ခွင့်ပြုပေးသောတာအို
Vol. 110 Ch. 1511
“ရှေးဟောင်းကောင်းကင်ဘုံသားအင်ပါယာဟာ တွေးခဲ့တဲ့ တခြားနည်းလမ်းဟာ ရှေးအမိန့်နဲ့ ပတ်သတ်နေလောက်တယ်။ ရှေးဟောင်းကောင်းကင်ဘုံသားအင်ပါယာဟာ ရှေးအမိန့်ကို ဒီနေရာထိ ဖြားယောင်းခဲ့မယ်။ သူဟာ ရှေးအမိန့်နဲ့ ကလန်သုံးခု(ရှေးဟောင်းနတ်ဘုရားကလန်၊ ရှေးဟောင်းမိစ္ဆာကလန်၊ ရှေးဟောင်းနတ်ဆိုးကလန်) ပတ်ခြာလည်မှာ အကြံအစည်တွေ ချမှတ်ခဲ့တယ်။ သူဟာ သူတို့ကို အသုံးပြုပြီး ကောင်းကင်ဘုံတာအိုကို မြှင့်တင်ချင်ခဲ့တယ်…”
“ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာလို လူမျိုးဟာ သူ တစ်ရာရာခိုင်နှုန်းသေချာမှသာ လှုပ်ရှားမှာ။ ဒါ့ကြောင့် သူဟာ အောင်မြင်သွားသင့်တယ်…။ ဒါပေမဲ့ အဆုံးသပ်မှာ ကောင်းကင်ဘုံတာအိုဟာ ဘယ်လိုများ အသက်ခံခဲ့ရလဲ…”
“ဒါ့အပြင် မဟာမိတ်ကြယ်အဖွဲ့အစည်းမှာတုန်းက ငါ နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်တဲ့အချိန်မှာ မထင်မှတ်ဘဲ ငါက ထူးဆန်းတဲ့လောကတစ်ခုကို ဦးတည်တဲ့ လေဟာနယ်အက်ကြောင်းတစ်ခုကို ဖွင့်လှစ်သွားစေခဲ့တယ်။ အဲ့လောကမှာဆို ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းမိစ္ဆာ၊ ရှေးဟောင်းနတ်ဆိုး ရုပ်တုတွေ အများကြီး ရှိနေတယ်။ အဲ့နေရာဟာ ဒီရှေးအမိန့်သင်္ချိုင်းနဲ့ ဆက်စပ်နေမလား။ ပြီးတော့ ခုနစ်ရောင်စုံဝတ်ရုံနဲ့တာအိုပညာရှင်နဲ့ကော ပတ်သတ်နေမလား…”
“ဒါ့အပြင် ဟင်္သာငှက်မျိုးဆက်တိုင်းနီးပါးဟာ ချိပ်ပိတ်ခံထားရတယ်။ အရာအားလုံးက အုပ်စိုးသူရဲ့ဆရာဆီကို ညွှန်ပြနေတယ်။ ဒါဆိုရင် အုပ်စိုးသူရဲ့ဆရာဟာ ဘယ်သူလဲ…”
“ဒါ့အပြင် ငွေရောင်အမျိုးသမီးကလည်း ခုနစ်ရောင်စုံတာအိုပညာရှင်ရဲ့ ရုပ်တုကို မြင်တာနဲ့ အသည်းအသန် အလန့်တကြား အော်ဟစ်ခဲ့သေးတယ်။ သူမဟာ တံခါးကို မဖွင့်ခဲ့ဘူးလို့ပဲ ထပ်ခါထပ်ခါ ပြောနေခဲ့တယ်။ သူမ ပြောခဲ့တဲ့ တံခါးဟာ အတိအကျဆို ဘာများလဲ။ ခုနစ်ရောင်စုံတာအိုပညာရှင်ဟာ ဘာကြောင့် စိတ်ဆိုးပြီး သတ်ဖြတ်မှုတွေ လုပ်ခဲ့တာလဲ…”
“ဒီတံခါးဟာ…အင်း…ဒီတံခါးဟာ ကောင်းကင်ဘုံတာအိုရှိ ဦးတည်တဲ့ ဝင်ရောက်နိုင်တဲ့ တံခါးများ ဖြစ်နိုင်မလား။ ဒါမှမဟုတ် ဒီတံခါးနောက်ကွယ်မှာ သူ့ရန်သူကို ချိပ်ပိတ်ထားတာလား။ ဒါမှမဟုတ် တခြားလောကတစ်ခုကို ဦးတည်တဲ့ တံခါးလား…”
“ဒါမှမဟုတ် ငါ ခန့်မှန်းမိတဲ့အရာအားလုံးဟာ မှားနေမလား…” ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ သူက သူ ရှာတွေ့ခဲ့သော သဲလွန်စများအရ အခုလိုထိ ခန့်မှန်းပိုင်းခြားကြည့်နေသည်။ သူက သူ့ခန့်မှန်းချက်များအပေါ်တွင် သူ့ကိုယ်သူ မသေချာမရေရာ ဖြစ်နေ၏။
