လက်ခုပ်တကြိမ်တီးခြင်း
Vol. 110 Ch. 1518
ကောင်းကင်ဘုံကိုယ်လုပ်တော်ထဲမှ တစ်ယောက်နှင့် မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့သည် ဝဲကတော့တွင်း ဝင်လာကာ ဝမ်လင်းထံ ဦးတည်သည်။ ဝမ်လင်းက ထိုနှစ်ယောက်ကို စိုက်ကြည့်သည်။ သူ၏မျက်လုံးက အေးတိအေးစက်ပင်။ သို့သော် သူသည် မလှုပ်ရှားပေ။ သူက ရှေးအမိန့်စွမ်းအားသုံးခုကို ပေါင်းစပ်၍ စာလုံးများ ဖန်တီးနေသည်။
သူက တဖက်လူများ သူလုပ်နေသည့်အရာကို တွေ့မြင်မည့်အပေါ် မစိုးရိမ်နေပေ။ ထာဆန်ကလွဲ၍ မည်သူကမျှ ထိုသို့ လုပ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။
“သူက စာလုံးတွေကို သူ့ဟာသူ တကယ် လုပ်နိုင်တာပဲ…” မိစ္ဆာသခင်ကောင်းကင်ကိုးခုက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားမိ၏။ သို့ပေမည့် သူက အတွင်းရှိ ရှေးဟောင်းနတ်ဆိုးကို တွေ့မြင်သည့်အခါ သူ၏လှုပ်ရှားမှုသည် ပိုညင်သာလာသည်။ သူက တစ်ခုခုကို ခန့်မှန်းမိကာ သည်ရှေးဟောင်းနတ်ဆိုးကို အနှောက်အယှက် မဖြစ်စေလိုဟန် ရ၏။
ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ဝမ်လင်း၏ လုပ်ဆောင်မှုများကို မြင်သည်သာ။ သူမသည် တခဏ မင်သက်သွားမိပြီး ချက်ခြင်းပင် အရာအားလုံးကို နားလည်သွားတော့သည်။ သူမက ခေါင်းယမ်းလိုက်ပြီး အလျင်အမြန် ချဉ်းကပ်လာတော့သည်။
ဤဝဲကတော့မှာ အလွန်အစွမ်းထက်၏။ ပိုနက်နက် ဝင်လာလေလေ ပို၍ ခက်ခဲလာလေပင်။ မိစ္ဆာသခင်နှင့် ထိုအမျိုးသမီးတို့သည် အရှိန်လျော့ကျလာ၏။ သို့သော် သူတို့က ဝဲကတော့ မြန်မြန်ဆန်ဆန် ဖြတ်သန်းနေကြဆဲပင်။
ဤနေရာတွင် ရှေးဟောင်းနတ်ဆိုးအော်ရာ ရှိနေသည့်အတွက်ကြောင့် သည်နေရာတွင် အသုံးပြုသောမန္တာန်များအားလုံးသည် သက်ရောက်ခံရနိုင်၏။ သို့ပေမည့် သူတို့နှစ်ယောက်မှာ အလွန်အစွမ်းထက်သူများ ဖြစ်၍ ချက်ခြင်းပင် ပေခုနစ်ထောင်လောက်ကို ကျော်ဖြတ်လာခဲ့လေပြီ။ သူတို့က ဝမ်လင်းနှင့် ပိုနီးသထက် နီးလာ၏။
ဝမ်လင်းက သူတို့နှစ်ယောက်ကို စိုက်ကြည့်နေ၏။ သူတို့က သူနှင့် ပေတစ်ထောင်လောက် မလိုသောနေရာသို့ ရောက်လာသည့်အခါတွင် သူက ညာလက်ကို ဝေ့ယမ်းလိုက်လေသည်။ ရှေးဟောင်းမိစ္ဆာပုလင်း ပေါ်လာကာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်မြောက်များစွာ ၎င်းထံမှ ထိုးထွက်လာကြသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များက မြန်ဆန်စွာ လှည့်ပတ်ပြီး ရှေးဟောင်းနတ်ဘုရားစွမ်းအား များစွာသည် ထိုးထွက်လာကာ ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်သည်။ သည်နေရာတွင် ရှေးဟောင်းနတ်ဆိုးအော်ရာက ရှိနှင့်နေပြီး ဖြစ်သည်။ ထိုစွမ်းအားသုံးခုသည် ချက်ခြင်းပင် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်လေ၏။
