← Chapters

လေးကြိမ်လေးခါ ပျော်ရွှင်ရခြင်း

Vol. 110 Ch. 1512

လေးကြိမ်လေးခါ ပျော်ရွှင်ရခြင်း

Vol. 110 Ch. 1512

မြင့်မြတ်သောလင်းတန်က ဝမ်လင်း၏ ပေါင်းစပ်ခြင်းတာအိုမန္တာန်ကို လက်ခံရရှိ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် တဖြည်းဖြည်းချင်း ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားသည်။ သူလည်း အရည်အချင်းပြည့်ဝသည့်သူ တစ်ယောက်သာ။ မဟုတ်ပါက သူသည် တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက် လှမ်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

မြင့်မြတ်သောလင်းတန်က နာရီအတော်အတန်ကြာပြီးနောက် သည်တာအိုမန္တာန်ကို လုံးဝ နားလည်သွားသည်။ သူ၏နားလည်မှုက ဝမ်လင်းလောက် မနက်ရှိုင်းသော်လည်း အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကို ကိုင်တွယ်ဖို့အတွက် လုံလောက်နေပေပြီ။

အင်ပါယာမီးပြင်းဖို၏အတွင်းဘက်ရှိ ပင်လယ်မှာ ပြင်းထန်စွာ မြည်ဟိန်းလျက် ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်လာ၏။ ဗဟိုတွင် လင်းတန် ရှီနေသည်။ သူက ဝမ်လင်း သူ့ကို ပေးခဲ့သော ပေါင်းစပ်ခြင်းတာအိုမန္တာန်ကို အသုံးပြု၍ အပူဇော်ခံမီးတောက်များကို ပေါင်းစပ်နေသည်။ သူ့မျက်လုံးထံမှ ဆန်းကြယ်သောအလင်းတစ်ခု ထွက်ပေါ်လို့နေ၏။

ဝမ်လင်းက အင်ပါယာမီးပြင်းဖို၏ အပြင်ဘက်တွင် ထိုင်နေဆဲ ဖြစ်ကာ သူက သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို အပင်ဆယ့်ကိုးပင်ထံသို့ သွန်းလောင်အားဖြည့် ပေးနေ၏။ ခုချိန်၌ ထိုအပင်များသည် သွေ့ခြောက်မနေတော့ပေ။

အပင်များထံမှ သစ်ရွက်များ ပွင့်ဖူးမည့် အရိပ်အယောင်များ ပြသလာသည်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပြီး သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။ သူက လက်ဆန့်ထုတ်ကာ အတွင်းမှ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ မိန်းကလေးကို ဆွဲခေါ်ယူလိုက်သည်။

ထိုမိန်းကလေး၏ အနက်ရောင်ဆံပင်များက သူမ၏ဖြူရောသောမျက်နှာကို တစိတ်တပိုင်း ဖုံးအုပ်ထားပြီး မျက်လုံး မှိတ်ထား၏။ သူမ၏ တွန့်ဆုတ်ဟန်အမူအရာက လူတိုင်းကို သူမအား ဂရုစိုက်ပေးချင်စိတ်ဖြစ်အောင် ပြုလုပ်နေသည်။

“နင့် နာမည် ဘယ်သူလဲ…” သူမကို ထုတ်ယူပြီးနောက် ဝမ်လင်းက သူမနိုးထလာနိုင်ရန် ချိပ်ပိတ်မှုအနည်းငယ်ကို ဖျက်သိမ်းပေးလိုက်၏။ သို့သော် သူမ၏မျက်လုံးကမူ မှိတ်ထားဆဲသာ။

ဝမ်လင်း၏ အမေးကို ကြားလိုက်ရသည့်နောက် သူမ၏မျက်တောင်များက တုန်ယင်လာကာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူမ၏မျက်လုံးတို့မှာ လှ၏။ သို့သော် ခုချိန်၌မူ သူမ၏မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ကြီးစိုးနေသည်။ သူမက အောက်နှုတ်ခမ်းကိုကိုက်ကာ ဝမ်လင်းကို မကြည့်ဝံ့ချေ။

ဝမ်လင်း၏မျက်လုံးက ဖြည်းဖြည်းချင်း အေးစက်လာပြီး သူက တစ်လုံးချင်း ပြောလိုက်သည်။ “နင့် နာမည်ကို ပြော…”