“အဆင့်ငါးကျောက်ဖျာ ဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ သူ့ကိုယ်သူ ယဲ့မိုလို့ ခေါ်တဲ့အသံက သူ့ကလန်ရဲ့ လူတွေကသာ သူ့အမွေအနှစ်ကို ရဖို့အတွက် ပြန်လည်မွေးဖွားခြင်းတံခါးကို ဖြတ်သန်းနိုင်မယ်လို့ ဆိုခဲ့တယ်။ သူ့ကလန်မဟုတ်တဲ့သူတွေဟာ မြေနန်းတော်ဆီပဲ သွားနိုင်မယ်။ ဒါဆို မြေနန်းတော်က ဘယ်လိုအရာလဲ…”
ဝမ်လင်းသည် စဉ်းစားနေ၏။ သူ၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ရှေးအမိန့်သင်္ချိုင်းရဲ့ တည်ရှိမှုဟာ ခုနစ်ရောင်စုံတာအိုပညာရှင်နဲ့ ပတ်သတ်နေမှာတော့ သေချာတယ်။ ဒီနေရာဟာ ကောင်းကင်ဘုံတာအိုကို မြှင့်တင်ဖို့ နေရာများလား။ ဒါမှမဟုတ် ယဲ့မိုက သူ့ရဲ့အမွေအနှစ်ကို သူ သေပြီးတဲ့နောက် လက်ဆင့်ကမ်းပေးဖို့များ ဒီနေရာကို ဖန်တီးခဲ့တာလား...”
“ဒါကို ရှေးအမိန့်သင်္ချိုင်းလို့လည်း ခေါ်တယ်။ ဖြစ်နိုင်တာက ရှေးအမိန့်ယဲ့မိုရဲ့ သင်္ချိုင်းများလား…” ဝမ်လင်းသည် ပို၍ စဉ်းစားလေလေ ပို၍ စိတ်ရှုပ်ထွေးလာလေပင်။
အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချလိုက်၏။ သည်စိတ်ရှုပ်ထွေးစရာ ကောင်းလွန်းသော ကိစ္စများအပေါ် သူ ဆက်မတွေးတော့ပေ။ သူ၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ ဘေးပတ်လည်ရှိ သွေ့ခြောက်သစ်ပင်များကို ကြည့်လိုက်သည်။
“ငါသာ မမှားရင် ဒီသစ်ပင်တွေကို တစ်စုံတစ်ယောက်က စိုက်ပျိုးထားခဲ့တာ။ ရုပ်တုဟာ ဒီဦးခေါင်းခွံကို ချိပ်ပိတ်ပြီးတဲ့နောက် အပင်တွေဟာ ဦးခေါင်းထဲမှာ ရှိတဲ့ ရှေးဟောင်းနတ်ဘုရားအော်ရာကို စုပ်ယူခဲ့တာပဲ…”
“ဒီတော့ ဒီအပင်တွေအားလုံး သွေ့ခြောက်သေဆုံးသွားတာဟာ ဦးခေါင်းခွံထဲမှ ရှိတဲ့ ရှေးဟောင်းနတ်ဘုရားစွမ်းအားတွေ အချိန်ဖြတ်သန်းမှုအောက်မှာ လွင့်ပါးပျောက်ကွယ်သွားတာကြောင့်ပဲ ဖြစ်ရမယ်။ ဒီစွမ်းအား မရှိတော့တဲ့အတွက် ဒီအပင်တွေ သွေ့ခြောက်သွားတာ။ လောဘကြီး ဒီနေရာကို လာခဲ့တဲ့အချိန်တုန်းက သူဟာ အပင်တစ်ပင် ကျန်နေသေးတာကို တွေ့မြင်ခဲ့တယ်တဲ့။ သူသာ ရောက်မလာခဲ့ရင် အဲ့နောက်ဆုံးလက်ကျန်အပင်ဟာလည်း သွေ့ခြောက်သေဆုံးသွားနေလောက်ပြီ…”
