← Chapters

လှည့်ဖြားခြင်း

Vol. 110 Ch. 1515

လှည့်ဖြားခြင်း

Vol. 110 Ch. 1515

ဝမ်လင်းသည် သူ့ရှေ့ရှိ မြူကို စိုက်ကြည့်နေရင်း သူ့မျက်လုံးသည် အလေးအနက် ဖြစ်လာသည်။ မြူသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ထိုမိန်းကလေးမှာလည်း ကွယ်ပျောက်သွားလေသည်။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူက သူမထံမှ ယူဆောင်လိုက်သော နံပါတ်အမှတ်အသားကို ကြည့်လိုက်သည်။ သူက ထိုအမှတ်အသားကို ဘေးတစ်ဖက်တွင် ချထားလိုက်ပြီး ကျောက်ဖျာကို ရှေ့ဆက် ပျံသန်းခွင့် ပြုထားသည်။ အချိန်အတန်ကြာပြီးနောက် သူက နောက်ထပ်ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်တစ်ခုကို ထုတ်ယူကာ ၎င်း၏စွမ်းအင်အတွက် ချေမွလိုက်ပြန်သည်။ ထို့နောက် သူသည် ဘူးသီးခြောက်ထံမှ နတ်ဆိုးစွမ်းအားကိုလည်း ထုတ်ယူပြီး သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်သည်။ သည့်နောက်တွင် သူက သူ့လက်ကို နဖူးထံသို့ ရွှေ့လိုက်၏။

ကျယ်လောင်စွာ ပေါက်ကွဲသွားလေ၏။ ဝမ်လင်း၏မျက်နှာသည် တုန်ယင်ကာ သူ၏မူလစွမ်းအင်များကို အလျင်အမြန် လှည့်ပတ်လိုက်ရသည်။ သူ့မျက်နှာသည် ဖြူရော၏။ သို့သော် သူ့မျက်လုံးတို့မှာ လင်းလက်နေသည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ စူးရှသောနာကျင်မှုက သူ့ခန္ဓာကိုယ်ကို ထိုးစိုက်သည့်နှယ်။

ခဏအကြာတွင် ထိုနာကျင်မှုသည် ပျောက်ကွယ်သွား၏။ နံပါတ်အမှတ်အသားတစ်ခုသည် သူ၏မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာသည်။

ထိုအမှတ်အသားပေါ်လာသည်နှင့် သူ့ပတ်လည်ရှိ မြူသည် မြင့်တက်လာကာ အရူးအမူး ဟိန်းမြည်လာသည်။ ၎င်းက ဝမ်လင်းနှင့်သူ၏ပေခြောက်သောင်းကျောက်ဖျာတို့ကို ဝါးမြိုလိုသည့်နှယ်။

ဝမ်လင်း၏ လုပ်ဆောင်မှုက သည်နေရာရှိ ဥပဒေသများကို ရှုပ်ထွေးသွားစေပုံ ရသည်။ ၎င်းက သူ့ကို ပယ်ဖျက်စီးတော့ပေမည်။

ထိုမြူများ တရကြမ်း တိုးဝင်လာသည့်အခါတွင် ဝမ်လင်းက ချက်ခြင်းပင် သူ့ညာလက်ဖြင့် နဖူးထက်မှ အမှတ်အသားကို ပယ်ဖျက်လိုက်လေသည်။

ထိုအမှတ်အသားကို ထုတ်ယူလိုက်သည့်နောက်တွင် သူ့မျက်နှာသည် ပို၍ပင် ဖြူရောလာပြီး အသက်ရှုသံပင် ကြမ်းရှလာ၏။

သူက ရုတ်တရက် မော့၍ မြူကို စိုက်ကြည့်သည်။ သူက မြူ၏လှုပ်ရှားပုံကို လေ့လာကြည့်ကာ ခုခံရန် ပြင်ဆင်ထားသည်။

