ဧရာမလက်ကြီး ထပ်မံပေါ်လာခြင်း
Vol. 110 Ch. 1507
အခုမှ ရှေးကျွန်ဖြစ်လာသော မြင့်မြတ်သောလင်းတန်ကို ဝမ်လင်းအနေဖြင့် လုံလုံလောက်လောက် မသန့်စင်ရသေးပေ။ ထို့အတွက် သူက လင်းတန်ကို အချိန်အတန်ကြာ မဆင့်ခေါ်နိုင်ပေ။ တိုက်ခိုက်မှုတစ်ခုအတွက် သူ့ကို သုံးဖို့ အချိန်လောက်သာ ရနိုင်၏။ ဝမ်လင်းက အခုလိုမျိုး အရေးကြီးသောအခိုက်အတန့်ကို ဖမ်းဆုပ်ကာ လင်းတန်၏တိုက်ခိုက်မှုကို အသုံးပြုလိုက်လေ၏။
တာအိုသခင်မြောင်ယင်သည် သခင်ငါးပါးထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ၏ကျင့်ကြံမှုအဆင့်မှာ ဖိနှိပ်ခံထားရသော်လည်း သူ့စွမ်းအားကမူ အံ့မခန်းပင်။ သူက အဆိပ်အိုကြီးကို ရင်ဆိုင်နေစဉ် ဝမ်လင်းအလစ်အငိုက်တိုက်ခိုက်လိုက်သော သွေးဓားကြောင့်သာ မဟုတ်ပါက ဝမ်လင်းအနေဖြင့် သူ့ကို ဒဏ်ရာရသွားအောင်လုပ်ဖို့ မည်သို့မျှ မဖြစ်နိုင်ပါ။
ပို၍ အရေးကြီးသည်မှာ သူက ဝမ်လင်းအကြောင်း သေချာမသိထားခြင်း ဖြစ်၏။ သူက ဝမ်လင်းသည် တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသော မြင့်မြတ်သောလင်းတန်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေလိမ့်မည်ဟုလည်း သူ လုံးဝ မျှော်လင့်ထားမိမည် မဟုတ်ပေ။ ထိုအချက်က သူ၏အမှားကြီးတစ်ခု ဖြစ်ပေ၏။
သို့ရာတွင် ထိုသို့ဖြစ်နေသည်တောင်မှ မြင့်မြတ်သောလင်းတန်က သူ့မန္တာန်ကို အသုံးပြုပြီးနောက် တုန်ခါလှိုင်း၏ ထိမှန်ခြင်း ခံရကာ သွေးအန်လိုက်ရလေ၏။ သူ ဆင့်ခေါ်ထားခဲ့သော ရုပ်တုသည်ပင် လွင့်ပျောက်သွားရသည်။
ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူ့နားထဲ၌လည်း မာန်သွင်းမြည်သံ ပဲ့တင်ထပ်နေ၏။ မြောင်ယင်ထံမှ အသံက သူ့ကို နောက်သို့ လွင့်ထွက်သွားစေ၏။ သူက သူ့မူလစိတ်ဝိညာဉ်အတွင်းမှ နာကျင်မှုကို ခံစားရပြီး သွေးအန်လိုက်ရသည်။
သို့ရာတွင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးနောက် ဝမ်လင်းက သူ့ကိုယ်သူ အတင်းအကြပ် ရပ်တန့်လိုက်၏။ သူ၏မျက်လုံးထဲတွင်လည်း အေးစက်မှုတစ်ခု ဖြတ်ပြေးသွားကာ ရှေ့သို့ တဟုန်ထိုး တိုးဝင်လာတော့သည်။ သူက နောက်လွင့်သွားသော မြောင်ယင်ကို လစ်လျူရှုကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ အင်ပါယာမီးပြင်းဖို ပေါ်လာကာ အနက်ရောင်ပင်လယ်ကို ဝန်းရံသွားသည်။
ထိုပင်လယ်သည် အဆိပ်ရှိနေသည့်အတွက်ကြောင့် ညှီစို့စို့အနံ့အသက်ကို ပေးစွမ်းနေသည်။ မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည်လည်း အဆိပ်နှင့် ပေါင်းစည်းကာ အဆိပ်စိတ်ဝိညာဉ်များ ဖြစ်လာကြသည်။ ထို့ကြောင့် ၎င်းတို့သည် အပူဇော်ခံမီးတောက်များကို ဆက်လက် ကမ်းလှမ်းဖို့ငှာ မစွမ်းသာတော့ပေ။
