အပိုင်း (၁၅၀၉)
Vol. 110 Ch. 1509
ဝမ်လင်းသည် သူ၏အဆင့်ငါးကျောက်ဖျာကို ပြီးပြည့်စုံစေခဲ့ပြီး ဖြစ်၏။ ခြောက်ခုမြောက်မြေပုံတွင်မူ မြူများသည် ထူထဲစွာ ရှိမနေပေ။ သို့သော် ထိုနေရာတွင် ဟင်းလင်းပြင်အက်ကြောင်းများစွာ ရှိလို့နေ၏။ လူတစ်ယောက်သည် အနည်းငယ် သတိပေါ့မိသည်နှင့် အစိတ်စိတ် ဖြစ်သွားနိုင်သည်။
ထိုနေရာတွင် ပေခြောက်သောင်းကျောက်ဖျာတစ်ခု ရှိနေ၏။ ၎င်းကို မရေမတွက်နိုင်သောအရိုးခေါင်းများက ဝန်းရံလို့နေသည်။ ယင်းတို့သည် ရှုပ်ထွေးသော်လည်း အရိုးခေါင်းအစီအရင်တစ်ခုကို ဖန်တီးလို့နေ၏။
ထိုကျောက်ဖျာပေါ်တွင် အဘိုးအိုတစ်ယောက်ထိုင်နေကာ သူသည် သွေးများ ရွှဲနစ်လို့နေသည်။
ထိုအဘိုးအိုသည် ဝတ်စုံနက်ကို ဝတ်ဆင်ထားကာ သူ၏ခေါင်းတစ်ဝက်မှာ ဖြူနေ၏။ သူ့မျက်နှာသည် အိုလိုက်၊ငယ်ရွယ်လိုက်အသွင် ပြောင်းလဲလို့နေသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် လကဲ့သို့ အမှတ်အသားတစ်ခု ရှိ၏။ သို့သော် ထိုအမှတ်အသားသည် လကလန်မှ အမှတ်အသားမျိုး မဟုတ်ပေ။ ထိုအစား ၎င်းက မိစ္ဆာချိပ်တံဆိပ်တစ်ခုနှင့် တူညီသည့်ပုံပေါက်သည်။
တာအိုသခင်မြောင်ယင်၏ ကိုယ်ပွားသည် သည်နေရာတွင် ရှိနေပါက သူသည် တုန်လှုပ်မိမည် ဖြစ်ကာ အတော်လေးလည်း သတိထားသွားနိုင်၏။ ထိုလူမှာ အရင်တုန်းက ပြိုလဲကုန်းမြေ၌ ဒဏ်ရာရခဲ့ဖူးသော သခင်ငါးပါးထဲမှ တစ်ယောက် ဖြစ်သူ၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုပင်။
မိစ္ဆာသခင်ကောင်းကင်ကိုးခုက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် အဖြူနှင့်အနက်တို့ တဖျပ်ဖျပ် လင်းလက်သည်။
“ခြောက်ယောက်မြောက်…” မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ အသံသည် ကြမ်းရှ၏။
လေးခုမြောက်မြေပုံဧရိယာအတွင်း၌ မြူများသည် မြင့်တက်လျက် တစ္ဆေငြီးသံများ မြည်ဟိန်းနေ၏။ ထိုမြည်ဟိန်းသံများသည် လူတစ်ယောက်၏စိတ်ကို လှုပ်ခါစေနိုင်သည်။ ထိုနေရာတွင် ကျင့်ကြံသူများများစားစား ရှိလို့မနေပေ။ မြူသည် တုန်ဟည်းနေလျက် ပေငါးသောင်းကျောက်ဖျာတစ်ခုက ရှေ့သို့ မြန်ဆန်စွာ ပျံသန်းလာနေသည်။
ထိုကျောက်ဖျာပေါ်တွင် ဗလတောင့်တောင့်လူတစ်ယောက် ထိုင်နေ၏။ သူ့နောက်တွင်မူ ဧရာမဝံပုလွေအရိပ်ကြီးတစ်ခု ရှိနေဟန် ရသည်။
