျွန်တော် ဆရာဦးလေးတစ်ယောက်ဆီက ကြားခဲ့တာ... ဆရာဦးလေးကျောက်က ဖမ်းလိုင်ကျွန်း၊ နဂါးကိုးကောင်းကျွန်းတွေဆီရော ကျွန်းကြီးငါးကျွန်းလုံးမှာရှိတဲ့ တခြားနတ်ဝိဇ္ဇာကျွန်းတွေဆီကိုရော သွားပြီး ရန်ကျောင်းတော်က နာမည်ကြီး ပညာရှင်တွေကို ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို တက်ဖို့သွားပြောတယ်တဲ့ ”
လီချန်ရှို့သည် ထိုစကားကိုကြားလိုက်သောအခါ သူ့နဖူးကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်လိုက်ရပြီး သက်ပြင်းချလိုက်လေသည်။
“ ဒီတွေ့ဆုံပွဲက ကျောင်းတော်သုံးကျောင်းက ဂိုဏ်းတွေတွေ့ဆုံရုံပဲမလား။ ပြီးတော့ အလယ်ကျွန်းမှာရှိတဲ့ ကျဲကျောင်းတော်က နတ်ကျွန်းတွေက ကျဲကျောင်းတော်ရဲ့ တာအိုစတင်ပြန့်ပွားရာနေရာတွေပဲ။ ပြီးတော့ အဲဒီမှာ အရှင်လင်းပေါင်ထျန်းကျွမ်းရဲ့ အမည်ခံတပည့်တွေ အများကြီးနေကြတာပဲ...ဘာလို့များ... ”
အောင်းရိက ပြုံး၍ ပြောလိုက်သည်။
“ ကျွန်တော်တို့လည်း အသေးစိတ်တော့မသိဘူး... ဒါပေမဲ့ ဒီတစ်ခေါက်တွေ့ဆုံပွဲကတော့ တော်တော်လေး စည်ကားနေတော့မှာပဲ... ”
‘ စည်ကားမယ်ဟုတ်လား... ’
‘ အင်း... တော်တော်လေး စည်ကားမှာပေါ့ ’
လီချန်ရှို့၏ အတွေးထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာလေသည်။
ကျောင်းတော်သုံးကျောင်းမှ တပည့်များသည် ခန်းမထဲတွင် စုဝေးနေကြ၏။ ဗလာနတ္ထိကျောက်စိမ်းနန်းတော်မှ တာ့လော်နတ်မင်းအချို့နှင့် အာကာသနတ်မင်းအချို့သည် သူတို့နှင့်အတူ တွေ့ဆုံပွဲကိုတက်ရန် နတ်ဝိဇ္ဇာဆယ်ပါးကျော်စီ ခေါ်လာခဲ့ကြ၏။ ကျဲကျောင်းတော်၏ နတ်ကျွန်းများမှ နတ်ဝိဇ္ဇာများသည် ခန်းမကြီးထဲတွင် အများအပြားရှိနေလေသည်။
ချန်ကျောင်းတော်မှလူများသည် ထိုအခြင်းအရာကိုတွေ့သောအခါ သူတို့သည် ချက်ချင်း ဆက်သွယ်ကျောက်စိမ်းပြားများကို ထုတ်လိုက်ကြပြီး လူများကို စတင်ဆက်သွယ်လိုက်ကြလေသည်။
“ အစ်ကိုကြီး ကွမ်းချန်စစ်... ဒီမှာ ကျဲကျောင်းတော်ကလူတွေ အရမ်းများလွန်းနေတယ်။ အာကာသနတ်မင်းဆယ့်နှစ်ပါးလုံးကို ခေါ်လိုက်တော့။ အစ်ကိုကြီး မလုပ်နိုင်ဘူးဆိုရင် တောင်ဝင်ရိုးစွန်းနတ်ဝိဇ္ဇာ ယွင်ကျုံးစစ်ကို ခိုင်းလိုက်ပါ။ ပြီးတော့ မီးအိမ်ရှင်ဂိုဏ်းက လက်ထောက်ဂိုဏ်းချုပ်ကိုလည်း လာခိုင်းလိုက်ပါ ”
“ ရတနာတွေ... မန္တန်အစီအရင်ပြားတွေလည်း ယူခဲ့ဖို့ မမေ့နဲ့ဦးနော် ”