သို့ရာတွင် ထိုအဆိပ်ပင်လယ်က ဝမ်လင်းအတွက် အလွန်ရှားပါးသည့် ရတနာတစ်ခုပင်။ သူက ၎င်းကို အဆိပ်အိုကြီး ပြန်မစုဆောင်းနိုင်ခင်တွင် လုယူရမည်။ ၎င်းပင်လယ်ကို အင်ပါယာမီးပြင်းဖိုနှင့်အတူ အဆိပ်ရည်တစ်စက်ဖြစ်သည့်အထိ သန့်စင်ပြီးသည့်နောက်တွင် ၎င်းက တတိယအဆင့်ကျင့်ကြံသူများကိုပင် ခြောက်လှန့်နိုင်သော အဆိပ်ဖြစ်လာပေလိမ့်မည်။
အဆိပ်အိုကြီးက အပေါ်ယံကောင်းဟန် ပေါက်နေသော်လည်း ဝမ်လင်းက ထိုသူ့ကို မည်ကဲ့သို့ လွယ်လွယ်ယုံကြည်ပါ့မည်နည်း။ သူတို့နှစ်ယောက် အခုပူးပေါင်းတိုက်ခိုက်နေခြင်းက နှစ်ယောက်လုံး အကျိုးရှိ၍သာ ဖြစ်၏။
နှစ်ပေါင်းသောင်းနှင့်ချီ ကျင့်ကြံခဲ့သော မွန်းစတားအိုကြီးအားလုံးက ဉာဏ်များလှသူများ ဖြစ်ကာ လျှော့တွက်၍ မရနိုင်ပေ။ သူက မြောင်ယင်ကို ပေးထားသော သူ့ကတိကိုပင် လွယ်လွယ် ချိုးဖောက်ခဲ့သည့်အတွက် ဝမ်လင်းကို ပေးမည့်ကတိကိုလည်း ချိုးဖျက်နိုင်သည်မှာ သဘာဝပင်။ ဝမ်လင်းက ထိုအချက်ကို ကောင်းကောင်းကြီး နားလည်ပေသည်။
ထို့ကြောင့်လည်း သူသည် မြင့်မြတ်သောလင်းတန် တိုက်ခိုက်ခဲ့သည့်အချိန်က တာအိုသခင်မြောင်ယင်ကို အဝေးသို့ ရည်ရွယ်ချက်ရှိရှိ လွင့်ထွက်သွားစေခြင်း ဖြစ်သည်။
အဆိပ်အိုကြီး၏ စိတ်ဝိညာဉ်က တာအိုသခင်မြောင်ယင်ထံသို့ မြန်ဆန်စွာ လိုက်လံသည်။ သူ့စိတ်ဝိညာဉ်က အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ ရက်စက်ကြမ်းတမ်းသော ခန္ဓာကိုယ်ပိုင်စိုးမှု စတင်တော့သည်။
မြောင်ယင်နှင့်အဆိပ်အိုကြီးတို့က မြောင်ယင်၏ခန္ဓာကိုယ်အတွင်း၌ သူတို့၏နတ်ဘုရားအာရုံများဖြင့် တစ်ယောက်နှင့်တစ်ယောက် စတင်တိုက်ခိုက်ကြလေ၏။
ထို့အတွက်ကြောင့် ဝမ်လင်းအတွက် အဆိပ်မိထားသော ပင်လယ်ကို ရယူဖို့အတွက် လုံလောက်သောအချိန် ရရှိသွားတော့သည်။ သူက နှေးဖင့်မနေဘဲ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ မာန်သွင်း၍ သူက အင်ပါယာမီးပြင်းဖိုအတွင်းသို့ ထိုပင်လယ်တစ်ခုလုံးကို သိမ်းဆည်းယူလိုက်သည်။
အင်ပါယာမီးပြင်းဖိုအတွင်း၌ များလှစွာသောနယ်မြေများ ရှိပေ၏။ သို့သော် ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူက နယ်မြေနှစ်ခုကိုသာ ဖွင့်နိုင်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အဆိပ်ပင်လယ်ကို သိုလှောင်မည့် နယ်မြေတစ်ခု ပွင့်ဟလာသည်။ တခြားနယ်မြေတစ်ခုကမူ ရှေးကျွန်(ဝါ)မြင့်မြတ်သောလင်းတန်ကို သိမ်းဆည်းထားလေသည်။