ထိုကျောက်ဖျာသည် သွေးများဖြင့် စွန်းထင်းနေ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာ ရှိသည်။ သူသည် ဝမ်လင်းနောက်သို့ လိုက်ရင်း ရှေးအမိန့်သင်္ချိုင်းအတွင်း ရောက်လာခဲ့သော ကောင်းကင်ဘုံဝံပုလွေကလန်မှ တတိယအဆင့်ကျင့်ကြံသူ ဖြစ်လေ၏။
ကျောက်ဖျာက ရှေ့သို့ မြန်ဆန်စွာ ရွှေ့လျားနေရင်း သူ၏အမူအရာသည် အလေးအနက် ဖြစ်နေ၏။ သို့ပေမည့် သူ့မျက်လုံးကမူ တလက်လက် ဖြစ်နေသည်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ သူ့ညာလက်က ကျောက်ဖျာပေါ်သို့ ဖိချသွားရင်း သူ၏စိတ်အတွင်း၌ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။
ခဏအကြာတွင် သူ၏အမူအရာသည် အလွန်သုန်မှုန်လာတော့သည်။
“နောက်ထပ်အဆင့်ငါးကျောက်ဖျာတစ်ခု ပေါ်လာခဲ့ပြီ။ ငါ သိချင်တာက ဒီကျောက်ဖျာပေါ်မှာ ဘယ်တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေလည်း ဆိုတာပဲ…”
မြူပင်လယ်၏အတွင်းနက်ပိုင်းတွင် မရေမတွက်နိုင်သော ချိပ်ပိတ်ကျောက်ဖျာများ လွင့်မြောလို့နေ၏။ ၎င်းတို့အထက်တွင် ပေငါးသောင်းကျောက်ဖျာတစ်ခုက မြူများကို ဖြတ်၍ အလျင်အမြန် ပျံသန်းလို့နေသည်။ ၎င်းကျောက်ဖျာပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ထား၏။ သူမ၏ရှည်လျား နက်မှောင်သောဆံနွယ်က လေနှင့်အတူ လွင့်၍နေ၏။ သူမ၏အမူအရာမှာ မထူးခြားနားဟန် ပေါက်သည်။
ရှေ့သို့ ဆက်တိုးလာရင်း သူမက ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူမ၏အမူအရာသည် ဒုတိယကြိမ်မြောက် အေးစက်သွားလေသည်။
“ဘယ်သူဖြစ်မလဲ။ မြောင်ယင်များ ဖြစ်နိုင်မလား…” ထိုအမျိုးသမီးက အနည်းငယ် စဉ်းစားပြီးနောက် ကျောက်ဖျာနှင့်အတူ ရှေ့ဆက်သွားလေသည်။
ရှေးအမိန့်သင်္ချိုင်း၏ ပိုနက်သောအတွင်းပိုင်း၌ မြူများ ကင်းမဲ့သော ဧရိယာတစ်ခု ရှိသည်။ ထိုနေရာတွင် အရာအားလုံးကို ဆုတ်ဖြဲပစ်နိုင်သည့် အတောမသပ်လေစီးကောင်းများ ရှိလို့နေသည်။
ဟိန်းသံတစ်ခု ပဲ့တင်ထပ်လာရင်း ပေရာချီပုံရိပ်တစ်ခုသည် ရှေ့သို့ အရူးအမူး လှမ်းလာနေသည်။ သူသည် မမြန်လွန်းပေ။ အဆုံးမဲ့လေစီးကြောင်းများက သူ၏ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ရိုက်ခတ်နေရာ ဒဏ်ရာများကို ဖန်တီးနေသည်။ ထိုအဖြစ်က သည်ပုံရိပ်ကို ပို၍ ဒေါသတကြီး ဟိန်းအော်သံ ထုတ်ဖော်စေလေသည်။