သို့ရာတွင် ဝမ်လင်းက သူ၏အမှတ်အသားကို ဖယ်ထုတ်လိုက်သည့်အခါတွင် ပတ်ဝန်းကျင်ရှိ မြူများသည် တဖြည်းဖြည်း ပြန်တည်ငြိမ်ကာ နောက်သို့ ဆုတ်သွားတော့သည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏ရယ်မောသံသည် သည်မြူများအတွင်း၌ ပဲ့တင်ထပ်လာတော့သည်။ သူ့လက်ထဲရှိ နံပါတ်အမှတ်အသားကို ကြည့်လိုက်၏။ သူက ခုချိန်တွင် ၎င်းနှင့်ပတ်သတ်၍ သေချာသွားခဲ့လေပြီ။

သူသည် ဒီရှေးအမိန့်သင်္ချိုင်းထဲ၌ အမှတ်အသား မလိုအပ်ပေ။ အကြောင်းမှာ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက်ကြောင့်ပင်။ သို့ပေမည့် ထိုအမှတ်အသားကို ဖန်တီးနိုင်၏။ ၎င်းအတွက် လိုအပ်သည်မှာ ရှေးအမိန့်ကလန်သုံးခု၏ ပေါင်းစပ်မှုပင် ဖြစ်သည်။

“ဒီအမှတ်အသားဟာ ရှေးအမိန့်သင်္ချိုင်းက ရှေးအမိန့်ကလန်သုံးခုဝင် မဟုတ်တဲ့ သူတွေကို‌ ပေးအပ်တဲ့အရာပဲ။ ဒါမှသာ သူတို့က ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခု တည်ရှိနေနိုင်မှာ ဖြစ်တယ်…”

“ဒီနေရာဟာ ရှေးအမိန့်သင်္ချိုင်းပဲ။ ဒါ့ကြောင့် ရှေးအမိန့်ကလန်ဝင်သုံးခုဟာ ဝင်ရောက်နိုင်တယ်။ တခြားသူတွေအတွက်တော့ ဝင်ဖို့အတွက် အမှတ်အသားနံပါတ်လိုမယ်။ ဒီအမှတ်အသား ပျောက်ကွယ်သွားတာနဲ့ သူတို့ဟာ ဒီသင်္ချိုင်းထဲက ပယ်ဖျက်ခံရလိမ့်မယ်…”

“ရှေးအမိန့်ကလန်ဝင်တွေကတော့ နံပါတ်အမှတ်အသား ရှိဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ ဒီကျောက်ဖျာတွေကို အဆင့်မြှင့်ဖို့အတွက် ရှေးအမိန့်ကလန်ဝင်တွေဟာ အပြင်လူတွေကို သတ်ပြီး သူတို့ရဲ့ အမှတ်အသားကို ယူဆောင်ဖို့ လိုအပ်တယ်။ အပြင်လူတွေဟာ အမွေအနှစ်ဆက်ခံသူတွေ မဟုတ်ဘူး။ သူတို့ဟာ စမ်းသပ်မှုရဲ့ တစိတ်တပိုင်းပဲ။ ငါကတော့ အမွေဆက်ခံသူတစ်ယောက်ဖြစ်တယ်။ ထာဆန်သာ ဒီမှာ ရှိခဲ့ရင် သူလည်း အမွေဆက်ခံသူ ဖြစ်နေမှာပဲ…”

“ဒါပေမဲ့ ထာဆန်ဟာ အလွန်မောက်မာပြီး သူ့စိတ်ဟာ နည်းနည်းရှုပ်ထွေးတယ်။ ဒါ့ကြောင့် သူဟာ ဒီအချက်ကို မတွေးမိလောက်ဘူး…” ဝမ်လင်းသည် သူ့လက်ထဲရှိ အမှတ်အသားကို ကြည့်ကာ ၎င်းကို ကျောက်ဖျာပေါ်သို့ နေရာချလိုက်သည်။ ထိုအမှတ်အသားသည် ကျောက်ဖျာနှင့် မြန်ဆန်စွာ ပေါင်းစပ်သွားသည်။

