စည်းမျဉ်းများကို ချိုးဖျက်ခြင်း
Vol. 110 Ch. 1514
ဝမ်လင်း၏ စကားလုံးများက နှင်းခဲအလား အေးစက်၏။ သူက ထိုဗလတောင့်တောင့်လူ၏ လှုပ်ရှားမှုကို ရပ်တန့်စေလိုက်သည်။ သူက သူ့အား ဝန်းရံထားသော အဆိပ်ရည်ကိုးစက်ကို စိုက်ကြည့်နေရင်း နဖူးထက်တွင် ချွေးစို့လာတော့၏။
သူသည် ထိုအဆိပ်ရည်ကိုးစက်ထဲ၌ အတိုင်းမသိ အဆိပ်ဓာတ်တို့ ပါဝင်နေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ တစ်စက်သည်ပင် သူ၏ အသွေးအသားနှင့် မူလစိတ်ဝိညာဉ်ကို ဘာမှ မကျန်သည့်အထိ ပုတ်သွေးဆွေးမြေ့သွားရန် လုံလောက်နေသည်။
သူ့ဦးရေပြားကို ထုံထိုင်းမိသွားစေသည်မှာ ထိုအဆိပ်ရည်အစက်များထဲ၌ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များစွာ ရှိနေခြင်းပင်။ ထိုစိတ်ဝိညာဉ်များက အဆိတ်စိတ်ဝိညာဉ်များအဖြစ် ပြောင်းလဲခဲ့ပြီး သန့်စင်ခြင်း ခံထားရတာ ဖြစ်နေ၏။ ယင်းတို့က အတိုင်းမသိ မကျေမချမ်းမှုနှင့် အဖျက်အစီးအားတစ်ခုကို ထုတ်လွှတ်သည်။
သူက တစ်စက်လေးပင် မလှုပ်ရဲပေ။ ယနေ့တိုက်ပွဲက မြန်ဆန်လွန်းပြီး အလှည့်အပြောင်းများ ပြည့်လို့နေ၏။ သူက လင်းတန် ပေါ်လာမည်ဟုလည်း မမျှော်လင့်ထားမိသလို လင်းတန်က တတိယအဆင့်သို့ ရောက်နေမည်ဟုလည်း မထင်ထားမိပေ။
ထိုမျှသာဆိုပါက ကိစ္စသိပ်မရှိသေးပေ။ ရှေးဟောင်းသစ်ရွက်အားလုံးက သူ၏လမ်းကြောင်းကို ချိပ်ပိတ်ပြီးသည့်နောက်တွင်ပင် သူ့ထံ၌ တခြားနည်းလမ်းများ ပိုင်ဆိုင်ထားသေးသည်သာ။ သို့ပေမည့် ဒီအဆိပ်ရည်ကိုးစက်ကတော့ သူ့စိတ်ကို ကယောင်ကတမ်း ဖြစ်သွားစေရန် လုံလောက်နေသည်။
သည်အဆိပ်ရည်ကိုးစက်ထံမှ ကြောက်မက်ဖွယ်အော်ရာက ဗလတောင့်တောင့်လူကျိုးကျင်ကို ကြက်သီးထမိစေ၏။
ကျိုးကျင် ပိတ်မိနေသည်ကို တွေ့သည့်အခါ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “လင်းတန်…”
မြင့်မြတ်သောလင်းတန်က ရှေ့သို့ လှမ်းလာကာ ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်၏။ သူက ဒူးတစ်ဖက်ထောက်ကာ ပြောလာ၏။ “သခင်က သူ့ကို သတ်ချင်လား၊ ဒါမှမဟုတ် သန့်စင်ပစ်ချင်ပါသလား…”
“သခင်တဲ့လား…” ထိုစကားက ကျိုးကျင်၏နားထဲ ဝင်ရောက်လာသည့်အခါ သူသည် မင်သက်သွားမိလေ၏။ သူ၏မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှု ပြည့်နှက်လာသည်။ တတိယအဆင့်ကျင့်ကြံသူများသည် အသန်မာဆုံးတည်ရှိမှုများ ဖြစ်ကာ အရေအတွက်လည်း နည်းပါးလှ၏။ သူတို့တစ်ယောက်ချင်းစီမှာ အလွန်ကျော်ကြားကြသူများပင်။ သူတို့က လူတိုင်းကို သူတို့၏သခင်အဖြစ် မည်သို့ အသိအမှတ် ပြုနိုင်ပါမည်နည်း။ အထူးသဖြင့် တတိယအဆင့်ပင် မရောက်သေးသော တစ်စုံတစ်ယောက်ထံတွင် ဖြစ်၏။