ထိုပုံရိပ်၏နောက်တွင် ပေတစ်သောင်းကျော် ကျောက်ဖျာတစ်ခု ရှိ၏။ ထိုကျောက်ဖျာပေါ်တွင် ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမသည် အလွန်တရာ စွဲဆောင်မှု ရှိကာ လူအများ၏ စိတ်နှလုံးသားကို ဖမ်းစားနိုင်သည့်အလှကို ပိုင်ဆိုင်ထားသည်။
“အစ်ကိုကြီးထာဆန်ဟာ အမြန်ဆုံးပဲ။ ဒီညီမလေးက အစ်ကိုကြီးကို မှီခိုပြီး ဒီသင်္ချိုင်းရဲ့ အတွင်းနက်ပိုင်းထဲ ဝင်လာနိုင်ခဲ့တာပါ…” ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက သူမ၏ပါးစပ်ကို အုပ်ကာ ပြုံးလိုက်၏။ သူမ၏လှပသောမျက်လုံးတို့မှာ ဆွဲညှို့နိုင်လွန်း၏။ သူမ၏အသံမှာလည်း စွဲဆောင်မှုအပြည့်ပင်။
“ဒီနတ်ဘုရားအတွက် ပါးစပ်ပိတ်ထားစမ်း။ စုန်းမ။ နင်ဟာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းလွန်းတယ်။ နင်သာ ထပ်ပြီး ဆူညံဆူညံလုပ်နေရင် ဒီနတ်ဘုရားက…”
ထာဆန်၏စကားမဆုံးသေးခင်မှာပင် သူမ၏ရယ်သံသည် ထပ်မံ ပျံ့လွင့်လာ၏။ သူမ၏ခန္ဓာကိုယ်သည်ပင် ရယ်နေရင်း တုန်ခါနေလေ၏။
“ဒီညီမလေးဟာ တစ်လမ်းလုံး နင့်ရဲ့ ကြမ်းတမ်းမှုကို သဘောကျခဲ့တာ။ ငါတို့ ဒီမှာ ရပ်ပြီးတော့ နင့်ရဲ့ ဒေါသတွေ ပေါက်ကွဲဖို့အတွက် ငါ့အနေနဲ့ နင့်ကို ချိုမြိန်မှု ပေးမယ်ဆိုရင်ရော…ဘယ်လိုလဲ…အဆင်ပြေလား…”
ထာဆန်၏မျက်နှာထက်ရှိ သွေးကြောများသည်ပင် ဖောင်းကြွလာ၏။ သူက မာန်သွင်းကာ ထိုမိန်းမကို အာရုံစိုက်မနေတော့ဘဲ ရှေ့သို့သာ ဆက်သွားလေတော့သည်။
သူတို့နှစ်ယောက်သည် အကွာအဝေးတစ်ခုထံသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ငါးခုမြောက်မြေပုံဧရိယာအတွင်း၌ ဝမ်လင်းသည် စဉ်းစားလို့နေသည်။ သူက ရှေးဟောင်းအသံကို သူ့စိတ်အတွင်း ကြားရသည့်အခါ၌ သူ၏နတ်ဘုရားအာရုံကို ကျောက်ဖျာထံမှ ပြန်ရုတ်သိမ်းရန် ဟန်ပြင်လိုက်သည်။
“အဆင့်ငါးကျောက်ဖျာကို ပိုင်ဆိုင်တာဟာ မင်းအနေနဲ့ ပြန်လည်မွေးဖွားခြင်းတံခါးကို ဖွင့်လှစ်နိုင်ပြီး ငါ့အမွေအနှစ်ကို ရနိုင်တဲ့သူ ဖြစ်လာနိုင်တယ် တစ်စုံတစ်ယောက်လို့ ဆိုလိုတယ်။ အဆင့်ကိုးဟာ နောက်ဆုံးအဆင့်ပဲ။ ငါ့ကလန်က တစ်ယောက်ကသာ ပြန်လည်မွေးဖွားခြင်းတံခါးအတွင်း ဝင်နိုင်ပြီး အမွေအနှစ်ကို ရှာနိုင်မှာ ဖြစ်တယ်။ ငါ့ကလန်ဝင် မဟုတ်ခဲ့ရင် သူတို့ဟာ ငရဲကိုပဲ သွားရလိမ့်မယ်…။ ဒီအရှင်...ယဲ့မို…”