“သူတို့ရဲ့ အမှတ်အသားကို ရဖို့ တခြားသူတွေကို သတ်တဲ့ နည်းလမ်းတစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ငါဟာ မွန်းစတားအိုကြီးတွေနဲ့လည်း မယှဉ်နိုင်သလို ငါ့မှာ လုံလောက်တဲ့အချိန်လည်း မရှိဘူး။ ဒါပေမဲ့ ငါ့မှာ တခြားနည်းလမ်းတစ်ခု ရှိနေပြီ…”

ဝမ်လင်းသည် ပြုံးနေ၏။ သူက ကလန်သုံးခု၏စွမ်းအားများကို ထပ်မံပေါင်းစပ်ကာ ဆန်းကြယ်သောစွမ်းအားကို ဖြစ်စေသည်။ သူက ချက်ခြင်းပင် ထိုစွမ်းအားကို သူ့နဖူးထက်သို့ ဖိနှိပ်သည်။ ထိုအခါ အမှတ်အသားပေါ်လာစဉ် သူသည် ၎င်းကို အလျင်အမြန် ပြန်ဖယ်ရှားသည်။

အမှတ်အသားတစ်ခု၊ နှစ်ခု၊ ဆယ်ခု၊…သုံးဆယ်…။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် သူ၏ခန္ဓာကိုယ်ကို အသုံးချ၍ နံပါတ်အမှတ်အသားတစ်ရာနီးပါးကို ဖန်တီးလိုက်ပေပြီ။ သူက ယင်းတို့ကို သူ့အောက်ရှိ ကျောက်ဖျာနှင့် ပေါင်းစပ်သည်။

သူ့ခုလက်ရှိ လုပ်ဆောင်မှုကြောင့် သူ့ပတ်လည်ရှိ မြူများသည် သိပ်သည်းလွန်းနေကာ ဟိန်းမြည်သံ အပြင်းအထန် ထွက်ပေါ်နေသည်။ သို့ပေမည့် ဝမ်လင်းသည် ယင်းတို့ကို ကောင်းစွာ ထိန်းချုပ်ထား၏။ သူက မြူများ သူ့ အနီးသို့ ကပ်လာမည့် အခွင့်အရေးတစ်စက်မှ မပေးချေ။

ထိုလှည့်ဖျားသောနည်းလမ်းကို အသုံးပြု၍ ဝမ်လင်းသည် နံပါတ်အမှတ်အသားရာချီကို ဖန်တီးပြီး သူ၏ကျောက်ဖျာနှင့် ပေါင်းစပ်လိုက်ပေသည်။

ကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူကျိုးကျင်၏ ကျောက်ဖျာမှ အမှတ်အသားစာလုံးများကို စုပ်ယူပြီးသည့်နောက် သူ၏ကျောက်ဖျာမှာ အဆင့်ခုနစ်သို့ ရောက်ရန် သိပ်မလိုတော့ပေ။ ခုချိန်၌ ဝမ်လင်းက သည်နည်းလမ်းကို အသုံးချကာ စာလုံးများကို ထပ်မံ ပေါင်းစပ်သည့်အခါ သူ၏ကျောက်ဖျာသည် အဆင့်ခုနစ်အတွက် လိုအပ်ချက် ပြည့်မှီလာတော့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လာရင်း ဝမ်လင်းအောက်ရှိ ကျောက်ဖျာသည် စတင် ကြီးထွားလာသည်။ မရေမတွက်နိုင်သော ဖုန်မှုန့်များက မြူအတွင်းတွင် အဘက်ဘက်ကနေ စုဝေးလာ၏။ ပေခြောက်သောင်းကျောက်ဖျာသည် စတင် ကြီးထွားလာချေပြီ။

ခြောက်သောင်းသုံးထောင်၊ ခြောက်သောင်းခုနစ်ထောင်ကနေသည် ပေခုနစ်သောင်းထိ ရှိလာခဲ့လေပြီ။

