← Chapters

ရန်သူတွေအဖြစ်

Vol. 110 Ch. 1513

ရန်သူတွေအဖြစ်

Vol. 110 Ch. 1513

ကောင်းကင်ဘုံဝံပုလွေကလန်မှ ထိုလူ မင်သက်သွားသည့်အခိုက်တွင် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ကောင်းကင်တွင် ကွယ်ဝှက်နေသော မိုးကြိုးအမှတ်အသားသည် ရုတ်တရက် ပေါ်လာ၏။ ၎င်းက ချက်ခြင်း ဆင်းသက်လာသည်။

ဗလတောင့်တောင့်လူ၏ တုန့်ပြန်မှုကလည်း မြန်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းသစ်ရွက် ပေါ်လာသည်။ သူက ၎င်းသစ်ရွက်ကို သူ၏စိတ်ခံစားမှုများအား ချိပ်ပိတ်ရန် သူ့ရင်ဘက်ပေါ်သို့ နေရာချလိုက်၏။ ထို့ကြောင့် ဝမ်လင်းက သူ့အပေါ်၌ သိမ်မွေ့ဆန်းကြယ်မီးကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူ၏မျက်နှာထက်တွင်လည်း လှောင်ပြောင်လိုဟန် အရိပ်အမြွက် ရှိ၏။ သူက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ပေတစ်သောင်းနီးပါးကောင်းကင်ဘုံဝံပုလွေ ပေါ်လာ၏။ ၎င်းက ဟိန်းသံပေးကာ မိုးကြိုးအမှတ်အသားထံ ခုန်ဝင်သွားသည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် ကိုးရောင်စုံမီးသည် ယင်းမိုးကြိုးအမှတ်အသားနောက်တွင် လောင်ကျွမ်းလျက် အနှီဝံပုလွေကို ဝန်းရံသည်။ သွေးအလင်း ဖျပ်ခနဲ လင်းလက်ကာ သွေးဓားကလည်း ၎င်းဝံပုလွေကို ထွင်းဖောက်သွားပြီးနောက် ဗလတောင့်တောင့်လူထံ တိုးဝင်သည်။

“ငါတို့ ဒီမှာ ဆုံရမှတော့ မင်းအတွက် သေနေ့စေ့ပြီ။ အဆင့်ငါးကျောက်ဖျာကို ရလိုက်တဲ့ ငါးယောက်မြောက်လူဟာ မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ မင်းကို သတ်ပြီးရင် ငါ့ကျောက်ဖျာဟာ အဆင့်ခြောက် ဖြစ်လာပြီကွ…”

“မင်း အပြစ်တင်ချင်ရင်တော့ ဒီအဘိုးအိုနဲ့ ဒီနေရာမှာ လာဆုံရတဲ့ မင်းရဲ့ ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့…” ဗလတောင့်တောင့်လူက ပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အပူဇော်ခံမီးတောက်များ ပေါ်လာပြီး နောက်ထပ်ပေတစ်သောင်း ဝံပုလွေတစ်ကောင် ဖြစ်ပေါ်လာကာ သွေးဓားထံ ခုန်အုပ်သည်။

ဗလတောင့်တောင့်နှင့်လူက ရှေ့သို့ လှမ်းလိုက်၏။ သူက ဝမ်လင်း၏အတားအဆီးများကို ဖြတ်သန်း၍ ဝမ်လင်းထံ တန်းတန်းမတ်မတ် ဝင်လာသည်။

သူ၏အကြည့်က ဝမ်လင်းရှေ့ရှိ ရှေးဟောင်းသစ်ရွက်ဆယ့်ရှစ်ရွက်ထံ မြဲမြံစွာ ကျရောက်နေသည်။ သူ၏မျက်လုံးထဲတွင် လောဘတို့ ဖြစ်ပေါ်လာ၏။

“ငါ မင်းကို သတ်ပြီးရင် ဒီသစ်ရွက်တွေကိုပါ ရပြီ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲကွ။ သိပ်ကောင်းတယ်…” ဗလတောင့်တောင့်လူက ပြုံး၍ သူ၏လက်ကို လက်သည်းကုတ်ဟန် ဖြစ်ပေါ်စေကာ ဝမ်လင်းထံ ဆန့်ထုတ်သည်။