ထိုအသံသည် ဝမ်လင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ ဝမ်လင်း၏စိတ်မှာလည်း သည်ရှေးသင်္ချိုင်းနှင့် တစ်သားတည်း ဖြစ်လာသည့်နှယ်။ သူ့အပြင် သူက တခြားအော်ရာလေးခုကိုလည်း ရှင်းလင်းစွာ ခံစားမိသည်။
“ရှေးအမိန့်ယဲ့မို…” ဝမ်လင်း၏စိတ်သည် လှုပ်ခါနေ၏။ သည်တစ်ကြိမ်က သူ ထိုနာမည်ကို ကြားရသော ဒုတိယကြိမ်ပင်။ ပထမအကြိမ်တုန်းက သူသည် ယင်းနာမည်ကို ပထမမျိုးဆက်ဟင်္သာငှက်ထံမှ ကြားခဲ့ရ၏။ သူက ပထမမျိုးဆက်ဟင်္သာငှက် ပြောခဲ့သောစကားများကို ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။
“ဒီအဘိုးအိုဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့ အများကြီး သိမထားပေမယ့် ငါ့ခေတ်ကာလတုန်းက ဒီရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားဟာ ကောင်းကင်တုန်လှုပ်ဖွယ်ရာပဲ။ အတိတ်တုန်းက ရှေးအမိန့်ယဲ့မိုဟာ ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူလောက် မသန်မာခဲ့ပေမယ့်လည်း ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူတောင်မှ သူ့ကို ရှိန်ခဲ့ရတယ်…”
ဝမ်လင်းသည် အချိန်အကြာကြီး စဉ်းစားနေ၏။ ထို့နောက် သူ့မျက်လုံးသည် တောက်ပလာသည်။
ဝမ်လင်း၏ ဉာဏ်ရည်ဖြင့် သူက ထိုအော်ရာလေးခုသည် သူ့လိုပင် အဆင့်ငါးကျောက်ဖျာ၊ သို့မဟုတ် ပိုမြင့်သောအဆင့်ရှိ ကျောက်ဖျာများ ပိုင်ဆိုင်ထားသည်ကို သိရှိသည်မှာ သဘာဝပင်။
“အဆင့်ငါးကျောက်ဖျာကို ရရှိပြီးတဲ့နောက် ငါဟာ သူတို့ရဲ့ တည်ရှိမှုကို အာရုံခံမိတယ်။ ဒီတော့ သူတို့လည်း ငါ့တည်ရှိမှုကို အာရုံခံမိမှာ သေချာတယ်…”
“ဒီရှေးအမိန့်သင်္ချိုင်းဟာ အလွန်တရာ ထူးဆန်းလွန်းတယ်…။ ဟိုအသံက ဘယ်နေရာကနေများ ထွက်ပေါ်လာခဲ့တာလဲ…”
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက ထိုအသံကြောင့် စိတ်မငြိမ်မှုကို ဖိနှိပ်လိုက်၏။ သူက သူ့အောက်ရှိ ကျောက်ဖျာကို ငုံ့ကြည့်လိုက်မိသည်။ သူသည် ခုချိန်၌ သည်နေရာမှာ ရှေးအမိန့်သင်္ချိုင်းဖြစ်သည်ကို သေချာနေပေပြီ။ သည်ကျောက်ဖျာများက သော့ချက်များ ဖြစ်ပေမည်။
“အဲ့အသံအရဆို ငါဟာ လူတိုင်းထက်အရင် အဆင့်ကိုးကျောက်ဖျာကို ရအောင် လုပ်ရမယ်…” ဝမ်လင်းသည် မြူအတွင်းနက်ပိုင်းသို့ ကြည့်လိုက်၏။ မြေပုံအရ သည်နေရာမှာ ဆန်းကြယ်သောတောအုပ် တည်ရှိသောနေရာပင်။