အဆင့်ခုနစ်ကျောက်ဖျာ။

ပေခုနစ်သောင်းကျောက်ဖျာမှာ တုန်လှုပ်ဖွယ်ရာပင်။ ၎င်းက မြူအတွင်း၌ ကုန်းမြေအငယ်စားလေးတစ်ခုနှင့်ပင် တူနေတော့သည်။ ၎င်းသည် ရွှေ့လျားနေရင်း လေပြင်းများကို ဖန်တီးလျက် မြူများ အနီအနားသို့ ချဉ်းကပ်မလာဝံစေဘဲ ရှိနေ၏။

ထိုကျောက်ဖျာထံမှ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာကာ မြူများကို နောက်သို့ ပိုဆုတ်စေသည်။ အချို့ နှေးကွေးသွားသော မြူများဆို ရွှေရောင်အလင်း၏ ထိမှန်ခြင်း ခံရပြီး ချက်ခြင်း လွင့်ကွယ်ပျောက်သွားသည်။

မြေပုံ၏နောက်ထပ်အစိတ်အပိုင်းက ဝမ်လင်း၏စိတ်ထဲတွင် ပေါ်လာသည်။ သို့ပေမည့် သူ အာရုံစိုက်ထားသည်မှာ မြေပုံကို မဟုတ်ပေ။ သူ့ခေါင်းထဲ၌ တတိယကြိမ် ပေါ်လာမည့် အသံကိုသာ ဖြစ်၏။

“မြေနန်းတော်ဟာ စိတ်ဝိညာဉ်တွေအတွက်ပဲ။ ဒီအရှင်ဟာ ကောင်းကင်ဘုံအရှင်သုံးယောင်ကို သတ်ခဲ့ပြီး အဲ့နေရာမှာ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို အကျဉ်းချထားခဲ့တယ်။ အစတုန်းကတော့ ငါက သူတို့ကို ငါ့ကိုယ်ပွားတွေအတွက် သန့်စင်ဖို့။ ဒါပေမဲ့ ခုတော့ နောင်ရောက်လာတယ်လူတွေအတွက်ပဲ။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်သုံးခုဟာ အလွန့်ကို အစွမ်းထက်တယ်။ ဒါ့ကြောင့် မင်းအနေနဲ့ ယုံကြည်ချက် မရှိရင် ဒီစိတ်ဝိညာဉ်တွေကို မလွှတ်ပေးသင့်ဘူး…”

ထိုအသံသည် ပျောက်ကွယ်သွား၏။ ဝမ်လင်း၏စိတ်သည် တုန်ယင်နေသည်။ နောက်ဆုံးတွင်တော့ သူသည် မြေနန်းတော်နှင့် ပတ်သတ်၍ နားလည်သွားခဲ့ပေပြီ။ သူ့ထံ၌ ရမ်ဟဲဓားနှင့် ပတ်သတ်၍လည်း သဲလွန်စအချို့ ရှိနေပေပြီ။

ဝမ်လင်း၏ကျောက်ဖျာ အဆင့်ခုနစ်သို့ ရောက်လာသည့်အခိုက်တွင် အဆင့်ရှစ်မြေပုံ ပိုင်ဆိုင်ထားသော မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ကျောက်ဖျာမှာလည်း အဆင့်ခုနစ်သို့ ရောက်လာခါစပင်။ ထိုသူက မတ်တပ်ရပ်လိုက်၏။ သူက မျက်လုံးဖွင့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

“သူ ဘယ်သူလဲ။ သူက ဘယ်လိုများ အဆင့်ခုနစ်ကို ရောက်လာခဲ့တာလဲ။ ခုဆို အဆင့်ငါးကျောက်ဖျာ ရှိတဲ့သူ စုစုပေါင်းခြောက်ယောက်ရှိတယ်။ အဲ့ထဲက တစ်ယောက်ကို သူက စုပ်ယူခဲ့တဲ့အတွက် သူ့ကျောက်ဖျာဟာ အဆင့်ခြောက်ထိ မြှင့်တက်လာခဲ့တာ။ ဒီလောက်အချိန်တိုလေးနဲ့ သူက ဘယ်လိုများ အဆင့်ခုနစ်ကို ရောက်လာနိုင်တာလဲ…”

