သက်ရှိထင်ရှားရှေးဟောင်းနတ်ဆိုး
Vol. 110 Ch. 1517
လောင်ကျွမ်းနယ်မြေထီးက အလွန်အစွမ်းထက်၏။ ၎င်းသည် နှစ်ဆယ်ရာခိုင်းနှုန်းသာ ပွင့်ဟလာသော်လည်း နယ်မြေလောင်ကျွမ်းခြင်းမီးကို မည်သည့်အားမှ ပိတ်ဆို့နိုင်ခြင်း မရှိပေ။ ထိုအခိုက်အတန့်၌ မီးပင်လယ်သည် ထီးထံမှ ပျံ့လွင့်လာကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်စီးသည်။
ဘေးပတ်ပတ်လည်ရှိ မြူများသည်ပင် စတင် လောင်ကျွမ်းခံရ၏။ လောင်ကျွမ်းနေသော မြူများက လွင့်ထွက်ကာ အားပြင်းသောမုန်တိုင်းတစ်ခုကို ဖန်တီးလေသည်။ မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ပုံရိပ် ပေါ်လာ၏။ သူ၏အမူအရာသည် အလေးအနက် ဖြစ်လာသည်။ သူ့မူလခန္ဓာကိုယ်သာ ဤနေရာတွင် ရှိနေပါက အဆင်ပြေမည်သာ။ သို့သော် ကျင့်ကြံမှု ကန့်သတ်ခံထားရသော သူ၏ကိုယ်ပွားကမူ ထိုမီးကို ရှောင်မှ ဖြစ်ပေမည်။ ဝတ်စုံဖြူအမျိုးသမီးလည်း ရှိသေး၏။ သူမ၏အမူအရာသည် အကြိမ်များစွာ ပြောင်းလဲနေသည်။ မည်သူကမျှ သူမ အတွေးကို သိနိုင်လိမ့်မည် မဟုတ်ပေ။ သူမက ခေါင်းငုံ့ကာ နောက်သို့ အမြန်ဆုတ်လိုက်၏။
သူတို့နှစ်ယောက် နောက်ဆုတ်လိုက်စဉ် ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်၏။ သူက မီးအားကို ငှားယမ်း၍ ပိုမြန်ဆန်စွာ ရွှေ့လျားသည်။ သူသည် ချက်ခြင်းပင် ခုနစ်ခုမြောက်မြေပုံ၏အစွန်းအနားသို့ ရောက်ရှိသွား၏။ သူက ရှစ်ခုမြောက်မြေပုံဧရိယာအတွင်း ဝင်ရောက်တော့မည့် အချိန်တွင် မိစ္ဆာသခင်ကောင်းကင်ကိုးခုက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။ သူ၏အကြည့်က လေဟာနယ်ကို ထွင်းဖောက်နိုင်စွမ်း ရှည်သည့်နယ်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ငါ မင်းကို တစ်ခါ မြင်လိုက်နိုင်တာနဲ့…မင်းရဲ့ ပုံရိပ်ကို တစ်ကြိမ်မြင်လိုက်တာနဲ့ ဒါဟာ လုံလောက်ပြီ။ မင်းနဲ့ ငါ့ကြားမှ ဘယ်လိုပဲ ဝေးနေပါစေ ငါတို့ကြားမှာ နယ်မြေနှစ်ခု ပိုင်းခြားထားတဲ့ တောင်တစ်လုံး ရှိနေရင်တောင်မှ ဒီအရှင်က မင်းကို သတ်နိုင်တယ်…”