“လောဘကြီးဟာ ရှေးဟောင်းသစ်ရွက်နဲ့ ရုပ်တုကို ဒီနေရာကနေ ရလာခဲ့တာ။ သူက ရုပ်တုကို ထိလိုက်တဲ့နောက် ဝဲကတော့တစ်ခု ပေါ်လာခဲ့တယ်လို့လည်း ပြောခဲ့ဖူးတယ်။ သူ အဲ့ဝဲကတော့ထဲ ဝင်သွားပြီးတဲ့နောက် ဒီသင်္ချိုင်းကနေ ထွက်လာပြီး ပြင်ပနယ်မြေ(ရှေးဟောင်းကြယ်အဖွဲ့အစည်း)ကို ရောက်လာခဲ့တာလို့ ဆိုခဲ့တယ်။ ငါ သိချင်တာက ဒီမှာ အဲ့ဝဲကတော့ ရှိနေသေးလား ဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ အဲ့တောအုပ်ဆီတော့ သွားကြည့်ရမယ်…”
သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် ဝမ်လင်းက ကျောက်ဖျာကို ထိန်းချုပ်၍ ရှေ့သို့ မြန်ဆန်စွာ ဆက်သွားတော့၏။ သူက သူ့ဒဏ်ရာများ မြန်နိုင်သမျှမြန်မြန် ကောင်းမွန်အောင် သေချာ လုပ်ရပေမည်။
သူက သူ၏အော်ရာကိုလည်း ဖြန့်ကျက်ထားပြီး မြူအတွင်းမှ လူသားအသွင်သားရဲများစွာကို စွဲဆောင်ထား၏။ ထိုသားရဲများ နီးကပ်လာသည်နှင့် သွေးအလင်းလင်းလက်ကာ ယင်းတို့သည် ချက်ခြင်း သေဆုံးကုန်သည်။ ၎င်းတို့၏အသက်ဓာတ်အားသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ သူ၏ဒဏ်ရာများကို အမြန်ပြန်ကောင်းမွန်စေသည်။
သူက ရှေ့ဆက်တိုးလာရင်း ဆက်လက် သတ်ဖြတ်နေ၏။ နာရီများစွာ ကြာပြီးနောက် ဝမ်လင်းသည် သူ အသက်ဓာတ်ဝါးမြိုခဲ့သော သားရဲအလောင်းများစွာကို ချန်ရစ်ထားခဲ့ပြီး ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် ကျောက်ဖျာသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ထိုကျောက်ဖျာရှေ့တွင် မြူဟူ၍ ရှိမနေတော့ပေ။ သို့သော် သွေ့ခြောက်သောအဝါရောင်အလင်းတစ်ခုက ပုံပျက်ယွင်းမှုကို ဖန်တီးလျက် ရှိလို့နေ၏။
ဝမ်လင်းသည် မျက်လုံးဖွင့်ကာ သူ့ရှေ့ရှိ ယိုယွင်းမှုထံ ကြည့်လိုက်သည်။ သူ့နတ်ဘုရားအာရုံက ၎င်းထံသို့ ပျံ့နှံ့သွား၏။ သို့သော် သူ့နတ်ဘုရားအာရုံက ၎င်းပုံပျက်ယွင်းမှုနှင့် ထိမိသွားသည်နှင့် ပြင်းထန်သောအားတစ်ခုကြောင့် နောက်ပြန်ကန်လာသည်။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ ပုံပျက်ယွင်းနေသော အဝါရောင်အလင်းက အရူးအမူး လင်းလက်၏။ သိပ်မကြာခင်တွင် သစ်ရွက်အရိပ်အမှတ်အသားတစ်ခုသည် ပေါ်လာ၏။
ထိုအမှတ်အသားအသွင်က ရှေးဟောင်းသစ်ရွက်နှင့် အလွန်တူ၏။
ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်းသစ်ရွက် ပေါ်လာ၏။ သူက ထိုသစ်ရွက်ကို ပစ်လွှတ်လိက်ရာ ၎င်းက ပုံပျက်နေသောအဝါရောင်အလင်းထံ ပျံသန်းသွားသည်။ သိပ်မကြာင်တွင် ၎င်းက သစ်ရွက်အမှတ်အသားအတွင်းသို့ ကျရောက်သွားသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်လာကာ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာလေ၏။ အဟတစ်ခုသည် ချက်ခြင်း ဖြစ်ပေါ်လာသည်။
ဝမ်လင်းက ကျောက်ဖျာကို ချက်ခြင်း သိမ်းဆည်း၍ ထိုအဟအတွင်းသို့ ဝင်ရောက်လိုက်သည်။ သူ ပျောက်ကွယ်သွားပြီးနောက် အဟသည် ပြန်ပိတ်ဆို့သွားပြီး အဝါရောင်ပုံပျက်မှု ထပ်မံ ဖြစ်ပေါ်သည်။
ခြောက်သွေ့သောအော်ရာတစ်ခုက ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လာ၏။ ၎င်းထံ၌ သေဆုံးခြင်းအရသာ ပါဝင်နေချေ၏။ ဝမ်လင်းက ခြောက်သွေ့နေသောသစ်ပင်များ ပြည့်နှက်နေသည့် တောအုပ်တစ်ခုအတွင်း၌ ပေါ်လာသည်။ ၎င်းတောအုပ်မြင်ကွင်းသည် တုန်လှုပ်ဖွယ်ရာ ကောင်း၏။
“ဒီနေရာပဲ…” ဝမ်လင်းအကြည့်က သည်ဧရိယာသို့ ဝေ့ဝိုက်ကျရောက်သွား၏။ သည်နေရာသည် လောဘကြီး ဖော်ပြခဲ့သောနေရာနှင့် ချွတ်ဆွတ်တူနေသည်။ ဝမ်လင်းက တောအုပ်အလယ်သို့ ဦးတည်၍ တဟုန်ထိုး ပျံသန်းသွားသည်။
သည်တောအုပ်သည် ကြီးမားလွန်း၏။ ဝမ်လင်း၏အမြန်နှုန်းဖြင့်ပင် သူ့အတွက် ခြောက်သွေ့သောသစ်ပင်များ မရှိသည့် တောအုပ်အလယ်ဗဟိုသို့ ရောက်ရန် အချိန်တစ်ခု ယူရပေမည်။
ထိုဧရိယာထက်တွင် ဝဲကတော့တစ်ခု ရှိနေ၏။ ကြည့်ရသည်မှာ ၎င်းဝဲကတော့က တခြားနယ်မြေတစ်ခုဆီ ဦးတည်သည့် အရာတစ်ခုလိုပင်။
ဝမ်လင်းက ထိုဝဲကတော့နှင့် ပေတစ်ထောင်အကွာတွင် ခြေချလိုက်၏။ သူက ဝဲကတော့အောက်ဘက်ရှိ မြေပြင်ထက်သို့ ကြည့်လိုက်ရာ ၎င်းသည် ခွက်ဝင်နေသည်အား တွေ့လိုက်ရသည်။ ဟိုးလွန်ခဲ့သောအချိန်များက ယင်းနေရာ၌ ရုပ်တုတစ်ခု ရှိခဲ့သည့်အလား။ ခုထိ မသွေ့ခြောက်သေးသော သစ်ငုတ်တိုတစ်ခုလည်း ရှိနေ၏။
“ရှေးသစ်ရွက်ဟာ အလွန်အစွမ်းထက်တဲ့ ရတနာတစ်ခုပဲ။ ၎င်းဟာ ဒီနေရာမှာ မွေးဖွားလာမှတော့ ဒီသစ်ရွက်ကို ထပ်ရနိုင်တဲ့ တခြားနည်းလမ်းတစ်ခု ရှိရလိမ့်မယ်…”
ဝမ်လင်းသည် နောက်ဆုတ်လိုက်ပြီး သွေ့ခြောက်နေသောသစ်ပင်တစ်ပင်နားသို့ ရောက်လာ၏။ သူ့လက်ကို ထိုသစ်ပင်ပေါ်သို့ တင်လိုက်ပြီး သူ၏နတ်ဘုရားအာရုံကို သစ်ပင်အတွင်း ပို့လွှတ်ကာ လေ့လာလိုက်သည်။