“သင်က ပေါက်တတ်ကရ အတော် ပြောတတ်တာပဲ….” ဝမ်လင်းသည် တည်ငြိမ်လျက်သာ။ ထိုလူ ချဉ်းကပ်လာစဉ် သူက လက်ဝေ့ယမ်းလိုက်၏။ အင်ပါယာမီးပြင်းဖို ပေါ်လာပြီး ထိုသူ့ထံ ရိုက်ချလာသည်။

“ဒီနေ့ မင်းသေချာမှာ သေချာတယ်။ ခုခံလည်း အလကားပဲ …” ဗလတောင့်တောင့်လူက ခေါင်းယမ်းကာ လက်ဝေ့ယမ်းလိုက်သည်။ သူ့လက်က အင်ပါယာမီးပြင်းဖိုနှင့် ထိပ်တိုက်တွေ့ဆုံကာ ၎င်းကို အပြင်းအထန် လှုပ်ခါသွားစေသည်။

သို့ပေမည့် ထိုအခိုက်တွင် ပြင်းထန်သောကန်အားတစ်ခုက ထိုလူ၏လက်ထံသို့ တိုးဝင်လာ၏။ ထိုအားက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ သူ၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူက သွေးအန်လိုက်ရပြီး နောက်ဆုတ်ရန် ပြင်သည်။

အင်ပါယာမီးပြင်းဖိုအတွင်းမှ ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ မြင့်မြတ်သောလင်းတန်က သူ့ပါးစပ်ထောင့်မှ သွေးများ စွန်းထင်းလျက်ပင် အင်ပါယာမီးပြင်းဖိုအတွင်းရှိ ခရမ်းရောင်ပင်လယ်ထံမှ ထိုးထွက်လာ၏။ သူက ခရမ်းရောင်ပင်လယ်၏ လှိုင်းထိပ်ဖျားတွင် မားမားရပ်ကာ ဗလတောင့်တောင့်လူထံသို့ တဟုန်ထိုး တိုးဝင်လာ၏။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အပူဇော်ခံမီးတောက်များ ဝန်းရံနေပြီး ပဲ့တင်သံများကို ဖန်တီးလေသည်။

“လင်းတန်…” ဗလတောင့်တောင့်လူ၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားမိ၏။ သူက တစ်ခုခုမှားယွင်းနေပြီဟု ခံစားမိသည်။ လင်းတန် ပတ်လည်ရှိ အပူဇော်ခံမီးတောက်များကလည်း သူ့ကို တုန်လှုပ်စေမိသည်။ သူက သည်လင်းတန်မှာ ဝမ်လင်းကို ဘာကြောင့် ကူညီပေးသည်ကို နားမလည်နိုင် ဖြစ်ရသည်။

“ကျိုးကျင်…” လင်းတန်က ရှေ့သို့ တရကြမ်း တိုးဝင်လာကာ ဗလတောင့်တောင့်လူနား ချက်ခြင်း နီးကပ်လာသည်။ ခရမ်းရောင်ပင်လယ်က လှိုင်းထန်ကြမ်းတမ်းလာပြီး ဖောင်းကြွသောလက်နှစ်ဖက်နှင့် ဧရာမရုပ်တုကြီးအဖြစ်သို့ ပြောင်းလဲသည်။ ပြင်းထန်သောအဖျက်အစီးအားက ဗလတောင့်တောင့်လူထံ တရှိန်ထိုး ဝင်ရောက်လာ၏။

ဗလတောင့်တောင့်လူက နောက်သို့ အမြန်ဆုတ်၏။ သူက နောက်ဆုတ်နေရင်း အက်ကြောင်းတစ်ခုကို ဖွင့်ဟသည်။ ထိုအဟအတွင်းမှ ငါးညှီနံ့ ထွက်ပေါ်လာသည်။ အနီရောင်မျက်ဝန်းတစ်စုံ ပေါ်လာချေ၏။

ထိုမျက်ဝန်းသည် ကြမ်းကြုတ်၏။ ဝံပုလွေဟိန်းအော်သံ ပဲ့တင်ထပ်လာသည်။ ကြီးမားသော အနီရောင်အရိပ်ကြီးတစ်ခု ထိုးထွက်လာကာ ပေသောင်းချီကြီးသော ဝံပုလွေကြီးအဖြစ် လှစ်ဟပေါ်ထွက်လာသည်။ ၎င်းက လင်းတန်၏ရုပ်တုထံသို့ ခုန်အုပ်ဝင်လာ၏။