အကယ်၍ ထိုကျောင်းတော်နှစ်ကျောင်းအကြားတွင် သဘောတူညီမှုမရခဲ့ပါက သူတို့အကြားတွင် တိုက်ပွဲဖြစ်နိုင်ချေများနေလေသည်။
လီချန်ရှို့တို့၏ ရန်ကျောင်းတော်သည် ထိုကျောင်းတော်နှစ်ကျောင်းနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုနေရာတွင် ရန်ကျောင်းတော်၏ ပညာရှင်များသည် အများဆုံးနှစ်ဦး၊ သုံးဦးသာ ရှိနိုင်သည်။ သူတို့သည် ထိုကျောင်းတော်နှစ်ကျောင်းမှ ပညာရှင်များနှင့် ယှဉ်နိုင်မည်မဟုတ်။
လီချန်ရှို့ ရင်ထဲမှ ညည်းညူလိုက်သည်။ သူ၏ရင်ထဲတွင် စိုးရိမ်မှုများ၊ စိတ်မသက်မသာဖြစ်မှုများဖြင့် ထပ်မံပြည့်နှက်သွားလေသည်။
‘ ငါ ထွက်ပြေးဖို့ နည်းတွေကို ပိုပြီးပြင်ဆင်ထားရမယ် ’
******
ထိုအခိုက်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထွက်ခွာရန် ပြင်နေပေပြီ။ လီချန်ရှို့သည် အဘယ်ကြောင့် တန်ခိုးရှင်က သူ့ကို ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားခိုင်းရကြောင်း နားမလည်နိုင်သေးပေ။
လီချန်ရှို့သည် အောင်းရိကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများအကြောင်းကို သတိပေးလိုက်ပြီးနောက် သူတို့နှစ်ဦးသည် စိတ်စွမ်းအားဖြင့် ဆက်သွယ်နေခြင်းကို ရပ်တန့်လိုက်လေသည်။
လီချန်ရှို့သည် သူဖန်တီးထားသော အိပ်မက်အတွင်းမှ စိတ်မသက်မသာဖြင့် ပြန်ထွက်လာ၏။ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရာ သူ၏ဆရာနှင့် ညီမလေးတို့သည် ဆေးဖော်ဆောင်အပြင်မှနေ၍ သူ့ထံသို့လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
ဒေါင်...
ပိုင်ဖန်ခန်းမရှိ ခေါင်းလောင်းသံ မြည်လာ၏။ လီချန်ရှို့က သူ့တာအိုဝတ်ရုံ၏ အောက်ဖျားကို မလိုက်ပြီး ထရပ်လိုက်၏။ ထို့နောက် သူ့ဆရာကို ဦးညွှတ်လိုက်သည်။
“ ဆရာ... ကျွန်တော် အခုပဲ ဂိုဏ်းနဲ့အတူ အလယ်ကျွန်းကိုလိုက်သွားရပါတော့မယ် ”
တာအိုရသေ့အိုကြီးချီယွမ်သည် မှာစရာရှိသည်များ မျာကြားလိုက်၏။
“ ပြဿနာမဖြစ်စေနဲ့နော်... ဂိုဏ်းအတွက် များများတွေးပေးပြီး အဖွဲကိုဦးဆောင်တဲ့အခါမှာလည်း တာဝန်သိသိ ဦးဆောင်... ”
“ ကျွန်တော့် ဆရာ့ရဲ့ အမိန့်ကို နာခံပါ့မယ် ”
လီချန်ရှို့သည် ပြုံး၍ တံခါးမှထွက်သွားလိုက်၏။ သူ၏ ခြေထောက်အောက်တွင် တိမ်ဖြူတစ်အုပ် တဖြည်းဖြည်းပေါ်ပေါက်လာသည်။
လီချန်ရှို့က သူ၏ညီမလေးကို ကြည့်၍ ပြောလိုက်သည်။