“တောင်ကို ဖြတ်ပြီး ကောင်းကင်ဘုံသားထံ လက်ညွှန်ခြင်း…” သူ့ညာလက်ကို ရုတ်တရက် ပင့်မြှောက်ကာ ရှေ့သို့ ခပ်ကြမ်းကြမ်း ညွှန်လိုက်လေ၏။ ထိုအခိုက်တွင် ရှေးဟောင်းထီးကို ဆုပ်ကိုင်ထားခဲ့သော ဝမ်လင်း၏ပုံရိပ်သည် သူ့မျက်လုံးထဲတွင် ပေါ်လာသည်။ သူက လက်ညွှန်လိုက်သည်နှင့် ဝမ်လင်း၏ပုံရိပ်သည် စတင်ပုံပျက်ယွင်းလာကာ ဆန်းကြယ်သောအားတစ်ခုက သူ့ထံသို့ တရှိန်ထိုး ဝင်ရောက်လာ၏။ ထိုအားက သူ့ကို ဆုတ်ဖြဲပစ်လိုပုံ ရ၏။ မိစ္ဆာသခင်ကောင်းကင်ကိုးခု အသုံးပြုလိုက်သော မန္တာန်မှာ ရေတွင်းထဲမှလမျှားခြင်းနောက် ဒုတိယလိုက်သော မန္တာန် ဖြစ်လေ၏။ ထိုစဉ် လှပသောဝတ်စုံဖြူအမျိုးသမီးက ရုတ်တရက် မော့ကြည့်လာ၏။ သူမ၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်လာသည်။
သူမက သူမ၏ကျောက်စိမ်းကဲ့သို့ လက်ကို ဝေ့ယမ်းလိုက်ကာ တိုးညင်းစွာဆို၏။ “ကောင်းကင်ဘုံဂိတ်တံခါးရဲ့ တာအိုသုံးခု၊ နေ၊လ၊ကြယ် ဂိတ်တံခါးသုံးခု…ဖွင့်လှစ်စေ…”
သူမ၏စကားလုံးများ ပဲ့တင်ထပ်လာချိန််၌ သူမ၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ မရေမတွက်နိုင်သော ကြယ်အလင်းတန်းများသည် မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ရှေ့တွင် ရုတ်တရက် ပေါ်လာလေတော့သည်။
ထိုကြယ်အလင်းတန်းများက အတူတကွယ် ဖြတ်သန်းယှက်လိမ်ကာ ကောင်းကင်ယံထိ ထွင်းဖောက်သော ဧရာမဂိတ်တံခါးကြီး ရုတ်ချည်း ပေါ်လာတော့သည်။ ၎င်းသည် လေဟာနယ်ဂိတ်တံခါးနှင့် အတော်လေးကို ဆင်တူ၏။ သို့သော် အနှစ်သာရကမူ မတူညီပေ။
ထိုကြယ်ဂိတ်တံခါးက မိစ္ဆာသခင် ရှေ့သို့ လက်ညွှန်လိုက်ချိန်တွင် ပေါ်လာခြင်းပင်။ ထိုတာအိုမန္တာန်နှစ်ခုသည် ချက်ခြင်းပင် ထိပ်တိုက်တွေ့လေသည်။
မည်သည့်အသံ၊ မည်သည့်လှိုင်းဂယက်မှ မပျံ့လွင့်သွားပေ။ သို့သော် ကြယ်ဂိတ်တံခါးက တုန်ယင်လာ၏။ ထို့နောက် ၎င်းသည် ဒီရှေးအမိန့်သင်္ချိုင်းထဲ၌ ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာသခင်ကောင်းကင်ကိုးခုကလည်း သွေးအန်လိုက်ရ၏။ သူ၏မျက်နှာမှာ ဖြူရောသွားပြီး ပေထောင်ချီ နောက်သို့ လွင့်ထွက်သွားသည်။ သူက ဝတ်စုံဖြူအမျိုးသမီးကို ကြည့်ကာ အော်ပြောလိုက်သည်။ “ကောင်းကင်ဘုံကိုယ်လုပ်တော်က ဘာကြောင့် ငါ့ကို တားဆီးရတာလဲ…”
ဝတ်စုံဖြူအမျိုးသမီးသည်လည်း အနည်းငယ် ဖြူရောသွားပြီး ပေထောင်ချီ နောက်ဆုတ်လိုက်ရသည်။ သို့သော် သူမက တည်ငြိမ်လျက်ပင်။ သူမသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါက သင့်ကို ဘာကြောင့် ရှင်းပြရမလဲ…”
