ငှားရမ်းထားသော စွမ်းအား
Vol. 110 Ch. 1520
သူသည် ထိုရှစ်မြှောင်အသွင်အပြင်ဘက်၌ အလောင်းများပုံနေသော တောင်ရှစ်လုံးကိုလည်း မြင်သည်။
ထိုမရေမတွက်နိုင်သော အလောင်းများပေါ်ရှိ သွေးများသည် ခြောက်ကပ်နေပြီ ဖြစ်၏။ သူတို့သည် အစုလိုက်ပုံနေသဖြင့် တောင်များအသွင် ဖြစ်ပေါ်နေခြင်းပင်။ မှုန်မှိုင်းသောအော်ရာတစ်ခုသည် ဝမ်လင်း လှမ်းကြည့်နေရင်း ပိုပြင်းထန်လာသည်။
သို့ပေမည့် ထိုမျှနှင့် အဆုံးမသပ်သေးပေ။ ဝမ်လင်းက လှမ်းကြည့်နေရင်း သူက ပို၍ မြင်ရလေပင်။ သူ၏စိတ် တုန်ယင်ရသည်။
ထိုအလောင်းတောင်များ၏ နောက်တွင် ပေထောင်ချီနဂါးကြီးရှစ်ကောင် ရှိသည်။ ထိုနဂါးများသည် ပါးစပ်များဟလျက် ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်းနေသည်။ သို့ပေမည့် ခုချိန်တွင် ၎င်းတို့သည် ကျောက်ဖြစ်နေကြပြီ။ သို့သော် ဆန်းကြယ်သောအားတစ်ခုက ထိုနဂါးများက နေရာတွင် လွင့်မြောနေစေသည်။
နဂါးဦးခေါင်းများက ကျောက်ဖျာထံသို့ မျက်နှာချင်းဆိုင်ထား၏။ ၎င်းတို့က ကျောက်ဖျာပေါ်ရှိ ထိုင်ခုံပလ္လင်ပေါ်မှ ပုဂ္ဂိုလ်ထံ ဟိန်းဟောက်နေသည့်အလား။
ထိုနဂါးများနောက်တွင် တိုက်ပွဲဝင် စစ်ရထားများစွာ ရှိသည်။ ထိုစစ်ရထားများသည် ကြောက်မက်ဖွယ်အသွင် ရှိကာ ဆူးများ ဖုံးနေ၏။ ၎င်းတို့ပေါ်တွင်လည်း သွေးစင်းကြောင်းများ ရှိနေ၏။ ၎င်းတို့သည် အတိတ်တစ်ချိန်တုန်းက တိုက်ပွဲကြီးတစ်ခု၏ တစိတ်တပိုင်း ဖြစ်ခဲ့မည်မှာ ထင်ရှားသည်။
ထိုစစ်ရထားများ၏နောက်တွင် ဓားပျံများစွာ လွင့်မြောနေသည်။ ယင်းဓားပျံများပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိ၏။ သူတို့၏ခန္ဓာကိုယ်များသည် ကျောက်ဖြစ်ကုန်ပြီ ဖြစ်သော်လည်း လေထဲတွင် မလှုပ်မယှက် ရှိနေကာ သတ်ဖြတ်လိုစိတ်အပြည့်ပင်။
သူတို့၏နောက်တွင်လည်း အနည်းဆုံးသန်းချီသော ကျင့်ကြံသူများလည်း ရှိနေပြန်သည်။ ထိုကျင့်ကြံသူများက ရှေ့သို့ အရူးအမူး တိုးဝင်လိုဟန် ပုံစံအနေထားနှင့် ရှိနေသည်။ ကျင့်ကြံသူအရေအတွက်မှာ အဆုံးမရှိတော့သည့်ဟန် ထင်ရသည်။
ထို့အပြင် ကျောက်ဖျာ၏အနောက်၌ ပေရာချီမြင့်မားသော ပုံရိပ်များလည်း ရှိသည်။ သူတို့က လက်နှစ်ဖက်ကို ဝေ့ယမ်းကာ တစ်ခုခုကို တူးဆွလိုသည့်ဟန်ဖြင့် ရှိ၏။ အကွာအဝေးတစ်ခုတွင်လည်း နန်းတော်တမျှ ကြီးမားလှသော အရိပ်ကြီးရှစ်ခု ထွက်ပေါ်နေသည်ဟန် ရသည်။ သူတို့သည် ကျင့်ကြံသူအုပ်စုကြားတွင် ရှိကာ သွေးရူးသွေးတန်း အစုလိုက်အပြုံလိုက် စတင် သတ်ဖြတ်တော့မည့်ဟန် ရသည်။