“ လင်းအယ်... ဂိုဏ်းမှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေနော်။ ဆရာ့အတွက် ဒုက္ခမများစေနဲ့။ ပြီးတော့ အစ်ကိုပေးထားတဲ့ ရတနာအိတ်ကို ကိုယ်နဲ့မကွာဆောင်ထားဖို့ မမေ့နဲ့နော်... တကယ်လို့ ချုံတောင်လေးပေါ်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံရရင် သုံးချောင်းထောက်ဆေးတောင်ကိုသွားပြီး အကြီးအကဲဝမ်လင်းယွမ်ကို သွားရှာ ”
“ အစ်ကိုကြီးမှာတာတွေ ညီမလေးမှတ်ထားပါ့မယ် ”
လင်းအယ်က နှုတ်ခမ်းစေ့၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သိမ်မွေ့စွာ ဆက်ပြောလိုက်၏။
“ အစ်ကိုကြီး... ဂရုစိုက်သွားနော်... အစ်ကိုကြီး ပြန်လာရင်... ”
လီချန်ရှို့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ အကြိမ်တစ်ရာ ”
လင်းအယ်သည် ချက်ချင်းပင် ‘ စိတ်ငြိမ်သုတ္တန် ’၏ အကြောင်းအရာများကို ပြန်အမှတ်ရသွား၏။ “ အစ်ကိုကြီးပြန်လာရင် ညီမတို့... ” ဟူသောစကားသည် မပြောသင့်သော စကားဆယ်ခွန်းထဲမှ တစ်ခွန်းပင်။
လင်းအယ် နှုတ်ခမ်းစေ့၍ ဆူပုတ်ပုတ်မျက်နှာထား လုပ်လိုက်၏။
“ ဟုတ်ကဲ့ပါ... ”
လီချန်ရှို့ ပြုံး၍ အနည်းငယ် ဦးညွှတ်လိုက်၏။ လင်းအယ် လျင်မြန်စွာပင် ခေါင်းငုံ့၍ ပြန်ဦးညွှတ်လိုက်လေသည်။
ထို့နောက် လီချန်ရှို့သည် မည်သည့်ကိစ္စများဖြစ်နေကြောင်း နားမလည်နိုင်ဖြစ်နေသော ဘေးရှိ ခပ်ပြုံးပြုံးမျက်နှာထားဖြင့် ချီယွမ်ကို ပြောလိုက်သည်။
“ ဆရာ... ကျွန်တော် သွားပါတော့မယ် ”
“ သွား...သွား... ”
ချီယွမ်က လက်ယမ်းပြလိုက်၏။ လီချန်ရှို့သည် တိမ်စီး၍ နောက်သို့ ကျန့်အနည်းငယ်ဆုတ်ကာ ပြန်လှည့်၍ ပျံသန်းသွားလေတော့သည်။
ကောင်းကင်ခွင်းတောင်ဘေးတွင် ကျန့်(၃၀)ရှည်၍ (၁)ကျန့်မြင့်သည့် ဓမ္မရတနာသင်္ဘောတစ်စင်းရှိနေလေသည်။ ထိုသင်္ဘော လေပေါ်တွင် ရှိနေသည်မှာ ရက်အနည်းငယ် ရှိခဲ့ပေပြီ။
သင်္ဘော၏ အောက်တွင် ကျောက်ပြားကြီးတစ်ချပ်ရှိ၏။ ထိုကျောက်ပြားများပေါ်တွင် မန္တန်အစီအရင်အမြောက်အများဆင်ထားပြီး တံဆိပ်တော်အများအပြားကိုလည်း ထွင်းထားလေသည်။
ထိုကဲ့သို့ ကြီးမားသော ရတနာသင်္ဘောကြီးကို တည်ဆောက်ခြင်းသည် အဖိုးအခများစွာ ကုန်ကျသော်လည်း တုနတ်ဝိဇ္ဇာဂိုဏ်းသည် တက်နိုင်သေးပေသည်။
သို့သော် ထိုဓမ္မရတနာသင်္ဘောကြီးသည် “ ဝိညာဉ်ကျောက်တုံးစွမ်းအင်သုံး ” သင်္ဘောဖြစ်သည်။ ထိုသင်္ဘောကြီးကို လီထောင်ကျော်ပျံသန်းရုံမျှဖြင့်ပင် ပျှမ်းမျှ ဝိညာဉ်ကျောက်တုံးတစ်ရာကျော် သုံးစွဲရမည်ဖြစ်သည်။
ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကဲ့သို့ အခမ်းအနားကြီးမျိုးမဟုတ်လျှင် အကြီးအကဲများသည် ထိုသင်္ဘောကြီးကို ထုတ်သုံးမည်မဟုတ်ပေ။
လီချန်ရှို့သည် ပိုင်ဖန်ခန်းမသို့ ရောက်သောအခါ ထုံးစံအတိုင်း ထောင့်တစ်နေရာတွင် ရပ်နေလိုက်ပြီး အမည်မဲ့ သူရဲကောင်းတာအိုရသေ့ရုပ်တု သုံးရုပ်၏ အနောက်တွင် ပုန်းအောင်းနေလိုက်၏။ သူ့အား မည်သူမှ သတိမထားမိလိုက်ကြပေ။
တစ်နာရီကြာပြီးနောက် ဂိုဏ်းချုပ်ကျိဝူယုံ၊ မဟာအကြီးအကဲနှစ်ဦးနှင့် ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲဆယ့်နှစ်ဦးသည် အတုမဲ့နတ်ဝိဇ္ဇာ သုံးဆယ့်ခြောက်ပါးနှင့် တပည့်ငယ် လေးဆယ့်ရှစ်ဦးတို့ကို ဦးဆောင်၍ ရတနာသင်္ဘောကြီးပေါ်သို့ တက်သွားကြလေသည်။
ထို့နောက် တောင်ကာမန္တန်အစီအရင်ကြီး၏ အလင်းအလွှာသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာ၏။ ရတနာသင်္ဘောကြီးကို အလင်းလွှာအထပ်ထပ်ဖြင့် ကာထား၏။ သင်္ဘောကြီးသည် ဂိုဏ်းမှထွက်ကာ အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။ ၎င်း၏အရှိန်သည် မနှေးပေ။
ရတနာသင်္ဘောကြီး ထွက်ခွာသွားပြီးနောက် တောင်ကာမန္တန်အစီအရင်ကြီးသည် ပြန်ပေါ်လာလေသည်။ ဂိုဏ်းဂိတ်တံခါးကို စောင့်ကြပ်နေကြသော အကြီးအကဲချီလင်းနှင့် အခြားမဟာအကြီးအကဲများသည် သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများကို ဖော်ပြလိုက်ကြသည်။
ဂိုဏ်းချုပ်နှင့် အခြားသူများ မပြန်လာမချင်း သူတို့သည် ဂိုဏ်းကိုစောင့်ကြပ်နေမည်ဖြစ်ပြီး အခန်းအောင်းကျင့်ကြံကြမည် မဟုတ်ချေ။
ရတနာသင်္ဘောကြီးပေါ်တွင် အခန်းပေါင်းများစွာ ပါသော်လည်း ထိုအခန်းများသည် ဂိုဏ်းချုပ်နှင့် အကြီးအကဲများအတွက် ဖြစ်သည်။
ရတနာသင်္ဘောကြီး ဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဂိုဏ်းချုပ်ကျိဝူယုံသည် ချောင်းဆိုးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ မင်းတို့ သိပ်ပြီး အနေကြပ်စရာမလိုပါဘူး။ မင်းတို့ စိတ်ကြိုက်နေလို့ရပါတယ်။ အဲဒါမှ မင်းတို့က..အဟွတ်.. ရန်ကျောင်းတော်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှာပေါ့... ”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ်သည် ရတနာသင်္ဘောအပေါ်ထပ်ရှိ ခမ်းနားသော အခန်းကျယ်တစ်ခန်းအတွင်းသို့ ဝင်သွားပြီး တပည့်များကို သင်္ဘောကုန်းပတ်ပေါ်တွင် ချန်ခဲ့လေတော့သည်။