ဗလတောင့်တောင့်လူမှာ နှလုံးခုန် မြန်နေပေပြီ။ သူက တစ်ခုခုမှားနေပြီဟု ခံစားမိ၏။ ဝမ်လင်းသည် အစောကတည်းက အားနည်းသူ မဟုတ်သလို ဉာဏ်လည်းများလှသူ မဟုတ်လား။ အခု တတိယအဆင့်ခြေလှမ်းတစ်ဝက် လှမ်းထားသော လင်းတန်ကလည်း တတိယအဆင့်သို့ အမှန်တကယ် ရောက်ရှိနေသေး၏။ ဗလတောင့်တောင့်လူက သူ၏ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဟူသော ဂုဏ်သက္ခာကို စွန့်ကာ စိုးရိမ်တကြီး နောက်ဆုတ်တော့သည်။

“ငါ ဒီတိုက်ပွဲကို ဒီလိုဆက် ဖြစ်ခွင့် မပြုနိုင်ဘူး။ ဒီလင်းတန်ဟာ ဂျူနီယာတစ်ယောက်လို့ ယူဆလို့ရတယ်…”

ဝမ်လင်းကမူ ရှေးဟောင်းနတ်ဘုရား၏ဦးခေါင်းခွံပေါ်တွင် ရပ်နေဆဲသာ။ သူက တစ်လှမ်းပင် မလှုပ်ရှားပေ။ သူ၏အမူအရာမှာလည်း များစွာ ပြောင်းလဲမသွားချေ။ သူက ဗလတောင့်တောင့်နှင့်လူ မောက်မာစွာ ရှေ့တိုးလာပြီး တုန်လှုပ်စွာ ပြန်ဆုတ်သွားသည်ကို စောင့်ကြည့နေ၏။

ဝမ်လင်းက သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်၏။

“သင်က ငါ့ကို တွေ့တော့ ပျော်သွားတယ်မလား။ ဒါပေမဲ့ သင် မသိတာက ငါက သင့်ထက် ပိုပျော်တယ်ဆိုတာပဲ…” ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး သူ့ရှေ့ရှိ သစ်ရွက်ဆယ့်ရှစ်ရွက်ထဲမှ နှစ်ရွက်ကို ချက်ခြင်း ပျံသန်းသွားစေသည်။ ယင်းတို့၏အမြန်နှုန်းမှာ အံ့မခန်းပင်။ ဗလတောင့်တောင့်လူ၏နောက်၌ အက်ကြောင်း ပေါ်လာပြီး အနီရောင်ဝံပုလွေဟိန်းအော်သံ ထွက်ပေါ်လာသည်နှင့် ထိုသစ်ရွက်နှစ်ရွက်က ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထိုအက်ကြောင်းအဟပေါ်သို့ ကျရောက်သွားသည်။

“နောက်ဆုတ်တာလား…” ဝမ်လင်းက ရှေ့သို့ လက်ညွှန်လိုက်၏။ နောက်ထပ်သစ်ရွက်နှစ်ရွက် ပျံသန်းထွက်သွားပြန်သည်။ ယင်းတို့သည် အလွန်တရာ မြန်လွန်း၏။ သည်လောကရှိ အရာအားလုံးကို ချိပ်ပိတ်နိုင်သည့်အလား။ ထိုသစ်ရွက်တို့က ဗလတောင့်တောင့်နှင့်လူကို ကျော်လွန်ပြီး သူ့နောက်တွင် အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေလေသည်။

ဗလတောင့်တောင့်နှင့်လူက ထိုရှေးဟောင်းသစ်ရွက်များ မည်သို့ထူးခြားသည်ကို သိထားပေ၏။ သူက သူ့လမ်းကြောင်းကို ပြောင်းကာ ဘယ်ဘက်သို့ ရွှေ့လျားသည်။

“ဘယ်ဘက်လား…” ဝမ်လင်းက နောက်ထပ်ရှေးဟောင်းသစ်ရွက်နှစ်ရွက်ကို ထပ်မံ လက်ညွှန်ကာ ယင်းတို့ကို ကောင်းကင်၏ဘယ်ဘက်ခြမ်းအား ချိပ်ပိတ်စေသည်။