ဝမ်လင်းသည် ထိုအခြင်းအရာများကို ပို၍ မြင်မိလေလေ သူသည် ပို၍ တုန်လှုပ်မိလာလေပင်။ သူက သူ့အကြည့်ကို ကျောက်ဖျာပေါ်ရှိ ထိုင်ခုံပလ္လင်ထံသို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်၏။ သူက ထိုပလ္လင်၏ရှေ့တွင် တသီးတသန့်ထူးခြားသော ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုကျင့်ကြံသူသည် ထီးတစ်လက်ကို ကိုင်ထားကာ လေထဲတွင် ရှိနေ၏။ သူသည် ကျောက်ဖြစ်နေပြီ ဖြစ်သော်လည်း သူ့ဘယ်လက်ကို ပင့်မြှောက်လျက် ပလ္လင်ထံသို့ လက်ညွှန်လျက် ရှိသည်။
ဝမ်လင်း၏ အကြည့်က ရွှေ့လျားလာရင်း သူသည် ထီးနှင့်လူ၏ နောက်ရှိ နန်းတော်တွင် ရပ်နေသော နောက်ဆုံးတစ်ယောက်ကို မြင်၏။
ထိုကျင့်ကြံသူမှာ မျက်လုံးမှိတ်ထား၏။ သူက လေထဲတွင် မြောလွင့်လျက်ဖြင့် သူ့ဘယ်လက်သီးကို ဆုပ်ထားသည်။ တစ်ခုခုကို ဆုပ်ကိုင်ထားသည့်အလား။ သူ့ညာလက်ကမူ ကွေးညွတ်နေ၏။
သည်နန်းတော်အတွင်း၌ ဖယောင်းတိုင်လောင်ကျွမ်းသံ တိုးဖျော့ဖျော့သာ ရှိလေ၏။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ကျောက်ဖျာကြီးကို ကြည့်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် ၎င်းကျောက်ဖျာပေါ်သို့ ဆင်းသက်လိုက်သည်။
နေရာတွင် ရပ်နေရင်း ဝမ်လင်းက ကြမ်းကြုတ်သော မရေမတွက်နိုင်သည့် ကျင့်ကြံသူများကို မြင်ရနိုင်၏။ ထိုသူတို့၏မျက်လုံးများထဲ၌လည်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေလျက်ပင်။ သည်အခိုက်အတန့်၌ ထိုသတ်ဖြတ်လိုစိတ်အားလုံးက ဝမ်လင်းထံ စုဝေးလာသည့်နှယ်။
ယင်းသတ်ဖြတ်လိုစိတ်က အရပ်ရှစ်မျက်နှာထံမှ သူ့ထံ တရှိန်ထိုး စုဝေးလာကြသည်။
ဝမ်လင်းသည် ပလ္လင်ရှေ့ကနေ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူ၏မျက်နှာသည် ပို၍ပို၍ ဖြူရောလာသည်။
ပလ္လင်ထိုင်ခုံအောက်ရှိ ကျောက်ဖျာအောက်ခြေမှ ဧရာမအက်ကြောင်းကလည်း ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေသည်။
စဉ်းစားနေစဉ်မှာပင် အားတစ်ခုက ဝမ်လင်းကို ဆွဲချနေသည်။ သူ့ခေါင်းထဲ၌ ငါးကြိမ်မြောက် ပေါ်လာခဲ့သော ရှေးဟောင်းအသံက ဝမ်လင်းကို သည်ပလ္လင်ထက်တွင် ဖြည်းဖြည်းချင်း ထိုင်ချအောင် ပြုလုပ်နေသည်။
သူ ထိုင်ချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် တုန်ယင်လာ၏။ ထို့နောက် မြန်ဆန်စွာ ချဲ့ကားသွားသည်။ ဖျပ်ခနဲအတွင်း သူသည် ပေထောင်ချီ မြင့်မားလာကာ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် လှစ်ဟပေါ်ထွက်လာသည်။