မိစ္ဆာသခင်ကောင်းကင်ကိုးခုသည် သုန်မှုန်ကာ စဉ်းစား၍ မရ ဖြစ်နေ၏။

“ငါဟာ ငါ့ကျောက်ဖျာအတွက် စာလုံးအများကြီး ရဖို့ အပြင်ဘက်ဒေသမှာ ငါ့ကိုယ်ပွားတွေအများကြီး အသုံးပြုပြီး လူတွေကို သတ်ခဲ့ရတာ။ ငါတော့ သူ့မှာလည်း တူညီတဲ့နည်းလမ်းတစ်ခု ရှိမယ်လို့ ယူဆမိတယ်။ အဆင့်ခုနစ်…။ ငါတော့ ဒီအဆင့်ကို ကောင်းမွန်လှတယ်လို့တော့ မထင်သေးဘူး။ ငါ့ကျောက်ဖျာဟာ အဆင့်ရှစ်ကို မကြာခင် ရောက်တော့မှာ။ ငါတို့ထဲမှာ ဘယ်သူ အမြန်ဆုံးဖြစ်မလဲ ငါ မြင်ချင်သေးတယ်…”

မိစ္ဆာသခင်ကောင်းကင်ကိုးခုသည် တဖန် ပြန်ထိုင်ချလိုက်သည်။

အဆင့်ရှစ်မြေပုံဧရိယာတွင် နောက်ထပ်ကျောက်ဖျာတစ်ချပ် ရှိနေသေး၏။ သို့သော်လည်း မြူများအတွင်း၌ ပျံသန်းရမည့်အစား အဆင့်ခုနစ်သို့ ရောက်တော့မည့် ကျောက်ဖျာတစ်ခုသည် မြူ၏အထက်ကနေ ပျံသန်းနေသည်။ ထိုကျောက်ဖျာပေါ်တွင် ဝတ်စုံဖြူအမျိုးသမီး ထိုင်နေ၏။ သူမက မျက်မှောင်ကြုတ်ကာ ပဟေဠိဖြစ်နေသည်။

သူမသည်လည်း ထူးဆန်းသောမြင်ကွင်းကို သတိပြုမိသည်သာ။ သို့သော် အကြောင်းရင်းကို မစဉ်းစားနိုင် ဖြစ်နေ၏။

“ဘယ်သူလဲ။ ငါ့မှာ လျှို့ဝှက်မန္တာန်တစ်ခု ရှိထားတယ်။ ဒါ့ကြောင့် ငါက ဒီရှေးအမိန့်သင်္ချိုင်းထဲမှာ ပြန့်ကြဲနေတဲ့ စာလုံးတွေကို စုပ်ယူနိုင်ပြီး ငါ့ရဲ့ ကျောက်ဖျာကို အဆင့်မြှင့်တင်နိုင်ခဲ့တာ။ သူကရော ဘယ်လိုများ လုပ်ခဲ့တာလဲ။ သူက ဘယ်သူလဲ…”

ထိုဝတ်စုံဖြူနှင့် အမျိုးသမီးသည် သူမ၏မျက်ခုံးကို ကြုံ့လိုက်စဉ် သူမအောက်ရှိ ကျောက်ဖျာသည် တုန်ယင်လာသည်။ ၎င်းက လုံလောက်သောစာလုံးများကို စုပ်ယူပြီး အဆင့်ခုနစ်သို့ တက်လှမ်းသည်။

ထိုပြောင်းလဲမှုက သူမ၏အတွေးစဉ်ကို နှောက်ယှက်သွားတော့၏။

အဆုံးမဲ့လေများသည် အဆင့်ကိုးမြေပုံဧရိယာတွင် ဖြတ်သန်း စီးဆင်းနေကာ ထာဆန်ကို အရှိန်လျော့ကျသွားစေသည်။ သူ၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူက ရှေ့သို့ ဆက်လှမ်းသည်။

