← Chapters

ရှေးအမိန့်သင်္ချိုင်းထဲ၌ ကသောင်းကနင်းဖြစ်ပြီ

Vol. 110 Ch. 1519

ရှေးအမိန့်သင်္ချိုင်းထဲ၌ ကသောင်းကနင်းဖြစ်ပြီ

Vol. 110 Ch. 1519

ရှေးအမိန့်သင်္ချိုင်းအတွင်း၌ ကသောင်းကနင်းဖြစ်မှုတို့ စတင်လေပြီ။ အက်ကြောင်း ပွင့်ဟလာပြီးနောက် မြူများအားလုံးသည် တဝီဝီလည်ပတ်၍ ပြင်းထန်စွာ တုန်ဟည်းသည်။

သင်္ချိုင်းအတွင်းဘက် ပြောင်းလဲမှုက အပြင်ဘက်ကိုပါ ပြောင်းလဲစေသည်။

ဤအခိုက်အတန့်တွင် ရှေးအမိန့်သင်္ချိုင်း၏ အပြင်ဘက်တွင် ပျောက်ကွယ်သွားသော အက်ကြောင်းက ထပ်မံပေါ်လာ၏။ အပြင်ဘက်ရှိ မြူများသည်လည်း အတွင်းရှိ မြူများနှင့် ချိတ်ဆက်မိသည်နှယ် စတင် လှည့်ပတ်မြည်ဟည်းလာသည်။ မြူများ၏ ထိတိုက်မှုအသံများသည် အဝေးထိ ပျံ့လွင့်လေ၏။

ထိုသင်္ချိုင်းအပြင်ဘက် အက်ကြောင်း ပြန်ပေါ်လာသည့်အခါတွင် မြူများသည် အက်ကြောင်းအတွင်းသို့ ဆွဲငင်ခြင်း ခံရလေ၏။ အက်ကြောင်း၌ ပြင်းထန်သောစုပ်အားတစ်ခု ပါဝင်နေသည့်အလား။ လျှပ်တပြတ်အတွင်းမှာပင် မြူတစ်ဝက်ကျော်သည် သင်္ချိုင်းအတွင်းသို့ ဆွဲငင်ခြင်း ခံရသည်။ ကျန်သည့်မြူများလည်း မြန်ဆန်လွန်းစွာ အက်ကြောင်းအတွင်း စုပ်ယူခြင်း ခံရသည်သာ။

ရှေးအမိန့်သင်္ချိုင်းနှင့် သိပ်မဝေးသောနေရာရှိ ဂြိုဟ်သေတစ်ခုပေါ်၌ အဆိပ်အိုကြီး၏ ပင်မခန္ဓာကိုယ်သည် မျက်လုံးဖွင့်လာ၏။ သူ့မျက်နှာသည် ဖြူရောလို့နေသည်။ သူ၏မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်မှုတို့ လှစ်ဟပေါ်ထွက်သည်။ သူ့ဘဝတွင် သူသည် ကတိများကို ချိုးဖျက်ရသည်အား နှစ်သက်သူ ဖြစ်ကာ သူ၏ ထိုအကျင့်ကို သိသောလူတိုင်းမှာလည်း သေဆုံးကုန်သည်သာ။ ထို့အတွက် သူ၏ထိုအကျင့်မှာ ဘယ်တော့မှ ပျံ့နှံ့ခြင်း မရှိပေ။

သူက ဒုတိယမျိုးဆက်ဟင်္သာငှက်နှင့် ပတ်သတ်မှုအချို့ ရှိသော်လည်း သူ၏အကျိုးစီးပွားနှင့်တော့ မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။ သူ၏စိတ်ဓာတ်ကြောင့်လည်း သူ့ထံ၌ နှစ်ပေါင်းသောင်းချီ ကျင့်ကြံပြီးသည့်နောက်တွင်ပင် မိတ်ဆွေသူငယ်ချင်း မရှိလုနီးနီး ဖြစ်ရသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ၏ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားပြီး မြူများမြန်ဆန်စွာ စုပ်ယူခံနေရသော နေရာ၏ အပြင်ဘက်တွင် ပြန်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်သည် မြူများအတွင်း၌ ရှိနေပြီး သူသည် အေးစက်စက်အကြည့်ဖြင့် မြူများကို ကြည့်နေသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူ၏မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ရှိလာသည်။