သူ၏မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံး ပေါ်လာကာ စတင်လှည့်လည်သည်။ သို့ပေမည့် ထိုအခိုက်တွင် ပလ္လင်ထံမှ နတ်ဆိုးစွမ်းအင် ထွက်ပေါ်လာကာ သူ၏ဘယ်လက်မှ တဆင့် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ၎င်းစွမ်းအင်သည် တဖြည်းဖြည်းဖြင့် သူ၏ဘယ်မျက်လုံးတွင် စုဝေးကာ အရိပ်အသွင်ကြယ်ခြောက်လုံးကို ဖြစ်ပေါ်စေသည်။
ချက်ခြင်းလိုလိုပင် ကြောက်မက်ဖွယ်မိစ္ဆာစွမ်းအင်ကလည်း ပလ္လင်ထံမှ ထိုးထွက်လာပြန်၏။ ၎င်းက သူ့ညာလက်မှ တဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့ညာမျက်လုံးတွင် စုဝေးလျက် အရိပ်အသွင်ကြယ်ခြောက်လုံးကို ဖြစ်ပေါ်စေသည်။
သူ့မျက်လုံးထဲရှိ ကြယ်များသည် အရိပ်များ ဖြစ်သော်လည်း သူတို့ ပေါ်လာသည့်အခါ ယင်းတို့သည် သူ၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များကဲ့သို့ပင် လှည့်ပတ်လေသည်။
ချက်ခြင်းပင် ဝမ်လင်း၏စိတ်သည် တုန်ယင်၏။ အချိန်သည် ပြန်ပြောင်းစီးဆင်းသည့်နှယ်။ သူသည် အရာအားလုံးကို တဖြည်းဖြည်းချင်း မေ့ပျောက်သွား၏။ သူ၏ခန္ဓာကိုယ်သည် ထည်ဝါခမ်းနားမှုကို ပေးစွမ်းလာသည်။ ထိုအော်ရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ လွှမ်းမိုးနိုင်လွန်း၏။ ထိုအော်ရာ ပိုင်ဆိုင်သော တစ်စုံတစ်ယောက်သည် လောကကို ပျက်စီးစေမည့် ကပ်ဘေးတစ်ခုကိုပင် အေးတိအေးစက် ကြည့်နိုင်စွမ်း ရှိပေမည်။
သူက ရှေ့တည့်တည့်သို့ ကြည့်နေရင်း ပို၍ တည်ငြိမ်လာခဲ့သည်။ သို့သော် ထည်ဝါခမ်းနားမှုက သာ၍ အားကောင်းလာသည်။ ထိုအခိုက်တွင် ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူများကိုပင် မွန်းကျပ်အောင် လုပ်နိုင်သောအော်ရာမျိုး ပေးစွမ်းနေသည်။
ထိုအော်ရာကို ဦးဆုံးခံစားမိသည်မှာ ဝမ်လင်း၏အင်ပါယာနန်းတော်အတွင်း၌ ရှိနေသော မြင့်မြတ်သောလင်းတန်ပင်။ သူသည် ကျိုးကျင်ကို ဖိနှိပ်ဖို့အတွက် အပြည့်အဝ အာရုံစိုက်ထားကာ အင်ပါယာမီးပြင်းဖိုနှင့်အတူ သူ့အား ဖိနှိပ်နေသည်။ သို့ပေမည့် လွှမ်းမိုးကြောက်မက်ဖွယ်အော်ရာ စုဝေးလာသည့်အခါတွင် လင်းတန်၏မျက်နှာသည် ဖြူရောလာ၏။ သူ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွား၏။ သူသည် ကြောက်လန့်မှုနှင့် ပြည့်နှက်ကာ သူ လုပ်နေသည့်အရာအားလုံးကို ရပ်တန့်လိုက်၏။ ထို့နောက် သူက အင်ပါယာမီးပြင်းဖိုအတွင်း၊ ဝမ်လင်း၏ ကြယ်တစ်ခုအတွင်းမှ အတင်းထိုးထွက်လာသည်။