ထိုအခိုက်အတန့်တွင် တာအိုသခင်မြောင်ယင်နှင့် အဆိပ်အိုကြီးတို့သည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ခိုက်နေကြစဉ် အပူဇော်ခံမီးတောက်နယ်မြေသို့ ဦးတည်သော အက်ကြောင်းအဟက မြန်ဆန်စွာ ပိတ်ဆို့လာကာ လုံးဝ ပျောက်ကွယ်တော့မည့်ပုံပင်။
ဝမ်လင်းက ထိုအပူဇော်ခံမီးတောက်နယ်မြေ ပျောက်ကွယ်သွားမည်ကို မည်သို့ခွင့်ပြုနိုင်ပါ့မည်နည်း။ သူက မြောင်ယင်၏အပူဇော်ခံမီးတောက်ကို ရဖို့အတွက် အဆိပ်အိုကြီးနှင့် ပူးပေါင်းခဲ့တာ မဟုတ်လား။
သူ့အနေဖြင့် အပူဇော်ခံမီးတောက်များကို အသုံးမပြုနိုင်ပေ။ သို့သော် ရှေးကျွန်လင်းတန်ကကတော့ အသုံးပြုနိုင်သည်။ လင်းတန်သာ လုံလောက်သောအပူဇော်ခံမီးတောက်များကို ရရှိပါက သူသည် အစစ်အမှန်တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ကောင်း၏။
ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ဖြစ်ပေါ်နေသည်။ သူက အပူဇော်ခံမီးတောက်နယ်မြေထံသို့ တရကြမ်း တိုးဝင်လာ၏။ အတွင်း၌ အဆိပ်မမိထားသော ကျယ်ပြောသည့်ခရမ်းရောင်ပင်လယ်အစိတ်အပိုင်းက ရှိနေဆဲသာ။ ၎င်းအတွင်း၌ မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်များ ရှိလို့နေ၏။ ယင်းတို့သည် မြောင်ယင် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သောအရာများ ဖြစ်ပေသည်။ ၎င်းမှာ သခင်ငါးပါးထဲမှတစ်ယောက်ဖြစ်သော မြောင်ယင်၏ အခြေခံအုတ်မြစ်ဟုလည်း ဆိုနိုင်သည်။
သည်ချိပ်ပိတ်မြေမှာ ပျက်စီးသွားခဲ့ပြီး ဖြစ်သလို အတွင်းရှိ ကျင့်ကြံသူအားလုံးလည်း သေဆုံးသွားကြပြီပင်။
အောက်ဘက်ရှိမြူပင်လယ်က အောက်သို့ နိမ့်ဆင်းသွား၍ ကျယ်ပြောသောနေရာလွတ်ဧရိယာတစ်ခု လှစ်ဟပေါ်နေ၏။ သို့ပေမည့် ထိုစဉ် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာ၏။
မူများ အထက်သို့ တရကြမ်း ဆန်တက်လာခြင်းတည်း။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ပေထောင်ချီကြီးမားသော ဧရာမလက်ကြီးတစ်ဖက်ကပါ ထိုးထွက်လာခြင်းပင်။
ထိုလက်ပေါ်လာသည်နှင့် အစွမ်းထက်အော်ရာတစ်ခုသည် ဒီမြူဧရိယာတွင် ပြည့်နှက်လာ၏။ ထိုလက်က မြန်လွန်း၏။ ချက်ခြင်း နီးကပ်လာရင်း လက်ဝါးကို ဖြန့်သည်။ ၎င်းက ဝမ်လင်းနှင့် ခန္ဓာပိုင်စိုးခံနေရသော မြောင်ယင်ထံသို့ ပစ်မှတ်ထား ဦးတည်ဝင်လာသည်။
ယင်းကာ ဝမ်လင်းအနေဖြင့် သည်လက်ကို မြင်သည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်၏။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ အံ့မခန်းအားတစ်ခုက နီးကပ်လာရင်း သူ့ခန္ဓာကိုယ်ကို ဆုတ်ပြဲစေတော့မည့်နှယ်။