“အခု ဝင်ရောက်ဖို့ ကျင့်ကြံခြင်းကို မကန့်သတ်ထားတော့ဘူး…” အဆိပ်အိုကြီးသည် အနည်းငယ် စဉ်းစားပြီးနောက် နှေးဖင့်မနေတော့ဘဲ အက်ကြောင်းအတွင်းသို့ တိုးဝင်သွားလေသည်။

ထိုအက်ကြောင်းက မြူများကို စတင် စုပ်ယူသည့်အခါ၌ အဝေးတွင် ပုံရိပ်ယောင်ဂြိုဟ်တစ်ခုလည်း ရှိလို့နေသည်။ ထိုဂြိုဟ်မှာ ခရမ်းရောင်ပင်လယ်နှင့် ဖုံးလွှမ်းနေလျက် ရှိကာ လှိုင်းများ မြည်ဟည်း၍ နေသည်။ အဘိုးအိုတစ်ယောက်သည် ထိုပင်လယ်၏အတွင်းနက်ပိုင်း၌ ထိုင်နေသည်။ ထိုအဘိုးအိုမှာ တာအိုသခင်မြောင်ယင်ပင်။ ဤအခိုက်တွင် သူသည် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးတွင်း၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

“အဆိပ်အိုကြီးက ငါ့ကိုယ်ပွားကို လုယူရဲတယ်ပေါ့။ ဒီလူက ငါ့အစီအစဉ်ကို ပျက်စီးစေရဲတယ်လား အခုချိန်မှာ သင်္ချိုင်းထဲမှာက ကသောင်းကနင်းတွေ ဖြစ်နေတဲ့အတွက် အထဲကို ဝင်ရောက်နိုင်တဲ့ အတားအဆီးကလည်း ပျောက်ကွယ်သွားခဲ့ပြီ…” ထိုအဘိုးအိုသည် အနည်းငယ် စဉ်းစားပြီးနောက် သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။ သူ့ရှေ့၌ လှိုင်းများ မြင့်တက်လာ၏။ သူ၏ရှေ့တွင် ပင်လယ်နှင့် ပြုလုပ်ထားသော ဧရာမတံခါးကြီး ပေါ်လာသည်။

ထိုအဘိုးအိုသည် ထရပ်ကာ သည်တံခါးတွင်းသို့ ခြေချလိုက်သည်။ ထို့နောက် သူ၏ပုံရိပ်သည် ရှေးအမိန့်သင်္ချိုင်း၏ အပြင်ဘက် ဟင်းလင်းပြင်တွင် ပေါ်လာသည်။ သည်အခိုက်တွင် ထိုအဘိုးအို၏ရှေ့ရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်ပုံပျက်လာကာ လောကကိုးခုအဖြစ်သို့ ကွဲထွက်သွားသည့်အလား။ လူတစ်ယောက်သည် ထိုပုံပျက်မှုအတွင်းမှ လှမ်းထွက်လာသည်။

ထိုလူမှာ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၍ သူ၏မျက်နှာမှာ နက်မှောင်သည်။ သူ ပေါ်လာသည်နှင့် သူ၏အကြည့်က တာအိုသခင်မြောင်ယင်ထံသို့ ဖျပ်ခနဲ ရောက်ရှိသည်။

“ခရမ်းရောင်ပင်လယ်ကနေ နှစ်ပေါင်းများစွာ ထွက်မလာတဲ့ လူအိုကြီးတာအိုသခင်မြောင်ယင်တောင် ဒီကို ရောက်လာခဲ့ပြီပဲ…”

“မွန်းစတားအိုကြီး ကောင်းကင်ကိုးခုတောင် ရောက်လာမှတော့ ဒီအဘိုးအိုလည်း ရောက်လာရတာပေါ့…” တာအိုသခင်မြောင်ယင်က ခပ်ရှရှအသံနှင့် ပြောလိုက်၏။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ စကားဆိုခြင်းကို ရပ်လိုက်၏။ ထို့နောက် သူတို့သည် မြူများကို ဝါးမြိုနေသော အက်ကြောင်းထံသို့ ကြည့်လိုက်ကြ၏။

တခဏအကြာတွင် တာအိုသခင်မြောင်ယင်က ရုတ်တရက် ပြောလိုက်၏။ “အဆိပ်အိုကြီးတော့ အထဲ ဝင်သွားခဲ့ပြီ…”