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေး၏ အသံသည် တုန်ရီလျက် သူမက ခပ်တိုးတိုး ဆိုသည်။ ကျစ်မန်…ဖန်ကျစ်မန်ပါ…”

“ကျစ်မန်…နာမည်ကောင်းပဲ။ နင်က နှစ်ကြိမ်တိုင် သေခဲ့ပြီးတာကို ဘယ်လိုများ ပြန်ရှင်သန်နိုင်ခဲ့တာလဲ..." ” ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ သို့သော် ဖိအားတစ်ခု ပျံ့လွင့်လာကာ ထိုမိန်းကလေးကို ခြုံလွှမ်းလာသည်။

“ငါက တာအိုသခင်မြောင်ယင်ရဲ့ ငယ်သားပဲ။ နင် ငါ့ကို ဖမ်းလာတဲ့အတွက် သူ နင့်ကို လာသတ်လိမ့်မယ်…” ထိုမိန်းကလေးကို အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ဝမ်လင်းကို ကြည့်သည်။ သူမထံ၌ တွန့်ဆုတ်ဟန် ရှိနေဆဲသာ။သို့သော် သူမက အတင်းဖိနှိပ်ထား၏။ ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သူ ဒီရှေးအမိန့်သင်္ချိုင်းထဲကို မဝင်လာနိုင်ဘူး…”

ထိုစကားကို ကြားလိုက်ရသည့်နောက် သူမ၏မျက်နှာသည် ပို၍ ဖြူရောသွားသည်။ သူမသည် ထုံအသူ မဟုတ်ပေ။ ထို့အတွက် ချက်ခြင်းပင် သူမက ဝမ်လင်း၏ ဆိုလိုရင်းကို နားလည်ပေ၏။

“မဖြစ်နိုင်ဘူး။ တာအိုသခင်မြောင်ယင်ရဲ့ ကိုယ်ပွားဟာ အသတ်မခံရလောက်ဘူး…”

ထိုမိန်းကလေးသည် ပိုမိုကြောက်ရွှံ့လာ၏။ သူမ၏အသံသည်ပင် ခပ်စူးစူး ဖြစ်လာသည်။

ဝမ်လင်းက ထိုမိန်းကလေးကို အေးစက်စက် ကြည့်လိုက်ပြီး ရှင်းပြမနေပေ။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်လာ၏။ ထိုကျောက်စိမ်းပြားက ထိုမိန်းကလေး၏နဖူးနှင့် ထိမိသွားသည့်အခါ တာအိုသခင်မြောင်ယင်၏ ကိုယ်ပွားသေဆုံးမှု မြင်ကွင်းက သူမ၏စိတ်ထဲတွင် ပေါ်လာလေတော့သည်။

သည်မိန်းကလေးက တာအိုသခင်မြောင်ယင်နှင့် နီးစပ်သူ ဖြစ်၍ သူ၏မန္တာန်များနှင့် ပတ်သတ်ပြီး အတော်လေး သိထားပေ၏။ သူမက ထိုကျောက်စိမ်းပြားတွင်းမှ မြင်ကွင်းက မှန်လား၊မှားလား ဆုံးဖြတ်နိုင်စွမ်း ရှိသည်။

ထိုမိန်းကလေး၏မျက်နှာက ပိုပို၍ ဖြူရောလာ၏။ ဝမ်လင်းနှင့် အဆိပ်အိုကြီးတို့၏ တိုက်ခိုက်မှုအောက်တွင် သူ၏ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ခံထားရသော တာအိုသခင်မြောင်ယင်၏ ကိုယ်ပွား ရှင်သန်ဖို့ အခွင့်အရေး မရခဲ့သည်ကို သူမ သိလိုက်သည်။

အထူးသဖြင့် အဆိပ်အိုကြီးက မြောင်ယင်၏ကိုယ်ပွားခန္ဓာကိုယ်ကို ပိုင်စိုးလိုက်သည်ကို တွေ့မြင်သည့်အခါ သူမ၏နောက်ဆုံးမျှော်လင့်ချက် အမျှင်တန်းလေးပင် ပျောက်ရှသွားတော့သည်။ သူမသည် တုန်ရီနေသည်။ “ငါ့စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။ နင် ငါ့ မေးခွန်းကို မဖြေရင် ငါ နင့်ရဲ့စိတ်ဝိညာဉ်ကို ချေမွပစ်မယ်…”