“လောဘကြီးအပြင် ဟိုးလွန်ခဲ့တဲ့အချိန်တွေတုန်းက တစ်စုံတစ်ယောက်ဟာလည်း ဒီကို လာခဲ့လောက်တယ်။ အဲ့လူတွေထဲမှာ ဒီအပင်တွေကို စိုက်ပျိုးခဲ့တဲ့သူလည်း ပါမှာပဲ။ ကြည့်ရတာ သူက ဒီအပင်တွေကို စိုက်သာစိုက်ခဲ့ပြီး ဘယ်တော့မှ ပြန်ရောက်မလာခဲ့တဲ့ပုံ ရတယ်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။ သူက ဦးခေါင်းခွံ၏မျက်ခုံးနှစ်ခုကြားတွင် ထိုင်ချလိုက်ပြီး အသက်ဝဝရှုသွင်းလိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ အတားအဆီးများစွာသည် ကောင်းကင်ထက်၌ ပြည့်နှက်လာကာ အကာအကွယ်တစ်ခု ဖြစ်ပေါ်သည်။
ထို့အပြင် သူသည် မိုးကြိုးအမှတ်အသားကို ဆင့်ခေါ်ကာ ကောင်းကင်ထက်၌ ကွယ်ဝှက်ထားလိုက်၏။ ကိုးရောင်စုံမီးလည်း ပေါ်လာ၏။ သွေးဓားကိုပါ ကောင်းကင်ထက်၌ ဝမ်လင်းက ကွယ်ဝှက်ထားလိုက်၏။
ထိုအရာအားလုံးက အတူတကွ အသက်ဝင်ပါက အားကောင်းသောသတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ဖြစ်ပေါ်စေမည်။ အဆင်အခြင်မဲ့စွာနှင့် ဝင်လာသူမှန်သမျှ ထိုသတ်ဖြတ်ခြင်းအစီအရင်အတွင်း၌ ပိတ်မိသွားမည်သာ။
အကာအကွယ်ကို အထိုင်ချပြီးနောက် ဝမ်လင်းက တွေဝေမနေတော့ဘဲ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို ဦးခေါင်းခွံအတွင်းသို့ သွန်းလောင်းလေတော့သည်။
ထိုဦးခေါင်းခွံသည် အဆုံးမဲ့တွင်းတစ်ခုအလား။ ဝမ်လင်း ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို မည်မျှပင် သွန်းလောင်းနေပါစေ ပြောင်းလဲမှု ရှိမလာပေ။ အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ သို့သော် ဝမ်လင်းက ထိုဦးခေါင်းခွံအတွင်းသို့ စွမ်းအား သွန်းလောင်းခြင်းကို မရပ်တန့်ပစ်ပေ။
သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် တောက်ပလာ၏။ ကြယ်ခြောက်လုံးသည် လှည့်ပတ်နေရင်း ပိုများသော ရှေးဟောင်းနတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာနေသည်။
ဝမ်လင်းက ထိုဦးခေါင်းခွံကို သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားများဖြင့် နာရီများစွာ သွန်းလောင်းပေးပြီးနောက် သူက ၎င်း၏ပြောင်းလဲမှုကို သတိပြုမိသည်။ သွေ့ခြောက်နေသော သစ်ပင်များက အာဟာရဓာတ်ပြန်ရရှိလာသည့်အလား ရှင်သန်မည့် အရိပ်အယောင်များ ပြသလာသည်။
သို့ပေမည့် သူသာ သည်နေရာရှိ သစ်ပင်များအားလုံးကို ပြန်ရှင်သန်စေလိုပါက အချိန်များစွာ ကြာမည်မဟုတ်သော်လည်း သူ့ထံ၌ လုံလောက်သောရှေးဟောင်းနတ်ဘုရားစွမ်းအား ရှိမနေပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အပင်အားလုံးကို ပြန်အသက်ရှင်စေမည်ကို လက်လျှော့လိုက်ပြီး အပင်ဆယ့်ကိုးပင်ပေါ်တွင်သာ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အာရုံစိုက်လိုက်သည်။