သူသာ ထိုသို့ မထွက်ခွာခဲ့လျှင် ထိုအော်ရာ၏ သတ်ဖြတ်ခြင်း ခံရနိုင်လောက်သည်။ ဝမ်လင်း၏ကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်နေရင်း လင်းတန်သည် အတင်း ထွက်လာသည်။ သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ ချက်ခြင်းပင် ကျောက်ဖျာပေါ်၌ ဒူးထောက်ချသည်။
သူ ဒူးထောက်လိုက်မှသာ ထိုဖိအားသည် အနည်းငယ် လျော့ပါးသွားသည်။ သို့သော် ၎င်းအော်ရာသည် အားကောင်းနေဆဲပင်။ မရေမတွက်နိုင်သောတောင်များက သူ၏ဦးခေါင်းပေါ်သို့ ဖိနှိပ်ချနေသည့်အလား။ သူက တတိယကျင့်ကြံသူတစ်ယောက်ဟုပင် သူ့ကိုယ်သူ မခံစားရတော့ဘဲ သေမျိုးတစ်ယောက်အလား ခံစားမိသည်။ သူ့ခန္ဓာကိုယ်သည် တုန်ရီနေ၏။ သူသည် ခေါင်းပင် မမော့ဝံ့ပေ။
အင်ပါယာမီးပြင်းဖိုအတွင်း၌ ကျိုးကျင်ဟု ခေါ်သော တတိယအဆင့်ကျင့်ကြံသူတစ်ယောက်လည်း ရှိနေသေး၏။ သူသည် အလွန်မောက်မာသူပင်။ သန့်စင်ခံနေရလျှင်ပင် အညံ့မခံပေ။ လင်းတန်ကသာ သူ့ကို ဖိနှိပ်ထားပြီး အဆိပ်ရည်ရှစ်စက်က သူ့အား လှောင်ပိတ်ထားခြင်းကြောင့် မဟုတ်ပါက သူသည် လွယ်လွယ်နှင့် လက်လျှော့လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းထံမှ ထွက်ပေါ်လာသော ဖိအားသည် ကျိုးကျင်၏မျက်နှာကို ဖြူရောသွားစေသည်။ သူ၏စိတ်ထဲတွင်လည်း အလွန်အမင်းထိတ်လန့်မှု ပေါ်လာသည်။ ထိုဖိအားသည် မထင်မှတ်စွာဖြင့် သူ့ပတ်လည်ရှိ အဆိပ်ရည်ရှစ်စက်ကို ပြေလျော့သွားစေပြီး ရှေးဟောင်းသစ်ရွက်နှစ်ဆယ်တို့ကိုပါ အားပျော့သွားစေသည်။
ထိုသို့ ဖြစ်လာသည်နှင့် ကျိုးကျင်၏ခန္ဓာကိုယ်သည် ဖျပ်ခနဲဖြင့် သူ့အား ပိတ်လှောင်ထားသော အင်ပါယာမီးပြင်းဖိုအတွင်းမှ ထိုးထွက်လာတော့သည်။ သူသည် ဝမ်လင်း၏မျက်ခုံးကြားရှိ ကြယ်ထံမှ အတင်း ထွက်လာသည်။
သူ ပေါ်လာသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသော ချောက်ခြားဖွယ်ဖိအားက သူ့ပေါ်သို့ ကျရောက်လာသည်။ ထိုအဖြစ်က သူ၏အမူအရာကို နောက်တစ်ကြိမ် ပြောင်းလဲစေကာ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။ အံ့ချီးဖွယ်ကြောက်လန့်မှုက သူ့မျက်လုံးထဲတွင် ပေါ်လာ၏။
ထိုအော်ရာက သူ့ကို ကြောက်စေသည်။ လန့်စေသည်။ တုန်ယင်စေသည်။ တဖက်လူသည် သူ့ကို အတွေးတစ်ချက်ဖြင့် သတ်ပစ်နိုင်သည်ဟု ခံစားမိစေသည်။ သူသည် နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်တောင်မှ ထိုဖိအားရှေ့မှောက်တွင် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားမိရသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးသည်ပင် ကျိုးကျင်ကို ခုလိုမျိုး ခံစားရအောင် မလုပ်နိုင်ပေ။