ဝမ်လင်း၏အသံသည် ပို၍ အေးစက်လာ၏။ သူက ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်နှင့် ပတ်သတ်၍ ထူးခြားမှုကို သိထား၏။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်ရှာဖွေမှုကို တိုက်ရိုက်အသုံးမပြုဘဲ အရင်ဆုံး သူ၏ခုခံမှုကို ဖျက်စီးနေခြင်းသာ။

မိန်းကလေး၏မျက်လုံးထဲရှိ ကြောက်လန့်မှုက ပိုအားကောင်းလာသည်။ သူမက သူမအဖို့ လွတ်မြောက်နိုင်ရန် လမ်းစမရှိသည်ကို သိလိုက်ပေပြီ။ သူမ၏သခင်ဖြစ်သူက သေဆုံးသွားခဲ့ပြီး ဖြစ်သည် မဟုတ်လား။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အရင်တုန်းက ငါတို့နှစ်ယောက်ကြားမှာ ဘာအမုန်းတရားမှ မရှိခဲ့ဘူး။ နင့်က ငါ့နောက်ကို လိုက်ခဲ့တယ်။ ဒီအတွက် ငါက နင့်ကို သတ်ခဲ့တယ်။ ဒီတော့ ကြေပြီ။ နင်သာ ပူးပေါင်းဆောင်ရွယ်မယ်ဆိုရင် ငါ နင့်ကို မသတ်ဘူး။ လွှတ်ပေးမယ်…”

ထိုမိန်းကလေးက အနည်းငယ် စဉ်းစားသွား၏။ သူက ခပ်တိုးတိုး ဆိုသည်။ “ငါတို့ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ဝင်တွေဟာ အသက်သုံးသက် ရှိကြတယ်…”

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက မြန်မြန်ဆန်ဆန် မေးလိုက်သည်။ “ဘာမန္တာန်ကြောင့်လဲ…”

ထိုမိန်းကလေးက တိုးညင်းစွာ ပြောလိုက်၏။ “ဒါက မန္တာန်တစ်ခုကြောင့် မဟုတ်ဘူး။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ဝင်တွေ မွေးဖွားလာခဲ့တဲ့အချိန်မှာ ကလန်အကြီးအကဲတွေက ငါတို့ကို ဘိုးဘေးကို ပူဇော်ဖို့အတွက် ခေါ်ဆောင်ကြတယ်။ ဘိုးဘေးကို ပူဇော်ပြီးတာနဲ့ ငါတို့ အသက်သုံးသက် ရလာကြတာပဲ…”

“နင် သေချင်နေတာပဲ။ ငါ့ကို ထိန်ချန်ထားရဲတယ်လား။ နင်က သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့…” ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွား၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုမိန်းကလေး၏ နဖူးထက်သို့ ရိုက်ချလိုက်သည်။

ထိုမိန်းကလေး၏မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်လာ၏။ သူမက အလန့်တကြား အော်ပြောလိုက်သည်။ “ငါ ဘာကိုမှ မဖုံးကွယ်ထားပါဘူး။ ငါတို့ ကလန်ဝင်တွေ မွေးဖွားလာတဲ့အခါမှာ ကလန်အမှတ်အသားဆိုတာ မရှိသေးဘူး။ ဘိုးဘေးကို ပူဇော်ပြီးမှသာ ကလန်အမှတ်အသား ပေါ်လာတာ။ အဲ့ကျမှ ငါတို့ဟာ အသက်သုံးသက် ရလာနိုင်တာပါ…”

ဝမ်လင်း၏ ညာလက်က သူမ၏နဖူးနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားသည်။ သူက သူမကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်က အသုံးပြုတဲ့ ချိပ်ပိတ်မန္တာန်ကရော ဘယ်လိုမျိုးလဲ…”

“ငါတို့က ငါတို့ရဲ့ အသက်ကို ကမ်းလှမ်းပြီးတော့ ကလန်အမှတ်အသားကို ဖွင့်လှစ်နိုင်တယ်။ အဲ့အခါကျရင် ကလန်အမှတ်အသားထံကနေ ဘိုးဘေးရဲ့ စွမ်းအား ထွက်ပေါ်လာပြီး ချိပ်ပိတ်မှုကို လုပ်ဆောင်နိုင်တာပါ…” ထိုမိန်းကလေးက ကြောက်လန့်တကြား ခပ်မြန်မြန် ပြန်ဖြေသည်။