လျှပ်တပြတ်အတွင်း ထိုကလန်သုံးခု၏စွမ်းအားက ပေါင်းစပ်ပြီး စာလုံးများကို ဖန်တီးနိုင်သော ဆန်းကြယ်သည့်စွမ်းအား ဖြစ်ပေါ်လာတော့သည်။ ဟိန်းမြည်လျက် ယင်းစွမ်းအားသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သည်။
ဖျပ်ခနဲအတွင်း ဝမ်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မရေမတွက်နိုင်သောစာလုံးများစွာ ဖုံးလွှမ်းသည်။ အဖြစ်အပျက်သည် မြန်လွန်းလှသည်။
မိစ္ဆာသခင်ကောင်းကင်ကိုးခုနှင့် ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးတို့၏ အမူအရာက ပြောင်းလဲသွားကြ၏။ သူတို့က အိပ်ပျော်နေသော ရှေးဟောင်းနတ်ဆိုးကို ထပ်မံ၍ ဂရုစိုက်မနေနိုင်တော့ဘဲ ဝမ်လင်းထံ တိုးဝင်လာတော့သည်။
ထိုအခိုက်တွင် နောက်ထပ်ကျောက်ဖျာတစ်ခုကလည်း ဝဲကတော့နှင် နီးကပ်လာ၏။ ၎င်းမှာ အဆိပ်အိုကြီးပင်။ သူက ရောက်လာသည်နှင့် ချက်ခြင်း ဝဲကတော့ထဲသို့ ခြေချလိုက်၏။ အဆိပ်အိုကြီးနောက်တွင် ဝတ်စုံဖြူအမျိုးသမီး ရောက်ရှိလာသည်။ သူမက မျက်မှောင်ကြုတ်လျက် သူမ၏ ကျောက်ဖျာကို သိမ်းဆည်းကာ ဝဲကတော့ထဲသို့ ခြေလှမ်းလိုက်သည်။
မိစ္ဆာသခင်ကောင်းကင်ကိုးခု နှင့် ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးတို့ အနားရောက်လာရုံ ရှိသေး ဝမ်လင်းက နှာခေါင်းရှုံ့လိုက်သည်။
“သင်တို့ နောက်ကျသွားပြီ…” ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ရီနေ၏။ သို့သော် သူက ထိုသူတို့ နီးကပ်လာသည့်အပေါ် အရေးမစိုက်ပေ။ သူ့ပတ်လည်ရှိ စာလုံးများက သူ၏ခန္ဓာကိုယ်ကနေ လှုပ်ခါချခြင်း ခံရကာ သူ့အနီးအနား၌ လွင့်မြော၏။
တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ ဖန်တီးထားသော စာလုံးမြောက်များစွာ ပေါ်လာတော့သည်။ ထို့နောက်တွင် ဝမ်လင်းက လေထဲသို့ ခုန်တက်၏။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ၏ပေရှစ်သောင်းကျောက်ဖျာ ပေါ်လာလေသည်။
ထိုကျောက်ဖျာ ပေါ်လာသည့်အခါ ၎င်းက သူဖန်တီးထားသော စာလုံးအားလုံးကို စုပ်ယူသည်။ တောက်ပသော ရွှေရောင်လင်းလက်၍ အဘက်ဘက်သို့ ခြုံလွှမ်းသွားသည်။
တုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်ကုန်သည်။ ထိုစာလုံးအားလုံးကို စုပ်ယူပြီးသည့်နောက် ပေရှစ်သောင်းကျောက်ဖျာက စတင် ချဲ့ကားလာတော့သည်။
ပေရှစ်သောင်းနှစ်ထောင်၊ ရှစ်သောင်းလေးထောင်ကနေသည် ပေကိုးသောင်းထိ ရှိလာသည်။
အဆင့်ကိုးကျောက်ဖျာ။
ထိုကျောက်ဖျာပေါ်လာသည်နှင့် ရွှေရောင်အလင်းက လွင့်ပါးသွားကာ မည်သည့်အရောင်မှ မပေါ်ထွက်တော့ပေ။ ထိုမျှသာမက ကျောက်ဖျာသည်လည်း သာ၍အပြင်းအထန် တုန်ခါသည်။ ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၍ ထိုအဆင့်ကိုးကျောက်ဖျာပေါ်သို့ ခြေချလိုက်သည်။
“အဆင့်ကိုးကျောက်ဖျာ…” မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားလျက် သူသည် ရှေ့သို့ ချက်ခြင်း တိုးဝင်လာသည်။
ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီး၏အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူကလည်း ကျောက်ဖျာထံသို့ ဦးတည်ဝင်လာသည်။
အဆိပ်အိုကြီးကလည်း လောဘဇောဖြင့် တိုးဝင်လာသည်သာ။
ဝတ်စုံဖြူအမျိုးသမီးတစ်ယောက်သာ စဉ်းစားနေဟန်ဖြင့် နောက်ဆုတ်သည်။
သို့ပေမည့် ဤအခိုက်အတန့်တွင် တုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာ၏။ ခြောက်ချားဖွယ်ဟိန်းမြည်သံသည် ဒီရှေးအမိန့်သင်္ချိုင်းထဲမှ ထွက်ပေါ်လာလေသည်။ ၎င်းအသံသည် ဝေးကွာလွန်းနေသေး၏။ သို့သော်ငြားလည်း ခဏအကြာတွင် ၎င်းအသံက သင်၏နားဘေးနားသို့ ရောက်လာပေလိမ့်မည်။
ကိုးခုမြောက်မြေပုံဧရိယာအတွင်း၌ ထာဆန်က အော်ဟစ်လျက် ရှေ့သို့ သွားနေသည်။ သို့ပေမည့် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ ဘေးတစ်ဖက်သို့ အလျင်အမြန် ရှောင်လိုက်လေသည်။
ရှေ့တည့်တည့်ရှိ အဆုံးမဲ့လေဟာနယ်ထံမှ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ထွက်ပေါ်လာ၏။ သူက မြူများအတွင်းမှ ဆန့်ထွက်လာသော ဧရာမလက်တစ်ဖက်ကို ရှင်းလင်းစွာ မြင်လိုက်ရပြီး အနှီလက်ကြီးက သူ့ကို ဖြတ်သန်းကျော်လွန်သွားသည်။
၎င်းလက်က ထာဆန်ကို မထိမိသော်လည်း ၎င်းထံမှ တုန်ခါလှိုင်းက သူ၏ခန္ဓာကိုယ်ကို ထိရိုက်သွားသည်။ ထာဆန်၏အစွမ်းထက်ခန္ဓာကိုယ်ဖြင့်ပင် သူသည် နောက်သို့ လွင့်ထွက်ကာ သွေးအန်လိုက်ရ၏။ သူက သူ့ကိုယ်သူ ရပ်တန့်နိုင်ဖို့ အတော်လေး အားစိုက်လိုက်ရသည်။ မည်သည့်အရာကိုမျှ မကြောက်တတ်သော ထာဆန်၏မျက်လုံးထဲ၌လည်း ဖြစ်တောင့်ဖြစ်ခဲ ကြောက်လန့်မှု ဖြစ်ပေါ်သွားသည်။ သူက အဝေးသို့ မြန်လွန်းစွာ ပျံသန်းသွားသော ထိုလက်ကြီးကို ကြည့်မိသည်။