သို့ပေမည့် သူ့နတ်ဘုရားအာရုံ ထိုသစ်ပင်အတွင်းသို့ ဝင်သွားခါစမှာပင် ဝမ်လင်းသည် အံ့အားသင့်မိသွားသည်။ သူသည် သူ၏နတ်ဘုရားအာရုံသည် သစ်ပင်အတွင်းသို့ ဝင်ကာ အောက်ဘက်ရှိ မြေပြင်ထဲသို့ပါ ဝင်ရောက်သွားသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်၏။ သူက တစ်စုံတစ်ခုကို တွေ့မြင်လိုက်ရကာ သူ့အား တုန်လှုပ်မိသွားစေသည်။
ဝမ်လင်းသည် သူ့ညာလက်ကို ခပ်မြန်မြန် ပြန်ရုတ်သိမ်းလိုက်ပြီး လေထဲသို့ ခုန်တက်၏။ သူက လေထဲကနေ အောက်သို့ ငုံ့ကြည့်လိုက်သည်။
သည်ကြီးမားထူးဆန်းသောတောအုပ်၏ ပုံစံအသွင်က ဦးခေါင်းခွံတစ်ခု၏ပုံစံမျိုး ဖြစ်လို့နေသည်။
“ဒီတော့ ဒါက ဒီလိုပေါ့…” သူ့အကြည့်က သွေ့ခြောက်တောအုပ်ကို ထွင်းဖောက်သွားပြီး အောက်ဘက်ရှိအရာကို ကြည့်သည်။ သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက လက်ဝေ့ယမ်းလိုက်ရာ သွေးဓားပေါ်လာသည်။ ၎င်းဓားက အောက်ဘက်ရှိ မြေပြင်ထံ တိုးဝင်သွားသည်။
ထိုအခိုက်အတန့်၌ လေးခုမြောက်မြေပုံဧရိယာအဆုံးသပ်နားတွင် ကောင်းကင်ဘုံဝံပုလွေကလန်၏ ဗလတောင့်တောင့်လူက မြေပုံအတိုင်း လိုက်လာပြီး ငါးခုမြောက်မြေပုံဧရိယာအတွင်း ဝင်ရောက်လာသည်။
သူ၏အမူအရာ ပုန်းလျှိုးကွယ်လျှိုးဟန် ပေါက်သည်။ သူ့မျက်လုံးထဲ၌လည်း လောဘရိပ်တို့ ရှိနေ၏။ ငါးခုမြောက်မြေပုံအတွင်း ဝင်ရောက်လာပြီးနောက် သူက လက်ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းသစ်ရွက်တစ်ရွက် သူ့လက်ထဲတွင် ပေါ်လာလေ၏။
“ဒီသစ်ရွက်နှစ်ရွက်ထဲက တစ်ရွက်ကို ရဖို့ ငါ အတော်လေး အားစိုက်ထုတ်ခဲ့ရတယ်။ ဒါပေမဲ့ တစ်ခြားတစ်ရွက်ကိုတော့ လင်းတန်က ရသွားခဲ့တယ်။ ပြီးတော့တ သူက သဲလွန်စမရှိ ပျောက်သွားခဲ့တယ်။ ဒီသစ်ရွက်ဟာ အတော်လေး သာမန်ဆန်တဲ့ပုံ ပေါက်တယ်။ ငါသာ ဟိုသောက်ကျင့်ကြံသူလေးနောက် လိုက်လံခဲ့တဲ့အချိန်က ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်က အစွမ်းနဲ့ ဆင်တူတဲ့စွမ်းအားဟာ ဒီသစ်ရွက်မှာ ရှိနေတယ်ဆိုတာကိုသာ မမြင်ခဲ့ရင် ငါဟာ ဒါရဲ့ အရေးကြီးပုံကို သိမှာ မဟုတ်လောက်ဘူး…”
“ငါးခုမြောက်မြေပုံအဆုံးသပ်နားမှာ သစ်ရွက်အမှတ်အသားတစ်ခုလည်း ရှိနေတယ်။ ဖြစ်နိုင်တာက အဲ့မှာ ဒီလိုမျိုးသစ်ရွက်တွေ ထပ်ရှိနေတာများလား…”
ဗလတောင့်တောင့်လူက နှုတ်ခမ်းသပ်လိုက်ပြီး သူ့ကျောက်ဖျာကို ထိန်းချုပ်၍ ရှေ့သို့ ဆက်တိုးလာလေသည်။
***