အချိန်ကုန်ဆုံးလာ၏။ အပင်ဆယ့်ကိုးပင်သည် တဖြည်းဖြည်း သွေ့ခြောက်နေသော အနေအထားကနေ ပိုပို၍ အသက်ဓာတ်ပြည့်လာ၏။ ၎င်းတို့၏ ပင်စည်များသည် ပြန်ဖွဲ့စည်းလာ၏။ မူလသစ်ပင်များ၏ အရောင်များ ပြန်ဖြစ်လာကြသည်။
ထိုဖြစ်စဉ်သည် အလွန်ပျင်းရိဖွယ်ပင်။ ဝမ်လင်းက သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအား သွန်းလောင်းမှုကို ထိန်းသိမ်းထားရင်း သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ အင်ပါယာမီးပြင်းဖိုက သူ့ရှေ့တွင် ပေါ်လာလေ၏။
ထိုအင်ပါယာမီးပြင်းဖိုသည် ကြီးလည်းကြီးနိုင်သလို သေးငယ်လည်း သေးငယ်နိုင်သည်။ ခုချိန်၌ ၎င်းသည် ပေတစ်ရာလောက်သာ ရှိပေ၏။ ယင်းမီးပြင်းဖိုအတွင်း၌ ဗရမ်းဗတာများ ဖြစ်နေကာ ခပ်ရေးရေး အော်ဟစ်သံများကိုလည်း ကြားရနိုင်သည်။ ဝမ်လင်းက သူ့စိတ်ကို နှစ်ပိုင်းခွဲလိုက်၏။ ထို့နောက် သူက ချိပ်ဟန်တစ်ခု ဖြစ်စေကာ မီးပြင်းဖိုထံသို့ ညွှန်လိုက်သည်။
မီးပြင်းဖိုအတွင်းရှိ ဗရမ်းဗတာဖြစ်မှုက ပျောက်ကွယ်သွားကာ ပင်လယ်နက်တစ်ခု ဝမ်လင်းရှေ့တွင် ပေါ်လာ၏။ ထိုပင်လယ်သည် ငြိမ်သက်ကာ လှိုင်းဟူ၍ မရှိပေ။ ၎င်းအတွင်း၌ အဆိပ်မိထားသောအပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များစွာ ရှိနေ၏။
“သန့်စင်စမ်း…” ဝမ်လင်းသည် ရှေ့သို့ လက်ညွှန်လိုက်၏။ ထိုအဆိပ်ပင်လယ်သည် လောင်ကျွမ်းလာဟန် တူသည်။ ခပ်အုပ်အုပ်အသံများကိုပါ ကြားလာရ၏။ ကြီးမားသောလှိုင်းများက ရေဝဲကတော့များအသွင် ဖြစ်ပေါ်၏။
“ဒီပင်လယ်ဟာ တာအိုသခင်မြောင်ယင်ရဲ့ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်တွေနဲ့အတူ အဆိပ်အိုကြီးရဲ့ အဆိပ်နဲ့ ဖြစ်ပေါ်နေတာ။ ငါသာ ဒါကို သန့်စင်ပြီးခဲ့ရင် ဒါဟာ အစွမ်းထက်ဆုံးအဆိပ်ရတနာတစ်ခု ဖြစ်လာနိုင်တယ်…”
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူက စတင်သန့်စင်နေသည်။
အင်ပါယာမီးပြင်းဖိုအတွင်းရှိ ပင်လယ်သည် လှိုင်းထန်မြည်ဟိန်းလာ၏။ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကလည်း စူးစူးရှရှအော်မြည်ကြသည်။ ထိုအသံများသည် အလွန်ကြမ်းရှ၏။ ကံကောင်းစွာဖြင့် ယင်းအသံများကို အင်ပါယာမီးပြင်းဖိုက ပိတ်ဆို့ထားခြင်းပင်။ ထို့ကြောင့် ယင်းအသံတို့ အပြင်ဘက် ရောက်လာသည့်အခါ အတော်လေး အားပျော့သွားလေသည်။
တုန်ဟည်းသံများသည် မရပ်တန်းဖြစ်ပေါ်နေသည်။ အနက်ရောင်အခိုးငွေ့မြောက်များစွာက ပင်လယ်၏အထက်၌ လွင့်မြောနေ၏။ ထိုအနက်ရောင်အခိုးငွေ့များသည် ပင်လယ်ကို သန့်စင်ခံထားရခြင်းမှ ဖြစ်ပေါ်သော အခိုးအငွေ့များပင်။ မကြာခင်မှာပင် ၎င်းတို့က အင်ပါယာမီးပြင်းဖိုအတွင်း၌ ပြည့်နှက်လာသည်။