သူမ စကားဆုံးသွားပြီးပြီးချင်း ရုတ်တရက် ဝမ်လင်း၏လက်က သူမ၏နဖူးထက်သို့ ကျရောက်သွားကာ စိတ်ဝိညာဉ်ရှာဖွေမှုကို စတင်သည်။ သူမ၏စိတ်သည် ပြိုလဲသွား၏။ ခုခံနိုင်မှု ကင်းမဲ့သွားသည်။ ဝမ်လင်းက သူမ၏စိတ်ဝိညာဉ်ကို မွှေနှောက်ရှာဖွေသည်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူက သူမ၏စိတ်ဝိညာဉ်ကို ဒဏ်ရာမရစေဘဲ သူမ၏မှတ်ဉာဏ်များကို လွယ်လင့်တကူ ရှာဖွေနိုင်ပေသည်။ သူမ၏မှတ်ဉာဏ်များကို သိရှိပြီးနောက် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက သူ့ညာလက်ဖြင့် သူမ၏နဖူးထက်သို့ ဝေ့ယမ်းလိုက်သည်။ သူက သူမ၏ကလန်အမှတ်အသားကို နဖူးထက်ကနေ ဆွဲထုတ်ယူလိုက်ခြင်းပင်။

လက်ဝေ့ယမ်းလိုက်ရာ ချိပ်ပိတ်မှုများ သူမ၏ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သွား၏။ သူက သူမကို သူ့သိုလှောင်နေရာလွတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ ထို့နောက် သူသည် လက်ထဲရှိ ကလန်အမှတ်အသားကိ ကြည့်ကာ စဉ်းစားနေသည်။

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်သည် အလွန်ထူးဆန်းသောကလန် ဖြစ်၏။ သူတို့သည် သွေးချင်း ပတ်သတ်ဆက်နွှယ်မှု မရှိကြပေ။ ကလေးများကို ဖမ်းယူကြပြီး ထိုကလေးငယ်များက ဘိုးဘေးကို ပူဇော်မှုတွင် ရှင်သန်နိုင်ခဲ့ပါက သူတို့၏ကလန်ဝင်များ ဖြစ်လာခြင်းပင်။

သေဆုံးနိုင်ချေကလည်း မြင့်မားလွန်း၏။ ကြာမြင့်ခဲ့လွန်းသော အတိတ်တုန်းက ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ ယဇ်ပုလ္လင်က ပျောက်ကွယ်သွားခဲ့သည်။ ယနေ့ချိန်တွင်မူ ကျန်ရှိနေသော ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ဝင်သည် အနည်းငယ်မျှသာ ရှိတော့ပေ၏။

ကလန်အမှတ်အသားကို သူတို့အပေါ်သို့ ခပ်နှိပ်ခြင်း ဖြစ်သည့်အတွက်ကြောင့်မို့ သူတို့သည် ကလန်အမှတ်အသား ဖယ်ထုတ်ခံရသော်လည်း အသက်မသေကြပေ။ သူတို့၏ကျင့်ကြံမှုအဆင့်သည်ပင် လျော့ကျမသွားပေ။ သူတို့က ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်နှင့် ဆက်လက်၍ ပတ်သတ်မှု မရှိတော့ရုံသာ ဖြစ်၏။

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်နှင့်ပတ်သတ်၍ မှတ်သားထိုက်သည်မှာ သူတို့၏ အံ့ချီးဖွယ်ချိပ်ပိတ်ခြင်းမန္တာန်အပြင် သူတို့၏ အသက်သုံးသက်မန္တာန် ဖြစ်ချေ၏။ ထိုမန္တာန်ကို ယူဆောင်၍ ရသလို တစ်ယောက်ယောက်ပေါ်တွင်လည်း အသုံးပြုနိုင်သည်။