မိစ္ဆာသခင်ကောင်းကင်ကိုးခုသည် ထိုဝတ်စုံဖြူအမျိုးသမီးကို တခဏ စိုက်ကြည့်နေ၏။ ထို့နောက်တွင် သူ၏အမူအရာသည် ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာကာ ဒေါသထွက်ဟန် မပြတော့ပေ။ သူသည် သူ့ပါးစပ်ထောင့်၌ အပြုံးတစ်ခုကို ချိတ်ဆွဲကာ ခေါင်းယမ်းလိုက်လေသည်။ သူက လှည့်၍ ရှစ်ခုမြောက်မြေပုံအတွင်း ဝင်သွားသည့် ဝမ်လင်းနောက်သို့ လိုက်လံတော့သည်။
ဝတ်စုံဖြူအမျိုးသမီးက မျက်မှောင်ကြုတ်ကာ သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမသည်လည်း ဝမ်လင်းပျောက်ကွယ်သွားသောနေရာကို ကြည့်ကာ ရှေ့ဆက်လှမ်းလာတော့သည်။
ဝမ်လင်းသည် ရှစ်ခုမြောက်မြေပုံအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် သူသည် ချက်ခြင်းလိုလို အားကောင်းလှသော အေးစိမ့်မှုကို ခံစားမိလိုက်၏။ အန္တရာယ်အာရုံသည် သူ့စိတ်ထဲတွင် ပြည့်နှက်လာသည်။ သူသည် သူ၏မျက်ခုံးနှစ်ခုကြားသို့ ချက်ခြင်း ညွှန်လိုက်ကာ အင်ပါယာမီးပြင်းဖိုကို ပေါ်လာစေသည်။ ၎င်းက သူ့ကို ဝန်းရံလျက် သူသည် ရှစ်ခုမြောက်မြေပုံဧရိယာအတွင်းသို့ တိုးဝင်သွားတော့သည်။
ရှစ်ခုမြောက်မြေပုံအတွင်းသို့ ဝင်လာသည့်နောက်တွင် အန္တရာယ်အာရုံမှာ ပျောက်ကွယ်သွား၏။ သူသည် သူ့နောက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ချက်ခြင်းပင် အတွင်းနက်ပိုင်းသို့ ဦးတည်ဝင်ရောက်တော့သည်။
သူ ထွက်သွားပြီး သိပ်မကြာခင်တွင် မိစ္ဆာသခင်ကောင်းကင်ကိုးခု ရောက်ရှိလာ၏။ ရှစ်ခုမြောက်မြေပုံဧရိယာမှာ သူ့အတွက် အတော်လေး အစိမ်းသပ်သပ် ဖြစ်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ကျောက်ဖျာထံမှ ပေးနေသော ရေးတေးတေးခံစားမှုကို အခြေခံကာ ဆက်လက် လိုက်လာသည်။
တစ်ချိန်တည်းမှာ စွဲညှို့နိုင်သောအမျိုးသမီးကလည်း ကိုးခုမြောက်မြေပုံဧရိယာအတွင်းကနေ ရှစ်ခုမြောက်မြေပုံဧရိယာအတွင်းသို့ ဝင်ရောက်လာလေသည်။
သည်ရှစ်ခုမြောက်မြေပုံဧရိယာကို ဝမ်လင်းထက် မည်သူကမျှ ပိုမရင်းနှီးနိုင်ပေ။ ဝမ်လင်းသည် ရှစ်ခုမြောက်မြေပုံဧရိယာကို မြန်ဆန်စွာ ဖြတ်သန်းနေ၏။ သည်နေရာတွင် ချိပ်ပိတ်မြေသုံးခု ရှိလေ၏။ ယင်းတို့ကို ရှေးအမိန့်ဘာသာစကားဖြင့် နတ်ဘုရား၊နတ်ဆိုး၊ မိစ္ဆာဟူ၍ အမှတ်အသား ပြုထားသည်။
ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားဟု မှတ်သားထားသော ကုန်းမြေကို မရွေးချယ်ပေ။ ထိုအစား သူက ရှေးဟောင်းနတ်ဆိုးကို ချိပ်ပိတ်ထားသောကုန်းမြေထံသို့ တိုက်ရိုက် ဦးတည်လေသည်။