မိစ္ဆာသခင်ကောင်းကင်ကိုးခုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ထောင်ချောက်တစ်ခု ဖြစ်နိုင်မလား…”

“မဖြစ်နိုင်လောက်ဘူး။ ရှေးအမိန့်သင်္ချိုင်းထဲမှာ‌ ထောင်ချောက်တစ်ခု ချခင်းနိုင်တဲ့ လူတစ်ယောက်ဟာ ဘာလို့ အဲ့လိုမျိုး လုပ်ဖို့ လိုပါ့မလဲ…” သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏အကြည့်ထဲ၌ ပြတ်သားမှုတို့ ရှိနေလေပြီ။

“အဆိပ်အိုကြီး ချိပ်ပိတ်ခံရမယ်…”

“ငါ့အနေနဲ့ အဆိပ်အိုကြီးကို ချိပ်ပိတ်ဖို့ သင့်ကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သူ့ရတနာတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို ငါ ယူမယ်…”

“ကောင်းပြီ။ ဒါပေမဲ့ ဟိုကောင်လေး(ဝမ်လင်း)ကတော့ ငါ့အတွက်ပဲ…”

သူတို့နှစ်ယောက်သည် သဘောတူညီမှု ပြုလုပ်ပြီးနောက် အက်ကြောင်းအတွင်းသို့ တိုးဝင်သွားတော့သည်။ သူတို့နှစ်ယောက် ဝင်ရောက်တော့မည့်အခိုက်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းသည် တုန်ခါလာ၏။

ပြင်းထန်သောအားတစ်ခုက အဘက်ဘက်ကနေ စတင် သိပ်သည်းသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအားက ပုံရိပ်ယောင်လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲ၍ သည်အက်ကြောင်း၏အထက်၌ မြောလွင့်တည်ရှိသည်။

ထိုလက်ဝါးရာသည် အလွန်ကြီးမားလှ၏။ သည်ကြယ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားဖို့ရာ လုံလောက်သည်။ တာအိုသခင်မြောင်ယင်က ရပ်တန့်ကာ ထိုလက်ဝါးရာကို ကြည့်သည်။ မိစ္ဆာသခင်ကောင်းကင်ကိုးခုကလည်း မျက်မှောင်ကြုတ်သွားကာ သူလည်း ရပ်တန့်လိုက်သည်။

ထိုလက်ဝါးရာအောက်တွင် အနက်ရောင်အခိုးငွေ့များ ပေါ်လာကာ ပုံရိပ်နက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။ ထိုသူသည် ဝတ်စုံနက် ဝတ်ဆင်ထား၍ သူ၏ပုံပန်းအသွင်ကို ရှင်းလင်းစွာ မြင်ရဖို့မဖြစ်နိုင်ပေ။

“မဟာတိုက်ပွဲကြီးက စတင်တော့မှာ။ ဒါ့ကြောင့် မင်းတို့နှစ်ယောက် ဘာမှ ဖြစ်လို့ မရဘူး။ ဒီရှေးအမိန့်သင်္ချိုင်းထဲ မသွားနဲ့…” ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် အက်ကြောင်းသည် မကြုံ့သွားသေးပေ။ ၎င်းက ဝင်လာမည့် ကျင့်ကြံသူများကို စောင့်ဆိုင်းနေသည့်အလား။

တာအိုသခင်မြောင်ယင်က ထိုဝတ်စုံနက်လူကို ကြည့်ကာ ပြောလိုက်သည်။ “သင် မတော်တဆမှုတစ်ခုခုကို ကြိုမြင်လို့လား…”

“ငါ ခုထိ ဒီလိုမျိုး ရှေ့ဖြစ်မကြည့်ရသေးဘူး…” ဝတ်စုံနက်လူ၏ အသံသည် ရှေးကျလွန်း၏။

“ဘာမတော်တဆမှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲ့လိုဖြစ်လာခဲ့ရင်လည်း သင့်မှာ ငါတို့ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု ရှိမှာပါ…” တာအိုသခင်မြောင်ယင်က လှည့်၍ သင်္ချိုင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