ထိုအနက်ရောင်အခိုးအငွေ့တို့က ဆက်လက်စုဝေးနေ၏။ အဆင့်တစ်ခုထိ စုဝေးပြီးသည့်နောက် ၎င်းသည် အနက်ရောင်တိမ်စိုင်များအဖြစ်သို့ ပြောင်းလဲသည်။ ထို့နောက် အနက်ရောင်မိုးစက်များသည် ထိုပင်လယ်ပေါ်သို့ ရွာသွန်းကျလေ၏။
ထိုအရာသည် စက်ဝန်းတစ်ခုလို ဖြစ်လာသည်။ သို့သော် ပင်လယ်က မိုးအဖြစ် ပြောင်းလဲသွားချိန်၌ ရေပမာဏအတော်လေး ဆုံးရှုံးမှု ရှိ၏။ သို့သော်လည်း အဆိပ်ပါဝင်မှုကမူ နည်းပါးသွားတာ မရှိပေ။ သို့သော် ခုချိန်တွင် ယင်းအဆိပ်က ပို၍ သိပ်သည်းလာပေသည်။
ခဏကြာပြီးနောက် ပိုပိုများပြားသော အနက်ရောင်တိမ်များ အင်ပါယာမီးပြင်းဖိုအတွင်း၌ ပေါ်လာသည်။ မိုးများ ဆက်တိုက် ရွာကျနေသည်။ လှိုင်းများ ခက်ထန်နေပြီး ဝမ်လင်းကလည်း ဆက်လက် သန့်စင်နေရာ ပင်လယ်မျက်နှာပြင်သည် လျော့ကျလာတော့သည်။ သုံးရက်ခန့်မရပ်တန်း မိုးရွာသွန်းပြီးနောက် ပင်လယ်၏တစ်ဝက်တိတိသာ ကျန်လေတော့၏။
ခုချိန်၌ ထိုပင်လယ်၏အရောင်သည်ပင် နက်မှောင်၏။ နတ်ဘုရားအာရုံသည်ပင် ၎င်းကို မထွင်းဖောက်နိုင်လောက်ပေ။ အတွင်းရှိ အဆိပ်ကလည်း သာ၍ ကြောက်မက်ဖွယ်ကောင်းလာ၏။
ပုံမှန်မဟုတ်တာ တစ်ခုခု ဖြစ်မလာဘဲ အဆိပ်ပင်လယ်သည် ဆက်လက်သန့်စင်နေခြင်း ခံရသည်ကို တွေ့မြင်သည့်အခါမှ ဝမ်လင်းသည် စိတ်အေးသွားတော့၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အဆိပ်ပင်လယ်သည် ပျောက်ကွယ်သွားပြီး နောက်ထပ်နယ်မြေတစ်ခု ပေါ်လာသည်။
ထိုနယ်မြေထဲတွင်လည်း အဆုံးမဲ့ပင်လယ်တစ်ခုနှင့် ပြည့်နေသည်သာ။ သို့သော် အခုပင်လယ်ကမူ ခရမ်းရောင်ဖြင့် ပြည့်လျက် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ ရှားပါးလှသည်။
ထိုပင်လယ်၏အောက်ခြေတွင် မြင့်မြတ်သောလင်းတန်က ထိုင်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် သူက ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ထိုအပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကို အရူးအမူး သန့်စင်နေ၏။
လင်းတန်၏နောက်တွင်လည်း ဧရာမရုပ်တုကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ လင်းတန်ကလန်၏ မိစ္ဆာနတ်ဘုရားရုပ်တုပင်။ ထိုရုပ်တုထံမှ အလင်းတစ်ခုကို ပေးကာ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည် ထိုအလင်း၏ ထွေးခြုံခြင်း ခံထားရသည်။ ယင်းစိတ်ဝိညာဉ်များက ရှုပ်ထွေးဟန်နှင့် ရုန်းကန်လိုမှုကို လှစ်ဟပြနေ၏။