ထိုလက်ကြီးက ရှေးအမိန့်သင်္ချိုင်းကို ဖြတ်သန်းသွားရင်း ရှစ်ခုမြောက်မြေပုံဧရိယာထံသို့ ဦးတည်သည်။
တစ်ချိန်တည်းမှာ ပထမဆုံးမြေပုံဧရိယာတွင်လည်း နောက်ထပ်ဧရာမလက်ကြီးတစ်ဖက်က မြူများကို ဖြတ်သန်းလာ၏။ ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်သည် မြူများကြား သွားလာနေကြ၏။ ဖျပ်ခနဲအတွင်း ကျယ်လောင်စွာ တုန်ဟည်းသံက အသံအားလုံးနေရာတွင် အစားထိုး ဝင်ရောက်သွားပြီး သူတို့ ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် ထိုဧရာမလက်ကြီးက ရောက်ရှိဖြတ်သန်းသည်။
ထိုကျင့်ကြံသူတို့၏ မသေခင် နာကျင်ထိတ်လန့်စွာ အော်သံများကိုလည်း တုန်ဟည်းသံကြီးက ဖုံးလွှမ်းသွားလေ၏။ ထိုလက်ကြီး ဖြတ်သန်းသွားသည့်နောက် ထိုကျင့်ကြံသူအားလုံး သေဆုံးကုန်ကြ၏။ သူတို့၏ ကျောက်ဖျာများသည်ပင် ပျက်စီးရသည်။
ထိုလက်ကြီးက ကိုးခုမြောက်မြေပုံထံမှ ထွက်ပေါ်လာခဲ့သော လက်ကြီးထက် ဆယ်ဆပိုမြန်၏။ ၎င်းလက်၏ လျင်မြန်မှုအရှိန်က လေဟာနယ်ဆန်းကြယ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်ပေသည်။
၎င်းသည် ဒုတိယ၊တတိယ၊လေးခုမြောက်မှသည် ခုနစ်ခုမြောက် မြေပုံဧရိယာများကို ဖြတ်သန်းသွားသည်။ ထိုလက်၏လမ်းကြောင်းအတွင်းရှိ အချိန်မီမရှောင်နိုင်သော ကျင့်ကြံသူအားလုံး သေဆုံးကုန်ပေသည်။
ထိုဧရာမလက်နှစ်ဖက်က တစ်ခုနှင့်တစ်ခု ရိုက်ပုတ်ရန် နီးကပ်လာသည့်နှယ်။
ဝမ်လင်း၏ အဆင့်ကိုးကျောက်ဖျာဖြင့် မိစ္ဆာသခင်ကောင်းကင်ကိုးခုနှင့် တခြားသူများက ထိမိတော့မည့်အခါတွင် ယင်းလက်နှစ်ဖက်သည် ရှေးအမိန့်သင်္ချိုင်းကို ဖြတ်သန်းလာပြီး ရှစ်ခုမြောက်မြေပုံဧရိယာထိ ရောက်လာသည်။
ယင်းလက်ကြီးနှစ်ဖက်ထံမှ တဝီဝီဟည်းသံများက လူတိုင်း၏နားထဲသို့ ဝင်လာလေသည်။
သူတို့က ပေထောင်ချီထူထဲသော လက်ကြီးနှစ်ဖက်ကို တွေ့မြင်လိုက်ရသည့်အခါ လူတိုင်း၏တုန်လှုပ်သွားမှုကို ဖော်ပြ၍ပင် မရနိုင်ပေ။ ယင်းလက်နှစ်ဖက်က လူတိုင်း မည်သို့မျှ မတုန့်ပြန်နိုင်ခင်မှာပင် ရှေးဟောင်းနတ်ဆိုးဝဲကတော့ အပြင်ဘက်သို့ ရောက်လာခဲ့ပေပြီ။
ထိုလက်ကြီးနှစ်ဖက်က ဝဲကတော့၏ နှစ်ဖက်နှစ်ချပ်စီတွင် ပေါ်လာပြီး ချက်ခြင်း နီးကပ်သည်။ ဝဲကတော့သည်ပင် ချက်ခြင်း ပျက်စီးသွားရ၏။