လီချန်ရှို့သည် ဂိုဏ်းတွင်းမှ သူနှင့်မျက်မှန်းတန်းမိနေသော တပည့်များကို နှုတ်ဆက်လိုက်၏။ သူသည် သင်္ဘောအနောက်ပိုင်းရှိ တိတ်ဆိတ်သောနေရာလေးကို ရှာတွေ့သွား၏။ ထိုလူသူကင်းရှင်းသော သင်္ဘောထောင့်၌ လီချန်ရှို့သည် သူ့ကိုယ်ပေါ်တွင် အာရုံခံကျောက်မျက်အနည်းငယ်ကို ချိတ်ဆွဲလိုက်ပြီးနောက် မျက်စိမှိတ်ကာ တိတ်တဆိတ်တရားထိုင်လိုက်လေသည်။
သူသည် အာရုံစိုက်၍ ကျင့်ကြံနေသည်ဟု ထင်ရသော်လည်း အမှန်တွင် သူ၏နတ်အာရုံသည် သူ၏ပတ်ဝန်းကျင်တစ်ခုလုံးကို စတင်အာရုံခံ လေ့လာနေပြီဖြစ်သည်။
တချိန်တည်းမှာပဲ လီချန်ရှို့သည် နေရာယူထားပြီးပြီဖြစ်သော စက္ကူကိုယ်ပွားအသစ် ရှစ်ရုပ်ကို စစ်ဆေးလိုက်၏။
စက္ကူကိုယ်ပွားအသစ်နှစ်ရုပ်သည် အဆင်ပြေနေ၏။
လက်ဟောင်း ‘လူသား’ စက္ကူကိုယ်ပွား ခြောက်ရုပ်သည် အရံအားများအဖြစ် အသင်ရှိနေကြသည်။ ၎င်းတို့သည်လည်း အားလုံးအဆင်ပြေနေ၏။
‘မြေ’ စက္ကူကိုယ်ပွားအသစ်တွင်လည်း မည်သည့်ပြဿနာမှ ရှိမနေပေ။
တစ်နာရီကြာပြီးနောက် လီချန်ရှို့သည် နေရာအမျိုးမျိုးတွင် ထား,ထားသော စက္ကူကိုယ်ပွားများကို စစ်ဆေးပြီးသွားပေပြီ။ ထို့နောက် သူသည် သူ၏အာရုံအများစုကို အန်းရွှေမြို့ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအောက်မှ စက္ကူကိုယ်ပွားထံ ပို့လိုက်၏။
ကောင်းကင်နတ်မင်းအဆင့်ရှိသော စက္ကူကိုယ်ပွားသည် ဘုံကျောင်း၏ အနောက်ဘက်ခြံဝန်းထဲတွင် ပေါ်လာပြီး နတ်တမန်တော်အချို့ စောင့်ကြပ်နေသော တိတ်ဆိတ်သည့် စံအိမ်အတွင်းသို့ သွားလိုက်လေသည်။
သူသည် ထိုနေရာတွင် သူ၏ချစ်သူကို ဝှက်ထားခြင်းမဟုတ်ပေ။ သူ၏ ချစ်သူကိုဝှက်ထားပါက သူ၏ခန္ဓာကိုယ်အစစ်ကိုယ်တိုင် သွားမည်ဖြစ်သည်။
အဟမ်း... ကိစ္စကို ဆက်ပေမည်။
လီချန်ရှို့သည် စစ်သူကြီးတုံမုတစ်ယောက် မကြာခင် ရောက်လာတော့မည်ဟု ကောက်ချက်ချလိုက်၏။
“ ဒါကို အရင်ရေးတာပေါ့... အဲဒါမှ သူရောက်လာရင် ကပျာကယာ ရေးမနေရမှာ... ”
လီချန်ရှို့သည် ဓမ္မရတနာဖြစ်သော အဖိုးတန် အဝတ်စတစ်စကို ထုတ်လိုက်၏။ သူသည် စုတ်တံကို ကိုင်လိုက်ပြီး အဝတ်စ၏ အပေါ်ဘက်လက်ယာထောင့်တွင် ‘ ကျိုး ’ ဟူသော စာလုံးကို အမှတ်အသားတံဆိပ်ပုံစံရေးလိုက်သည်။
ထို့နောက် သူက ထရပ်ကာ ဆက်ရေးလိုက်၏။
“ တောင်သမုဒ္ဒရာ၏ နတ်မင်းလေး ချန်ကမ်းမှ... ”
ထို့နောက် သူ နောက်တစ်ကြောင်း ရေးလိုက်၏။
“ ကျောက်စိမ်းဧကရာဇ်ထံသို့... ”