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်အမှတ်အသားကို ကြည့်ရှုပြီးနောက် ဝမ်လင်းက ၎င်းကို သိမ်းဆည်းထားလိုက်သည်။ မိန်းကလေးကိုမူ သူက သတ်ချင်စိတ် မရှိပေ။ သူတို့နှစ်ယောက်ကြား၌လည်း အမုန်းဟူ၍မရှိခဲ့ပေ။ ထို့အပြင် သူက သူမ၏ကလန်အမှတ်အသားကိုလည်း ယူဆောင်ခဲ့ပြီး မဟုတ်လား။ သည်ရှေးအမိန့်သင်္ချိုင်းကနေ ထွက်လာပြီးသည့်နောက်မှ သူက သူမကို လွှတ်ပေးလိုက်ရုံသာ။

ကလန်အမှတ်အသားကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက ရုတ်တရက် သူ အားသွန်းလောင်းပေးနေသော အပင်ဆယ့်ကိုးပင်ထံ မော့ကြည့်လိုက်သည်။ ထိုအပင်များသည် အသက်ဓာတ် ပြည့်လာပြီး စိမ်းစိုလာ၏။ မရေမတွက်နိုင်သော သစ်ရွက်များလည်း အပင်ပေါ်တွင် ရှိလာနေပေပြီ။

သို့ရာတွင် ထိုသစ်ရွက်များအားလုံးက ရှေးဟောင်းသစ်ရွက်များ ဟုတ်မနေပေ။ ထို့အတွက် ဝမ်လင်းက သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ယင်းတို့ထံ ဆက်လက် ထည့်သွင်းပေးနေသည်။ သစ်ပင်များထဲမှ တစ်ပင်က ဆောင်းဦးသစ်ပင်အလား၊ ၎င်း၏သစ်ရွက်များသည် ဖြည်းဖြည်းချင်း ကြွေကျလာ၏။ သစ်ရွက်တစ်ရွက်သာ ထိုအပင်ပေါ်တွင် မကြွေကျဘဲ ကျန်နေခဲ့တော့သည်။

ထို့အတွက်ကြောင့် ထိုသစ်ပင်အတွင်းသို့ ဝင်ရောက်နေသော ရှေးဟောင်းနတ်ဘုရားစွမ်းအားများက ယင်းသစ်ရွက်ထံသို့သာ တရှိန်ထိုး ဝင်ရောက်လေတော့သည်။ ဝမ်လင်းက ၎င်းကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။ ထိုသစ်ရွက်က ရှေးဟောင်းနတ်ဘုရားစွမ်းအားများစွာကို စုပ်ယူပြီးသည့်နောက် ၎င်းက အလင်းပြန်၏။ သို့ပေမည့် ၎င်းသည် ရှေးဟောင်းသစ်ရွက်၏ အော်ရာကင်းမဲ့သော သာမန်သစ်ရွက်တစ်ရွက်သာ ဖြစ်နေဆဲသာ။

ချက်ခြင်းပင် ထိုသစ်ရွက်၏အမြစ်သည် ပြိုလဲတော့မည့်နှယ် ဖြစ်လာ၏။ ဝမ်လင်း မျက်မှောင်ကြုတ်သွား၏။ ထိုသစ်ရွက်မှာလည်း ယင်းအပင်ထံမှ ကြွေကျသွားတော့သည်။

အပင်သည်လည်း‌ ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ထပ်မံ မစုပ်ယူတော့ဘဲ ဖြည်းဖြည်းချင်း သွေ့ခြောက်သေဆုံးသွားတော့သည်။

သည်အခိုက်၌ ကျန်သည့်သစ်ပင်ဆယ့်ရှစ်ပင်မှ သစ်ရွက်များသည်လည်း စတင် ကြွေသည်။ ထိုအဖြစ်မှာလည်း ပြီးခဲ့သောအပင်နှင့် ဆင်တူနေ၏။ ထိုသို့သာ ဆက်ဖြစ်ပါက ဝမ်လင်း သုံးစွဲခဲ့ရသော အချိန်နှင့် ရှေးဟောင်းနတ်ဘုရားစွမ်းအားတို့က အချည်းနှီး ဖြစ်ရပေမည်။

“ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ငါ စဉ်းစားပုံများ မှားသွးတာလား။ ရှေးဟောင်းသစ်ရွက်…ရှေးဟောင်းသစ်ရွက်…ရှေးဟောင်း…သစ်ရွက်…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက တစ်ခုခုကို သတိပြုမိလိုက်သည့်အလား။