တစ်နာရီအတွင်း သူက ရှေးဟောင်းနတ်ဆိုးချိပ်ပိတ်ထားသောကုန်းမြေနား ရောက်ရပေလိမ့်မည်။ ခုချိန်၌ လူတိုင်းက သူ့နောက်ကို လိုက်လာနေသည်ဟု သူ ခံစားမိနေ၏။ ဝမ်လင်းက ထိုသူတို့ သူ့ကို နာရီဝက်အတွင်း မှီလာမည်ဟု တွက်ချက်မိသည်။
“နာရီဝက်…” ဝမ်လင်းက သူ့ရှေ့ရှိ ပေသောင်းချီအကွာ၌ ဝဲကတော့တစ်ခုကို မြင်လိုက်ရချိန်၌ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ ထိုဝဲကတော့သည် နတ်ဆိုးစွမ်းအင်တို့နှင့် ပြည့်နှက်နေ၏။ ယင်းနတ်ဆိုးစွမ်းအင်ဖြင့်ပင် လူတစ်ယောက်၏ စိတ်နှလုံးကို တုန်ယင်သွားစေဖို့ လုံလောက်ပေသည်။
နီးကပ်လာသည့်နောက် ဝမ်လင်းက ထိုဝဲကတော့ထံမှ အားကောင်းသောအသက်ဓာတ် ထွက်ပေါ်နေသည်ကို ရှင်းလင်းစွာ ခံစားမိရသည်။
“သက်ရှိထင်ရှားရှိနေတဲ့ ရှေးဟောင်းနတ်ဆိုး…” ဝမ်လင်း ပင့်သက်ရှိုက်မိသွား၏။ သူက ထိုဝဲကတော့ကို စိုက်ကြည့်လိုက်၏။ ဝဲကတော့အတွင်းရှိ မုန်တိုင်းတွင်း၌ ထိုင်နေသော ပုံရိပ်တစ်ခု ရှိနေ၏။ ၎င်းကိုကား ချိပ်ပိတ်ထားခြင်းပင်။ ထိုချိပ်ပိတ်မှုကြောင့် ယင်းရှေးဟောင်းနတ်ဆိုးသည် လွတ်မြောက်နိုင်မည် မဟုတ်ပါ။ သည်ရှေးဟောင်းနတ်ဆိုးက အိပ်ပျော်နေသည့်နှယ်။
ထိုနေရာရှိ နတ်ဆိုးစွမ်းအင်များက အလွန်အားကောင်းလှသည်။ ၎င်းရှေးဟောင်းနတ်ဆိုးမှာ သက်ရှိထင်ရှား ရှိနေရုံသာမက အလွန်လည်း အစွမ်းထက်မည်မှာ ကျိန်းသေသည်။ ၎င်းထံ၌ ကြယ်ကိုးလုံး မရှိလျှင်ပင် အနည်းဆုံးတော့ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဆိုးတစ်ပါး ဖြစ်လိမ့်မည်။ ဝမ်လင်းသည် မျက်မှောင်ကြုတ်မိနေ၏။ သို့သော် သိပ်မကြာခင်တွင် သူက မျက်မှောင် ပြန်ဖြေလျော့လိုက်ကာ ညစ်ကျယ်ကျယ်အပြုံးတစ်ခုကို ထုတ်ဖော်သည်။ သူက ကျောက်ဖျာပေါ်ကနေ ဂရုတစိုက် ဆင်းပြီး ၎င်းကို သိမ်းဆည်းကာ ယင်းဝဲကတော့ထံသို့ ဦးတည်လေသည်။
သူ ဝဲကတော့အတွင်းသို့ ဝင်ရောက်လာနေရင်း တဝီဝီမြည်ဟိန်းသံများက သူ့နားထဲတွင် ပဲ့တင်ထပ်၏။ ဝဲကတော့အတွင်းရှိ နတ်ဆိုးစွမ်းအင်များသည် ပြင်းထန်သောမုန်တိုင်းတစ်ခုအလား။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုသည့်ဟန်ပင်။ သူက ပေတစ်သောင်းလောက်ထိသာ လှမ်းဝင်လာနိုင်စွမ်းရှိ၍ ရှေ့ဆက်မတိုးနိုင်တော့ပေ။ သူက သည်ဝဲကတော့ ဗဟိုသို့ ရောက်ရန် အတော်အလှမ်းဝေးနေသေးသည်။ ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေပြီး သူ့ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာလေ၏။