ဝဲကတော့ ပျက်စီးသွားနေရင်း ယင်းဧရာမလက်နှစ်ဖက်သည် ချက်ခြင်း နီးကပ်ကာ ခုမှ ပေါ်လာသော ပထမဆုံးအဆင့်ကိုးကျောက်ဖျာထံသို့ ထိရိုက်ရန် ဦးတည်သည်။
ဝတ်စုံဖြူနှင့်အမျိုးသမီးက ဦးဆုံးနောက်ဆုတ်သူ ဖြစ်ကာ သူမက ထိုလက်ကို အလန့်တကြား ရှောင်လိုက်ရ၏။ သို့ပေမည့် သူမက တုန်ခါလှိုင်း၏ ထိမှန်ခြင်း ခံရကာ သွေးအန်၍ အဝေးသို့ လွင့်ထွက်သွားသည်။
အဆိပ်အိုကြီးကတော့ ကံဆိုးသွား၏။ သူက သည်နေရာကို နောက်ဆုံးမှ ရောက်လာသူ ဖြစ်သဖြင့် ထိုလက်နှစ်ဖက်ထဲမှ တစ်ဖက်နှင့် အနီးဆုံး ဖြစ်နေသည်။ သူက ထိုလက် သူ့ခန္ဓာကိုယ်ပေါ်သို့ မကျရောက်ခင်တွင် အချိန်မီ ရှောင်နိုင်စွမ်း မရှိလိုက်ပေ။ သူ့ခန္ဓာကိုယ်သည် ချက်ခြင်းပင် တစစီ ဖြစ်သွားတော့၏။ တာအိုသခင်မြောင်ယင်၏ကိုယ်ပွား၊ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်သည်ပင် ထိုလက်ကြီး၏ ရိုက်ချက်တစ်ချက်အောက်တွင် မရှင်သန်နိုင် ဖြစ်သွားရသည်။
အဆိပ်အိုကြီးက နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူ့စိတ်ဝိညာဉ်ကလည်း ထိတ်လန့်တကြား အော်ဟစ်သည်။ သူက ထွက်ပြေးရန် ဟန်ပြင်စဉ် ထိုလက်၏ အဟုန်အားက သူ၏စိတ်ဝိညာဉ်ကိုပါ ဖျက်စီးပစ်လိုက်သည်။
အဖြစ်အပျက်သည် မြန်လွန်း၏။
ထိုလက်ကြီးက မိစ္ဆာသခင်ကောင်းကင်ကိုးခုနှင့် ပန်းရောင်ဝတ်စုံအမျိုးသမီးတို့ နောက်တွင် ရှိနေသော အဆင့်ကိုးကျောက်ဖျာထံ ဦးတည်နေ၏။
မိစ္ဆာသခင်၏မျက်နှာသည် ချက်ခြင်း ဖြူရောသွား၏။ သူ့မျက်နှာမှာ အမြဲလိုလို လူငယ်နှင့်လူအိုကြားတွင် ပြောင်းလဲနေတာ ဖြစ်၏။ ခုချိန်၌ သူက လူအိုအသွင် ဖြစ်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ထိုလက်နှင့် သူ ထိတိုက်မိသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် သူသည် သွေးအန်လိုက်ရသည်။ သူ့မျက်နှာမှာလည်း လူအိုကနေသည် သက်လတ်ပိုင်းအရွယ်ထိ ပြောင်းလဲသွား၏။ သူက နောက်ထပ် သွေးအန်လိုက်ရပြန်သည်။ သူ့မျက်နှာသည် သက်လတ်ပိုင်းအရွယ်မှ လူငယ်တစ်ယောက်အသွင်သို့ ပြောင်းလဲသွားလေ၏။
ဤအခိုက်မှာ သူ၏ကိုယ်ပွားများစွာက သေဆုံးသွားခဲ့ကြပေသည်။ ထိုကိုယ်ပွားတို့၏သေဆုံးမှုက သူ့ကို ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခုကို ရသွားစေသည်။