“သန့်စင်လိုက်…” ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ အင်ပါယာမီးပြင်းဖိုသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ရှေးဟောင်းသစ်ရွက် ဆယ့်ရှစ်ရွက်က အင်ပါယာမီးပြင်းဖိုပေါ်သို့ ကျရောက်လာပြီး ၎င်းကို ချိပ်ပိတ်သည်။ ထို့နောက် စိတ်ဝိညာဉ်များ ပေါ်လာကာ သန့်စင်ခြင်းကို အစပြုလေ၏။
မြင့်မြတ်သောလင်းတန်က ဝမ်လင်း၏အကူအညီဖြင့် အင်ပါယာမီးပြင်းဖိုအတွင်းရှိ အဆိပ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်။ သူသည် လေထဲတွင် ထိုင်လျက် ကျွန်သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စတင်တော့သည်။ ကျိုးကျင်က လင်းတန်နှင့် မတူပေ။ သူက တတိယအဆင့်ကျင့်ကြံသူ အစစ်အမှန် ဖြစ်ပေ၏။ ထို့ကြောင့် သူ့ကို ကျွန်တစ်ယောက်အဖြစ် လွယ်လွယ်နှင့် သန့်စင်နိုင်မည် မဟုတ်ပါ။ ဝမ်လင်းက ကျိုးကျင်၏စိတ်အခြေအနေကို ပျက်ပြားအောင် လုပ်ပြီးမှသာ အိပ်မက်တာအိုကို အသုံးပြုနိုင်မည့် အခွင့်အရေး ပိုရှိနိုင်မည် ဖြစ်သည်။
ခုချိန်၌ ကျိုးကျင်ကို လင်းတန်က စောင့်ကြည့်နေပြီး အင်ပါယာမီးပြင်းဖိုနှင့်လည်း ဖိနှိပ်ခံထားရသည်။ ထို့အပြင် ယင်းမီးပြင်းဖိုကို ရှေးဟောင်းသစ်ရွက်ဆယ့်ရှစ်ရွက်က ချိပ်ပိတ်ထားသေးသည်။ အရေးကြီးဆုံးမှာ အဆိပ်ရည်ကိုးစက်က သူ့ပတ်လည်တွင် ဝန်းရံထားခြင်းတည်း။ ထို့ကြောင့် ဝမ်လင်းက ကျိုးကျင်မလွတ်မြောက်နိုင်ဟု ယုံကြည်မှု ရှိပေသည်။
အဆိပ်ရည်မှာကိုးစက်သာ ရှိ၏။ ထို့အတွက်ကြောင့် ဝမ်လင်းသည် ၎င်းတို့ကို မဖြုန်းတီးလိုပေ။ ခုချိန်၌ သူသည် ကျိုးကျင်ကို ဖမ်းချုပ်ထားနိုင်စွမ်း ရှိပြီ ဖြစ်သည်။ သူက ထိုသူ့ကို မသတ်လိုပေ။ သူသာ ရှေးကျွန်နှစ်ယောက်ကိုသာ ရနိုင်ခဲ့ပါက သူ အတွင်းနယ်မြေကို ပြန်ရောက်သည်နှင့် သူ၏မဟာရန်သူကြီး တာအိုပညာရှင်ရေသည် အလန့်တကြား ထွက်ပြေးရပေလိမ့်မည်။
ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များက တဖျပ်ဖျပ် လင်းလက်နေ၏။ သူက အင်ပါယာမီးပြင်းဖိုကို သိမ်းဆည်းလိုက်သည်။ ထို့နောက်တွင် သူ့အောက်ရှိ မြေပြင်ထက်သို့ ကြည့်လိုက်၏။
သည်တောအုပ်၏အတွင်းပိုင်းကမူ ဗလာဖြစ်နေပေပြီ။ အစွန်းအနားပိုင်းတွင်သာ သစ်ပင်အချို့ ရှိလို့နေ၏။ ဤတောအုပ်၏အလယ်မှာ လောဘကြီးက ခုနစ်ရောင်စုံရုပ်တုကို ရှာတွေ့ခဲ့တာ ဖြစ်ပြီး သည်နေရာတွင် ဝဲကတော့တစ်ခုလည်း ရှိလို့နေဆဲပင်။
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ သူက ဒီတောအုပ်နှင့်ဦးခေါင်းခွံတို့ကို သူနှင့်အတူ ယူသွားချင်နေ၏။ သို့ရာတွင် ဝမ်လင်းက သူသာ ယင်းတို့ကို ယူဆောင်သွားလိုက်ပါက ဝဲကတော့သည် ပျောက်ကွယ်သွားမလား၊ မသွားဘူးလား မသေချာ ဖြစ်နေ၏။ အကယ်၍သာ ပျောက်ကွယ်သွားခဲ့ပါက ထိုသို့ယူဆောင်ခြင်းမှာ မတန်တော့ပေ။