ထိုလွှမ်းမိုးဖိနှိပ်နိုင်သော အော်ရာနှင့် တစ်စုံတစ်ယောက်၏ ရှေ့၌ လောကရှိ သက်ရှိအားလုံးသည် အလန့်တကြား ဒူးထောက်ရမည့်အလား။ သင်က ဒူးမထောက်ပါက သေရပေလိမ့်မည်။
ထိုအော်ရာသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ဆက်လက် စုပုံနေ၏။ သို့သော် ၎င်းသည် ပေါက်ကွဲထွက်မလာပေ။ စုပုံမှုက အံ့မခန်းအဆင့်တစ်ခုထိ ရောက်လာ၏။ ၎င်းသည် အလွန်တရာ လွှမ်းမိုးနိုင်လွန်းသညည်။ သူသည် ဤလောက၏ အင်ပါယာတစ်ပါးအလားပင်။
ကောင်းကင်ဘုံသည်ပင် သူ့ရှေ့၌ ဦးညွတ်ရမည်။
ကျိုးကျင်၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်၏။ ဖိအား ဆင်းသက်လာနေရင်း သူ့ခြေထောက်များထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ ထိုဖိအားက သူ့ပုခုံးထက်သို့ သက်ဆင်းဖိချကာ သူ့အား အတင်းအကြပ် အညံ့ခံခိုင်းနေသည့်နှယ်။
သို့ရာတွင် သူသည် လင်းတန် မဟုတ်ပေ။ သန့်စင်ခံထားရခြင်းလည်း မရှိသေးပေ။ အစွမ်းထက် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကောင်းကင်ဘုံဝံပုလွေကလန်၏ ဘိုးဘေးအဖြစ် သူသည် ကောင်းကင်ဘုံကိုပင် ဒူးမထောက်၊ နတ်ဘုရားများကိုပင် မပူဇော်ပေ။ ဖိအား ပိုကြီးမားလာနေရာ သူက ပို၍ ရုန်းကန်မှု ပြုသည်။ သူက မာန်သွင်းလိုက်၏။ မထင်မှတ်စွာဖြင့် သူသည် ဒူးမထောက်ချေ။
သူက ဝမ်လင်းသည် အချိန်တိုအတွင်း ဤသို့သောစွမ်းအားမျိုး မရနိုင်သည်ကို နားလည်သည်။ ထို့အပြင် သူက သည်အော်ရာသည် ဝမ်လင်း ပိုင်ဆိုင်တာ မဟုတ်မှန်းလည်း သိ၏။ ဝမ်လင်းသည် ၎င်းအော်ရာကို ငှားရမ်းထားရုံမျှသာ။
ထိုစွမ်းအားကို သည်ထူးဆန်းသောပလ္လင်ထံမှ ငှားရမ်းထားတာ ဖြစ်မည်။
သည်အဟုန်၊သည်ဖိအားက အချိန်မရွေး ပျောက်ကွယ်သွားနိုင်၏။ သို့ပေမည့် သူသာ ၎င်း မပျောက်ကွယ်ခင် အညံ့ခံလိုက်ပါက သူ၏တာအိုနှလုံးသားတွင် ချိုယွင်းချက်တစ်ခု ဖြစ်လာပေမည်။ သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် တစ်စုံတစ်ယောက်ရှေ့တွင် ဒူးထောက်နိုင်မည် မဟုတ်ချေ။ ထိုသို့ အညံ့ခံလိုက်ပါက သူ၏ကျင့်ကြံမှုအဆင့် ရပ်တန့်သွားရုံသာမက သူသည်လည်း လင်းတန်ကဲ့သို့ ကျွန်တစ်ယောက် ဖြစ်လာနိုင်သည်။