ရုတ်တရက် သူ ထရပ်ကာ သူ့ရှေ့ရှိ အပင်ဆယ့်ရှစ်ပင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အသက်ဝဝရှုသွင်းကာ မှုတ်ထုတ်လိုက်၏။ လေပြင်းတစ်ခုသည် ထိုအပင်ဆယ့်ရှစ်ပင်ထံသို့ ရိုက်ခတ်သွားလေ၏။

လေပြင်း ဝေ့ခတ်သွားစဉ် အပင်ဆယ့်ရှစ်ပင်မှ သစ်ရွက်များအားလုံး ကြွေကျကာ သစ်ရွက်ဆယ့်ရှစ်ရွက်သာ ကျန်ခဲ့လေ၏။ ယင်းသစ်ရွက်တို့က ဝမ်လင်း မှုတ်ထုတ်လိုက်သော လေအတွင်းမှ အော်ရာကို စုပ်ယူလိုက်သည့်ဟန်ရကာ ထို့နောက် ထိုသစ်ရွက်ဆယ့်ရှစ်ရွက်သည် သိသာသောအလင်းကို ထုတ်လွှတ်လေ၏။

ဝမ်လင်း၏မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ ပြည့်နှက်သွားကာ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်၏။ အပင်တယ် ကပ်ငြိနေသော သစ်ရွက်ဆယ့်ရှစ်ရွက်က ဝမ်လင်းထံသို့ ပျံသန်းလာချေ၏။

ရှေးဟောင်းသစ်ရွက်များ။

ပထမဦးဆုံး ပျော်ရွှင်မှုပင် မဆုံးသေး ဒုတိယမြောက် ပျော်စရာက ထပ်မံ ရောက်ရှိလာပေ၏။ အင်ပါယာမီးပြင်းဖိုအတွင်းရှိ အဆိပ်ပင်လယ်သည် ကွယ်ပျောက်သွားခဲ့ပြီး အဆိပ်အိုကြီးကိုပင် တုန်လှုပ်စေနိုင်မည့် အဆိပ်ရည်ကိုးစက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ထိုအဆိပ်တစ်စက်တိုင်းတွင် မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များနှင့် ကောင်းကင်ဘုံအဆိပ်တို့ ပါဝင်နေပေသည်။

တတိယမြောက်ပျော်ရွှင်စရာ ထပ်ရောက်လာပြန်၏။ အင်ပါယာမီးပြင်းဖို၏ နောက်ထပ်နယ်မြေထဲတွင် မြင့်မြတ်သောလင်းတန်က ခရမ်းရောင်ပင်လယ်မှ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကို စုပ်ယူခဲ့ပြီး နောက်ဆုံး ခက်ခဲလှသည့် ခြေလှမ်းတစ်ဝက်ကို လှမ်းလိုက်နိုင်ပေပြီ။ သူသည် အစစ်အမှန်တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့လေပြီ။ ဝဲကတော့တစ်ခုက မြန်ဆန်စွာ လည်ပတ်လျက် လင်းတန်က ထိုးထွက်လာ၏။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လို့နေသည်။ ပြင်းထန်သောအော်ရာတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။

မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များက လင်းတန် ပတ်လည်တွင် ပေါ်လာ၏။ ဤအရာကား တတိယအဆင့်ကျင့်ကြံသူများ၏ ဝိသေသလက္ခဏာပင် မဟုတ်လား။

တတိယပျော်ရွှင်မှုနောက်တွင် လေးကြိမ်မြောက်ပျော်ရွှင်စရာက လိုက်ပါလာပြန်သည်။

သည်တောအုပ်၏အထက်ရှိ ကောင်းကင်၌ တုန်ဟည်းသံများ ပဲ့တင်ထပ်လေ၏။ ပေငါးသောင်းကျောက်ဖျာတစ်ခုသည် ကောင်းကင်ထက်ရှိ ပုံပျက်ယွင်းမှုကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ ထိုကျောက်ဖျာပေါ်တွင် ဗလတောင့်တောင့်လူတစ်ယောက် ရပ်နေ၏။ သူက မင်သက်ဟန် ပေါ်၏။ သူသည် ဤနေရာတွင် ဝမ်လင်းကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည် မဟုတ်လော။

***

All Chapters