ထိုလက်သည် မြန်လွန်းသည်။ ချက်ခြင်း မြောင်ယင်ထံ ရောက်ရှိလာသည်။ မြောင်ယင်သည် သွေးအန်လိုက်ရ၏။ အဆိပ်အိုကြီးက ထိုအခွင့်အရေးကို အသုံးချကာ မြောင်ယင်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်လိုက်သည်။ သို့ရာတွင် ထိုဧရာမလက်ကြီး၏ လက်ဝါးက သည်ခန္ဓာကိုယ်ကို ဖမ်းဆုပ်သွားရာ အဆိပ်အိုကြီးအနေဖြင့်လည်း လွတ်မြောက်ဖို့အတွက် မစွမ်းသာတော့ပေ။
ဖျပ်ခနဲအတွင်း ထိုဧရာမလက်ဝါးကြီးက ဝမ်လင်းထံသို့လည်း ဦးတည်ဝင်လာ၏။ လက်ငါးချောင်းက လောကကို ထောက်ကန်ပေးထားသော တိုင်လုံးကြီးငါးလုံးအလား။ ယင်းတို့က ဝမ်လင်းပေါ်သို့ ရုတ်ချည်း ကျဆင်းလာ၏။
ထိုလက်ချောင်းများက ဝမ်လင်းကို ပြင်းထန်သောဖိသိပ်အားနှင့်အတူ ထိမှန်လာစေရာ သူ သွေးအန်လိုက်ရ၏။ သို့သော် သူက အလျှော့မပေးလိုသေးပေ။ သူ့ကို အလျှော့မပေးလိုစေသည်က ထိုလက်ဝါး၏ဖမ်းဆုပ်မှုအပြင် သူနှင့် ပေတစ်ထောင်လောက်ပင် မဝေးတော့သော နေရာရှိ အပူဇော်ခံမီးတောက်နယ်မြေ အက်ကြောင်းအဟတို့ ဖြစ်ချေသည်။
ထိုအဟသည် ခုချိန်၌ ပေတစ်သောင်းလောက်ပင် မရှည်လျားတော့ဘဲ မကြာခင် လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်၏။ ၎င်းသာ ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်း အဆိပ်အိုကြီးနှင့် ပူးပေါင်းကာ မြောင်ယင်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့ရခြင်းက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
လက်ဝါးနီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် တွေးနေဖို့ အချိန်မရှိတော့။ သူက အံတင်းတင်းကြိတ်ကာ မာန်သွင်းလိုက်၏။ သူ၏မျက်လုံးထဲ၌ ပြတ်သားမှုတို့ ပြည့်နှက်လာပြီး သူ့ခန္ဓာကိုယ်သည် ကြီးထွားလာသည်။ လျှပ်တပြတ်အတွင်း သူသည် ပေထောင်ချီမြင့်မားလာ၏။ သူ၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပေါ်လာခြင်းပင်။
သူရုတ်တရက် ကြီးထွားမှုက သူနှင့်အပူဇော်ခံမီးတောက်ကြား ပေတစ်ထောင်အကွာအဝေးကို ပယ်ဖျက်သွားစေလေ၏။
“ချိပ်ပိတ်ခြင်း…”
ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းသစ်ရွက်နှစ်ရွက်သည် ပျံသန်းထွက်လာပြီး အက်ကြောင်းအစွန်းအဖျားကို ချိပ်ပိတ်သည်။ ထိုအဖြစ်က ယင်းအက်ကြောင်း ကြုံ့နေမှုကို တခဏ ရပ်တန့်သွားစေသည်။
ထိုသို့ ရပ်တန့်သွားစဉ် ဝမ်လင်းက သူ့ညာလက်ဖြင့် ထိုနယ်မြေထဲသို့ လှမ်းကာ အတွင်းမှ မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကို ခပ်ကြမ်းကြမ်း ဖမ်းယူလိုက်၏။