အချို့အပူဇော်ခံမီးတောက် စိတ်ဝိညာဉ်များကမူ ပြောင်းလဲခြင်း ခံရပြီး ဖြစ်၍ သူတို့၏အပူဇော်ခံမီးတောက်များကို လင်းတန်စုပ်ယူဖို့အတွက် ပေးအပ်ကြသည်။ လင်းတန်၏မျက်နှာသည် နီမြန်းနေလျက် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။
ဝမ်လင်းက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သည်အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည် တာအိုသခင်မြောင်ယင် ပိုင်ဆိုင်တာ ဖြစ်၏။ လင်းတန်က ၎င်းတို့ကို လွှဲပြောင်းယူဖို့ အချိန်အတော်ယူနေရ၏။ ဝမ်လင်းက အလျင်မလိုသော်လည်း ဒီရှေးအမိန့်သင်္ချိုင်းမှာ အလွန်အန္တရာယ်များပေသည်။ သူသာ လင်းတန်၏ စုပ်ယူမှုနှုန်းကို မြှင့်တင်ပေးပြီး သူ့ကို တတိယအဆင့်သို့ ဝင်ရောက်ဖို့ ကူညီပေးနိုင်ပါက ၎င်းသည် ဝမ်လင်းအတွက် အတော်လေး အထောက်အပံ့ ဖြစ်စေနိုင်ပေမည်။
စဉ်းစားနေရင်း ဝမ်လင်းက သူ့နတ်ဘုရားအာရုံ တစိတ်တပိုင်းကို ခွဲထွက်ကာ အင်ပါယာမီးပြင်းဖိုအတွင်းသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်က ယင်းခရမ်းရောင်ပင်လယ်၏အထက် ကောင်းကင်တွင် ပေါ်လာလေသည်။
“ရှေးကျွန်…”
အင်ပါယာမီးပြင်းဖိုအတွင်း၌ ထည်ဝါသောအသံတစ်သံ ထွက်ပေါ်လာ၏။ မြင့်မြတ်သောလင်းတန်က မျက်လုံးဖွင့်လာပြီး လေးစားမှုနှင့် နှစ်သက်မှုကို ဖော်ပြလာသည်။ ထို့နောက် သူက ပင်လယ်အထက်သို့ တရကြမ်း ဦးတည်လာသည်။
သူက ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်ပြီးနောက် လေထဲတွင်ပင် ဒူးထောက်လိုက်၏။ “ရှေးကျွန်လင်းတန်က သခင့်ကို နှုတ်ဆက်ပါတယ်။ သခင်က ဒီကျွန်ကို ဘာများ လုပ်ခိုင်းစေချင်လည်း ငါ သိပါရစေ…”
ဝမ်လင်း၏ပုံရိပ်က လင်းတန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ မင်းကို မန္တာန်တစ်ခု သင်ပေးမယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီမန္တာန်ကို မြန်မြန် တတ်မြောက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ဒီမန္တာန်နဲ့ဆိုရင် မင်းဟာ ဒီမှာရှိတဲ့ အပူဇော်ခံမီးတောက်တွေကို စုပ်ယူနိုင်ပြီး တတိယအဆင့်ကို အမှန်တကယ် ဝင်ရောက်နိုင်လိမ့်မယ်…”
မြင့်မြတ်သောလင်းတန်က ရုတ်တရက် ခေါင်းမော့လာ၏။ သူ၏မျက်လုံးထဲတွင်လည်း သဘောကျနှစ်သက်မှုတို့ ပြည့်နှက်နေ၏။ သူက သူ့တစ်ဘဝလုံးတွင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ကျင့်ကြံခဲ့တာ ဖြစ်၏။ သို့သော် အပူဇော်ခံမီးတောက် ကင်းမဲ့မှုကြောင့် သူသည် ရပ်တန့်ခဲ့ရသည်။ သူက ဝမ်လင်း၏ အင်ပါယာမီးပြင်းဖိုနှင့် အိပ်မက်တာအို သက်ရောက်မှုကြောင့် ထိန်းချုပ်မှုအောက် ရောက်နေသည်ကို မဆိုနှင့်ဦး။ ဝမ်လင်းကသာ သူ့ကို အခုလိုမဟာကံကောင်းမှုကြီး ပေးပါက မည်သည့်လွှမ်းမိုးမှုမှ မရှိနေလျှင်ပင် သူသည် ဝမ်လင်းနောက် လိုက်ဖို့ ဆန္ဒရှိပေလိမ့်မည်။