ထိုသုံးကြောင်းကို ရေးပြီးသွားသောအခါ သူသည် အဓိကအကြောင်းအရာများကို ရေးလိုက်လေတော့သည်။
“ အရှင်ဧကရာဇ်ရဲ့ အမိန့်တော်က တရားဝင်ရောက်မလာသေးတော့ ကျွန်တော့်အနေနဲ့ အခုလို စာရေးပြီးအကြံပေးတာမျိုးက မသင့်တော်ကြောင်း ကျွန်တော်သိပါတယ်။ ကျွန်တော့်ကို ခွင့်လွတ်ပေးပါ။ ဒါပေမဲ့ ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကိစ္စတချို့ကို စဉ်းစားမိပြီး စိတ်မအေးနိုင်ဖြစ်နေလို့ပါ။ ကျွန်တော် အရှင်ဧကရာဇ်ကို မြန်နိုင်သမျှ မြန်မြန် တင်ပြရမယ့် ကိစ္စတချို့ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် အခုလို အဆင့်ကျော်ပြီး လုပ်လိုက်မိတာပါ။ မကြာသေးခင်တုန်းက သမုဒ္ဒရာလေးစင်းအတွင်းမှာ များစွာသော မတရားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပင်လယ်မျိုးနွယ်က စတင်ပုန်ကန်ခဲ့လို့ နဂါးနန်းတော် လေးခုက ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမုဒ္ဒရာအတွင်းမှာ နေထိုင်တဲ့ သက်ရှိတွေလည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဒီကိစ္စကို တစ်ယောက်ယောက်က နောက်ကွယ်က ကြိုးကိုင်နေပြီး နဂါးမျိုးနွယ်ကို အနောက်ကျွန်းလက်အောက်ကို သိမ်းသွင်းဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော် စိတ်မအေးနိုင်ဖြစ်နေတာပါ ”
“ တကယ်လို့ နဂါးမျိုးနွယ်သာ အနောက်ကျွန်းလက်အောက်ကို ဝင်သွားရင် တာအိုဂိုဏ်းမဟုတ်တဲ့ တခြားအဖွဲ့အစည်းတစ်ခုက အင်အားတော်တော်လေး ကြီးသွားမှာပါ။ အဲဒီလိုဆို ကောင်းကင်ဘုံခုံရုံးတွေလည်း တန်ခိုးအာဏာကြီးထွားလာနိုင်မှာ မဟုတ်တော့ပါဘူး ”
“ သမုဒ္ဒရာလေးစင်းက လောကသုံးပါးမှာ အရေးကြီးဆုံးနေရာတွေပါ။ သမုဒ္ဒရာအတွင်းမှာ နဂါးမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်ကလွဲလို့ တခြားသက်ရှိတွေ သိပ်မရှိပါဘူး။ နဂါးမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်ရဲ့ စစ်တပ်တွေက စွမ်းအားကြီးပြီး လျှော့တွက်လို့မရပါဘူး ”
“ နဂါးမျိုးနွယ်ဆိုတာ ရှေးခေတ်မှာ တန်ခိုးထွားခဲ့တဲ့ စွမ်းအားကြီး မျိုးနွယ်တစ်ခုပါ။ သူတို့မှာ ကြီးမားတဲ့ အကုသိုလ်တွေရှိနေလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတုန်းဆိုပေမယ့် နဂါးမျိုးနွယ်မှာ ပညာရှင်တွေအများကြီး ရှိပါတယ် ”