“သောက်ရှေးအမိန့်သင်္ချိုင်း။ ဒီသောက်ရှေးအမိန့်က အမွေအနှစ်ကို ရဖို့ ဒီလောက်ခက်ခဲအောင် လုပ်ထားတယ်။ ရှေးအမိန့်ယဲ့မို၊ ငါဟာ သင့်ရဲ့ ကလန်ဝင်တစ်ယောက်ပဲ။ သင်သာ ငါ့ကို ဒီအမွေအနှစ်ကို မပေးရင် ဘယ်သူ့ကိုများ ပေးအုံးမှာလဲ…”

ထာဆန်၏ဘေးရှိ အဆင့်တစ်ကျောက်ဖျာပေါ်တွင် လှပသောအမျိုးသမီး၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။ သူမသည်လည်း ပေါ့ပျက်ပျက်အမူအရာ ဆက်မပြုမူတော့ပေ။ သူမက နောက်သို့ လှည့်ကြည့်လိုက်၏။

“နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ ဒါပေမဲ့ အဲ့တာက အဆင့်ကိုးမြေပုံဧရိယာနဲ့ ဝေးလွန်းသေးတယ်။ ငါဟာ အဆင့်ကိုးမြေပုံဧရိယာထဲ ရောက်နေခဲ့ပြီ။ ထာဆန်ရဲ့ လမ်းပြမှုနဲ့ဆိုရင် ငါဟာ သူတို့ထက် အမြန်ဆုံး ဖြစ်မှာ။ တခြားလူတွေဟာ မြေကြီးနန်းတော်အတွင်း ဝင်နိုင်စွမ်း ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ ငါကတော့ လုပ်နိုင်တယ်။ ဒါ့အပြင် ယဲ့မိုဟာ အမှန်တရားတစ်ခုလုံးကို မပြောခဲ့ဘူး။ မြေနန်းတော်ထဲမှ ကောင်းကင်ဘုံအရှင်စိတ်ဝိညာဉ်သုံးခုအပြင် တခြားတစ်ခုခုလည်း ရှိသေးတယ်။ ဒီအရာဟာ ဟိုလူအိုကြီးတောင် လိုချင်တဲ့ဟာပဲ…” သူမ၏မျက်လုံးထဲတွင် လောဘအရိပ်အယောင် ဖြစ်ပေါ်သည်။

မည်သည်ကမျှ ဝမ်လင်းက သူကျောက်ဖျာကို အဆင့်မြင့်ဖို့ အဘယ်ပုံနည်းလမ်း အသုံးပြုသည်ကို ခန့်မှန်းကြည့်နိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်းက မရပ်တန့်ပေ။ သူက ထိုနည်းလမ်းကို ဆက်တိုက်သုံး၍ စာလုံးတစ်ခုပြီးတစ်ခုကို ဖြစ်ပေါ်နေစေသည်။

ထိုစာလုံးများက သူ၏အဆင့်ခုနစ်ကျောက်ဖျာနှင့် ဆက်တိုက်ပေါင်းစပ်နေရင်း အဆင့်ရှစ်နှင့် အလွန်မြန်ဆန်စွာ နီးကပ်လာသည်။ ဝမ်လင်းသည် ထိုသို့ပြုလုပ်သည့်နည်းကို အတော်လေး ကျွမ်းနေပေပြီ။ သူ့လက်ကို ဝေ့ယမ်းလိုက်သည်နှင့် သူက စာလုံးကို ဖန်တီးပြီး သူ့နဖူးထက်မှ ယင်းစာလုံးကို ချက်ခြင်း ဖယ်ရှားပြီး ကျောက်ဖျာပေါ်သို့ နေရာချပြီး ဖြစ်နေ၏။ အချိန်ကုန်လွန်လာသည်။ နာရီအနည်းငယ်အတွင်း ကျောက်ဖျာပေါ်ရှိ စာလုံးအရေအတွက်သည် ကြောက်မက်ဖွယ်ဖြစ်လာတော့သည်။