မိစ္ဆာသခင်ကောင်းကင်ကိုးခုက ပြုံး၍ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ သင့်ရဲ့ ဒဏ်ရာတော်တော်များများ ပြန်ကောင်းမွန်လာတဲ့ပုံပဲ။ မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့ရင်တော့ ငါတို့က သင့်ကို ဒုက္ခများစေတော့မယ်…”

“ဘာမှ ဖြစ်မလာဖို့ ငါ မျှော်လင့်ပါတယ်။ သခင်ငါးပါးထဲကနှစ်ယောက်၊ လေဟာနယ်ဆန်းကြယ်အဆင့် အဆိပ်အိုကြီး၊ နောက်ကျိုးကျင်၊ ပြီးတော့ ရှေးကောင်းကင်ဘုံကိုယ်လုပ်တော်နှစ်ယောက်…။ သူတို့ဟာ ငါ့ ရှေးဟောင်းကြယ်အဖွဲ့အစည်း အင်အားစုရဲ့ သုံးဆယ်ရာခိုင်းနှုန်းပဲ။ သူတို့အားလုံးက အခု ဒီရှေးအမိန့်သင်္ချိုင်းထဲ ဝင်သွားခဲ့ကြပြီ။ ငါ စိတ်ပူမိတယ်…”

ရှေးအမိန့်သင်္ချိုင်းအတွင်း၌ ဧရာမလက်ကြီးနှစ်ဖက်က ပထမဆုံးအဆင့်ကိုးကျောက်ဖျာကို ဖျက်စီးတော့မည့်ဟန် ပြင်နေ၏။ သို့သော် ယင်းလက်နှစ်ဖက်က တခြားလောကတစ်ခုကို ဦးတည်သောအက်ကြောင်းတစ်ခုကို ဖွင့်ဟပေးလေသည်။

ဝမ်လင်း၏မျက်နှာသည် ဖြူရောနေ၏။ သို့သော် သူက နှေးဖင့်မနေပေ။ ထိုအက်ကြောင်း ပေါ်လာသည်နှင့် သူက အတွင်းသို့ ခြေလှမ်းဝင်လိုက်၏။ တခြားသူများကမူ ဝမ်လင်းပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်လေ၏။ လက်နှစ်ဖက်၏စွမ်းအားကြောင့် သူတို့သည် ရှေ့သို့ ဆက်မတိုးဝံ့ပေ။

ဝမ်လင်း အက်ကြောင်းအတွင်း လှမ်းဝင်သွားသည့်နောက်တွင် ဧရာမလက်နှစ်ဖက်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ သို့သော် အန္တရာယ်ကမူ မပြီးပြတ်သေးပေ။ ချိပ်ပိတ်ခံထားရကနေ လွတ်မြောက်လာသော ရှေးဟောင်းနတ်ဆိုး၏မျက်လုံးက နီရဲလာလေ၏။ ထို့နောက် သူက နှုတ်ခမ်းသပ်ကာ စူးစူးရှရှ အော်သံ ပြုသည်။

ဝမ်လင်း ထိုအက်ကြောင်းတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကိုးခုမြောက်မြေပုံသည် ချက်ခြင်းပင် သူ၏စိတ်ထဲတွင် ပေါ်လာသည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ကိုးခုမြောက်မြေပုံသည် အသုံးမဝင်တော့ပေ။ တစ်ချိန်တည်းမှာ ရှေးဟောင်းအသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