“ တကယ်လို့ နဂါးမျိုးနွယ်သာ ကောင်းကင်ဘုံခုံရုံးတွေရဲ့ လက်အောက်ကိုဝင်လာပြီး အရှင်ဧကရာဇ်ရဲ့ ဩဇာကိုခံမယ်... အရှင်ဧကရာဇ်ရဲ့ အမိန့်ကိုနာခံပြီး ကောင်းကင်ဘုံခုံရုံးတွေရဲ့ စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင် သမုဒ္ဒရာလေးစင်းက ကောင်းကင်ဘုံခုံရုံးရဲ့ လက်အောက်ကို ရောက်လာမှာပါ။ အဲဒီလိုဆို အကျိုးကျေးဇူး အများကြီး ရှိပါလိမ့်ယ် ”
“ တကယ်လို့ အရှင်ဧကရာဇ်ကသာ သူတို့ကို ဆုလာဘ်အဖြစ် ကုသိုလ်တွေချီးမြှင့်မယ်ဆိုရင် နဂါးမျိုးနွယ်က အရှင်ဧကရာဇ်ရဲ့ အမိန့်ကို နာခံပြီး တောင်ကျွန်းမှာ ရာသီဥတုကို ထိန်းချုပ်တာတွေ၊ မြစ်တွေ၊ ကန်တွေနဲ့ သမုဒ္ဒရာတွေကို ထိန်းချုပ်တာမျိုးတွေ လုပ်ပေးပါလိမ့်မယ်။ အဲဒီလိုဆို တောင်ကျွန်းမှာ ကောင်းကင်ဘုံခုံရုံးတွေရဲ့ စွမ်းအားတွေ၊ ကောင်းကွက်တွေကို ပြသပြီးသားဖြစ်သွားပြီး ကောင်းကင်ဘုံခုံရုံးတွေရဲ့ အခြေကို ပိုပြီးခိုင်မာအောင် လုပ်နိုင်ပါလိမ့်ယ်။ အဲဒါက ဒုတိယ ကောင်းကျိုးပါ ”
“ စကြဝဠာတိုက်တစ်သောင်းဆိုတာကလည်း လောကသုံးပါးထဲမှာ ပါဝင်ပါတယ်။ အဲဒါတွေကလည်း အရှင်ဧကရာဇ်ရဲ့ အုပ်ချုပ်မှု အောက်မှာပါပဲ။ နဂါးမျိုးနွယ်က စကြဝဠာတိုက်တစ်သောင်းအတွင်းမှာ တပ်တွေနေရာချထားပါတယ်။ တကယ်လို့ အရှင်ဧကရာဇ်သာ နဂါးမျိုးနွယ်ရဲ့ သစ္စာခံမှုကို ရခဲ့ရင် စကြဝဠာတိုက်တစ်သောင်းအတွင်းမှာလည်း အရှင်ဧကရာဇ်ရဲ့ အာဏာကို ဖြန့်ကျက်နိုင်မှာပါ... အဲဒါက တတိယ ကောင်းကျိုးပါ... ”
ဆံပင်ဖြူနှင့် စက္ကူကိုယ်ပွားသည် စာရေးသားနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ ကိုယ်ပွားအတွင်းရှိ အာရုံသည် ပိုင်ရှင်အစစ်ထံသို့ ပြန်သွားလေသည်။ တစ်စုံတစ်ယောက်သည် ရတနာသင်္ဘောပေါ်တွင် သူ့ကိုလိုက်ရှာနေပေသည်။
သူ့ထံသို့ ရောက်ရှိလာသူမှာ တစ်ဦးမကပေ။ သူ့အရှေ့တွင် ယုံချင်ရွှမ်းယာရှိနေ၏။ သူမ၏ အနောက်တွင်မူ ဝမ်ကျိနှင့် လျှိုယန်အာတို့ ရှိလေသည်။
လီချန်ရှို့က မတ်တပ်ထရပ်လိုက်ပြီး သူတို့ကို ကြိုဆိုလိုက်၏။
“ ညီမလေးယုံချင်... အရေးကြီးကိစ္စရှိလို့လား ”
ယုံချင်ရွှမ်းယာသည် လီချန်ရှို့ကို ကြည့်၍ နူးညံ့စွာပြောလိုက်လေသည်။
“ မရှိပါဘူး။ ရွှမ်းယာလည်း ဘယ်ကိုသွားရမယ်မှန်းမသိတာနဲ့ အစ်ကို့ကို လာရှာတာပါ ”
လီချန်ရှို့ ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူ၏ ရင်ထဲတွင် သိပ်၍ အပြစ်တင်မနေတော့ပေ။
သူ၏ အဆိပ်ခံနိုင်အားသည် တဖြည်းဖြည်း ပို၍ အားကောင်းလာပြီဖြစ်သည်။