သူ့တာအို ပြီးပြည့်စုံစေနိုင်ဖို့အတွက်ဆိုပါက သူသည် မည်သည့်အရာကိုမဆို လုပ်ရန် ဆန္ဒရှိပေသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။ ချိပ်ဟန်တစ်ခုက လင်းတန်ထံ တိုးဝင်သွားသည်။ လင်းတန်က ၎င်းကို မရပ်တန့်ပေ။ သူ့နဖူးကို ထွင်းဖောက်လာသည်ကို ခွင့်ပြုလိုက်ပြီးနောက် ယင်းချိပ်ဟန်သည် သူ၏မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။
“တာအိုမန္တာန်ပေါင်းစပ်ခြင်း။ ဒီမန္တာန်ကို မြန်မြန် နားလည်အောင် လုပ်လိုက်…”
ဝမ်လင်းသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်၏။ သူက လင်းတန်နှင့် ပတ်သတ်၍ အတော်လေး ကျေနပ်နေ၏။ အင်ပါယာမီးပြင်းဖိုနှင့် တခြားနားလည်းများစွာ ရှိနေသည့်အတွက် သူသည် လင်းတန် သူ့အပေါ် သစ္စာဖောက်မည်ကို စိုးရိမ်မနေပေ။
“ငါ နောက်ထပ် တတိယအဆင့်အစောပိုင်းကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ရင် လင်းတန်သာ ရှိနေရင် ငါ့အတွက် ခက်ခဲလှတဲ့ တိုက်ပွဲတစ်ခု ဖြစ်မှာ မဟုတ်တော့ဘူး…။ ငါသာ အဲ့လူကို ဖမ်းပြီး နောက်ထပ်ရှေးကျွန်အဖြစ် သန့်စင်နိုင်ခဲ့ရင်တော့…”
ဝမ်လင်း၏နတ်ဘုရားအာရုံသည် ထိုပင်လယ်အထက်ရှိ ကောင်းကင်ထက်မှ ပျောက်ကွယ်ကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာလည်း အပြင်ဘက်၌ ကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူကြီးက သူ၏အဆင့်ငါးကျောက်ဖျာနှင့်အတူ မြန်ဆန်စွာ ဖြတ်သန်းလာနေ၏။ သူက သည်တည်နေရာထံသို့ နီးသထက်နီးလာ၏။
“သိပ်မဝေးတော့ပါဘူး။ ငါ အဲ့ကို ရောက်ဖို့ သုံးရက်ကျော်လောက်ပဲ လိုတော့မှာ။ ငါသာ သစ်ရွက်ကိုးရွက်ကို ရခဲ့ရင် ငါရဲ့ ကောင်းကင်ဘုံဝံပုလွေတာအိုကို အသုံးပြုပြီး ဒါကို ချိပ်ပိတ်ထားမယ်ဆို ၎င်းဟာ ငါနဲ့အတူ ထာဝရ နေရလိမ့်မယ်။ ငါဟာ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ဖြစ်နေမယ်ဆိုရင်တောင်မှာ ဒီအဆင့်ကျင့်ကြံသူတွေကြားမှာ အသန်မာဆုံး ဖြစ်လာလိမ့်မယ်…”
ထိုဗလတောင့်တောင့်လူကြီး၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ သူက ကျောက်ဖျာကို ထိန်းချုပ်လျက် ပိုမြန်သထက်မြန်မြန် ပျံသန်းလာနေသည်။
***