လူငယ်အသွင် ပြောင်းသွားသော မိစ္ဆာသခင်ကောင်းကင်ကိုးခုက ထိုလက်ကြီး ဖြတ်သန်းသွားသည့်အခါ ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူ ပြန်ပေါ်လာသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်ရပြီး သူ၏မျက်လုံးထဲ၌လည်း ကြောက်လန့်မှုတို့ ကြီးစိုးသည်။
ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီး၏အမူအရာမှာလည်း ကြီးစွာ ပြောင်းလဲသွားသည်။ သူမကလ လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ပန်းရောင်မြူများကို ပါးစပ်အပြည့် ထွေးထုတ်လိုက်သည်။ ယင်းမြူအတွင်း၌ အနက်ရောင်ဖဲကြိုးတစ်ခု ရှိနေပြီး သူမက ဖမ်းယူလိုက်၏။ သူမက ထိုဖဲကြိုးကို အသုံးပြုကာ ဘေးတစ်ဖက်သို့ ရွှေ့လျားလိုက်သည်။ သို့သော် သူမသည်လည်း လက်ချောင်းနှင့် ထိမိသွားသည်သာ ဖြစ်၏။ သူမက သွေးအန်ကာ နောက်သို့ မြန်မြန်ဆန်ဆန် ဆုတ်လိုက်ရ၏။
တခြားဦးတည်ချက်တွင်မူ နောက်ထပ်လက်ကြီးက ဝဲကတော့ကို ရိုက်ချကာ ရှေးဟောင်းနတ်ဆိုးရှိနေသော မုန်တိုင်းအား ဝေ့ရိုက်သွား၏။ ထိုအခါ ချိပ်ပိတ်မှု ကြေမွသွားတော့သည်။
ထိုချိပ်ပိတ်မှု ကြေမွပျက်စီးသွားသည့်အခါ ရှေးဟောင်းနတ်ဆိုးသည် မျက်လုံးဖွင့်လာ၏။ သူ့ဘယ်မျက်လုံးထဲရှိ ကြယ်ရှစ်လုံးတစ်ဝက်က လှည့်ပတ်သည်။ သူသည် နိုးထလာပေပြီ။
ချက်ခြင်းပင် ထိုဧရာမလက်က ဝေ့ခတ် ရောက်ရှိလာရာ နိုးထလာသော ရှေးဟောင်းနတ်ဆိုးက စူးစူးရှရှ အော်ဟစ်လိုက်၏။ သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ဝေဝါးကာ ဒြပ်မဲ့သလို ဖြစ်သွားပြီး ထိုလက်ကို ထွင်းဖောက်ခွင့် ပြု၍ အဆင့်ကိုးကျောက်ဖျာထံ ရောက်ရှိစေသည်။
ဧရာမလက်ကြီးနှစ်ဖက်က သည်ကျောက်ဖျာ၏ဘေးနှစ်ဖက်တွင် ပေါ်လာခဲ့ပေပြီ။ ဖျပ်ခနဲအတွင်း ယင်းလက်နှစ်ဖက်က ပထမဆုံးအဆင့်ကိုးကျောက်ဖျာပေါ်သို့ ကျရောက်သည်။ ထိုကျောက်ဖျာသည် တုန်ယင်သွားပြီး စတင်ပျက်စီးသည်။
အရာအားလုံးကို ထွင်းဖောက် ဖြတ်သန်းလာသော မတူညီသော ဦးတည်ရာမှ လက်တစ်ဖက်စီသည် ဝမ်လင်းရှေ့တွင်ပင် အတူတကွ လက်ခုပ်တီးတော့၏။ ထိုလက်နှစ်ဖက်က ဖြည်းဖြည်းချင်း ပြန်ကွာဟလာသည်။ ယင်းတို့က လေဟာနယ်ကို ဖမ်းဆုပ်ဖြဲလိုက်သည့်အလား။ ထိုလက်နှစ်ဖက်ကြောင့် ဧရာမအက်ကြောင်းကြီးတစ်ခု ပွင့်ဟလာတော့သည်။
ထိုအက်ကြောင်းကြီးအတွင်း၌ ထူးဆန်းသောလောကတစ်ခု ရှိနေသည်။
ဝမ်လင်း၏မျက်နှာသည် ဖြူရောသွား၏။ သူက ထိုလက်နှစ်ဖက်ကြောင့် ဒဏ်ရာမရလိုက်ပေ။ သို့သော် သူ့ရှေ့တွင် ပေါ်လာသည့် မြင်ကွင်းက သူ၏စိတ်ကို လှုပ်ခါမိစေသည်။
***