ရုန်းကန်နေရင်း ကျိုးကျင်၏မာန်သွင်းသံသည် သည်ဆိတ်ငြိမ်သောနန်းတော်အတွင်း၌ ပဲ့တင်ထပ်လေတော့၏။ သူ၏နဖူးထက်တွင် ချွေးများ ရွှဲနစ်နေသည်။ သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာနေသည်။ သူ၏ခြေထောက်များက တုန်ယင်နေ၏။ သို့သော် သူကား အံတင်းတင်း ကြိတ်ထားဆဲပင်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလျက် သူ၏အဝတ်အစားတို့မှာ သွေးတို့ဖြင့် စွန်းထင်းကုန်သည်။
သို့ပေမည့် သူက သည်ဖိအားကို ခုခံနိုင်ဖို့ အစွမ်းကုန်လုပ်နေစဉ်တွင် ဝမ်လင်း၏ကိုယ်တွင်းရှိ ထိုအော်ရာသည် စုပုံစုဝေးခြင်းကို အပြီးသပ်သွားသည့်ပုံ ရသည်။ မြန်ဆန်စွာ လှည့်ပတ်နေသော ကြယ်ဆယ့်ရှစ်လုံးသည် ရုတ်တရက် ရပ်တန့်သွားသည်။
ယင်းကြယ်များသည် လှည့်ပတ်နေရာကနေ ရပ်တန့်သွားသည့်အခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ စုဝေးနေသော ဖိအားနှင့်အော်ရာသည် ပေါက်ကွဲထွက်လာ၏။ အရင်ထက် ဆယ်ဆ၊ အဆတစ်ရာ ပိုအားကောင်းသော ဖိအားအော်ရာသည် သည်နန်းတော်တစ်ခွင်၌ ပျံ့လွင့်ရိုက်ခတ်သည်။
ကျိုးကျင်က သွေးအန်လိုက်ရ၏။ သူ့စိတ်သည် ဆုတ်ပြဲတော့မည့်နှယ်။ သူ့တာအိုနှလုံးသာက တစစီဖြစ်ကာ သူ၏ခုခံမှုအားလုံးသည် ပျက်စီးသည်။ ထိုအခိုက်တွင် ဝမ်လင်းသည် လောကကို တုန်ခါစေနိုင်သော ဖိနှိပ်နိုင်သော အော်ရာကို ပိုင်ဆိုင်ထားသည့် အတုမဲ့အင်ပါယာတစ်ပါးအလား။
ကောင်းကင်ဝံပုလွေကလန်မှ ဗလတောင့်တောင့်လူ ကျိုးကျင်သည် ဒူးထောက်ချလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ရီနေ၏။ လင်းတန်ကဲ့သို့ပင် သူသည်လည်း ခေါင်းမဖော်ဝံ့တော့ပေ။ သူက အညံ့ခံလိုက်လေပြီ။
ဝမ်လင်းသည် ထိုအရာများကို သတိမပြုသည့်ပုံပင်။ သူ့အကြည့်က လင်းတန်နှင့်ကျိုးကျင်တို့ကို ထွင်းဖောက်သွား၏။ သူသည် ရှေ့တည့်တည်သို့ ရှုကြည့်နေ၏။ သူ၏မျက်လုံးထဲ၌ ကျောက်ဖျာပတ်လည်ရှိ ကျင့်ကြံသူများက ဟိုးမရေမတွက်နိုင်သော အတိတ်က အချိန်သို့ ပြန်ရောက်ရှိသွားသည့်အလား။
လောကကြီးကို သတ်ဖြတ်ခြင်း။ လှုပ်ရှားနေသည်မှာ သည်ကျောက်ဖျာပတ်လည်ရှိ လူသေကျင့်ကြံသူများ မဟုတ်ပေ။ ဝမ်လင်း၏စိတ်သာ ဖြစ်၏။ အချိန်ကာလအတွင်း နစ်မြုပ်သွားခဲ့သော မြင်ကွင်းများကား သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။
ထိုမြင်ကွင်းထဲ၌ ထီးတစ်လက်သည် ပွင့်ဟသည်။
ထိုထီးအော်ကတွင် သက်လတ်ပိုင်းလူ ရှိ၏။ သူက ရှေ့သို့ တရကြမ်း တိုးဝင်လာနေသော မရေမတွက်နိုင်သော ကျင့်ကြံသူများကို ငြိမ်သက်စွာ ကြည့်လို့နေသည်။ ထို့အပြင် သူသည် ပလ္လင်ပေါ်ရှိ တည်ရှိမှုထံသို့လည်း ကြည့်ကာ သူ့ဘယ်လက်ဖြင့် ညွှန်လိုက်၏။
***