ယင်းဝဲကတော့က ဝမ်လင်းအတွက် အလွန်အရေးကြီးပေ၏။ သူက ၎င်းကို သူ၏နတ်ဘုရားအာရုံဖြင့်လည်း စစ်ဆေးကြည့်ခဲ့ပြီးပင်။ သို့သော် သူက ထိုဝဲကတော့က သူ့ကို ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်းသို့ စေလွှတ်စေမလားကိုမူ မရေရာပေ။ သူက ယင်းဝဲကတော့သည် တည်နေရာရွှေ့ပြောင်းပေးနိုင်စွမ်း ရှိသည်ကိုသာ သေချာသိ၏။
အချိန်အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အဆင်အခြင်မဲ့စွာ မလုပ်ဆောင်တော့ပေ။ သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေရာ ကောင်းကင်ထက်၌ အတားအဆီးများစွာ ပြည့်နှက်လာပြီး ဤနေရာကို ချိပ်ပိတ်လေ၏။
ဝမ်လင်းက ရက်အတော်အတန် အသုံးပြုကာ သည်နေရာကို လုံးဝ ချိပ်ပိတ်ပစ်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ လှမ်း၍ သည်တောအုပ်ကနေ ထွက်ခွာသည်။
သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် ရှေးဟောင်းနတ်ဘုရား၏မြူအတွင်း၌ ရောက်နေ၏။ သူက အပြင်ဘက်ကနေ သည်ဧရိယာကို ချိပ်ပိတ်ပစ်ဖို့ အတားအဆီးများစွာကို စတင် ထုတ်လွှတ်သည်။ သည့်နောက်မှ သူသည် စိတ်အေးသွားတော့သည်။ ရှေးဟောင်းသစ်ရွက်ကို ရရှိခဲ့သော တစ်စုံတစ်ယောက်က ဤနေရာသို့ လာခဲ့မည်ဆိုလျှင်ပင် သူတို့သည် အရင်ဆုံး ဤနေရာရှိ အတားအဆီးများကို ချိုးဖျက်ဖို့ လိုပေလိမ့်မည်။ ၎င်းက အန္တရာယ်ပြည့်နှက်ပေ၏။
ဝမ်လင်းက သူ၏အတားအဆီးများအပေါ် အတော်လေး ယုံကြည်မှု ရှိသည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေပြီး အချိန်စီးဆင်းခြင်း ထွက်ပေါ်လာကာ အချိန်အတားအဆီး၏ သက်တမ်းကို တိုးမြှင့်စေကာ ပို၍ အစွမ်းထက်စေသည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်း၏အကြည့်က ဗလတောင့်တောင့်လူကျိုးကျင်၏ အဆင့်ငါးကျောက်ဖျာပေါ်သို့ ကျရောက်သွားသည်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုကျောက်ဖျာသည် တုန်ဟည်းလာ၏။ ကျောက်ဖျာရှိ စာလုံးအားလုံးသည် ဝမ်လင်းထံသို့ ပျံသန်းဝင်လာတော့သည်။
ထိုစာလုံးများ ချဉ်းကပ်လာနေစဉ် ဝမ်လင်းက သူ၏အဆင့်ငါးကျောက်ဖျာကို ထုတ်ယူလိုက်၏။ ထိုစာလုံးများကို စုပ်ယူပြီးသည့်နောက် သူ၏ကျောက်ဖျာသည် ရုတ်တရက် ချဲ့ကားလာကာ မျက်စိတစ်မှိတ်အတွင်း ပေခြောက်သောင်းထိ ကျယ်ပြန့်လာ၏။ ထိုကျောက်ဖျာပေါ်တွင် ရပ်နေစဉ် ဝမ်လင်းက ရင်းနီးသောနတ်ဘုရားအာရုံတစ်ခုက သူ့စိတ်ထဲ တိုးဝင်လာသည်ကို ခံစားမိရသည်။