ဝမ်လင်း၏ကြယ်များက မြန်ဆန်စွာ လှည့်ပတ်၏။ သူ၏မျက်လုံးထဲတွင် ရှေးဟောင်းနတ်ဘုရားစွမ်းအား ပြည့်နှက်လာသည်။ သူက အံတင်းတင်းကြိတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ ခြေလှမ်းတစ်လှမ်းချင်းစီက ပေထောင်ချီကို ဖြတ်သန်းသွားပေသည်။ မျက်စိတစ်မှိတ်အတွင်း သူက သည်ဧရိယာ၏ ဗဟိုသို့ ဝင်ရောက်လာခဲ့လေပြီ။ သူက အကန့်အသတ် ရောက်လုနီးနီး ဖြစ်နေပေပြီ။ သူ့အဖို့ နောက်ထပ် ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်တော့မည်။ သို့သော် ဝမ်လင်းက ထိုသို့ အဖြစ်ခံမည် မဟုတ်ပေ။ သူက ထိုင်ချကာ ရှေးဟောင်းမိစ္ဆာပုလင်းကို ထုတ်ယူ၏။ ရှေးဟောင်းမိစ္ဆာစွမ်းအားများကို ထုတ်နှုတ်ယူပြီးနောက် သူ၏ကိုယ်ပိုင်ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် မြင့်တက်လာချေတော့သည်။ ထို့နောက် သူ့ဘယ်လက်ဖြင့် ရှေးဟောင်းနတ်ဆိုးစွမ်းအားအချို့ကို ဖမ်းယူကာ ထိုစွမ်းအားသုံးခုကို ပေါင်းစပ်သည်။
ဆန်းကြယ်သောအား ထပ်မံ ထွက်ပေါ်လာ၏။ သူက ၎င်းကို သူ၏မျက်ခုံးနှစ်ခုကြားသို့ မြန်ဆန်စွာ ဖိချလိုက်၏။ စာလုံးပေါ်လာသည်နှင့် သူက ၎င်းကို ချက်ခြင်း ဖယ်ရှားသည်။ သူသည် ထိုကဲ့သို့ပုံစံမျိုး ထပ်ကာထပ်ကာ ဆက်တိုက်လုပ်ရင်း ရှေ့သို့ မြန်သထက်မြန်မြန် ရွှေ့လျားလာတော့သည်။
ရှေးဟောင်းနတ်ဆိုးအော်ရာကိုလည်း ဝမ်လင်းက ထုတ်ယူထား၏။ ရှေးဟောင်းမိစ္ဆာပုလင်းအတွင်းရှိ စိတ်ဝိညာဉ်အရေအတွက်မှာလည်း လျော့နည်းလာသည်။ ပိုပိုများပြားသော စာလုံးများ ပေါ်လာနေ၏။ အချိန်ကုန်လွန်လာသည်။ နာရီဝက် ပြည့်ပေတော့မည်။
ဝမ်လင်း ဖန်တီးထားသော စာလုံးများ၏ အရေအတွက်သည် ထောင်ချီ ရှိလာ၏။ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ကို ထုတ်နှုတ်၊ ရှေးဟောင်းနတ်ဆိုးစွမ်းအားကို ဖမ်းယူကာ သူ၏ကိုယ်ပိုင် ရှေးဟောင်းနတ်ဘုရားစွမ်းအားအတွင်းသို့ သွတ်သင်း၏။ ဝမ်လင်းက ထိုကဲ့သို့ပုံစံမျိုး ဆက်တိုက်လုပ်နေလေသည်။
“ နည်းနည်း ပိုမြန်ရမယ်…” သူက စွမ်းအားသုံးခုပေါင်းစပ်၍ စာလုံးများကို မြန်ဆန်စွာ ဖန်တီးခဲ့သော်လည်း ကျောက်ဖျာကို အဆင့်ကိုးထိ မြှင့်တင်နိုင်ဖို့က အလှမ်းဝေးနေသေး၏။ ဝမ်လင်းက သူ့ထံ တိုးဝင်လာနေသော အော်ရာလေးခုကို ကောင်းစွာ ခံစားမိသည်။ သူကလည်း မြန်သထက်မြန်မြန် လှုပ်ရှားနေသည်။ သိပ်မကြာခင်တွင် တုန်ဟည်းသံ မြည်ဟိန်းလျက် ပေခုနစ်သောင်းခန့်ကျောက်ဖျာတစ်ခုသည် ရောက်ရှိလာတော့သည်။ ၎င်းပေါ်၌ စွဲညှို့နိုင်သောအမျိုးသမီး မတ်တပ်ရပ်နေသည်။ သူမ ရောက်မလာခင်မှာပင် သူမ၏ ညှို့ငင်နိုင်သော ရယ်သံကို အရင်ကြားရသည်။