တစ်ချိန်တည်းမှာ ဧရာမလက်ကြီးကလည်း ဝမ်လင်း၏ရင်ဘက်ကို ဖမ်းဆုပ်သွားလေပြီ။ သူ့ခန္ဓာကိုယ်၌ နာကျင်မှု လှိုက်တက်လာ၏။
ထိုလက်သည် ဝမ်လင်းကို ဖမ်းဆွဲသည့်အခိုက်တွင် ၎င်းက ရုတ်တရက် ပြန်ကြုံ့လာ၏။ ၎င်းက ဝမ်လင်းနှင့် ခန္ဓာကိုယ်ပိုင်စိုးမှုအောင်မြင်ခါစ အဆိပ်အိုကြီးတို့ကို မြူအတွင်းသို့ ပြန်ဆွဲချတော့မည့်ဟန်ပင်။
ထိုလက်သည် အလွန်အစွမ်းထက်၏။ ၎င်းလက်က ဝမ်လင်းကို အပူဇော်ခံမီးတောက်နယ်မြေထံမှ အတင်းဆွဲထုတ်တော့မည့်အလား။ ထိုအခါ ဝမ်လင်းက သူ့ညာလက်ဖြင့် ရှေးဟောင်းသစ်ရွက်၏ ချိပ်ပိတ်ခြင်းခံထားရသော အက်ကြောင်း၏ညာဘက်ခြမ်းကို ဖမ်းကိုင်ထားလိုက်သည်။ ထို့နောက် သူ့ဘယ်လက်ကို ထပ်မံ ဆန့်ထုတ်ကာ အက်ကြောင်း၏ဘယ်ဘက်ခြမ်းကို ဖမ်းကိုင်လိုက်ပြန်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအင်သည် အရူးအမူး မြင့်တက်လာလျက် အက်ကြောင်းအနားနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတော့သည်။
ထိုမြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ်ပင်။ အဝေးမှ ကြည့်ပါက ပေထောင်ချီရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို အစိတ်အပိုင်းမြေတစ်ခုအလား သူ့လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားပြီး သူ့ရင်ဘက်ကိုမူ ဧရာမလက်ကြီးက ဖမ်းဆုပ်၍ သူ့အား အောက်သို့ ဆွဲချနေသည့်မြင်ကွင်းကို တွေ့ရပေလိမ့်မည်။
သူသည် ဆွဲချခံနေရရင်း ပြင်းထန်သောနာကျင်မှုက သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြက်တောမည့်အလား အောက်မေ့ရ၏။
အက်ကြောင်း ခပ်ကျယ်ကျယ်ပွင့်ဟလာချိန်၌ အဆုံးမဲ့ ခရမ်းရောင်ပင်လယ်နှင့် အပူဇော်ခံမီးတောက်များသည် လှစ်ဟပေါ်လာသည်။ ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာကာ သူက ပါးစပ်ဟကာ ရှိုက်သွင်းလိုက်လေ၏။
ခုချိန်၌ သူသည် များများစားစား ဂရုစိုက်မနေနိုင်ပေ။ သူက တက်နိုင်သမျှ အပူဇော်ခံမီးတောက်များကို ယူဆောင်ရပေမည်။ သူ ရှိုက်သွင်းနေစဉ် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည် သူ့ထံ ပျံသန်းဝင်လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်က အဆုံးမဲ့တွင်းကြီးတစ်ခုနှယ် အပူဇော်ခံမီးတောက်များကို ရှိုက်သွင်းစုပ်ယူနေ၏။