နောက်ထပ်မြေပုံ ဝမ်လင်း၏စိတ်ထဲတွင် ပေါ်လာ၏။
ချက်ခြင်းပင် ထည်ဝါသောအသံက ဝမ်လင်း၏စိတ်နှလုံးတွင်း၌ ပဲ့တင်ထပ်လာသည်။ “အဆင့်ကိုးဟာ အဆုံးသပ်ပဲ။ ငါ့မှာ ကောင်းကင်၊မြေကြီး၊လူသား ဆိုတဲ့ နန်းတော်သုံးခုရှိတယ်။ လူသားနန်းတော်ထဲမှာ ငါ့ရဲ့ ရမ်ဟဲဓား ရှိတယ်။ ဒီဓားဟာ ငါ့တစ်ဘဝလုံး ငါနဲ့အတူ ရှိခဲ့တဲ့ ဓား ဖြစ်သလို မရေမတွက်နိုင်တဲ့ သတ်ဖြတ်မှုတွေကိုလည်း ဖြတ်သန်းခဲ့တယ်။ သတ်ဖြတ်မှုအားလုံးကြောင့် ဒီဓားဟာ နတ်ဆိုးတစ်ပါးအဖြစ် ပြောင်းသွားခဲ့ပြီး ၎င်းပေါ်မှာလည်း ချိပ်တံဆိပ်သုံးခု ရှိလာတယ်…”
ထိုအသံသည် ပျောက်ကွယ်သွား၏။ ဝမ်လင်းသည် တည်ငြိမ်လျက်ပင်။ ခဏအကြာတွင် သူ၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပေခြောက်သောင်းကျောက်ဖျာကို ထိန်းချုပ်လျက် မြူများအတွင်း ပျောက်ကွယ်သွားတော့သည်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် မြန်ဆန်စွာ သွားနေ၏။ သူက သူ့ရှေ့ရှိ တခြားကျောက်ဖျာများ၏ အော်ရာများကိုလည်း ခပ်ရေးရေး ခံစားမိသည်။ ယင်းကျောက်ဖျာများက ဝမ်လင်း၏ ရှေ့တွင် ရှိနေကာ သူနှင့် အတော်လေး အလှမ်းဝေးနေသေးသည်။
ဝမ်လင်း၏တွက်ချက်မှုအရ အဝေးဆုံးသော ကျောက်ဖျာမှာ အဆင့်ရှစ်မြေပုံဧရိယာသို့ ရောက်နှင့်နေပြီ ဟူ၏။
“စုစုပေါင်း မြေပုံကိုးခု ရှိတယ်။ ယဲ့မိုရဲ့ စကားအရဆိုရင် အမြန်ဆုံးသူဟာ ကိုးခုမြောက်မြေပုံဧရိယာရှိ မလှမ်းနိုင်ဘူး။ ဒါပေမဲ့ အဆင့်ကိုးကျောက်ဖျာ ပိုင်ဆိုင်ထားတဲ့သူကသာ လိုအပ်ချက်တွေ ပြည့်မီမှာ ဖြစ်တယ်…”
“ငါ့ခုလက်ရှိနှုန်းနဲ့ဆိုရင် ငါဟာ ငါ့ရှေ့ကလူတွေထက် ပိုမြန်အောင် မသွားနိုင်ဘူး…”
ဝမ်လင်းသည် ကျောက်ဖျာပေါ်တွင် ထိုင်၍ စတင်စဉ်းစားတော့၏။ အချိန်အတန်ကြာပြီးမှ သူက သူ၏မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်သည်။ သူ၏မျက်လုံးသည် တောက်ပသွားလေ၏။
“ရှေးအမိန့်သင်္ချိုင်းထဲမှာ ရှိတဲ့ လူတိုင်းဟာ နံပါတ်တစ်ခု ရှိကြတယ်။ ဒါပေမဲ့ ငါ့မှာ မရှိဘူး။ ထာဆန်သာ ဒီမှာ ရှိနေရင်လည်း သူ့မှာလည်း ဒီနံပါတ်အမှတ်အသား ရှိနေမှာ မဟုတ်ဘူး…”
“ငါဟာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်တယ်။ ဒါ့ကြောင့် ငါ့အတွက် နံပါတ်နဲ့ အမှတ်အသား လုပ်ဖို့ မလိုအပ်ဘူး။ ဒီတော့ အဲ့နံပါတ်အမှတ်အသားတွေဟာ ဘယ်လိုအရာများ ဖြစ်နေမလဲ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက တစ်စုံတစ်ခုကို ခပ်ရေးရေး သတိပြုမိသည်။ သူ့လက်ဖြင့် သူ့အောက်မှ ကျောက်ဖျာကို ထိရိုက်လိုက်ရာ စာလုံးတစ်လုံး ပျံသန်းထွက်လာသည်။ သူက ၎င်းစာလုံးကို ဖမ်းယူလိုက်သည်။