သူမ၏ ရယ်သံ ဝမ်လင်းနားထဲ တိုးဝင်လာသည့်အခါ သူ၏စိတ်သည် တုန်ယင်မိသွား၏။ သူ့အတွေးများသည် အတိတ်တုန်းက ဟင်္သာပြဒါးအုတ်ဂူအတွင်း၌ သူ လျှိုမေနှင့် ကုန်ဆုံးခဲ့သော အချိန်ဆီ ရောက်ရှိသွားသည်။ ထိုအဖြစ်က သူ၏မျက်နှာကို ဖြူရောသွားစေသလို သူ၏အမူအရာသည် ရေခဲတမျှ အေးစက်လာစေသည်။ သူက ကျောက်ဖျာနှင့်၎င်းပေါ်ရှိ အမျိုးသမီးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံမှုကြောင့် သူက ထိုထူးဆန်းသောခံစားချက်ကို ဖိနှိပ်နိုင်စွမ်း ရှိသည်။ သူ့မျက်လုံးက ပိုအေးစက်သထက် အေးစက်လာ၏။ ထိုအမျိုးသမီး ရောက်ရှိလာချိန်၌ ဝမ်လင်းက ဝဲကတော့အတွင်း ပိုဝေးသောနေရာထိ နောက်ဆုတ်သည်။ ထို့နောက် သူက ထိုင်ချလိုက်သည်။ သူသည် ထိုအမျိုးသမီးကို လစ်လျူရှုလျက် စာလုံးများကိုသာ ဆက်လက် ဖန်တီးတော့သည်။
“ဒီတော့ နင်ပေါ့လေ။ ဒီအမကြီးမှာ ထာဆန်သာ ရှိမနေခဲ့ရင် ငါက နင့်ကို နာကျင်စေချင်မှာ မဟုတ်ဘူး…” ပန်းရောင်ဝတ်စုံနှင့်ထိုအမျိုးသမီးက ပြုံး၏။ သို့သော် သူမ၏မျက်လုံးထဲ၌လည်း အံ့အားသင့်ဟန် အရိပ်အယောင် ရှိနေသည်။ သူမက ဝဲကတော့အတွင်းနက်ပိုင်းသို့ တချက် ကြည့်လိုက်ရာ အတွင်းရှိ ရှေးဟောင်းနတ်ဆိုးကို ခံစားမိသည်။ သူမ၏မျက်လုံးက အလေးအနက် ဖြစ်လာ၏။ သူမ၏ရယ်သံက ပုံမှန်ဟု ထင်ရသော်လည်း ၎င်းရယ်သံထဲ၌ သူမ၏တာအိုမန္တာန် ပါဝင်ပေသည်။ သို့ပေမည့် ဝမ်လင်းသည် တဒင်္ဂသာ စိတ်ရှုပ်ထွေးခဲ့ပြီး ချက်ခြင်း ပြန်အသိဝင်ခဲ့ပေသည်။ သူမက ထူးဆန်းသောအတွေးတစ်ခုကို မတွေးမိဘဲ မနေနိုင် ဖြစ်မိ၏။
“ဒီကျင့်ကြံသူလေးက မိန်းမတစ်ယောက်ကို လုံးဝ မမြည်းစမ်းဘူးဘူးလား…”
ထိုအမျိုးသမီး၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူမက နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် သူမသည် ရယ်မောကာ ဝဲကတော့အတွင်းသို့ ဝင်လာပြီး ဝမ်လင်းထံ ဦးတည်တော့သည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာသခင်ကောင်းကင်ကိုးခုလည်း ရောက်လာ၏။ သူကလည်း သူ၏ကျောက်ဖျာကို သိမ်းဆည်းကာ ဝဲကတော့အတွင်းသို့ ဝင်ရောက်လိုက်သည်။
***