ဝမ်ကျိနှင့် လျှိုယန်အာတို့မှာမူ အလာပသလ္လာပ ပြောရန်လာခြင်းမဟုတ်ပေ။ သူတို့တွင် လီချန်ရှို့ထံမှ တောင်းဆိုစရာတစ်ခုခု ရှိနေပုံရလေသည်။
“ ဒီလိုပါ အစ်ကိုချန်ရှို့... ”
ဝမ်ကျိသည် ရှက်ရွံ့ဟန်ဖြင့် သူ၏နှာခေါင်းကို ပွတ်နေ၏။ သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ကျွန်တော့်ရဲ့ ဆရာဦးလေးတစ်ယောက်ဆီမှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူက ကျွန်တော်တို့ ဂိုဏ်းကပါပဲ။ သူက အစ်ကိုဖော်ထားတဲ့ ဆေးလုံးနည်းနည်းလောက် လိုချင်လို့တဲ့ ”
လီချန်ရှို့က ဝမ်ကျိကို ကြည့်လိုက်၏။ ဝမ်ကျိသည် အလေးအနက် ပြောနေဟန်ရှိပြီး ဆက်ပြောလိုက်၏။
“ ကျွန်တော် အစ်ကိုချန်ရှို့ဆီက အလကားတောင်းမှာ မဟုတ်ပါဘူး။
“ ဒါက... ”
လီချန်ရှို့သည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။
စစ်သူကြီးတုံမုသည် လာနေကျ ဘုံကျောင်းလေးသို့ ရောက်လာပေပြီ။
တိုက်ဆိုင်ပေစွ။
လီချန်ရှို့သည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်လိုက်ရလေတော့သည်။ သူ၏ အာရုံတစ်ဝက်သည် လောကသုံးပါးအတွက် အရေးကြီးသော ကိစ္စအပေါ်တွင် အာရုံစိုက်နေ၏။ စက္ကူကိုယ်ပွားသည် ရေးလက်စ လျှောက်တင်လွှာကို အလျင်အမြန် လက်စသတ်လိုက်၏။
သူ၏ ကျန်အာရုံတစ်ဝက်သည် သူ့ဂိုဏ်းတူညီလေး၏ “ အိမ်ထောင်ရေး ပြဿနာအသေးလေး ” အပေါ်တွင် အာရုံစိုက်လိုက်သည်။
သူသည် ဝမ်ကျိကို ပြုံးပြလိုက်ပြီး နဂါးဆေးအရက်နှစ်အိုးကို ထုတ်လိုက်၏။
“ ညီလေး.. ညီလေးရဲ့ ဆရာဦးလေးရဲ့ မိတ်ဆွေကို ဒီဆေးအရက်ကို အရင်သောက်ခိုင်းလိုက်ပါလား။ ညီလေးရဲ့ ဆရာဦးလေးရဲ့ မိတ်ဆွေရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်သေးရင် တစ်ခါသောက်ရင် ခွက်သေးသေးနဲ့ တစ်ခွက်ပဲသောက်ရမယ်။ အဲဒီလိုဆို ဆေးစွမ်းပြမှာပါ။ ပြီးတော့... ဒီအရက်ကို ဂိုဏ်းကို ပြန်ရောက်မှ သောက်ရင် အကောင်းဆုံးပဲ ”
ဝမ်ကျိသည် ခေတ္တမျှတွေးတောနေပြီးနောက် နဂါးဆေးအရက်ကို လှမ်းယူလိုက်လေသည်။ သူသည် လီချန်ရှို့ကို မလုံမလဲအသံဖြင့် ကျေးဇူးတင်စကားပြောလိုက်၏။ လျှိုယန်အာမှာမူ တစ်နေရာကို မျက်နှာလွှဲထားပြီး ရှက်သွေးဖြာနေ၏။
လီချန်ရှို့ က ထပ်မံသတိပေးလိုက်သည်။
“ ဂိုဏ်းကို ပြန်ရောက်မှသောက်ရမှာနော်... မမေ့နဲ့ဦး ”
ဝမ်ကျိသည် သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။