ကျောက်ဖျာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်းသည် ပြုလုပ်ခံသပ်သပ် ဖြစ်နေခဲ့ပြီး သည်နေရာကို ထိန်းချုပ်နေသောအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသည်။ ဧရာမလက်ကြီးသည်ပင် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသည့်ပုံ ပေါက်သည်။
ထိုခံစားချက်က သူ့ကို မသက်မသာ ဖြစ်စေ၏။ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက သည်နံပါတ်စာလုံများထဲမှတစ်ခုကို လေ့လာစမ်းစစ်ကြည့်သည်။ ၎င်းကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းက ကျောက်ဖျာက သူ့အား ရှေ့သို့ သယ်ဆောင်ပေးနေသည်ကို ခွင့်ပြုထားသည်။ ကျောက်ဖျာသည် ငါးခုမြောက်မြေပုံကို ဖြတ်လာပြီး ခြောက်ခုမြောက်မြေပုံဧရိယာထဲ ဝင်လာခဲ့ပေပြီ။ သူ့လက်ထဲရှိ စာလုံးက အကြိမ်ရာချီ ပြောင်းလဲနေ၏။ သူက ထိုပြောင်းလဲမှုတစ်ခုချင်းစီကို သေသေချာချာ စူးစမ်းနေသည်။
“ဒီနံပါတ်စာလုံးအတွင်းမှာ ထူးဆန်းလွန်းတဲ့အားတစ်ခု ရှိနေတယ်။ ဒီစာလုံးရဲ့အစွမ်းဟာ လူတွေကို ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခု နေလို့ရအောင် လုပ်ပေးတာပဲ။ တကယ်လို့ ဒီစာလုံး မရှိခဲ့ရင်ကော…”
ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည် သူ၏ရှေ့တွင် ပေါ်လာလေသည်။
သူက ထိုမိန်းကလေး၏ ကလန်အမှတ်အသားကို ယူဆောင်ခဲ့ပြီး ဖြစ်သော်လည်း သူမ၏မျက်ခုံးနှစ်ခုကြားတွင် အမှတ်အသားတစ်ခု ရှိနေဆဲသာ။ ထိုအမှတ်အသားသည် နံပါတ်အမှတ်အသားပင်။
သူမသည် အိပ်ပျော်နေသည့်အလား မျက်လုံးမှိတ်ထား၏။ ဝမ်လင်းက သူမ၏နဖူးကို စိုက်ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက ညာလက်ကို ပင့်မြှောက်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားစွမ်းအားက သူ့လက်ထဲတွင် ပြည့်နှက်လာကာ သူသည် သူမ၏နဖူးထက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထိုမိန်းကလေးသည် တုန်ယင်သွား၏။ ဝမ်လင်း၏ ညာလက် ဖြတ်သန်းသွားသည့်နောက်တွင်လည်း ထိုနံပါတ်အမှတ်အသားက သူမ၏နဖူးထက်တွင်သာ ရှိနေဆဲသာ။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက သူ့သိုလှောင်နေရာလွတ်တွင်းမှ ရှေးဟောင်းစိတ်ဝိညာဉ်ပုလင်းကို ထုတ်ယူသည်။ သူ့ညာလက်ဖြင့် ထိုပုလင်းကို ထိရိုက်လိုက်ရာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ် မာန်ဟိန်းလျက် ထွက်ပေါ်လာ၏။ ၎င်း ပေါ်လာသည်နှင့် ဝမ်လင်းက ဖမ်းယူကာ ချေမွပစ်သည်။ နာကျင်စွာအော်သံနှင့်အတူ ရှေးဟောင်းမိစ္ဆာစွမ်းအင်သည် ဝမ်လင်း၏ညာလက်တွင် ပြည့်နှက်လာသည်။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူက ၎င်းကို သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်သည်။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ ထိုပေါင်းစပ်မှုသည် မပြီးပြည့်စုံပေ။ တစ်ခုခု လိုအပ်နေသည့်နှယ်။