သူက အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ၏ တစ်ဆယ်ရာခိုင်နှုန်းကို တစ်ချက်တည်း ရှိုက်သွင်းပစ်လိုက်၏။ သူ့ခန္ဓာကိုယ်မှာလည်း လက်ကြီးကြောင့် ပေသောင်းချီသို့ ဆွဲခေါ်ခံနေရသည်။ သို့ပေမည့် ဝမ်လင်း၏လက်ကမူ ထိုအက်ကြောင်းအဟကို ကုတ်တွယ်ကိုင်ထားဆဲပင်။ ထို့ကြောင့် ၎င်းအက်ကြောင်းသည် မပျောက်ကွယ်သွားနိုင်ဘဲ ဖြစ်နေ၏။ ဝမ်လင်းအောက်သို့ ဆွဲချခံရစဉ် ၎င်းအက်ကြောင်းမှာလည်း ပေသောင်းချီ ပိုမို ပွင့်ဟလာ၏။
“အင်ပါယာမီးပြင်းဖို…”
ထိုအက်ကြောင်း ပိုကျယ်လာသည့်အခါတွင် ဝမ်လင်းက မာန်သွင်းလိုက်၏။ အင်ပါယာမီးပြင်းဖိုက အပူဇော်ခံမီးတောက်နယ်မြေအတွင်းသို့ ဝင်ရောက်သွား၏။ ထိုမီးပြင်းဖို၏အတွင်းရှိ နယ်မြေက ပွင့်ဟလာကာ အရူးအမူး စုပ်ယူလေတော့သည်။
ခရမ်းရောင်ပင်လယ်၏ များစွာသောပမာဏသည် အင်ပါယာမီးပြင်းဖိုအတွင်းသို့ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များနှင့်အတူ တရှိန်ထိုး ဝင်ရောက်လာလေတော့သည်။ အင်ပါယာမီးပြင်းဖိုက တာအိုသခင်မြောင်ယင်၏ အပူဇော်ခံမီးတောက်နယ်မြေ နှစ်ဆယ်ရာခိုင်နှုန်းလောက်ကို စုပ်ယူလိုက်ပေသည်။
ခရမ်းရောင်ပင်လယ်၏ နှစ်ဆယ်ရာခိုင်နှုန်းသည် အင်ပါယာမီးပြင်းဖို၏ နယ်မြေတွင် ပြည့်လျှံသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ၎င်းသည် ထပ်မံစုပ်ယူနိုင်စွမ်း မရှိတော့ပေ။
အဖြစ်အပျက်များသည် မြန်ဆန်လွန်းလှ၏။ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်၏ နာကျင်မှုကို တောင့်ခံနေရင်းကနေ နောက်ဆုံး၌ သူ့လက်ကို ဖြေလျှော့လိုက်တော့၏။ ထို့နောက် အင်ပါယာမီးပြင်းဖိုက အလင်းတန်းအဖြစ်ပြောင်းကာ သူ၏မျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွား၏။ ရှေးဟောင်းသစ်ရွက်နှစ်ရွက်ကိုပါ ဝမ်လင်းက ပြန်လည်ယူဆောင်လိုက်ပြီး ဖြစ်၏။
ထို့နောက်တွင်မူ သူ၏ခန္ဓာကိုယ်သည် မြူပင်လယ်၏အောက်ခြေထိ ဧရာမလက်ကြီး၏ ဆွဲချခြင်း ခံရလေ၏။ မြူများသည် အဘက်ဘက်ကနေ တလိမ့်လိမ့် စုဝေး၍ ထိုလက်ကြီး၏ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့ထဲ၌ ပြည့်နှက်ကုန်သည်။ သိပ်မကြာခင်တွင် အရာအားလုံးသည် မြူများ ပြည့်နှက်သွားသည်။ ထို့နောက် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားလေတော့၏။
နာရီများစွာ ကြာပြီးနောက် ကျင့်ကြံသူနှစ်ဆယ်ကျော်အုပ်စုတစ်စုသည် သည်နေရာသို့ ပျံသန်းလာကြ၏။ သူတို့သည် မည်သည့်အရာကိုမျှ သတိမပြုမိကြတော့ပေ။
“ထူးဆန်းတယ်။ မြေပုံအရဆိုရင် ဒီနေရာမှာ ချိပ်ပိတ်မြေတစ်ခု ရှိနေသင့်တာလေ…”
“ငါတို့အချိန်အကြာကြီး ရှာခဲ့ပြီးပြီး ဒါပေမဲ့ ခုထိ ဒီချိပ်ပိတ်မြေကို မတွေ့သေးဘူး။ မြေပုံကများ မှားနေတာလား…”
ထိုအုပ်စုသည် တဖြည်းဖြည်း ပျံသန်းသွားတော့သည်။
***