ဗလတောင့်တောင့်နှင့်လူက ရပ်၍ ညာဘက်သို့ ဦးတည်ချက် ပြောင်းစဉ် ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ နောက်ထပ်သစ်ရွက်နှစ်ရွက်သည် ကောင်းကင်၏ညာဘက်ခြမ်းကို ပိတ်ဆို့သည်။

“ညာဘက်ပြီးရင် အထက်အောက်…” ထို့နောက် ရှေးဟောင်းသစ်ရွက်လေးရွက်သည် ပျံသန်းထွက်ကာ ကောင်းကင်၏အထက်နှင့်အောက်ကို ချိပ်ပိတ်သည်။ ရှေ့တည့်တည့်သာ ကျန်လေတော့၏။

မြင့်မြတ်သောလင်းတန် ဆင့်ခေါ်ခဲ့သော ရုပ်တုနှင့် အနီရောင်ဝံပုလွေတို့က တိုက်ခိုက်နေကြပြီး ကျယ်လောင်စွာ မြည်ဟိန်းသံများကို ဖြစ်ပေါ်နေစေသည်။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းပြန်သည်။ ကျန်သည့် ရှေးဟောင်းသစ်ရွက်များအားလုံးသည် ကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူထံသို့ ဦးတည် ပျံသန်းဝင်လာတော့သည်။

မြင့်မြတ်သောလင်းတန်က ဖိသိပ်အားထံမှ ပျံသန်းထွက်လာပြီး ထိုလူ့ထံ တိုးဝင်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ဗလတောင့်တောင့်လူ၏ ဆုတ်လမ်းအားလုံးသည် ချိပ်ပိတ်ခံလိုက်ရလေပြီ။ ထိုကဲ့သို့ သေရေးရှင်ရေး၌ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်တော့သည်။ ထိုအခါ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များစွာ ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်သည် တွန့်ခေါက်သွား၏။ မရေမတွက်နိုင်သော ဆူးများသည် ထိုဗလတောင့်တောင့်လူ၏ လက်ပေါ်မှ ထိုးထွက်လာ၏။ ယင်းတို့သည် ဝံပုလွေ၏သွားများအလား။

“ဝံပုလွေအုပ်စု…လကို ပူဇော်ခြင်း…” ထိုသူက မာန်သွင်းလိုက်ပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်မှ ဝံပုလွေသွားများသည် ပြုတ်ကျကုန်သည်။ ထိုသွားများက ကြမ်းကြုတ်သော ဝံပုလွေများအဖြစ်သို့ ပြောင်းလဲ၏။ ၎င်းဝံပုလွေများသည် ထောင်သောင်းချီ များလှ၏။ ယင်းတို့သည် ဟိန်းအော်သံ ထုတ်ဖော်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်သည် မှုန့်မှိုင်းလာကာ သွေးလတစ်စင်း ပေါ်လာချေ၏။ ဖိအားတစ်ခု ပျံ့လွင့်လာသည်။

သို့ရာတွင် သူ့အဖို့ သည်တတိယအဆင့်မန္တာန်ကို အပြည့်အဝ အသုံးပြုဖို့ အခွင့်အရေး မရလိုက်ပေ။ ဝမ်လင်းက သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်ရာ အင်ပါယာမီးပြင်းဖိုက ချဲ့ကားလာပြီး သည်လောကကို ဝန်းရံ၍ အနီရောင်လကောင်းကင်ကို ဖုံးအုပ်သွားသည်။ ၎င်းက ဝံပုလွေပေါင်းထောင်သောင်းချီကို ပိတ်လှောင်ပစ်လိုက်ခြင်းပင်။

ဗလတောင့်တောင့်လူ ကျိုးကျင်၏အမူအရာသည် ပြောင်းလဲသွား၏။ သူက သူ၏ချိပ်ဟန်များကို အပြီးသပ်နိုင်စွမ်း မရှိတော့ပေ။

သူ့ပတ်လည်တွင်လည်း အနက်ရောင်အရည်ကိုးစက် ပေါ်လာ၏။ ယင်းတို့က သူ့ဦးရေပြားပင် ထုံးထိုင်းသွားစေလောက်သော အော်ရာကို ပေးစွမ်းနေ၏။

သူက မလှုပ်ဝံ့တော့ပေ။

“လှုပ်တာနဲ့ မင်း သေရမယ်…” ဝမ်လင်း၏ အေးစက်လှသောအသံက ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာ၏။

***

All Chapters