သည်လိုမျိုး သုံးစွဲစုပ်ယူမှုကို တောင့်ခံနိုင်ဖို့အတွက် ပုလင်းထဲ၌ လုံလောက်သောရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်များက ရှိနေ၏။ ဝမ်လင်းထံ၌လည်း သည်လိုမျိုး လုပ်ဆောင်ရန် လိုအပ်သော ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့ပေမည့် သူ့ထံ၌ ရှေးဟောင်းနတ်ဆိုးစွမ်းအားက သိပ်မကျန်တော့ပေ။ ဘူးသီးခြောက်အတွင်း၌ ရှေးဟောင်းနတ်ဆိုးစွမ်းအား သိပ်မကျန်တော့ပေ။

ကံကောင်းစွာဖြင့် ဝမ်လင်းသည် သည်နေရာသို့ ရောက်လာပြီးနောက် ရှေးဟောင်းနတ်ဆိုးရတနာများကို ရရှိခဲ့ခြင်းပင်။ ထိုရှေးဟောင်းနတ်ဆိုးစွမ်းအားကို ထုတ်နှုတ်ဖို့အတွက် သူက သည်ရတနာများကို ဖျက်စီးပစ်ဖို့ ဆန္ဒရှိပေသည်။

နာရီများစွာ ကုန်လွန်ပြီးနောက်တွင်မူ ဝမ်လင်း၏နောက်ဆုံးလက်ကျန် ရှေးဟောင်းမိစ္ဆာရတနာသည် ပျက်စီးသွားတော့သည်။ သူက ၎င်းထံမှ ရှေးဟောင်းနတ်ဆိုးစွမ်းအားကို ထုတ်ယူကာ ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းမိစ္ဆာစွမ်းအားတို့နှင့် ပေါင်းစပ်သည်။ သူသည် နောက်ထပ်စာလုံးတစ်ခုကို ဖန်တီးကာ ကျောက်ဖျာပေါ်သို့ နေရာချလိုက်သည်။ ထိုအခိုက်တွင် ရွှေရောင်တစ်ချက် လင်းလက်ကာ သူ၏ကျောက်ဖျာသည် ထပ်မံ ကြီးထွားလာသည်။

ပတ်တန်းကျင်ရှိမြူများသည် အရူးအမူး နောက်ဆုတ်ကုန်၏။ မြူပင်လယ်တစ်ခုလုံးသည် တဝီဝီလည်ပတ်သည်။ ဝမ်လင်းအောက်ရှိ ကျောက်ဖျာသည် ချဲ့ကားလာကာ ချက်ခြင်းပင် ပေရှစ်သောင်း ရှိလာသည်။ အဆင့်ရှစ်ကျောက်ဖျာ။ သည်နေရာရှိ လူတိုင်း၏ကြား၌ ပထမဆုံးအဆင့်ရှစ်ကျောက်ဖျာ ပေါ်လာခဲ့လေပြီ။

အဆင့်ရှစ်ကျောက်ဖျာပေါ်လာသည့််အခါ မြူပင်လယ်သည် အပြင်းအထန် တဝီဝီလှည့်လည်ကာ အဝေးသို့ လွင့်ထွက်သည်။ တုန်ဟည်းသံများသည် ယင်းမြူပင်လယ်ထံမှ ထွက်ပေါ်လာနေ၏။ ၎င်းသည် မြေပုံအတွင်းရှိ ဧရိယာများအားလုံးသို့ ပျံ့နှံ့လေတော့သည်။

ထိုအခိုက်အတန့်တွင် သည်ရှေးအမိန့်သင်္ချိုင်းအတွင်းရှိ ကျင့်ကြံသူအားလုံးသည် သူတို့ပတ်လည်ရှိ မြူများအတွင်း၌ ပြင်းထန်သောပြောင်းလဲမှုတစ်ခုကို ခံစားမိကြသည်။

***

All Chapters