“ရှေးဟောင်းနတ်ဆိုးစွမ်းအား…” ဝမ်လင်း၏မျက်လုံးသည် ပိုပိုတောက်ပလာသည်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဘူးသီးခြောက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သူတို့၏အသက်ကို ချမ်းသာပေးသည့်အတွက် ဒီသင်္ချိုင်း၏ပထမဆုံးဧရိယာတွင် ကျင့်ကြံသူတစ်ယောက်က သူ့ကို ပေးအပ်ခဲ့သော ရတနာပင်။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏နတ်ဘုရားအာရုံက ၎င်းဘူးသီးခြောက်ပေါ်သို့ ဝေ့ဝိုက်ကျရောက်သွားသည်။ သူက ၎င်းသည် ရှေးဟောင်းနတ်ဆိုးရတနာမှန်း သိထားပြီး ဖြစ်၏။ ထို့ကြောင့် ၎င်းထံ၌ ရှေးဟောင်းနတ်ဆိုးစွမ်းအားအချို့ ပါဝင်နေမည်သာ။
သူက ထိုဘူးသီးခြောက်ကို ထုတ်ယူပြီးနောက် ၎င်းကို ကန်ထုတ်လိုက်ရာ ရှေးဟောင်းနတ်ဆိုးစွမ်းအင် ပေါ်ထွက်လာသည်။ သူ့ဘယ်လက်ဖြင့် ထိုစွမ်းအင်တစိတ်တပိုင်းကို ဖမ်းယူပြီး သူ၏ညာလက်ထဲရှိ ရှေးဟောင်းနတ်ဘုရားနှင့်ရှေးဟောင်းမိစ္ဆာစွမ်းအားတို့ထဲ ယင်းစွမ်းအားကို ထပ်ပေါင်းစပ်သည်။
ရှေးအမိန့်ကလန်သုံးခု၊ သူတို့၏အော်ရာများသည် ချက်ခြင်း စုဝေးလာကာ ဝမ်လင်း၏လက်ထဲ၌ ပေါင်းစပ်၍ တသီးတသန့်အားတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ထိုအားက ရှေးဟောင်းနတ်ဘုရား၊ မိစ္ဆာ၊ နတ်ဆိုးတို့၏စွမ်းအားထက် များစွာ ပိုအားကောင်းသည်။ ယင်းအားကို ကိုင်ထားလျက် ဝမ်လင်းသည် သူဟာ လောကကို ကိုင်ဆုပ်ထားသည့်နှယ် ခံစားမိသည်။
တုံ့နှေးမနေဘဲ သူက သူ့လက်ဖြင့် ထိုမိန်းကလေး၏နဖူးထက်ကို ပွတ်သပ်လိုက်သည်။ ထိုမိန်းကလေးသည် နာကျင်စွာ အော်ဟစ်လျက် မျက်လုံးဖွင့်လာသည်။ သူမ၏မျက်ခုံးကြားမှ နံပါတ်အမှတ်အသားသည် ဝမ်လင်း၏ ပယ်ဖျက်ခြင်းကို ခံလိုက်ရပေပြီ။
နံပါတ်အမှတ်အသား မရှိသည့်အခါ သူမ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါလေ၏။ သူမပတ်လည်ရှိ မြူသည် ဆူပွက်လာသည့်အလား အဘက်ဘက်ကနေ သူမထံ တရှိန်ထိုး ဝင်ရောက်လာသည်။ သူမ၏တည်ရှိမှုက သည်သင်္ချိုင်း၏စည်းမျဉ်းကို ဆန့်ကျင်မိသည့်အလား။ သင်္ချိုင်းသည် သူမ၏တည်ရှိမှုကို ပယ်ဖျက်ဆီးပစ်တော့ပေမည်။
ထိုပြောင်းလဲမှုသည် ရုတ်တရက် ဆန်လွန်း၏။ ဝမ်လင်းသည်ပင် ထိုသို့ ဖြစ်လာမည်ဟု မထင်ထားမိခဲ့ပေ။ ချက်ခြင်း မြူက အရူးအမူး တိုးဝင်ကာ ထိုမိန်းကလေးသည် သူ၏ရှေ့တွင်ပင် ပျောက်ကွယ်သွားလေတော့သည်။
***