“အဆင့်ကိုးကျောက်ဖျာ၊ ဒီလူဟာ ငါ့အမွေအနှစ်ကို ဆက်ခံရရှိဖို့ အရည်အသွေး ပြည့်မှီတယ်။မင်းအနေနဲ့ ပြန်လည်မွေးဖွားခြင်းတံခါးချပ်ထဲကနေ ငါ့ကောင်းကင်နန်းတော်ထဲ ဝင်နိုင်တယ်။ ဒါပေမဲ့ ကောင်းကင်နန်းတော်ကို ငါ့ရန်သူတစ်ယောက်က ချိပ်ပိတ်ထားခဲ့တာ။ ဒါ့ကြောင့် မင်းအနေနဲ့ ဝင်ရောက်နိုင်ဖို့က မြင့်မားတဲ့ကျင့်ကြံမှုရယ်၊ ကံကောင်းမှုရယ် လိုအပ်လိမ့်မယ်။ ငါ့ဘဝမှာ နောင်တ တစ်ခုပဲ ရှိခဲ့တယ်။ တံခါးရဲ့ ဘယ်ဘက်ခြမ်းဟာ ငါ့နောက်ဆုတ်မယ့်လမ်းကြောင်းကို ပိတ်ဆို့စေခဲ့တယ်…။ လီကောင်းဟာ ငါ့မွေးရပ်မြေနဲ့ ပတ်သတ်တဲ့ ငါ့မှတ်ဉာဏ်တစ်ဝက် ပါဝင်တဲ့ ငါ့ဘယ်မျက်လုံးကို ထွင်းဖောက်ခဲ့တယ်။ အမွေဆက်ခံသူ…မင်းဟာ ရှေး…အမိန့်…ဖြစ်လာခဲ့ရင်…ဖြစ်လာခဲ့ရင်…” သည်စကားလုံးများသည် ပျောက်ကွယ်သွား၏။ နောက်ဆုံးစကားနှစ်ခွန်းက အတော်လေး ဝေဝါးလွန်းခဲ့သည်။ ဝမ်လင်း၏အမြင်က တဒင်္ဂ ဝေဝါးသွားကာ သူ အမြင် ပြန်ကြည်လင်လာချိန်၌ သူသည် အတိုင်းမသိကြီးမားသော နန်းတော်ကြီးထဲတွင် ရောက်လို့နေသည်။

ထိုနန်းတော်သည် ကောင်းကင်တစ်ခုအလား။ အဆုံးသပ်ကို မြင်ရဖို့ပင် ခက်ခဲလွန်းသည်။ နန်းတော်တစ်ခုလုံးသည် တောက်ပ၍ ထည်ဝါခမ်းနားမှုအရိပ်အငွေ့ကို ပေးစွမ်းသည်။ သို့သော် အတိတ်နိမိတ်မကောင်းသော ခံစားမှုက ထိုခမ်းနားမှုအငွေ့အသက်နှင့်အတူ တွဲငြိနေ၏။

ထိုနိမိတ်မကောင်းသော၊ အန္တရာယ်ရှိသော အော်ရာက တစ်ဆက်တည်းရှိသော ကျင့်ကြံသူအလောင်းပုံလေးပုံနေ ထွက်ပေါ်လာနေခြင်းပင်။ အလောင်းပုံတစ်ခုစီတွင် ကျင့်ကြံသူတစ်ထောင်နီးပါး၏ အလောင်းများ ရှိကြ၏။ သူတို့သည် နေရာတွင်ပင် ရပ်နေလျက် သူတို့၏ဒွာရပေါက်များကနေ သွေးများ စီးကျနေကာ မျက်လုံးများ ဖွင့်ထားလျက် သတ်ဖြတ်လိုစိတ်တို့ အပြည့်ရှိနေသည်။

ထိုလူများ၏ ဝတ်စုံများက အတော်လေး ထူးဆန်း၏။ ဝမ်လင်း မြင်ဖူးသော ဝတ်ပုံစားပုံနှင့် သိသိသာသာ ကွာခြားသည်။ ထိုသူတို့၏ ဝတ်စုံများက စီးဆင်းနေသောရောအလား။ အသက်ဝင်နေသည့်နှယ်။ ဝမ်လင်းသည် အတိတ်တုန်းကလည်း ထိုသို့ ဝတ်စုံမျိုးကို ပြန့်ကြဲမိုးကြိုးကလန်၌ မြင်ခဲ့ဖူးသည်။ သူတို့၏လက်များအထက်၌ အစိမ်းရောင်မီးတောက်များ လောင်ကျွမ်းနေပြီး နန်းတော်အတွင်း၌ တစီစီအသံများကို ဖြစ်ပေါ်နေစေသည်။

ဝမ်လင်းသည် နန်းတော်အတွင်း၌ မြောလွင့်ကာ ထိုကျင့်ကြံသူများကို ကြည့်သည်။ ထိုသူများသည် သည်နေရာရှိ အလင်းအရင်းအမြစ်များ ဖြစ်လာ၏။ သူတို့၏အလောင်းမျး၊ မူလစိတ်ဝိညာဉ်များက သည်လောင်ကျွမ်းသောမီးတောက်များအတွက် ဖယောင်းတိုင်ကဲ့သို့လောင်စာ ဖြစ်ကြသည်။

ထိုအခြေအနေကို ကြည့်နေရင်း မကောင်းသောခံစားမှုက ပိုအားကောင်းလာသည်။ ဝမ်လင်း၏အကြည့်က ထိုကျင့်ကြံသူများ ကြည့်နေသော နေရာသို့ ကျရောက်ကာ ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိသည်။ ထိုနေရာတွင် ဧရာမကျောက်ဖျာကြီးတစ်ခုရှိပြီး ၎င်းထက်၌ ထိုင်ခံကြီးတစ်ခု ရှိသည်။ ထိုထိုင်ခံအောက်ရှိ ကျောက်ဖျာတွင် ဧရာမအက်ရာကြီးတစ်ခု ရှိသည်။ ၎င်းကျောက်ဖျာထံ၌ ယနေ့ချိန်ထိ တည်ရှိနေသော တုန်လှုပ်ဖွယ်အော်ရာတစ်ခု ရှိလို့နေသည်။

တစ်စုံတစ်ယောက်က လောကရှိ အရာအားလုံးကို ချိုးဖျက်နိုင်သော ဓားတစ်လက် သို့မဟုတ် မြှားတစ်လက်ကို ကိုင်ဆောင်ကာ သည်ထိုင်ခုံပေါ်တွင် ထိုင်နေသောပုဂ္ဂိုလ်ကို တိုက်ခိုက်ခဲ့သည့်အလား။

ထိုထိုင်ခုံမှာ ညင်သာသောအလင်းတစ်ခုကို ထုတ်လွှတ်၍ သည်နေရာတွင် မြောလွင့်နေသော အလင်းလုံးတစ်ခုကလွဲ၍ ဗလာကင်းမဲ့နေ၏။

ကျင့်ကြံသူအလောင်းပုံ လေးခု၏ ဗဟိုတွင်မူ ပေထောင်ချီမြင့်သော မီးပြင်းဖိုတစ်ခု ရှိသည်။ ၎င်းအတွင်း၌ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းကာ အခိုးအငွေ့များ အထက်သို့ လွင့်တက်နေသည်။

ဝမ်လင်းသည် စဉ်းစားနေ၏။ ထို့နောက် သူသည် လေထဲသို့ တဖြည်းဖြည်း ပျံတက်သည်။ သူ့အကြည့်က ထိုကျောက်ဖျာပေါ်သို့ ဝေ့ခတ်ကျရောက်သွားကာ သူသည် နန်းတော်၏တစိတပိုင်းကို တွေ့မြင်သည်။

ထိုကျောက်ဖျာ၏နောက်တွင်လည်း ကျင့်ကြံသူအလောင်းပုံလေးခုကြားကဲ့သို့ မီးပြင်းဖိုကြီးတစ်ခု ရှိနေပြန်သည်။ ထိုကျင့်ကြံသူများ၏ ဦးခေါင်းထက်တွင်လည်း လောင်ကျွမ်းမီးတောက်များ ရှိနေသည်။

ထိုကျောက်ဖျာပတ်လည်ရှိ အရပ်ရှစ်မျက်နှာတွင် မီးပြင်းဖိုတစ်ခုစီ ရှိကြကာ ရှစ်မြှောင့်အသွင် ဖြစ်ပေါ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများလည်း ရှိကြ၏။

ဝမ်လင်းသည် သူ့ရှေ့ရှိ တွေ့ရှိသမျှကို လေ့လာကြည့်နေရင်း သူ၏စိတ်သည် တုန်ရီနေမိသည်။ အချိန်အတန်ကြာပြီးနောက် သူက အသက်ဝဝရှုရှိုက်မိလိုက်သည်။ ခုချိန်၌ သူတွေ့မြင်ရသည်မှာ နန်းတော်ခန်းမတစ်ခုလုံး မဟုတ်သေးပေ။ အနည်းငယ် စဉ်းစားပြီးနောက် သူက လက်ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ခု တိုက်ခတ်လာသည်။ အလင်းသည် နန်းတော်အတွင်း၌ ပြည့်နေ၍ ဝမ်လင်းက အတော်ဝေးဝေးထိ မြင်ရနိုင်သည်။ အကွာအဝေးတစ်ခုတွင် သူ တွေ့မြင်လိုက်ရသော အရာက သူ၏မျက်လုံးသူငယ်အိမ်ကိုပါ ကြုံ့သွားစေသည်။

***

All Chapters